ရှေးဟောင်းသုတေသနပြတိုက် (ပုဂံ)

ဝီကီပီးဒီးယား မှ
ရှေးဟောင်းသုတေသနပြတိုက် (ပုဂံ)
ပုဂံရှေးဟောင်းသုတေသနပြတိုက်
တည်ထောင်ခြင်း၁၇ ဧပြီ ၁၉၉၈ (၁၉၉၈-၀၄-၁၇)
တည်နေရာပုဂံမြို့ဟောင်းညောင်ဦးမြို့နယ်မန္တလေးတိုင်းဒေသကြီး
ကိုဩဒိနိတ် 21°10′5.96″N 94°51′26.09″E / 21.1683222°N 94.8572472°E / 21.1683222; 94.8572472ကိုဩဒိနိတ်: 21°10′5.96″N 94°51′26.09″E / 21.1683222°N 94.8572472°E / 21.1683222; 94.8572472
ပိုင်ဆိုင်သူရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

ပုဂံရှေးဟောင်းသုတေသနပြတိုက် သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံညောင်ဦးမြို့နယ်ပုဂံမြို့ဟောင်းတွင် တည်ရှိသည်။ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို တနင်္ဂနွေ၊ တနင်္လာနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ လွဲ၍ နေ့စဉ် နံနက် ကိုးနာရီမှ ညနေ လေးနာရီခွဲအချိန်ထိ ဖွင့်လှစ်ပြသလျက်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၀၁ ခုနှစ်တွင် အိန္ဒိယဘုရင်ခံချုပ်သည် ပုဂံဒေသသို့ ရောက်ရှိခဲ့ရာ ပုဂံဒေသည် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ တစ်စုတစ်ဝေးတည်း တည်ရှိရာဒေသဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ ပုဂံဒေသ၏ ရှေးဟောင်း အနုပညာ လက်ရာများ ရှေးဟောင်းသာသနိကဆိုင်ရာ အဆောက်အအုံများ မပျက်စီးစေရန်၊ ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ရန်ကုန်တက္ကသိုလ်မှ ပါဠိပါမောက္ခ မစ္စတာအီးဖိုးချားမားအား တာဝန်ပေးအပ်ခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် ကမ္ပည်းကျောက်စာ ဌာန (ယခုရှေးဟောင်းသုတေသနဦးစီးဌာန) ကျောက်စာဝန် မစ္စတာတော်စိန်ခိုသည် ပုဂံတစ်ဝိုက်မှရရှိသော ရှေးဟောင်း ကျောက်စာများနှင့် ရှေးဟောင်းပစ္စည်းများကို စုဆောင်းခဲ့သည်။ ၎င်းတို့ကို ပြသရန် ၁၉၀၄ ခုနှစ်တွင် အာနန္ဒာဘုရား၏ မြောက်ဘက်တွင် ပြတိုက်ငယ်တစ်ခုကို တည်ဆောက်ခဲ့ပြီး ရှေးဟောင်းကျောက်စာများကို ပြသခဲ့သည်။ ထိုစဉ်က အုပ်ချုပ်မှုကို ပခုက္ကူခရိုင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူခဲ့သည်။ နောက်ပိုင်းတွင် ဦးဗိုကေ အား ကျောက်စာဝန်အဖြစ် ပုဂံဌာနခွဲတွင် ခန့်ထားခဲ့ပြီး ပုဂံမြို့တွင် ရုံးဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ပုဂံမြို့ ကန်တော့ပလ္လင်တောင်ဘက် (၈.၁၆)ဧကရှိ မြေနေရာ၌ ရှစ်မြှောင့်ပုံ ပြတိုက်ငယ်တစ်ခုကို တည်ဆောက်ခဲ့ပြီး ၎င်း၏ဘေးတွင် ပုဂံရှေးဟောင်းသုတေသနဌာနခွဲရုံးကို ဆောက်လုပ်ခဲ့သည်။

၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပုဂံဒေသသို့ လာရောက်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခရီးစဉ်မှ ပုဂံတွင် ပြတိုက်ကြီးတစ်ခု တည်ဆောက်ရန် လမ်းညွှန်ခဲ့ရာ ယခုလက်ရှိ ရှေးဟောင်း သုတေသန ပြတိုက်ကြီးကို ၁၉၉၅ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပန္နက်တင်ခဲ့ပြီး မတ်လ ၇ ရက်နေ့တွင် အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဧပြီ ၁၇ ရက်နေ့တွင် ပြတိုက်ကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါအဆောက်အဦ ​ဆောက်လုပ်ချိန်တွင် ယခင်ကရှိခဲ့သည့် ရှစ်မြှောင့်ပုံပြတိုက်ကို ဆက်လက်ထားရှိပြီး ဘေးရှိ ရှေးဟောင်း သုတေသနဌာနခွဲရုံးကို ဖျက်သိမ်းခဲ့သည်။[၂]

ပြသထားရှိသည့်ပြခန်းများ[ပြင်ဆင်ရန်]

ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြသထားသည့် ပြခန်းများမှာ –

  1. အထူးပင်မပြခန်း
  2. ပုဂံခေတ်လက်မှုအနုပညာပြခန်း
  3. ပုဂံခေတ်ဗိသုကာပြခန်း
  4. ပုဂံခေတ်လူနေမှုဘဝပြခန်း
  5. ပုဂံခေတ်စာပေပြခန်း
  6. ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း
  7. ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်း တို့ ဖြစ်သည်။[၁]
အတွင်းပိုင်း

ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ ဖူးမြော်ခြင်း၊ လေ့လာခြင်းအပြင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့လည်း ဝင်ရောက်လေ့လာသင့်သည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ အမျိုးသားပြတိုက်များနှင့်ရှေးဟောင်းသုတေသနပြတိုက် (ပုဂံ)။ ယဉ်ကျေးမှု ဝန်ကြီးဌာန။ ၂၂ ဇန်နဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ပုဂံရှေးဟောင်းသုတေသနပြတိုက်။ ယဉ်ကျေးမှု ဝန်ကြီးဌာန။ ၂၂ ဇန်နဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