မင်းပြောက် သီဟပတေ့

ဝီကီပီးဒီးယား မှ
(မင်းပြောက် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
သီဟပတေ့ အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် သီဟပတေ့ (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
မင်းပြောက် သီဟပတေ့
စစ်ကိုင်းဘုရင်
နန်းသက် ၂၃ ဖေဖော်ဝါရီ ၁၃၅၂ – ဧပြီ ၁၃၆၄
နန်းတက်ချိန် ၂၃ ဖေဖော်ဝါရီ ၁၃၅၂
ရှေ့မင်းဆက် တရဖျားငယ်
ဆက်ခံသူ သတိုးမင်းဖျား
မွေးဖွား ၂၈ အောက်တိုဘာ ၁၃၀၅
မြန်မာသက္ကရာဇ် ၆၆၇၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်
ပုဂံ?
မြင်စိုင်းခေတ်
ကွယ်လွန် c. မေ ၁၃၆၄ (အသက် ၅၈)
c. မြန်မာသက္ကရာဇ် ၇၂၆၊ နယုန်လ
ကြခတ်ဝရာ၊ စစ်ကိုင်းနေပြည်တော်
ကြင်ရာတော် စိုးမင်းကိုယ်တော်ကြီး
သားသမီးများ စောတော်ဦး
စံအိမ် စစ်ကိုင်း
ကိုးကွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ


မင်းပြောက် သီဟပတေ့ (၁၃၀၅–၁၃၆၄) သည် ၁၃၅၂ ခုနှစ်မှ ၁၃၆၄ ခုနှစ်အထိ စစ်ကိုင်းထီးနန်းကို အုပ်စိုးခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။ စိုးမင်းကိုယ်တော်ကြီးမင်းသမီးအား လက်ထပ်ကာ အာဏာ ရရှိလာသူ ဖြစ်သည်။ သူသည် စစ်ကိုင်းနေပြည်တော်၏ လှုပ်လှုပ်ရှားရှားအချိန် (၁၃၅၆−၆၄) ကာလတွင် စစ်ကိုင်းထီးနန်းကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ပင်းယနေပြည်တော်နှင့် ငြိမ်းချမ်းရေးထူထောင်ထားသည့် ကာလတွင် ဖြစ်သော်လည်း မောဝ်ရှမ်းတို့၏ လာရောက်တိုက်ခိုက်မှုနှင့် တွေ့ကြုံခဲ့ရသည်။ ၁၃၆၄ ဧပြီတွင် စစ်ကိုင်းသို့ မောဝ်ရှမ်းတို့ လာရောက်တိုက်ခိုက်ချိန်တွင် အာဏာဆုံးရှုံးခဲ့ရပြီး ထွက်ပြေးခဲ့သည်။ သို့သော် စစ်ကိုင်းတောင်ဖက် ကြခတ်ဝရာတွင် တူတော် သတိုးမင်းဖျားသတ်သဖြင့် ကွယ်လွန်ခဲ့သည်။

မင်းပြောက် သီဟပတေ့ သည် တရဖျားငယ်မင်း၏ ယောက်ဖဖြစ်သည်။ မင်းမျိုးမဟုတ်။ မင်းပြောက်သည် ၁၃၅၃ (ကောဇာ သက္ကရာဇ်-၇၁၄)တွင် နန်းတက်သည်။ ပင်းယရှိ နရသူ (မောပါမင်း)နှင့် မသင့်တင့်ပေ။ နရသူ၏ ဖိတ်ကြားမှုကြောင့် မောရှမ်း သိုချည်ဘွားတို့ လာရောက်တိုက်ခိုက် သည်။[၁]ထိုတွင် ထိုသတင်းကို မင်းပြောက်ကြားလျှင် တူတော်သူ ရာဟုလာ(နောင်တွင် သတိုးမင်းဖျား ဖြစ်မည့်သူ) အားတကောင်းမှ ဆီးကြိုတိုက်စေသော်လည်း အင်အားချင်းမမျှသဖြင့် ဆုတ်ရသည်။ မင်းပြောက်လည်း အမျက်ထွက်ကာ ရာဟုလာအား သံခြေချင်းဖြင့် ကြခတ်ဝရာသို့ ပို့လေသည်။ နောက်ဆုံးတွင် မောဝ်ရှမ်းတို့၏ ရန်စစ်ကိုမခုခံနိုင်သဖြင့် ထွက်ပြေးရသည်။ ကြခတ်ဝရာသို့ ရောက်လျှင် တူတော်ရာဟုလာက အငြိုးဖြင့် သတ်သဖြင့် လွန်လေသည်။ [၂]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

