မြန်မာမုန့်များ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မြန်မာတို့အဖို့ ထမင်းဟင်းကဲ့သို့ မူလထား၍ စားသောက်ကြသော အစားအစာမျိုး မဟုတ်ဘဲ၊ အဆာပြေ အငြီးပြေ စားကြသော သွားရည်စာဟု ခေါ်သည့် မုန့်အမျိုး အမည်တို့ကား များပြားလှသည်။ မြန်မာတို့သည် မုန့်ပဲသွားရည်စာတို့ကို အငြီးပြေ၊ အဆာပြေသာမက သင်္ကြန်၊ ဝါဝင် ဝါထွက် စသော အခါကြီးရက်ကြီးများ၌လည်း ကောင်းနိုးရာရာ မုန့်တို့ကို လုပ်ကိုင်ပြီးလျှင် ရဟန်းသံဃာတို့နှင့် ဆွေမျိုးမိတ် သင်္ဂဟတို့အား ဖိတ်၍ ကျွေးမွေးခြင်း၊ အိမ်များသို့ ဝေငှခြင်းစသော အစဉ်အလာတရပ်ကိုလည်း ဆောင်ရွက်လေ့ ရှိကြရာ၊ မြန်မာတို့၏ နှစ်သက်ဖွယ်ရာ ယဉ်ကျေးမှုတရပ် ဖြစ်ပေသည်။ ယင်းသို့ လှူဒါန်းဝေငှရန် မုန့်များကို များများ စားစား လုပ်ကိုင်ကြသည့် အခါဆိုင်ရာ မုန့်သည်များထံ မှာယူသည်ထက်၊ ဆွေမျိုးမိတ်သင်္ဂဟ အသိုင်းအဝန်းများဖြင့် တစ်စုတစ်ဝေး တစ်ယောက်တစ်လက် ဝိုင်းကူလုပ်ကိုင်၍ ကျွေးမွေး ရခြင်းကို ပို၍ ဂုဏ်ယူကြလေသည်။

မြန်မာနိုင်ငံသည် ဆန်နှင့်ကောက်ညှင်း အထွက်ကောင်းသောနိုင်ငံဖြစ်သည့်အလျောက် မြန်မာတို့သည် မုန့်ပဲအမျိုးမျိုး စီမံ လုပ်ကိုင်ကြရာ၌ ဆန်နှင့်ကောက်ညှင်းကို မူလထား၍ အုန်းသီး၊ သကြား၊ ထန်းလျက်၊ နှမ်း၊ မြေပဲ စသော ပြည်တွင်းထွက် အသီးအပွင့်တို့ကို အသိုင်းအဝန်း ပြုလေသည်။ မြန်မာမုန့်များကို လုပ်ကိုင်ရာ၌ အရသာ ခြောက်ပါးအနက် အချိုနှင့်အဆိမ့်ကိုပို၍ အလေးထားသည်ကို များသောအားဖြင့် တွေ့ရသည်။ မြန်မာနိုင်ငံ၏ရေမြေအနေအထားသည် တစ်ပြေးတစ်ညီတည်း မဟုတ်ပေရာ၊ အစားအစာများသည်လည်း ရေမြေဌာနဒေသအလိုက် အနည်းနှင့်အများ ကွာခြားမှု ရှိတတ်လေသည်။ အချို့မုန့်မျိုးတို့သည် ဒေသအလိုက် အသုံးအစားများ၍ ထိုဒေသ၌သာ ကျော်ကြားသည်။ အချို့ မုန့်မျိုးတို့ကမူ အထက်အောက် မြန်မာတစ်နိုင်ငံလုံး၌ လူသိများပြား၍ ခုံခုံမင်မင် လုပ်ကိုင်စားသောက်ကြသော မုန့်မျိုး ဖြစ်သည်။

ပုံစံအားဖြင့် နှမ်းမနှဲ(ထမင်းနှဲ) သည် နိုင်ငံနှင့်အဝှန်း သူ့ရာသီချိန်ခါ၌ ခြိမ့်ခြိမ့်သဲသဲ၊ နှမ်းမနှဲထိုးပွဲကြီးများ ကျင်းပကာ လှူဒါန်း စားသောက်ကြရသော မုန့်မျိုးဖြစ်သည်။ ခွက်ပုတ်ဟု ခေါ်သော ကောက်ညှင်းမုန့်မျိုး တမျိုးကိုမူ အထက်မြန်မာ နိုင်ငံ၌ လူသိများသော်လည်း အောက်မြို့ကျေးရွာတို့၌ စားဖူးသူရှားသည်။ မြန်မာအများစု၏ အသည်းစွဲ မုန့်တမျိုး ဖြစ်သော မုန့်ဟင်းခါး၊ ရခိုင်ချက် မုန့်ဟင်းခါး စသည်ဖြင့် မတိမ်းမယိမ်း ကွဲပြားကြလေသည်။

