ဆင်များရှင်ဘုရား

ဝီကီပီးဒီးယား မှ

ဆင်များရှင်ဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။ ဆင်များရှင်ဘုရားသည် အေဒီ(၁၂)ရာစု နရပတိစည်သူမင်း လက်ထက်တွင် တည်ထားခဲ့ခြင်းဖြစ်ပြီး၊ ပုဂံမြို့ဟောင်း သဗ္ဗညုဘုရား၏ တောင်ဘက် ညောင်ဦးမှ ပုဂံသို့သွားသော အနော်ရထာလမ်းမကြီး၏ ယာဘက်တွင် ကိန်းဝပ်လျက်ရှိသည်။

နရပတိစည်သူမင်း တည်ထားကိုးကွယ်ခဲ့သော စူဠမဏိစေတီတော်၏ ထောင့်တိုင် အင်္ဂတေပန်းများနှင့် လက်ရာတစ်တည်း ဖြစ်နေ၍ နရပတိစည်သူမင်း တည်ထားခဲ့သည်ဟု ယူဆကြသလို ၎င်း၏ အမတ် တစ်ဦးဦးက တည်ထားခဲ့သည်ဟုလည်း ခန့်မှန်းကြသည်။

ကွမ်းတောင်ပေါက် ဂူဘုရားကြီးဖြစ်ပြီး လိုဏ်နှစ်ဆင့်ရှိကာ ဉာဏ်တော် ပေ၅၀ဆယ်ခန့်ရှိသည်။ ပစ္စယာများပေါ်တွင် စေတီ ရှစ်ဆူတည်ထားသည်။ အာရုံခံမုခ်များကို အနောက်ဘက်သို့ လှည့်၍ တည်ထားပြီး အထက်လိုဏ်ဂူတော်ထဲတွင် ဗုဒ္ဓဆင်းတုတော် လေးဆူ တည်ထားသည်။ ဂန္ဓကုဋိတိုက်ထဲရှိ အလယ်မဏ္ဍိုင်၌ အရှေ့နှင့် အနောက်လှည့် ကျောချင်းကပ်လျက် ဗုဒ္ဓဆင်းတုတော် နှစ်ဆူ တည်ထားသည်။ ဂန္ဓကုဋိတိုက် မျက်နှာကြက်နှင့် အာရုံခံမုခ် မျက်နှာကြက်တို့တွင် နံရံဆေးရေး ပန်းချီများ ရေးထိုးထားပြီး အာရုံခံတောင်ဘက်နံရံတွင် နှစ်ကျိပ်ရှစ်ဆူ ပုံတော်များကို ဖူးတွေ့နိုင်သည်။ ဘုရားတစ်ဆူလုံးတွင် အင်္ဂတေပန်းလက်ရာ အမြောက်အမြားကို ရှေးမူမပျက် ယခုတိုင် တွေ့ရှိနိုင်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြတ်မင်းလှိုင် (ဇန်နဝါရီ ၂၀၀၃)။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ။ ဒုတိယတွဲ။