ပုဂံ မိဖုရားစော၏ အစ်မတော်၏ မြေးဖြစ်ကြောင်းမှလွဲ၍ မင်းပြောက်သီဟပတေ့၏ အစောပိုင်းအကြောင်းအရာများ သို့မဟုတ် မျိုးရိုးအကြောင်းအရာများ မသိရှိရပေ။[၃] ထို့ကြောင့် သူသည် မိဖုရား ရတနာပုံ နှင့် နရသီဟပတေ့တို့၏ မြေးဖြစ်သည်။[note ၁] ဖခင်သည် စစ်ကိုင်းနန်းတော်တွင် အမတ်တစ်ယောက်ဖြစ်သည့် အတွက်[note ၂] သီဟပတေ့သည် စစ်ကိုင်းဘုရင်များလက်အောက်တွင် အမှုထမ်းခဲ့သည်။ ၁၃၅၁ နှောင်းပိုင်းနှင့် ၁၃၅၂ အစောပိုင်းတွင်[note ၃] သီဟပတေ့သည် စစ်ကိုင်းမင်းဆက် တည်ထောင်သူ အသင်္ခယာ စောယွန်း၏ သမီးတော်၊ မကြာသေးမီက မုဆိုးမဖြစ်ခဲ့သူ စိုးမင်း မင်းသမီးနှင့် လက်ထပ်ခဲ့သည်။[၃] ၁၃၅၂ ဖေဖော်ဝါရီတွင် ကွယ်လွန်ခဲ့သော စိုးမင်း၏ နောင်တော်ဘုရင် တရဖျားငယ်၏ ကွယ်လွန်ချိန်ထက် လက်ထပ်ချိန် စောမစောကိုမူကား ရှင်းလင်းစွာ မသိရပေ။ တရဖျားငယ်သည် ကွယ်လွန်ချိန်တွင် ထီးနန်းဆက်ခံမည့်သူ မရှိခဲ့သည့်အတွက် လွှတ်တော်ရုံးသည် သီဟပတေ့အား နန်းတင်ခဲ့သည်။[note ၄] စိုးမင်းမင်းသမီးအား သီဟပတေ့၏ လက်ထပ်မှုသည် ထီးနန်းတက်ရာတွင် တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။

ဘုရင်အဖြစ် အုပ်ချုပ်စဉ်ကာလ[ပြင်ဆင်ရန်]

သီဟပတေ့၏ အစောပိုင်း ထီးနန်းကာလသည် ငြိမ်းချမ်းမှုရှိခဲ့သည်။ သူသည် မြစ်တစ်ဖက်ကမ်း ပြိုင်ဖက် ပင်းယနေပြည်တော်နှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် ၁၃၅၅ ခုနှစ်တွင် မြောက်ပိုင်းရှမ်းပြည်မှ မောဝ်ရှမ်းတို့သည် မွန်ဂိုများထံမှ လွတ်လပ်ရေးရရှိသွားပြီးနောက် တောင်ဖက်သို့ နယ်ချဲ့လာခဲ့ကြသည်။[၄] ၁၃၅၆−၅၇ ခြောက်သွေ့ရာသီတွင် ရှမ်းတပ်များသည် စစ်ကိုင်းပိုင်နက် မြောက်ပိုင်းကို ကျူးကျော်လာခဲ့ကြသည်။[၅] ယင်းအချိန်တွင် စစ်ကိုင်းသည် ခုခံနိုင်သေးသော်လည်း ရန်သူ၏ တပ်များသည် အန္တရာယ်ရှိလာနိုင်သည်ကို သီဟပတေ့နှင့် စိုးမင်းတို့ သိရှိလာခဲ့သည်။ ထို့ကြောင့် ပင်းယနှင့် အနီးကပ် မဟာမိတ်ပြုရန် ကြိုးပမ်းခဲ့ကြသည်။ ၁၃၅၇/၅၈ တွင် စိုးမင်း၏ သမီးတော်ကြီး ရှင်စောကြီးမင်းသမီးအား ပင်းယဘုရင် လေးစီးရှင် ကျော်စွာထံ ဆက်သခဲ့သည်။[၆]