မြန်မာတို့သည် မုန့်အမျိုးမျိုးကို လုပ်ကိုင်ရာ၌ ပေါင်းခြင်း၊ ပြုတ်ခြင်း၊ ကျိုခြင်း၊ ကင်ခြင်း၊ ဖုတ်ခြင်း၊ ချက်ခြင်း၊ နှပ်ခြင်း၊ အိုးကင်းကပ်ခြင်း၊ လှော်ခြင်း၊ ကြော်ခြင်း စသောနည်းမျိုးစုံကို အသုံးပြုကြရာ ချိုဆိမ့် အရသာ အမျိုးမျိုး ပေါ်၍ မြန်မာ့လျှာနှင့် အဆင်ပြေလှသည်။ ထို့ကြောင် မြန်မာပီသသူ ကြီးငယ် မဟူ မြန်မာမုန့်တို့ကို နှစ်သက်ကြပေသည်။ မြန်မာကြိုက် ထိုထို မုန့်မျိုးစုံတို့ကို ဖော်ပြရလျှင် - ကောက်ညှင်းပေါင်း၊ ကောက်ညှင်းပြန်ပေါင်း၊ ခေါပြင်၊ မုန့်ထုပ်ကြီး၊ မုန့်စိမ်းပေါင်း၊ မုန့်ဗိုင်းတောင့်၊ ဘီးမုန့်၊ ပဲမုန့်၊ မုန့်ဖက်လိပ်(မုန့်ကြာလိပ်)၊ မုန့်လိပ်ပြာ၊ မုန့်ပေါင်း၊ မုန့်ကတော့၊ စလူမုန့်၊ အညာသားကျောကုန်း(မုန့်ဖက်ထုပ်)၊ ငှက်ပျောမုန့်၊ ကောက်လန်းတီမုန့်၊ ထန်းသီးမုန့်၊ ကတတ်မုန့် စသည်တို့ကို ပေါင်း၍ ပြုလုပ်ရသော မုန့်မျိုး ဖြစ်ကြသည်။ ယင်းတို့အနက် ကောက်ညှင်းပေါင်းနှင့်ပြန်ပေါင်း၊ ခေါပြင်၊ မုန့်ထုပ်ကြီးတို့သည် ကောက်ညှင်းမုန့်များ ဖြစ်ကြ၍၊ ကျန်မုန့်မျိုးတို့ကား ဆန်မုန့်များ ဖြစ်ကြလေသည်။

ကောက်ညှင်းပေါင်း (ငချိတ်ပေါင်း၊ ပဲလွန်းစေ့ရော အဖြူပေါင်း)၊ ခေါပြင်၊ မုန့်စိမ်းပေါင်း၊ မုန့်ဗိုင်းတောင့်၊ ဘီးမုန့်၊ ပဲမုန့် တို့ကို အုန်းသီးပေါသော ဒေသ၌ အုန်းသီးမှုန့် နိုင်နိုင်ဖြူး၍ နှမ်းထောင်းသင်းသင်းကလေး စွက်ကာ စားကြသည်။ အုန်းသီးရှားသော အထက်အညာကဲ့သို့ ဒေသများတွင် စားတော်ပဲပြုတ် ဆီရွှဲရွှဲဖြင့် ရောနယ်စားကြသည်။ ကောက်ညှင်းပေါင်းကို အုန်းနို့ဖြင့်နယ်၍ တစ်ဖန် ပြန်ပေါင်းပြီးလျှင် အုန်းသီးမှုန့်၊ ပုဇွန်မှုန့်၊ ဖြူးစားရသော ကောက်ညှင်းပြန်ပေါင်းသည် အောက်မြို့ ကျေးရွာ၏အရသာရှိသော မုန့်တမျိုး ဖြစ်သည်။

