သမိန်စောထွတ်

ဝီကီပီးဒီးယား မှ

သမိန်စောထွတ်မှာ မူလက မထင်မရှား မွန်အမတ်တစ်ဦးအဖြစ် တပင်ရွှေထီးအနားတွင် ခစားနေရသူဖြစ်သည်။ သမိန်စောထွတ်မှာ မွန်တိုင်းရင်းသားဖြစ်သည့်အလျှောက် မွန်ဒေသကို မြန်မာတို့ လာရောက်စိုးစံနေသည်ကို ကျေနပ်သူမဟုတ်ပေ။ အခွင့်အခါကိုစောင့်လျှက် တပင်ရွှေထီးအနားတွင် ခစားနေသူဖြစ်သည်။ ထို့ကြောင့် မင်းတရားရွှေထီးအား လှည့်စားရန် ပုဏ္ဏားများကိုလာဘ်ထိုးကာ ဇာတာမသန့်ကြောင်း၊ ဟံသာဝတီနန်းတော်မှခွာပြီး အရပ်တပါးတွင် ယာယီစံသင့်ကြောင်း လျှောက်စေသည်။ တပင်ရွှေထီးလည်း ယုံမှတ်ပြီး ယာယီစံရန် အရပ်ကိုရှာစေရာ သမိန်စောထွတ်က ပန်းတရော်တွင် နေရာသင့်ကြောင်း လျှောက်တင်ပြီး ပန်းတရော်တွင် ယာယီနန်း ဆောက်စေသည်။ သီဟသူနှင့် စောလဂွန်းအိန် တို့ တားသော်လည်း အရာမထင်တော့ပေ။ နောက် သီဟသူအား ဟံသာဝတီ နန်းစောင့်အဖြစ်ထားကာ စောလဂွန်းအိန်၊ သမိန်စောထွတ်တို့ကို ခေါ်ဆောင်ပြီး ပန်းတရော်သို့ သွားလေသည်။ ပန်းတရော်ရောက်လျှင် စစ်ရေးအချက်အချာဒေသဖြစ်သည့် စစ်တောင်း ကို စားသော မင်းမဟာလွန်ကြောင်းသိလျှင် အထွေအထူးမစဉ်းစားပဲ အနားရှိ သမိန်စောထွတ်ကို စားရန်ပေးပြန်သည်။ ထို့ပြင် သမိန်စောထွတ်၏ ညီနှစ်ဦးအား အနားတွင် ဓားလွတ်ကိုင်ခစားစေခဲ့သည်။ တစ်လခန့်အကြာတွင် ရခိုင်တပ်သို့ပြောင်းရွှေ့စံရန်ဆိုပြန်ရာ ဟံသာဝတီနှင့် ဝေးရာ ရခိုင်တပ်သို့ရွှေ့ပြန်သည်။ ရခိုင်တပ်အရောက်တွင် ဆင်ဖြူတော် ပေါ်သည်ဟုဆိုကာ အယုံသွင်းပြီး မုတ္တမစား အား ဆင်ဖြူတော်ဖမ်းရန်အတွက် လူသူများ သွားရောက်ခေါ်ယူစေသည်။ တပ်ကိုလည်း ကသာ(ယခုကသာဖြစ်မည်မထင်ပါ။ သိသူများဖြည့်ပေးစေချင်ပါသည်။)သို့ တပ်မံရွှေ့ပြောင်းပြီး အင်ကလိန်ဘုရားအနီးတွင် တပ်တည်လေသည်။ ထိုသို့ဖြင့် အနားတွင် စိတ်ချယုံကြည်လောက်သည့် မှူးမတ်မရှိတော့သည့်အချိန်တွင် သမိန်စောထွတ်နှင့် ညီနှစ်ဦးတို့က သက္ကရာဇ် ၉၁၂ခု၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ ည ၃ ချက်တီးအကျော်တွင် ဓားဖြင့်လည်ကိုဖြတ်၍ လုပ်ကြံရာ အိပ်ပျော်နေသည့် တပင်ရွှေထီး လွန်လေသည်။

တပင်ရွှေထီးကို လုပ်ကြံပြီးလျှင် သမိန်စောထွတ်မှာ ဟံသာဝတီသို့ မဝင်ပဲ မိမိအပိုင်စားရသည့် စစ်တောင်းသို့ အလျှင်ပြန်ပြီး သမိန်စက္ကဝေါဘွဲ့ခံကာ နန်းတက်သည်။ ဟံသာဝတီနန်းစောင့်ဖြစ်သည့် တောင်ငူမင်းခေါင် တောင်ငူသို့ပြန်ပြီးလျှင် ဟံသာဝတီရှိ မွန်အမှူးအမတ်တို့က စစ်တောင်းမှ သမိန်စောထွတ်ကို ခေါ်ယူပြီးနန်းအပ်သည်။ သို့သော် မူလကတည်းက မင်းမျိုးမဟုတ်၍ မင်းကျင့်တရားနှင့် အညီအုပ်ချုပ်နိုင်ခြင်းမရှိသလို ပြိုင်ဖက်ဖြစ်သည့် သမိန်ထောရာမ ကို လူကြိုက်များလှသည်ဖြစ်၍ နန်းသက် ၇ လကျော်မှာပင် လုပ်ကြံနန်းချခြင်းခံရပြန်သည်။ သမိန်စောထွတ်ကို လုပ်ကြံပြီးလျှင် မွန်တို့က သမိန်ထောရာမကို နန်းတင်ကြပြန်သည်။