ဆပဒစေတီ(ပုဂံ)

ဝီကီပီးဒီးယား မှ
  • စေတီပုထိုးအမှတ်= ၁၈၇/၁၄၅ ဖြစ်သည်။

ဆပ္ပဒစေတီသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံ၏သမိုင်းဝင် ထင်ရှားသော စေတီတစ်ဆူဖြစ်သော်လည်း ပုဂံ၌ တည်ရှိမနေဘဲ ညောင်ဦးတွင် တည်ရှိနေသည်။ ဆပဒစေတီသည် ညောင်ဦးမြို့ တောင်ဘက်အဝင်၊ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းအနီးတွင် တည်ရှိသည်။ အနော်ရထာလမ်းခွဲ၌ တည်ရှိသည်။ ပုဂံခေတ် နရပတိစည်သူမင်းခရစ်နှစ် ၁၂-ရာစုနှောင်းပိုင်း တွင် တည်ထားသည်။


စေတီဘေးက ယာဉ်သွားလမ်းကြောင်းနှင့် လူသွားလမ်းကြောင်းပေါ်၌ ယာဉ်များ၊ ခရီးသွားခရီးလာများ အဆက်မပြတ် သွားလာနေကြသော်လည်း စေတီပေါ်တက်၍ ဘုရားဖူးသူမှာမူ တစ်ထောင်တစ်ယောက် မရှိပေ။ တကူးတက ပုဂံ၊ ညောင်ဦးသွားပြီး ဘုရားဖူးကြသည့် ဘုရားဖူးခရီးသည်များပင် ဤစေတီသို့ မရောက်ကြပေ။ သို့ရာတွင် စေတီဘေးတွင် ယာဉ်လမ်း၊ လူသွားလမ်းရှိနေသဖြင့် ဤစေတီမှာ မဖူးချင်မြင်လျက်သား ဖြစ်နေသည်။ သို့သော် သမိုင်းသုတေသီများမှတစ်ပါး သာမန်ဘုရားဖူးများနှင့် ခရီးသွားခရီးလာများမှာမူ ဤစေတီ၏ သမိုင်းဝင်အနက်အဓိပ္ပာယ်ကို မသိမမြင်ကြဘဲ ပုဂံဘုရားအို ဘုရားပျက်ထဲက သာမန်ဘုရားတစ်ဆူ၊ စေတီတစ်ဆူလောက်သာ အောက်မေ့ကြသည်။ စေတီ၏ပရိဝုဏ်၌ အာရုံခံတန်ဆောင်း မရှိပေ။ ဘုရားအိုဘုရားပျက် တစ်ဆူအဖြစ်ဖြင့်သာ နေပူကျဲကျဲထဲ၌ ထီးထီးကြီး တည်ရှိနေသည်။ ပရိဝုဏ်အပြင် ဘက်၌မူ သစ်ပင် တစ်ပင်နှစ်ပင် ပေါက်နေသည်။ စေတီမှာ ဂူဘုရားမဟုတ်ဘဲ သီဟိုဠ်စေတီပုံ ရိုးရိုးမြေစိုက်စေတီပုထိုးမျှသာဖြစ်သည်။ အောက်ခံဖိနပ်တော်မှာ လေးထောင့်ပုံဖြစ်သည်။ အုတ်ခံဖိနပ်တော်ပေါ်၌ တည်ထားသော ခေါင်းလောင်းပုံသဏ္ဌာန်စေတီကို ဖူးတွေ့ရသည်။ ခေါင်းလောင်းပုံသဏ္ဌာန်စေတီ အထက်၌ရှိသော ဓာတ်တော်တိုက်မှာလည်း လေးထောင့်ပုံသဏ္ဌာန်ပင် ဖြစ်သည်။ ဓာတ်တော်တိုက်၏ အထက်၌ကား ထုပိကာအထွတ်ကို ပုံသဏ္ဌာန်ခပ်ဆန်းဆန်း ပြုလုပ်ထားသည်။[၁]