ခေါပြင်သည် ကောက်ညှင်းပေါင်းအဖြူကို ကြေညက် စေးပိုင်အောင် ထောင်း၍ ဗန်းတခု၌ အပျဉ်ကြီး ဖြစ်အောင် ဖြန့်ရသည်။ နှမ်း ထောင်း၊ အုန်းသီးမှုန့် နိုင်နိုင်ဖြင့် စားကြသည်။ အချို့က ခေါပြင်သည် ရှမ်းမုန့်တမျိုးဟု ဆိုကြသည်။ မုန့်စိမ်းပေါင်းသည် မုန့်ညက်တွင် ထန်းလျက်ရောပေါင်းထားခြင်း ဖြစ်၍ မွမွကလေး နေသဖြင့် အုန်းသီးမှုန့်၊ နှမ်းထောင်းတို့ စွက်လိုက်လျှင် စား၍ တစ်မျိုးအရသာ ရှိသည်။ မုန့်ဗိုင်းတောင့်၊ ဘီးမုန့်နှင့် ပဲမုန့်တို့သည် တွဲဖက်စားလေ့ ရှိကြသော မုန့်သုံးမျိုး ဖြစ်သည်။ ဗိုင်းတောင့် ကလေးများသဏ္ဌာန် ပြုလုပ်ထားသဖြင့် မုန့်ဗိုင်းတောင့်ဟူ၍ ၎င်း၊ ဘီး၏အသွားရာကလေးများ ထင်အောင် ပြုလုပ်ထား သဖြင့် ဘီးမုန့်ဟူ၍၎င်း ခေါ်ကြသည်။ ပဲမုန့်မှာ မုန့်ညက်တွင် ပဲလွန်းစေ့ပြုတ်များပြုတ်များ ရောနယ်ထား၍ အရောင်မှာ အညိုနုရောင် ဖြစ်သည်။

အုန်းသီးမှုန့်နိုင်နိုင်ဖြင့် စားလေ့ရှိကြသော ငှက်ပျောမုန့်၊ ထန်းသီးမုန့်၊ ကောက်လန်းတီမုန့်တို့သည် အနံ့ သင်းသော မုန့်များ ဖြစ်ကြသည်။ ငှက်ပျောသီးမှည့်ကို ဆန်နှစ်ရော၍ ပြုလုပ်သဖြင့် ငှက်ပျောမုန့် ဖြစ်လာ၍ ထန်းသီးမှည့် အခွံမှ အနှစ်ကို ဆန်နှစ်ရော၍ ပြုလုပ်သဖြင့် ထန်းသီးမုန့် ဖြစ်လာသည်။ လယ်တောကွင်းပြင်များ၌ ပေါက်လေ့ရှိ၍ လှပသော အပြာရောင်အပွင့် ကလေးများဖြစ်သည့် ကောက်လန်းတီကို ဆန်မုန့်နှစ်ဖြင့် ကောက်လန်းတီမုန့်သည် အဆင်း မည်းနက်သော်လည်း အရသာသည် စွဲမက်ဖွယ်ရာကောင်းသည်။

အချို့က မုန့်ဖက်ထုပ်ဟုလည်း ခေါ်သော မုန့်ထုပ်ကြီးသည် မုန့်လုံးအတွင်း အုန်းယိုဌာပနာ၍ ဖက်ဖြင့် သုံး ထောင့်ပုံနီးနီး ထုပ်ထားသည်။ မုန့်ရည်တွင် ထန်းလျက်ရည်ရော၍ မုန့်သားပါးပါးကို ပေါင်းအိုး အဝတ်ပေါ်၌ ဖြန့်ချ၍ ပေါင်းပြီးလျှင် အလိပ်ကလေး ဖြစ်အောင် လိပ်ရသော မုန့်ဖက်လိပ်ကို မုန့်ကြာလိပ်ဟုလည်းခေါ်သည်။ မုန့်လိပ်ပြာသည် မုန့်ဖက်လိပ်ကဲ့သို့ မုန့်သားပါးပါး ပြုလုပ်သော်လည်း မုန့်ရည်၌ ထန်းလျက်မရောပေ။ မုန့်အလယ် တွင် ပဲယိုထည့်၍ လေးထောင့်ပုံ နီးနီးခေါက်ရ သည်။ အုန်းသီးပေါသော ဒေသတို့တွင် အုန်းသီးမှုန့် ဖြူးစား ကြသည်။