မဟာမိတ်ပြုမှုသည် သိသာသော အကျိုးဖြစ်ထွန်းမှု မရှိခဲ့ပေ။ ထိုစဉ်က လေးစီးရှင်ကျော်စွာသည် ကျောက်ဆည်မြို့တော်ဒေသတစ်ဝိုက်တွင်သာ အုပ်စိုးနိုင်ပြီး စစ်ကိုင်းအား ကူညီရန် လူသူအင်အား လုံလောက်စွာမရှိခဲ့ပေ။ ၁၃၅၈−၅၉ တွင် ရှမ်းတပ်များ ထပ်မံလာရောက်တိုက်ခိုက်ချိန်တွင် ပင်းယလက်အောက်ခံ တောင်ငူသည် ထကြွပုန်ကန်ခဲ့ကြသည်။[၆] ထိုအဖြစ်အပျက်သည် စစ်ကိုင်းနှင့် ပင်းယပိုင်နက်များအား ရှမ်းတပ်များက မြောက်ဖက်မှနေ၍ စီးနင်းတိုက်ခိုက်ရန် အခွင့်ဖြစ်ခဲ့သည်။ ယင်းသို့ မငြိမ်မသက် ဖြစ်နေချိန် ၁၃၅၉ မတ်လတွင် လေးစီးရှင် ကျော်စွာ ကွယ်လွန်ခဲ့သည်။[၇] စီးနင်းတိုက်ခိုက်မှုများမှ အကြီးအကျယ်ထိခိုက်မှုကြောင့် ပင်းယဘုရင်သစ် မောပါ နရသူသည် မဟာမိတ်အဖြစ်မှ ဖယ်ထွက်ခဲ့သည်။[၃]

စစ်ကိုင်းသည် ရှမ်းတပ်များအား တစ်ကိုယ်တည်း ခုခံခဲ့ရသည်။ ၁၃၆၀/၆၁ တွင် သီဟပတေ့သည် စစ်ကိုင်းပိုင်နက် မြောက်ဖက်ဆုံးရှိ တကောင်းမြို့စား သတိုးမင်းဖျားကို ခုခံစေခဲ့သည်။ သို့သော် ရွပ်ရွပ်ချွံချွံ ခုခံသော်လည်း အင်အားချင်းမမျှသဖြင့် ဆုတ်ခွာရလေသည်။ ၁၃၆၂–၆၃ တွင် ရှမ်းတပ်များသည် တကောင်းကိုသာမက တောင်ဖက်ပိုင်း ပင်းယအထိပါ ဝင်ရောက်လာခဲ့သည်။[၇] တဆက်တည်းလိုပင်၊ ပင်းယသည် မောဝ်ရှမ်းများနှင့် မဟာမိတ်ပြုလိုက်ကာ စစ်ကိုင်းအား ပူးပေါင်းတိုက်ခိုက်ခဲ့လေသည်။ ယင်းနောက် ရှမ်းတပ်များသည် တကောင်းကို သိမ်းပိုက်ခဲ့ရာ သတိုးမင်းဖျားသည်လည်း ထွက်ပြေးခဲ့ရသည်။ သီဟပတေ့သည် အမျက်ထွက်ပြီး သတိုးမင်းဖျားအား စစ်ကိုင်းတောင်ဖက် ကြခတ်ဝရာ သို့ သံခြေချင်းခတ်၍ ပို့လေသည်။[၃]

