မဟာဗောဓိစေတီတော်(ပုဂံ)

ဝီကီပီးဒီးယား မှ
မဟာဗောဓိစေတီတော်
  • စေတီပုထိုးအမှတ်=၁၆၇၀/၉၇၃

မဟာဗောဓိစေတီတော်သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ မဟာဗောဓိစေတီတော်ကို ခရစ် ၁၂၁၅-ခုနှစ်တွင် နားတောင်းများမင်း (ခေါ်) ဇေယျသိင်္ခမင်း (ခေါ်) ထီးလိုမင်းလိုမင်းကြီး တည်ထားကိုးကွယ်ခဲ့သည်။ မဟာဗောဓိစေတီတော်မှာ ပုဂံမြို့ရိုးအတွင်း ဗူးဘုရား၏ အရှေ့တောင်ဘက်တွင် ကိန်းဝတ်တော်မူလျက်ရှိသည်။

စေတီတော် သမိုင်း[ပြင်ဆင်ရန်]

နားတောင်းများမင်း၏ နန်းစံ လေးနှစ်မြောက်တွင် မင်းကြီးအား မဇ္ဈိမဒေသမှ ဓာတ်တော်မွေတော်များနှင့် မဟာဗောဓိပင် အရပ်၌ တည်ထားကိုးကွယ်သော စေတီတော်ပုံ ထုလုပ်ထားသည့် ပုံတော်စေတီတော် တစ်ဆူကို ဆက်သခဲ့သည်။ မင်းကြီးသည် လွန်စွာနှစ်သက် အားရတော်မူ၍ ထိုပုံတော်အတိုင်း ဓာတ်တော်မွေတော်များကို ဌာပနာ၍ စေတီတစ်ဆူ တည်ပြီး မဟာဗောဓိဟု သမုတ်ခဲ့ကြောင်း ယုံကြည်ကြလျက်ရှိသည်။ စေတီတော်ပတ်ဝန်းကျင်၌ ဗုဒ္ဓဂယာ မဟာဗောဒိအရပ်၌ တည်သော သတ္တဌာနကဲ့သို့ သတ္တဌာနစေတီ ခြောက်ဆူ ဝန်းရံ၍ တည်ထားတော်မူသည်။

ထို့ကြောင့် ပုဂံ မဟာဗောဓိစေတီကို ဖူးမြော်ကြရသူတိုင်း အိန္ဒိယနိုင်ငံ၊ ဗီဟာရ်ပြည်နယ် ဂယာအနီးရှိ မြတ်စွာဘုရား သစ္စာလေးပါး သ်မြင်တော်မူပြီး ဗုဒ္ဓအဖြစ်ရောက်တော်မူရာ နေရာဌာနဖြစ်သည့် ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်ကို ဖူးနေရသည်ဟုပင် အောက်မေ့တတ်ကြသည်။ [၁]

ဗိသုကာ လက်ရာများ[ပြင်ဆင်ရန်]

မဟာဗောဓိစေတီတော်သည် ပုဂံတစ်ဝိုက်ရှိ အခြားဂူဘုရားများနှင့်မတူ တစ်မူထူးခြားလျက်ရှိသည်။ အောက်အခြေခံတွင် ကုလားကျောင်းပုံသဏ္ဌာန် မနိမ့်မမြင့်ခံပြီး ပိရမစ်သဏ္ဌာန် အထက်သို့ ရှူးတက်နေသည်။ မူလလက်ရာမှာ ထီးတော်မပါဘဲ ကွမ်းတောင်ထိပ်တွင် စွန်ကုတ်များဖြင့် ဖရုံတုံးသဏ္ဌာန် ထုပိကာတည်မျိုးတည်းသာ ရှိခဲ့သော်လည်း နှောင်းလူတို့သည် ယိုယွင်းပျက်စီးသည်တို့ကို ပြုပြင်ရင်း ကွမ်းတောင်ထိပ် စေတီငယ်နှင့် ထီးတော်တို့ကို ထပ်မံတည်ဆောက်ခဲ့သည်ဟု ယူဆကြသည်။

ပုဂံရှိ မဟာဗောဓိ ဂူဘုရားသည် ဗုဒ္ဓဂယာမှ ပုံစံကို ယူသော်လည်း အသေးစိတ်တွင်ကား မတူ။ ဗုဒ္ဓဂယာရှိ ဂူသည်နိမ့်၍ ထိုအထက်တွင် ကွမ်းတောင်(သိခရ)သည် ကဲမိုးနေ၏။ ထို့ပြင် အိန္ဒိယနည်းအတိုင်း ကွမ်းတောင်ထက်တွင် ဖရုံတုံး (အာမလက) ဖောင်းရစ် (ဆတ္တဝလီ) စသော အဆင်တန်ဆာများ ရှိသည်။

ပုဂံရှိ ဂူဘုရားမှာမူ ဂူ အတန်မြင့်၍ ကွမ်းတောင်မှာ အနေတော်ဖြစ်သည်။ တစ်ဖန် ကွမ်းတောင်ထိပ်၌ စေတီပေါက်ထားသည်ကို ယခုအခါ မြင်တွေ့နေရသည်။

မည်သို့ပင်ဖြစ်စေ ဂူဘုရားနှစ်ဆူစလုံး၏ ကွမ်းတောင်များ၌ ရုပ်ပွားတော်ဆင်းတုငယ်များ ကိန်းဝပ်ရန် မုခ်ကပ်အချိုင့်များ စီမံထားခြင်းမှာ အတော်အတန် တူလေသည်။

ဂူအတွင်းသို့ ဝင်လိုက်သော် တင်ပျဉ်ခွေရုပ်ပွားဆင်းတုကြီး တစ်ဆူကို ဖူးမြင်ရoည်။ လှေကားငယ်ဖြင့် အထက်ထပ်တက်သော် အလားတူရုပ်ပွားဆင်းတုကို ဖူးမြင့်ရသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြတ်မင်းလှိုင်၏ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ (ပ-တွဲ) ၂၀၀၃-ခု၊ ဇန်နဝါရီလထုတ်
  2. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