ဆပဒမထေရ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆပဋမထေရ်၊ သျှင်

ထိုစေတီသည် (၁၂) ရာစုအတွင်း သီဟိုဠ်ရောက် ဆပဒမထေရ်ကို အကြောင်းပြု၍ ဆပဒစေတီဟု အမည်တွင်ခြင်း ဖြစ်သည်။ ဆပဒမထေရ်သည် ပုသိမ်နယ် (ယခု ငပုတောမြို့နေရာ) [၂]ဆပဒရွာသားဖြစ်သည်။ သီဟိုဠ်တွင် ရဟန်းခံ၍ စာပေ၊ ကျမ်းဂန်များကို သင်ယူရင်း ဆယ်ဝါ သီတင်းသုံးတော်မူခဲ့သည်။ ထို့နောက် ပုဂံသို့ ပြန်လာပြီးလျှင် သထုံနွယ် သံဃာတို့မှ သီးခြား၍ သံဃကံဆောင်၏။ ဒုတိယ သီဟိုဠ်ရောက် ဂိုဏ်းထောင်သည်။

ဗိသုကာလက်ရာ[ပြင်ဆင်ရန်]

သီဟိုဠ်(သီရိလင်္ကာ) ပုံစံဖြစ်ပြီး သီဟိုဠ်နိုင်ငံ အနုရာဓမြို့ရှိ ထူပါရာမစေတီပုံစံကို အတုယူတည်ဆောက်ခဲ့သည် ဆိုသည်။ [၃] ဆပဒစေတီသည် ပုဂံခေတ်လက်ရာ စေတီပုံမျိုး မဟုတ်ပဲ သီဟိုဠ်ခေတ် ပုထိုးစေတီဆန်ဆန် ဓာတုဂဗ္ဘ သို့မဟုတ် ဟာမိလခေါ် ဓာတ်တော်တိုက် လေးထောင့်ပုံနှင့် ထုပိကာအထွဋ်တင်၍ တည်ဆောက်ထားသည်။[၄]

လေ့လာကြည်ညိုဖွယ်ရာများ[ပြင်ဆင်ရန်]

စေတီတော်ကို မဟာရံတံတိုင်း ပတ်လည်ဝိုင်းရံထားပြီး ခေါင်းလောင်းပုံ၏ အထက်၌ ဓာတ်တော်တိုက်ကို ထည့်သွင်းထားပုံမှာ သီဟိုဠ်ပုံစံအဖြစ် လေ့လာဖွယ်ကောင်းလှသည်။ ထို့ပြင် စေတီတော်၏ ခေါင်းလောင်းပုံနှင့် ငှက်ပျောဖူးတို့အကြား၌ လေးထောင့်စပ်စပ် ဓာတ်တော်တိုက်ကို ကြားညှပ်ခံပုံမှာလည်း ထူးခြားလှပါသည်။ စေတီတော်မှာ ငလျင်ဒဏ်ကြောင့် ဖောင်းရစ်ပတ်လည် ပြိုကျပျက်စီးသွားခဲ့ဖူးပါသည်။ သီဟိုဠ်သာသနာနှင့် ပုဂံသာသနာ ပေါင်းကူးပေးသော စေတီတော်အဖြစ် ကြည်ညိုဖွယ်ဖြစ်သည်။ အချို့က ဆပဒစေတီကို ဘုရားနီဟု ခေါ်ကြသည်။

ဆပဒစေတီ၏ မလှမ်းမကမ်းမှာလည်း ဆပဒေါပုထိုး(၁၆၄/၁၃၁-က)မှာလည်း ဆပဒစေတီနှင့် ဆက်စပ်လျက် များစွာစိတ်ဝင်စားဖွယ်ဖြစ်သည်။ ၎င်းဆပဒေါပုထိုးမှာ ခရစ်နှစ် ၁၄၄၂ ခုနှစ်၊ အင်းဝခေတ်တွင် သီဟိုဠ်ပြန် ဆပဋောသ မထေရ်ပင့်ဆောင်လာသော သရီရဓာတ်တော်များအား ဌာပနာပြုလုပ် တည်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများကြောင့် ရှေးဟောင်းခေတ်ဟူ၍ မသိမြင်နိုင်တော့ပေ။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ပါရဂူ၏ ပုဂံခရီးသည်
  2. ဦးခင်မောင်ပြီး(ရန်ကုန်တက္ကသိုလ်) ရေး ပုဂံဘုရားများသမိုင်းနှင့် ဧည့်လမ်းညွှန်၊ စာ-၃၃
  3. တင်နိုင်တိုး၏ ပုဂံစေတီပုထိုးများ သမိုင်းနှင့် ခရီးသွားလမ်းညွှန်
  4. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ
  5. တင်နိုင်တိုး၏ ပုဂံစေတီပုထိုးများ သမိုင်းနှင့် ခရီးသွားလမ်းညွှန်