သီဟပတေ့သည် ရှမ်းတပ်များသည် နိုင်ငံတဝှမ်း နောက်တဖန်လာရောက်တိုက်ခိုက်နိုင်သည်ကို မျှော်မှန်းထားသော်လည်း မြို့တော် စစ်ကိုင်းအား ဝိုင်းဝန်းလုပ်ကြံမည်ကိုကား မမျှော်လင့်ထားပေ။ ရှမ်းတပ်များသည် စစ်ကိုင်းအား သုံးဖက်သုံးတန်မှ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။ ၁၃၆၄ ဧပြီတွင် ရှမ်းတပ်များ မြို့တွင်းသို့ ရောက်ရှိလာခဲ့ကြသည်။ အထိတ်တလန့်ဖြစ်နေသာ စစ်ကိုင်းပြည်သူပြည်သားများက ဧရာဝတီမြစ်တစ်ဖက်ကမ်း ပင်းယသို့ ပြေးကြသော်လည်း သီဟပတေ့နှင့် မင်းမျိုးမိသားစုတို့သည် ကြခတ်ဝရာသို့ လှေဖြင့် ပြေးကြသည်။ သို့သော် ကြခတ်ဝရာတွင် သတိုးမင်းဖျားက သီဟပတေ့အား သတ်စေကာ ထီးနန်းကို သိမ်းပိုက်ခဲ့သည်။[၆]

ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများ[ပြင်ဆင်ရန်]

မြန်မာရာဇဝင်ကျမ်းများတွင် မင်းပြောက် သီဟပတေ့၏ မွေးဖွားရက်နှင့် ကွယ်လွန်ရက်များ ကွဲလွဲလျက်ရှိသည်။

ရင်းမြစ် မွေးဖွား–ကွယ်လွန် အသက် နန်းသက် ထီးနန်းသက်တမ်း ကိုးကား
ဇာတာတော်ပုံ ရာဇဝင် ၂၈ အောက်တိုဘာ ၁၃၀၅ – ၁၃၆၄ ၅၈ ၁၃၅၅ – ၁၃၆၄ [note ၅]
မဟာရာဇဝင်ကြီး c. ၁၃၁၂ – c. မေ ၁၃၆၄ ၅၂ ၁၃၅၄/၅၅ – ဧပြီ ၁၃၆၄ ၁၀ [၈][note ၆]
မဟာရာဇဝင်သစ် c. ၁၃၁၀ – ၁၃၆၄/၆၅ ၅၄ ၂၃ ဖေဖော်ဝါရီ ၁၃၅၂ – ၁၃၆၄/၆၅ ၁၃ [၉]
မှန်နန်း ရာဇဝင် c. ၁၃၁၀ – c. မေ ၁၃၆၄ ၅၄ ၁၁ ဖေဖော်ဝါရီ ၁၃၅၃ [sic] – ဧပြီ ၁၃၆၄ ၁၃ [sic] [note ၇]
မှန်နန်း (reconciled) ၂၃ ဖေဖော်ဝါရီ ၁၃၅၂ – ဧပြီ ၁၃၆၄ ၁၂

မှတ်စုများ[ပြင်ဆင်ရန်]