မုန့်ကတော့သည် ထန်းလျက်ရည် ရောထားသော မုန့်ညက်ကို ဖက်ကတော့၌ ထည့်ပြီးလျှင် ထိပ်၌ အုန်သီးစိတ် ကပ်ထား သည်။ စလူမုန့်ဆိုသည်မှာ ထန်းလျက်ရည် ရောထားသော ဆန်မုန့်ညက်ကို နယ်သားရအောင် ပြုကာ ဆီလူးထားသော စလူဖက်၌ ထည့်၍ အတောင့်ကလေး ဖြစ်အောင် ပြုပြီးလျှင် ထိပ်နှစ်ဖက်၌ ကြိုးဖြင့် စုချည်ထားသည်။ အုန်းသီးမှုန့် ဖြူးစားရသော မုန့်မျိုးပင် ဖြစ်သည်။ အညာသားကျောကုန်းသည် ဆန်နှင့် ကောက်ညှင်းရော၍ ပြုလုပ်ရသော မုန့်မျိုးဖြစ်သည်။ မုန့်ညက်၌ ထန်းလျက်ရည် ရောပြီးလျှင် ဆီသုတ်ထားသော တောင်စွန်ဖက်ဖြင့် လေးထောင့်ရှည်ရှည်ပုံ ထုပ်ရသည်။ မုန့်သား၏အလယ်တွင် ဖက်၏အလယ်ရိုးနှင့်အကြောပုံများ ထင်ရှားစွာ ပေါ်နေတတ်သည်။ အညာသားကျောကုန်း မုန့် ကိုလည်း မုန့်ဖက်ထုပ် ဟုခေါ်ကြသေးသည်။ သာကူစေ့ဖြင့် ပြုလုပ်သော သာကူ မုန့်ဖက်ထုပ်လည်း ရှိပေသေးသည်။ မုန့်ကတိုးဖွာဟုလည်း ခေါ်သော ကတတ်မုန့်ကို ကတတ်ဥဖြင့် ပြုလုပ်သည်ဟု ဆိုသည်။ ဆန်မှုန့်ကို ပန်းကန်ခွက်ခွက်၌ ထည့်ပြီးလျှင် ပေါင်း၍ ပြုလုပ်ရသော မုန့်ပေါင်းကို ဆီမွှေးမွှေး ဆမ်း၍ စားလေ့ရှိကြသည်။

ရေနွေးဖြင့် ပြုတ်ရသော မုန့်မျိုးတို့တွင် မုန့်လုံးရေပေါ်၊ မုန့်လုံးကြီး၊ မုန့်ပိန္နဲစေ့၊ မုန့်ကြာစေ့၊ ကောက်ညှင်းထုပ်၊ မုန့်ငါးကလေး၊ မုန့်လုပ်ဆောင်း၊ မုန့်ကြာရိုး၊ ကျူမုန့်တို့ ပါဝင်သည်။ မုန့်လုံးရေပေါ်မှ ကောက်ညှင်းထုပ်အထိ မုန့်မျိုးတို့သည် ကောက်ညှင်းမုန့်များ ဖြစ်ကြ၍ ကျန်မုန့်မျိုးတို့သည် ဆန်မုန့်များ ဖြစ်ကြသည်။ မုန့်လုံး ရေပေါ်သည် လူသိများပြား ထင်ရှားသော မုန့်ဖြစ်သည်။ မုန့်၏အရသာကို အစွဲပြု၍ ကျော်ကြားသည်ထက် သင်္ကြန်ကဲ့သို့ အခါကြီး ရက်ကြီးများတွင် လူစုလူဝေးဖြင့် တပျော်တပါး လုပ်ကိုင်၍ စတုဒိသာ ကျွေးမွေးလေ့ရှိခြင်းကြောင့် ထင်ရှားခြင်း ဖြစ်သည်။ မုန့်လုံကြီးကြီး လုံးရသော မုန့်လုံးကြီးသည် အလယ်၌ အုန်းယိုဌာပနာပါသည်။ မုန့်ပိန္နဲစေ့၊ မုန့်ကြာစေ့တို့သည် မုန့်လုံးကြီးထက် အလုံး သေးငယ်၍ ဌာပနာ မပါချေ။ မုန့်လုံးကြီးကို အုန်းနို့ဆမ်းစားကြသည်။ မုန့်ကြာစေ့၊ မုန့်ပိန္နဲစေ့တို့ကို အုန်းနို့စိမ်းအပြင်၊ ထန်းလျက်ရည် စိမ်၍လည်း စားကြသည်။

