နန်းဘုရားကျောင်း

ဝီကီပီးဒီးယား မှ
နန်းဘုရားကျောင်း
  • စေတီပုထိုးအမှတ် = ၁၂၃၉/၅၇၄

နန်းဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံရှိ ဘုရားတစ်ဆူ ဖြစ်သည်။ ကွမ်းတောင်ပေါက် လိုဏ်တဆင့် ဂူဘုရားဖြစ်ပြီး (၁၂)ရာစုတွင် နရပတိစည်သူမင်း၏ သားမက်၊ မနူဟာမင်း၏ မြစ် နာဂသမန်း အမတ်က တည်ခဲ့သည်။ နာဂသမန်းသည် ၎င်း၏ဘေးတော်ဖြစ်သော မနူဟာမင်း နေထိုင်ခဲ့ရာနေရာ၌ အထိမ်းအမှတ်အဖြစ် နန်းဘုရား တည်ခဲ့ခြင်း ဖြစ်သည်။

နန်းဘုရားတွင် ကျောက်ဆစ် ပန်းတမော့လက်ရာများကို လေ့လာနိုင်သည်။ နန်းဘုရားအတွင်း အုတ်ရိုးနံရံပေါ်တွင် ကျောက်ဖြင့် တန်ဆာဆင်ထားသည်။ နန်းဘုရား၏ ဂူမကြီးကို အတွင်း ကွန်းစင်တိုင် လေးတိုင်က ထောက်ထားပြီး ကျောက်တိုင်ကြီးလေးတိုင်၏ မျက်နှာတွင် ဦးခေါင်းသုံးလုံးပါ ကျောက်ဗြဟ္မာရုပ် နှစ်ရုပ် (ဗြဟ္မာကြီးသည် ကြာဖက်များပေါ် ထိုင်၍ လက်နှစ်ဖက်က အောက်ခံကြာရိုးများမှ တစ်ဆင့် ဖူးပွင့်လာသည့် ကြာပွင့် ကြာချပ်များကို မထားဟန်) ဘီလူးပန်းဆွဲပုံများနှင့် ထောင့်ချိုးဘီလူး ပန်းကိုက်ရုပ်များ ရှိသည်။ ထိုရုပ်ပုံများကို ကျောက်သားတစ်တုံးစီ၌ ရုပ်ပုံအပိုင်းအစများ ထွင်းထုထားပြီး ကော်ရည်တစ်မျိုးဖြင့် ကပ်ကာ ဖောင်းကြွအောင် ပုံဖော်ထားသည်။

နန်းဘုရား အပြင်ဘက် မျက်နှာစာအားလုံး ကျောက်ချပ်တို့ဖြင့် စီ၍ ဆောက်လုပ်ထားပြီး အပြင်နံရံ အခြေပတ်လည်တွင် ကလသာအိုး (ကြာသွတ်အိုး) ပုံခံထားပြီး အထက်တွင် ကြာပန်းကြာနွယ်များအကြား မွန်အထိမ်းအမှတ် ဟင်္သာရုပ်များကို ပတ်လည်တွင် ထွင်းထုတန်ဆာ ဆင်ထားသည်။ နန်းဘုရား၏ ဇာပြတင်းပေါက်များကို ကျောက်အုတ်များဖြင့် စီထားပြီး ပြတင်းပေါက်ပတ်လည်တွင် ကျောက်ဆစ်ပန်းကြွများ ထွင်းထုထားသည်။ ပြတင်းပေါက်များ၏ အထက်တံကဲ တစ်ဖက်တစ်ချက် စိုင်ဘောင်တွင်မကာရ်းပုံ၊ အလယ်ရှိ ငှက်ပျောဖူးတွင် ကျက်သရေနတ်သမီး (ကျောက်ဂြီ) (Kyauk-Sri) ပုံရှိသည်။ တံကဲအလယ်တွင် ပန်းပြောက်များပါသော ပုဝါစည်းထားသည့် ကလသာအိုးပုံများကို ထွင်းထုထားသည်။ [၁]

နန်းဘုရား၌ အတွင်းဆောင်နှင့် ရှေ့ဆောင် ပါဝင်သည်။ အပေါ်ဆင့်သို့တက်ရန် လှေကားအိမ်မပါ။ အတွင်းဆောင်တွင် မူလက အလယ်တွင် ဆင်းတုရှိသည်။ ဆင်းတုကို ရံ၍ လေးထောင့်တိုင်ကြီး လေးခု အပေါ်မျက်နှာကြက်ကို ထောက်ထားသည်။ တိုင်များတွင် ဗြဟ္မာပုံနှင့် ပန်းပုံစံများကို ဆစ်ထုထားသည်။ အဆောက်အအုံ အပြင်ဘက်တွင် ကျောက်များ အပြည့်စီ၍ ဘီလူးပန်းဆွဲ၊ ထောင့်ပန်း၊ တိုင်ဖုံး၊ ကျောက်ဆစ်ပန်းများ ရှိသည်။ အတွင်းဆောင်မှ ကျောက်ပြတင်းပေါက်များ၏ အပြင်နံရံ၌ လှပသော ကျောက်ဆစ်လက်ရာများ ပြုလုပ်ထားသည်။ အထွတ်သီခရမှာလည်း ကျောက်ဆစ်များ မွမ်းမံထားသော ကွမ်းထောင်ပုံ ဖြစ်သည်။ ပုဂံဒေသတွင် ဤအမျိုးအစား ဤအဆောက်အအုံ တစ်ခုသာရှိသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ
  2. ဦးဗိုကေ၏ ပုဂံသုတေသနလမ်းညွှန်