  1. ရာဇဝင်ကျမ်းများတွင် ရတနာပုံမိဖုရားနှင့် ပတ်သက်၍ မှတ်တမ်းများ မတွေ့ရပေ။ (ဘရှင်၊ ၁၉၈၂၊ စာ ၃၇): မိဖုရားဖွားစော ကိုယ်တိုင်ရေးထိုးထားသည့် ခေတ်ပြိုင်ကျောက်စာတွင် ဖော်ပြထားသည်မှာ ဖွားစောသည် မောင်နှမ ၇ ဦးအနက် ဒုတိယမြောက်ဖြစ်ပြီး ရတနာပုံမိဖုရားသည် အစ်မတော် ဖြစ်သည်ဟု သိရသည်။
  2. The terse language of ဇာတာတော်ပုံ ရာဇဝင်၏ တိုတောင်းသည့် ဖော်ပြချက်သည် ဒွိဟ ဖြစ်စေသည်။ (ဇာတာ၊ ၁၉၆၀၊ စာ ၄၄) တွင် သူသည် "အမတ်ရိုးသား" ဟု ဖော်ပြထားသည်။ ထို့ကြောင့် ရိုး အမည်ရှိ အမတ်၏ သားဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်သလို သူသည် အမတ်မျိုးရိုးလည်း ဖြစ်နိုင်သည်။ ယင်းအပြင် ဇာတာတော်ပုံတွင် ဝန်ကြီးဗိုလ်ချုပ် နန္ဒပကြံကို အစောပိုင်းစာကြောင်းများတွင် ဖော်ပြထားသည်။ နောက်ပိုင်းစာကြောင်းများရှိ အမတ် သည် နန္ဒပကြံကို ရည်ညွှန်းထားကြောင်း ဟုတ်မဟုတ်ကို မရှင်းလင်းပေ။ နန္ဒပကြံသည် စစ်ကိုင်းထီးနန်းတွင် ဘုရင်သုံးဦးကို တင်မြှောက်ခဲ့သူဖြစ်ရာ သားဖြစ်နိုင်သော သီဟပတေ့ကိုလည်း ထီးနန်းတင်ခဲ့နိုင်သည်။ နောက်ပိုင်းရာဇဝင်ကျမ်းများတွင်လည်း ဇာတာတော်ပုံ၏ ဖော်ပြချက်များသည် ဒွိဟဖြစ်နေကြောင်း တွေ့ရသည်။ နောက်ပိုင်းရာဇဝင်ကျမ်းများသည်လည်း သီဟပတေ့၏ ဖခင်မည်သူဖြစ်သည်ကို ရှင်းလင်းစွာဖော်ပြထားခြင်း မရှိပေ။
  3. (မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၈၅): စိုးမင်းကိုယ်တော်ကြီး မင်းသမီး၏ ပထမခင်ပွန်း သတိုးဆင်ထိန်း သည် ၁၃၅၁ တွင် သက်ရှိထင်ရှားရှိနေခဲ့ပြီး သူနှင့် စိုးမင်းမင်းသမီးတို့သည် လေးစီးရှင် ကျော်စွာဘုရင်ထံ သွားရောက်ကာ စစ်ပြေငြိမ်းရေး ညှိနှိုင်းခဲ့ကြသည်။
  4. ဤအချက်ကို ရာဇဝင်ကျမ်းများတွင် ကွဲလွဲလျက်ရှိသည်။ ဇာတာတော်ပုံ ရာဇဝင် (ဇာတာ၊ ၁၉၆၀၊ စာ ၈၂) က သီဟပတေ့အား "မင်းငယ်" အဖြစ်သာ ယူဆထားပြီး အခြား ရာဇဝင်ကျမ်းကြီးများ (မဟာရာဇဝင်ကြီး၊ အတွဲ ၁၊ ၂၀၀၆၊ စာ ၂၇၂–၂၇၃)၊ (ရာဇဝင်သစ်၊ ၂၀၁၂၊ စာ ၁၇၆−၁၇၇)၊ (မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၂−၃၉၃) က ဘုရင်အဖြစ် ဖော်ပြထားသည်။ ရာဇဝင်သစ် (ရာဇဝင်သစ်၊ ၂၀၁၂၊ စာ ၁၇၈−၁၇၉) တွင် အခြားသမိုင်းမှတ်တမ်းများက သီဟပတေ့အား မင်းငယ်အဖြစ် ဖော်ပြထားမှုကို ဆွေးနွေးထားသော်လည်း နောက်ပိုင်းတွင် မင်းအဖြစ် စာရင်းပြုထားသည်။