ကောက်ညှင်းထုပ်ကို အချို့အရပ်ဒေသတို့၌ ကောက်ညှင်းဆိုင်းဟုလည်းခေါ်သည်။ ငှက်ပျောသီးမှည့် ဌာပနာသော ငှက်ပျောသီးထုပ်၊ ကောက်ညှင်းနှင့်ပဲလွန်းရော၍ထုပ်သော ပဲထုပ်၊ ကောက်ညှင်းချည်းသက်သက် ထုပ်သော အဖြူထုပ် ဟူ၍ အမျိုးမျိုး ရှိသည်။ ကောက်ညှင်းထုပ်ကို စလူဖက်၊ ဓနိဖက်၊ ငှက်ပျောဖက်၊ တောင်စွန်ဖက် စသည်တို့ဖြင့် ထုပ်ရသောကြောင့် ထုပ်ရာ၌ အသုံးပြုသောဖက်ကို လိုက်၍ ပုံသဏ္ဌာန် အမျိုးမျိုး ရှိရာ၊ အတောင့်များ၊ ပုဝိုင်းဝိုင်းထိပ်ချွန်များ၊ လေးထောင့် ရှည်ရှည်ပြားပြား အထုပ်များ ဖြစ်ကြသည်။

မုန့်ငါးကလေးနှင့် မုန့်လုပ်ဆောင်းတို့သည် မုန့်နှစ်ကို ရေနွေး ဆူဆူထဲ ဆန်ကာဖြင့် ဖိချရသော မုန့်များ ဖြစ်သည်။ မုန့်ငါး ကလေးကို ထန်းလျက်ရည်၌ စိမ်ပြီးလျှင် အုန်းသီးမှုန့် ဖြူးစားကြသည်။ မုန့်လက်ဆောင်းကို အုန်းနို့ဖြင့်၎င်း၊ ထန်းလျက်ရည်ကျဲကျဲဖြင့်၎င်း စိမ်၍ သောက်စားကြသည်။ ဆန်မုန့်ညက်ကို အပြား ပြုလုပ်၍ ရေနွေး၌ ပြုတ်ပြီးလျှင် ပါးပါးလှီးစိတ်၍ ထန်းလျက်ရည်ဆမ်း၊ အုန်းသီးမှုန့်တို့ဖြင့် စားရသော မုန့်တစ်မျိုးကို မုန့်ကြာရိုးဟုခေါ်သည်။ ကျူမုန့်သည် ထန်းလျက်ရည် ရောထားသော မုန့်ရည်ပျစ်ပျစ်ကို ကျူရိုးခေါင်းပွ၌ ထည့်၍ ထိပ်မှဖက်ရွက်ဖြင့် ဆို့ပိတ်၍ ပြုတ်ရသော မုန့်တစ်မျိုးဖြစ်သည်။

ကျိုရသော မုန့်များသည် များသောအားဖြင့် ဆန်မုန့်များ ဖြစ်ကြ၍ ကျောက်ကျော၊ သာကူစေ့၊ ရွှေကြည်မှုန့်တို့ဖြင့် ပြုလုပ် ရသော မုန့်မျိုးတို့လည်း ပါဝင်သည်။ မုန့်ဦးနှောက်သည် မုန့်နှစ်ထဲတွင် အုန်းနို့ ရောကျိုထားခြင်း ဖြစ်သည်။ ခွက်၊ လင်ဗန်း၊ ဖက် စသော ထည့်စရာတမျိုးမျိုး၌ ထည့်အအေးခံ၍ ခဲလျှင် သကြားဖြူးစား ရသည်။ မုန့်ကျွဲသည်းသည် ဆန်နှစ်တွင် ထန်းလျက်ရည် ရောကျို၍ အအေးခံထားပြီးလျှင် ခဲအောင် ပြုရသည်။ အုန်းသီးမှုန့် ဖြူးစားရသော မုန့်မျိုးပေတည်း။ အရောင်အဆင်းညို၍ ပျော့ပျော့အိအိမုန့်မျိုးနေသည်။ အုန်းနို့ကျောက် ကျောသည် ကျောက်ကျော၊ အုန်းနို့၊ သကြားတို့ဖြင့် ရောကျို၍ အအေးခံပြီးလျှင် ခဲအောင် ပြုရသည်။ နှင်းဆီရည်၊ သစ်ခွရည် စသည်တို့ထည့်ကာ လှပသော အရောင်ရရန်လည်း ပြုလုပ်ကြသည်။

