မြစေတီတော် (ပုဂံ)

ဝီကီပီးဒီးယား မှ
မြစေတီ

မြစေတီတော်သည် ပုဂံမြို့တောင်ဘက်ရှိ မြင်းကပါရွာ မြောက်ဘက်အနီးကပ်လျက် ကိန်းဝပ်တော်မူသည်။ ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး၏ ကောင်းမှုတော် ဖြစ်သည်။ မြစေတီမှာ ပစ္စယာသုံးဆင့် ထောင့်စိုက်စေတီတော် ဖြစ်ပြီး ခြင်္သေ့ရုပ်များဖြင့် တည်ဆောက်ထားရှိသည်။ ကိုးကွယ်ဆည်းကပ်သူများနှင့် အဆက်မပြတ် ထိတွေ့နေသော စေတီတော်ဖြစ်၍ ခေတ်အဆက်ဆက် ဝတ်ပြုကိုးကွယ်ပြီး ထုံးသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြ၍ ရှေးဟောင်းအနုပညာ လက်ရာများ မရှိသလောက်ပင် ဖြစ်နေသည်။

စေတီတော်ကြီး၏ မဟာရာမ်တံတိုင်းကို ပြုပြင်ရာမှ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာဖြင့် ရေးထိုး မော်ကွန်းတင်ထားသော ကျောက်စာတိုင် တစ်တိုင် အကောင်းပကတိကို ရရှိခဲ့သည်။ ထို့နောက် အလားတူ ထက်ပိုင်းကျိုးနေသော ကျောက်စာတိုင် တစ်တိုင်ကို ထပ်မံရရှိခဲ့ပြန်သည်။ ပထမတွေ့ရှိသော ကျောက်စာတိုင် အကောင်းကို ပုဂံပြတိုက်သို့ ရွှေ့ပြောင်းစိုက်ထူးထားပြီး ထက်ပိုင်းကျိုးနေသော ဒုတိယကျောက်စာတိုင်ကို ပြန်ဆက်၍ မြစေတီရင်ပြင်တော်ပေါ်၌ ကျောက်စာဂူဖြင့် ထိန်းသိမ်းထားရှိသည်။ မြစေတီတော်အနီးမှ ရရှိခဲ့သဖြင့် မြစေတီကျောက်စာဟု ခေါ်တွင်ခဲ့သည်။

ကျောက်စာတွင် သာသနာသက္ကရာဇ် ၁၆၂၈-ခုနှစ်ကျော်တွင် ကျန်စစ်သား မင်းကြီးသည် နတ်ရွာစံလု နီးနီးအချိန်၌ သားတော်ရာဇကုမာရ်သည် ခမည်းတော်၏ ကျေးဇူးကို အောက်မေ့ရည်မှန်းကာ ရွှေဘုရားတစ်ဆူ သွန်းလုပ်ကာ ဌာပနာပူဇော်ခဲ့၏ စသည်ဖြင့် ဖော်ပြထားသည်။ ရာဇကုမာရ မင်းသား၏ စွန့်လွှတ်မှုနှင့် ဖခင်အပေါ်ထားရှိသော မေတ္တာဓာတ်ကြီးမားပုံကို မော်ကွန်းထိုးထားသည့် ကျောက်စာဖြစ်သည်။ ထို့ကြောင့် မြစေတီကျောက်စာသည် ပုဂံသမိုင်းအတွက် ခိုင်လုံသော အထောက်အထားတစ်ခု ဖြစ်သည်သာမက ကျန်စစ်သားမင်းကြီး၏ ရင်နင့်ဖွယ် ဇာတ်လမ်းနှင့်လည်း ဆက်စပ်မှု ရှိနေသည်။ [၁]

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြတ်မင်းလှိုင်၏ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ (ပ-တွဲ) ၂၀၀၃-ခု၊ ဇန်နဝါရီလထုတ်