  5. (ဇာတာ၊ ၁၉၆၀၊ စာ ၈၂): မြန်မာသက္ကရာဇ် ၆၆၇၊ ၈ လပိုင်း၊ ဒဿမနက္ခတ်၊ တနင်္လာနေ့ = မြန်မာသက္ကရာဇ် ၆၆၇၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် = ၂၈ အောက်တိုဘာ ၁၃၀၅၊ ကြာသပတေးနေ့ တွင် မွေးဖွားသည်ဟုဆိုသည်။ ဇာတာတော်ပုံ တွင် တနင်္လာနေ့ဖွားဟု ဖော်ပြသော်လည်း မှန်နန်း (မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၃) က စနေနေ့ဖွားဟု ဖော်ပြထားသည်။
  6. (မဟာရာဇဝင်ကြီး၊ အတွဲ ၁၊ ၂၀၀၆၊ စာ ၂၇၂–၂၇၃): မြန်မာသက္ကရာဇ် ၇၂၆ ကဆုန်လ (၁ ဧပြီ ၁၃၆၄ – ၃၀ ဧပြီ ၁၃၆၄) တွင် နန်းကျခဲ့ပြီး နယုန်လ (၁ မေ ၁၃၆၄ မှ ၂၉ မေ ၁၃၆၄) တွင် ပင်းယကျဆုံးချိန်၌ သတိုးမင်းဖျားက လုပ်ကြံခဲ့သည်။
  7. (မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၁–၃၉၂) တွင် မင်းပြောက်သီဟပတေ့သည် စနေနေ့ဖွားဖြစ်ပြီး မြန်မာသက္ကရာဇ် ၇၁၄၊ တပေါင်းလဆန်း ၉ ရက်၊ ကြာသပတေး (၁၁ ဖေဖော်ဝါရီ ၁၃၅၃) တွင် နန်းတက်သည်ဟု ဖော်ပြထားသည်။ မှန်နန်း က ကိုးကားထားသော မဟာရာဇဝင်သစ် (မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅–၁၇၆) တွင် မြန်မာသက္ကရာဇ် ၇၁၃၊ တပေါင်းလဆန်း ၉ ရက်၊ ကြာသပတေး (၂၃ ဖေဖော်ဝါရီ ၁၃၅၂) ဖြစ်သည်ဟု ဆိုသည်။ သီဟပတေ့သည် နန်းသက် ၁၃ နှစ်မြောက် ၁၃၆၄ ဧပြီ (မြန်မာသက္ကရာဇ် ၇၂၆ ကဆုန်လ)တွင် နန်းချခံရခဲ့သည်ဟု နောက်ပိုင်းတွင် မှန်နန်းက ဖော်ပြထားရာ ၁၃၅၃ ခုနှစ်သည် ရှေ့နောက်မညီ ဖြစ်နေသည်။ ထို့ကြောင့် သီဟပတေ့ နန်းတက်ချိန်မှာ ၁၃၅၂ ခုနှစ်သာ ဖြစ်သည်။ (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) အရ နန်းတက်ရက်အမှန်မှာ မဟာရာဇဝင်သစ် တွင် ဖော်ပြထားသည့် ၂၃ ဖေဖော်ဝါရီ ၁၃၅၂ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ရှင်မဟာသီလဝံသ၏ ရာဇဝင်ကျော် (ဟံသာဝတီ၊၁၉၆၅)
  2. နှစ်၆၀၀ အင်းဝ (ရွှေကိုင်းသား)
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ မှန်နန်း၊ အတွဲ ၁၊ စာ ၃၉၂
  4. သန်းထွန်း၊ ၁၉၆၄၊ စာ ၂၇၈
  5. သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၉
  6. ၆.၀ ၆.၁ ၆.၂ မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၈၄–၃၈၅
  7. ၇.၀ ၇.၁ သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၄
  8. မဟာရာဇဝင်ကြီး၊ အတွဲ ၁၊ ၂၀၀၆၊ စာ ၂၇၂–၂၇၃
  9. မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၆–၁၇၇

ကျမ်းကိုးစာစုများ[ပြင်ဆင်ရန်]

မင်းပြောက် သီဟပတေ့
မွေးဖွား ၂၈ အောက်တိုဘာ ၁၃၀၅ ကွယ်လွန် c. မေ ၁၃၆၄
Regnal titles
ယခင်က
တရဖျားငယ်
စစ်ကိုင်းဘုရင်
၂၃ ဖေဖော်ဝါရီ ၁၃၅၂ – ဧပြီ ၁၃၆၄
ဆက်ခံသူ
သတိုးမင်းဖျား