သာကူ နနွင်းမကင်းသည် သာကူစေ့၊ အုန်းနို့သကြားတို့ကို ရောကျို၍ သာကူပွလာလျှင် နနွင်းမကင်းအိုးထဲသို့ လောင်းထည့်ပြီးသော် အအေးခံရသည်။ အုန်းသာကူ၊ ထန်းလျက်သာကူ၊ နို့သာကူတို့သည်လည်း သာကူ ပွအောင် ကျို၍ အုန်းနို့၊ ထန်းလျက်ရည်၊ နွားနို့တို့ကို လောင်းထည့်ရသည်။ အာလူး၊ ကန်စွန်းဥများကို အစိတ်ကလေးများပြု၍ ထည့်ကျိုကြသည်လည်းရှိသည်။ အုန်းနို့ထမင်း၊ နွားနို့ထမင်းတို့သည်လည်း ဆန်ကိုပြုတ်၍ အုန်းနို့၊ နွားနို့တို့ဖြင့် ကျိုရခြင်းဖြစ်သည်။ ရွှေရင်အေးသည် သာကူစေ့၊ မိုးသီးခေါ် သာကူစေ့ကြီးတို့ကို ကျို၍ အပျဉ်ဖြစ်အောင် မပြုဘဲ အအေးခံပြီးလျှင် အုန်းနို့၌ စိမ်၍ သောက်သောမုန့်မျိုးဖြစ်သည်။ အုန်းနို့မပါဘဲ ကျိုထားသော ကျောက်ကျောကိုလည်း ခြစ်ထည့်ကြသည်။ အစာမဝင်သော လူမမာများသည် အထူးပြုလုပ်ပေးလေ့ရှိသော မုန့်နှပ်သည် ကျိုမုန့်မျိုးဖြစ်သည်။ ဆန့်မှုန့်ကို လှော်၍ ထန်းလျက်နှင့် နှမ်းဆီ အနည်းငယ်စပ်ကာ ကျစ်အောင်ကျိုရ လေသည်။

ဖုတ်ရသော မုန့်မျိုးတို့၌ ကောက်ညှင်းကျည်ထောက်၊ ငွေထမင်း၊ ရွှေထမင်း၊ နနွင်းမကင်း (ရွှေကြည်၊ ဆန်၊ ပလော ပီနံ၊) ဘိန်းမုန့် (အထက်မီး အောက်မီး၊ အေးမုန့်၊ ရန်နိုင်မုန့်၊ ကောက်ည|င်းဘိန်းမုန့်)၊ ကြွေမုန့်၊ မန်းမရွေး၊ ဆန်ကြမ်းမုန့်လေပွေ တို့ ပါဝင်သည်။ ကောက်ညှင်းကျည်ထောက်ကို ခဲတံကျည်ထောက်ဟုလည်း ခေါ်ကြသည်။ ( ခဲတံကျည်ထောက်။) အခေါင်းပွ ဝါးအတွင်း ရေစိမ်ပြီး ကောက်ညှင်းဆန်ကိုထည့်၍ ဖုတ်ထားခြင်း ဖြစ်သည်။ ဝါး၏အတွင်း အမြှေပါးကလေးများ ဖြင့်ကပ်၍ အတောင့်ကလေးဖြစ်ကာ နပ်နေသော ကောက်ညှင်းကို ငါးကြော်၊ အုန်းသီးစိတ်၊ ထန်းလျက်ခဲတို့ဖြင့် တွဲဖက်စား ကြသည်။

