နန္ဒာမညာဂူဘုရား

ဝီကီပီးဒီးယား မှ
  • စေတီပုထိုးအမှတ် = ၅၇၇/၃၀၆−က

နန္ဒာမညာဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံရှိ မင်းနန်သူရွာသမ္ဘူလဘုရားအနီးတွင် တည်ရှိသည်။ စေတီပေါက်လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ ၁၃ ရာစုတွင် တည်ထားကိုးကွယ်ခဲ့ကြသည်။

ဘွဲ့အမည်ခေါ်ဆိုပုံ[ပြင်ဆင်ရန်]

နန္ဒာမညာဟူသော စကားသည် အနန္တပညာ ဟူသော စကားမှ ဆင်းသက်လာခြင်း ဖြစ်၏။ အနန္တပညာ၏ အဓိပ္ပာယ်မှာ မြတ်စွာဘုရားသခင်၏ အဆုံးအစမရှိသော ပညာဉာဏ်ဖြစ်သည်။ ပုဂံ အာနန္ဒာဂူဘုရား အမည်နှင့် ဆင်ဆင်ဖြစ်သည်။ ပုဂံနရသီဟပတေ့မင်းလက်ထက် သခင်အနန္တပညာဘွဲ့ရှိသော မဟာထေရ် သီတင်းသုံးရာ ဥမင်တစ်ခုလည်း ထိုအနီးတွင် ရှိသည်။ ထိုဥမင်အတွင်းမှ (၁၈) ဖေဖော်ဝါရီ (၁၂၆၀)[ကိုးကားချက်လိုသည်] ဟု ရေးထိုးထားသည့် ကျောက်စာတွင် "မြတ်ကြီးဥမင် သခင်အနန္တပညာ" ဟူသည့် အမည်ကို တွေ့ရသည်။ ထို မထေရ်ကို အကြောင်းပြု၍ ဥမင်နှင့် ကပ်လျက်တည်ရှိသော ဂူဘုရားကိုလည်း အနန္တပညာဂူဘုရား ဟု ခေါ်ဝေါ်ခဲ့ကြရာမှ ကာလကြာသောအခါ နန္ဒမညာ ဖြစ်လာသည်ဟု ယူဆကြသည်။ ဤဘုရားသည် အရှေ့ဘက်မုခ်လှည့် လိုဏ်ဂူငယ်ဖြစ်၍ အရှေ့ဂူဘုရားဟုလည်း ခေါ်ကြလေသည်။

ဗိသုကာလက်ရာများ[ပြင်ဆင်ရန်]

နန္ဒာမညာဂူသည် အုတ်ခုံပေါ်တွင်ရှိ၍ ဂူသည် အရှေ့ဘက်သို့ မုခ်လှည့်လျက် ပေါင်းကူးအာရုံခံငယ် ရှိသည်။ ဂူအထက်ပစ္စယာများ အပေါ်တွင် စေတီတည်ထားသည်။ (၁၃) ရာစုနှစ်က လက်ရာများ ဖြစ်လေသည်။
လိုဏ်ဂူအတွင်း၌ ပလ္လင်ပေါ်ရှိ ရုပ်ပွားဆင်းတုသည် ပျက်စီးလျက် ရှိသည်။ ဤဘုရား၌ ထူးခြားချက်မှာ ဂူအတွင်း နံရံပေါင်းကူးတံကဲ နောက်ခံများတွင် ပုဂံခေတ် ဆေးရေးပန်းချီ လက်ရာများ တွေ့ရသည်။ ကနုတ်ပန်း၊ ပန်းလိပ်ပန်းခွေအလှများ အရုပ်များကိုလည်း အဆန်းတကြယ် တွေ့ရသည်။ နန္ဒမညာ ဂူဘုရားအတွင်း ဘေးဆောင်အခန်းများနှင့် အာရုံခံခန်းမ၏ ပေါင်းကူးမျက်နှာကြက်တွင် ပန်းခက်ပန်းနွယ်များ၊ နံရံတွင် သစ်ရွက်ပုံ ပန်းတန်းများ၊ ဗုဒ္ဓရုပ်ပွားပုံများ၊ စေတီပုံများ၊ အလယ်ဗဟို ဂန္ဓကုဋီတိုက် ပေါင်းကူး မျက်နှာကြက်တွင် ကျက်တငိုအဝိုင်း လေးထောင့်ကွက်နှင့် စက်ဝိုင်းကွက်များအတွင်း ဗုဒ္ဓရုပ်ပွားပုံများ၊ တောင်ဘက်နံရံ ဗုဒ္ဓရုပ်ပွားပုံအောက်တွင် အရည်းကြီးတို့ထံ ပန်းဦးလွှတ်ပူဇော်ပွဲပုံ[ကိုးကားချက်လိုသည်]ရှိသည်။

ဗုဒ္ဓဝင်မှ မယ်တော် မာယာ သားဖွားခန်း၊ သိဒ္ဓတ္တမင်းသား ဆံတော် ပယ်ခန်း၊ ယမကပြဋိကာပြခန်း စသည်တို့ကို တွေ့ရသည်။ မာရ်နတ်၏ သမီးများအရွယ် အမျိုးမျိုးကို ပုဂံခေတ်အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုအတိုင်း ရေးဆွဲထားသည်။ ပုဂံခေတ် လက်ရာအမြောက်ဆုံး နံရံဆေးရေး ပန်းချီများကို တွေ့နိုင်လေသည်။[၁] ဗြိတိသျှခေတ်က ကျောက်စာဝန်အဖြစ် အမှုထမ်းခဲ့သော ချားဒူရွိုင်ဆဲလ်က ဘုရားသုံးဆူနှင့် နန္ဒမညာ ဂူဘုရားအတွင်းမှ ပန်းချီများသည် အရည်းကြီး ရဟန်းတို့နှင့်လည်း​ကောင်း၊ တန္တရအယူဝါဒနှင့်လည်း​ကောင်း သက်ဆိုင်သည်ဟု ယူဆခဲ့သည်။ နန္ဒမညာ ဂူဘုရားအပြင်ဘက် မျက်နှာစာရှိ အင်္ဂတေပန်းတော့ လက်ရာ အနည်းငယ်သာ ကျန်တော့သည်။[ကိုးကားချက်လိုသည်]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