သူဌေးမုခ်ဂူ

ဝီကီပီးဒီးယား မှ
  • သာသနိကအဆောက်အအုံအမှတ် = ၂၇

သူဌေးမုခ်ဂူသည် ညောင်ဦးမြို့ရွှေစည်းခုံစေတီတော်၏ အရှေ့မြောက်တွင် တည်ရှိသည်။ အမည်နှင့် လိုက်ဖက်စွာ နှစ်ထပ်ဂူဘုရား အလတ်စား ဖြစ်သည်။ နှောင်းခေတ်ကုသိုလ်ရှင်များ ထုံးသင်္ကန်း ကပ်လှူထား၍ ရှေးဟောင်းအသွင် ပျောက်ကွယ်လျက်ရှိသည်။ သို့သော် အခြေခံ ဗိသုကာနှင့် နှစ်ထပ်ဂူ အလုပ်အဆောင်တို့မှာ ပုဂံခေတ် လက်ရာအဖြစ် မြင်သာ ထင်သာရှိပါသေးသည်။

အတွင်းမှာ နံရံဆေးရေး ပန်းချီကားများ မပီဝိုးတဝါး ရေးရေးမျှ ကျန်ပါသေးသည်။ ဂူအလုပ်အဆောင်နှင့် နံရံပန်းချီကိုကြည့်၍ ၁၂-ရာစုခန့်က လက်ရာဖြစ်ကြောင်း သိရသည်။

နရပတိစည်သူလက်ထက် သက္ကရာဇ် ၅၅၉-ခုနှစ်တွင် ဇေယျသူဌေးနှင့် မင်းသမီးတစ်ဦးတို့ တည်ဆောက်ခဲ့၍ သူဌေးမုခ်ဂူဘုရား အမည်တွင်ခဲ့ခြင်း ဖြစ်သည်။

သူဌေးမုခ်ဂူဘုရား ကျောက်စာတွင် သက္ကရာဇ် ၅၅၉-အာသစ်သံဂစ္ဆနှစ် ပြာသိုလဆန်း ၇-ရက်၊ ကြာသပတေးနေ့ ဇေယျသူဌေးနှင့် မင်းသမီးလည်း လင်္ကာအမှတ်တပ်ကာ တစ်သိန်းပါရမီဖြည့်၍ ဘုရားအဖြစ်ကို ယူသောကြောင့် (ဂူ)လွှတ်သောအားအလှူ ဟု ရေးထိုးထားလေသည်။ ဇေယျသူဌေးမောင်နှံသည် ဂူလွှတ်ပွဲနှင့်အတူ ဘုရားသို့ ရေစက်တော်သွန်း၍ လှူခဲ့သော ကြေးကွံပူ ကြေးသပိတ်၊ ကြေးခြူး၊ ကြေးကြာ၊ ကြေးဆီမီးတိုင်များနှင့် ခေါင်းလောင်းအပြင် စသည်တို့ မြန်မာပန်တျာ ၁၃၊ ကုလားကချေ(ခြိတ်) ၅-ယောက် ဘုရားကျွန်အမြောက်အမြားနှင့် လယ်ယာမြေပယ်ပေါင်းများစွာကိုလည်း လှူဒါန်းခဲ့ကြောင်း မှတ်တမ်းကမ္ပည်း ရေးထိုးခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ကြည်ပန်း(မြင်းကပါ)၊ ယဉ်ကျေးမှုအမွေ ပုဂံမြေမှ စေတီပုထိုးများ