ငွေထမင်းကို ကောက်ညှင်းရွှေကြည်ဟု လည်းခေါ်ကြသည်။ ပေါင်းပြီးသော ကောက်ညှင်းကို အုန်းနို့ဖြင့် နယ်၍ အထက် မီးအောက်မီးတင်ကာ ဖုတ်ရသည်။ အထက်မီးမတင်မီ ညှိထားသော မျက်နှာပြင်ပေါ်သို့ ဘိန်းစေ့ကလေးများ ဖြူးကြသည်။ ရွှေထမင်းသည် ငွေထမင်းနှင့် အမည်ချင်းဆင်ဆင် တူသော်လည်း လုပ်နည်းလုပ်ဟန် အနည်းငယ် ကွဲပြားသည်။ ရွှေထမင်းကို အုန်းနို့ဖြင့် မနယ်ဘဲ ထန်းလျက်ရည်ဖြင့် နယ်သည်။ မီးပေါ် ခေတ္တ ပြန်တင်ရသော်လည်း အထက်မီး အောက်မီးဖြင့် မဖုတ်ချေ။ ငွေထမင်းကဲ့သို့ သူ့ချည်း သက်သက် မစားဘဲ အုန်းသီးမှုန့် ဖြူးစားကြလေသည်။ နနွင်းမကင်းကို ရွှေကြည်မှုန့်၊ ဆန်၊ ပလောပီနံ တို့ဖြင့် ပြုလုပ်ကြသည်။ ယင်းတို့ တမျိုးမျိုးတွင် အုန်းနို့၊ သကြား၊ ဘဲဥ၊ ဆီတို့ကို အချိုးကျရောစပ်၍ ကျိုပြီးနောက် အထက် မီးအောက်မီး တင်၍ ဖုတ်ရသည်။ ဆန်နနွင်းမကင်း ကျိုလျှင် ဆန်ကိုကြိတ်၍၊ ပလောပီနံ နနွင်းမကင်းကျိုလျှင် ပလောပီနံကို ခြစ်၍ ထည့်ကြသည်။ ဆန်နနွင်းမကင်းနှင့် ပလောပီနံ နနွင်းမကင်းတို့ကို အုန်းနို့ချက်ဆမ်း၍ စားကြသည်။

ဘိန်းမုန့်၊ အထက်မီးအောက်မီး၊ အေးမုန့်၊ ကောက်ညှင်းဘိန်းမုန့် နှင့် ရန်နိုင်မုန့်တို့သည် ဆင်တူရိုးမှား ဖြစ်ကြသည်။ ဘိန်းမုန့်၊ အထက်မီးအောက်မီး၊ အေးမုန့်ရန်နိုင်မုန့်တို့သည် ဆန်ကြမ်းမုန့်များ ဖြစ်ကြသည်။ ဘိန်းမုန့်နှင့် အေးမုန့် ခြားနားချက်မှာ ဘိန်းမုန့်ကို အေးမုန့်ကဲ့သို့ နနွင်းမကင်းအိုးဖြင့် မဖုတ်ဘဲ၊ စောင့်တိမ်တိမ် အိုးငယ်ဖြင့် ဖုတ်သည်။ ဘိန်းမုန့်၏ မျက်နှာပြင်၌ ဘိန်းစေ့ ကလေးများပါ၍ အေးမုန့်အတွက် အုန်းသီးစိတ်ပါးပါးကလေးများ နှင့် နှမ်းစေ့ ဖြူးကြသည်။ အေးမုန့်ကို ယခင်က အထက်မီး အောက်မီးဟု ခေါ်ခဲ့ကြသော်လည်း ပူပြင်းသော အဓိပ္ပါယ် ပါသည်ဟူ၍ အေးမုန့်ဟု အမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။

