သုရှင်တကာရွတ်ပိ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မဂဒူး မင်းဆက်မှ နောက်ဆုံးမင်းဖြစ်သူ သုရှင်တကာရွတ်ပိ (၁၅၂၆-၁၅၃၉)သည် ဒုတိယဗညားရံ၏သား ဖြစ်သည်။ နိုင်ငံကို ကောင်းစွာ အုပ်ချုပ်ထားနိုင်စွမ်းမရှိတော့ပဲ အင်အားကြီးလာသည့် တောင်ငူဘုရင် တပင်ရွှေထီး၏ ကျူးကျော်မှု သုံးကြိမ်ခံရပြီးနောက်တွင် ဟံသာဝတီနန်းတော်ကိုစွန့်ခွာကာ နောက်လိုက်နောက်ပါများဖြင့် ယောက်ဖတော် ပြည်မင်းနရပတိ ထံသို့ ပြေးလေသည်။ အကြီးဆုံးအမှားမှာ တပင်ရွှေထီး၏ပရိယာရ်ကို ယုံစားပြီး မိမိအပေါ်တွင် သစ္စာရှိရှိ ကာကွယ်ပေးနေသည့် အရည်အချင်းရှိ အထိန်းတော်ကြီးနှစ်ပါး (ဗညားကျန်း နှင့် ဗညားလော) တို့ကို ကွပ်မျက်စေခဲ့ခြင်းပင်ဖြစ်သည်။ ကိုယ်တိုင် မိဖုရားနှင့် သားသမီးများခေါ်၍ ရေကြောင်းမှပြေးပြီး ကျန်တပ်များကို ကြည်းကြောင်းမှ လိုက်စေသည်။ ပြည်မြို့မရောက်ခင်ပင် ကြည်းတပ်မှာ ကျော်ထင်နော်ရထာ ဦးဆောင်သည့် တောင်ငူတပ်များကို နောင်ရိုးတိုက်ပွဲတွင် ရှုံးနှိမ့်သွားသဖြင့် အင်အားအနည်းငယ်ဖြင့်သာ ပြည်မြို့သို့ရောက်သည်။ ထိုနောက် သုရှင်တကာရွတ်ပိသည် ၎င်း၏လက်ကျန်အင်အား၊ ယောက်ဖဖြစ်သူ နရပတိ၏ ပြည်မှ စစ်အင်အား၊အင်းဝမှ ရှမ်းမင်းသိုဟန်ဘွားနှင့် ၎င်း၏မဟာမိတ် ရှမ်းစော်ဘွားများ စသည့် အင်အားသုံးရပ်ပေါင်းကာ တပင်ရွှေထီး၏ တောင်ငူတပ်များကို ရင်ဆိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရေတပ်တွင် တပင်ရွှေထီး၏တပ်များ အသာရသည်။ ကြည်းကြောင်းတိုက်ပွဲများ ဆင်နွဲရန် စီစဉ်သော်လည်း စစ်ပန်းနေသောကြောင့် တစ်ကြောင်း၊ ရန်သူအင်အား များသည်ကြောင့်တစ်ကြောင်း တပင်ရွှေထီးက တပ်ကို ဟံသာဝတီသို့ ပြန်ခေါက်သဖြင့် မတိုက်ခိုက်ဖြစ်တော့ပေ။ သို့ဖြင့် တကာရွတ်ပိလည်း အင်္ဂပူတွင် တပ်ချကာနေစဉ် ဆင်ကျော့(ဖမ်း) ထွက်ရာမှ အဖျားရောဂါပြင်းထန်စွာခံစားရပြီး လွန်လေသည်။

သားတော်တစ်ပါးနှင့် သမီးတော်တစ်ပါးကို သိုဟန်ဘွားက မြောက်စားမည်ဟုဆိုကာ အင်းဝသို့ခေါ်ဆောင်သွားသည်။ မိဖုရား(ပြည်မင်း၏ နှမ)ကိုမူ နရပတိက ရခိုင်နှင့် မဟာမိတ်ပြုလိုသဖြင့် ရခိုင်ဘုရင်ထံဆက်သလေသည်။