ကောက်ညှင်းဘိန်းမုန့်သည် ကောက်ညှင်းဖြင့် ပြုလုပ်၍ ဆန်ဘိန်းမုန့်နှင့်ခြားနားချက်မှာ ဆန်ဘိန်းမုန့်ကဲ့သို့ ပွပွရွရွ မရှိဘဲ ကျစ်လျစ်၍ ပြားကပ်ကပ် နေသည်။ ရန်နိုင်မုန့်သည် ဂျပန်ခေတ်ပေါ် မုန့်ဖြစ်၍၊ အေးမုန့်၊ ဘိန်းမုန့်တို့နှင့် ခြားနားချက်မှာ အုန်းသီးစိတ် မထည့်ဘဲ အုန်းသီးမှုန့်ကို သုံး၍ မြေဘဲဆန်နှင့် နှမ်းလှော်တို့ကို ထည့်သည်။ အပေါ်မီး ခပ်ပြင်းပြင်းဖြင့် ဖုတ်ထားသဖြင့် အနံ့သင်း၍ ကြွပ်ကြပ်ရွရွ ဖြစ်နေလေသည်။ ဖုတ်ရသော မုန့်တမျိုးဖြစ်သည့် ကြွေမုန့်သည် ကောက်ညှင်းဆန်ကို ကြိတ်၍ အလုံးကလေးများ ပြုပြီးလျှင် သဲပူ၌ ဖုတ်ရသဖြင့် ပွပွမွမွ မုန့်မျိုးဖြစ်သည်။ မန်းမရွေးသည် ကြွေမုံဖုတ်သကဲ့သို့ ပြုလုပ်ပြီးလျှင် ထန်းလျက်ရည်လောင်းထားခြင်း ဖြစ်သည်။ ဆန်မုန့်လေပွေသည် ဆန်ကြမ်းမုန့်နှစ်ကို အပြားပါးပါး ဝိုင်းဝိုင်းကလေးများ ပြုလုပ်၍ အခြောက်လှန်းပြီးလျှင် သဲပွ၌ ဖုတ်ထားခြင်း ဖြစ်သည်။ ကြွပ်ကြွပ်ရွရွ ဆန်မုန့်လေပွေကို အတန်ငယ် ချေ၍ ဆီမွှေးမွှေး ဆမ်းထားလျှင် စား၍ကောင်း ဝါး၍ ကောင်းသော မုန့်တမျိုးပေတည်း။

ကောက်ညှင်း မုန့်လေပွေနှင့် ကောက်ညှင်းကင်တို့သည် ကင်ရသောမုန့်မျိုး ဖြစ်ကြသည်။ ကောက်ညှင်းမုန့် လေပွေအပြားများကို ညှပ်၌ထည့်၍ ပြန့်ကား ကြွပ်ရွလာအောင် မီးကင်ရသည်။ လူစည်ကားသော ပွဲဈေးတန်းများ၌ ကောက်ညှင်းမုန့် လေပွေ ဝယ်စားလျှင် လူတိုးမိက ကြွေကျကြွေမွသွားတတ် သဖြင့် ကလေးသူငယ်များအတွက် ငိုသူငိုရယ်သူရယ်ရသော မုန့်မျိုး လည်း ဖြစ်ပေသည်။ ကောက်ညှင်းကင်သည်လည်း ပွဲဈေးတန်း မုန့်တမျိုး ဖြစ်သည်။ ပေါင်းပြီး ကောက်ညှင်း၌ အုန်းသီးစိတ် အနည်းငယ်ထည့်၍ ဖက်ဖြင့်ထုပ်ကာ ညှပ်ဖြင့် မီးကင်ထား လေသည်။

မုန့်ဆန်း၊ မုန့်ဆန်းမရွေး၊ ပေါက်ပေါက်ဆုပ်တို့သည် အိုးကင်း၌ လှော်ရသော မုန့်မျိုး ဖြစ်ကြသည်။ ကောက်ညှင်းစပါးအရည် တည်စကို အိုးကင်း၌ လှော်ပြီးနောက် လက်ဆုံ၌ ထောင်းကာ ဖွဲကြမ်းကို ပြာထုတ်၍ ကျန်ရှိသော အပြားကလေးများကို မုန့်ဆန်းဟုခေါ်သည်။ မိုးကုန်၍ ဆောင်းဥတုသို့ ကူးပြောင်းစ ကောက်ဦး ပေါ်ချိန်၌ မုန့်ဆန်းကို ရေစင်စင်ဆေးပြီးလျှင် သကြား၊ အုန်းသီးမှုန့်တို့ဖြင့် နယ်၍ ဘုရားရှင်နှင့်တကွ ရဟန်း သံဃာတို့အား ကောက်ဦးဆွမ်း ကပ်လှူလေ့ ရှိကြသည်။

ကျေးလက်များ၌ လက်စွမ်းပြပွဲလည်း ဖြစ်သည်။ စုပေါင်း၍ မုန့်ဆန်းထောင်းခြင်း ပြုကြရာ၌ လူပျိုတို့က မုန့်ဆန်းထောင်း၍ လူရေးပြကြသကဲ့သို့၊ လုံမပျိုတို့ကလည်း မုန့်ဆန်းပြာခြင်းဖြင့် မိမိတို့၏လက်စွမ်းကို ဖော်ပြသည်။ မုန့်ဆန်းပြားများကို ဒယ်အိုး ပူပူ၌ လှော်၍ ဖောက်ခြင်းဖြင့် ထမင်းစေ့ကဲ့သို့ လုံးလုံးရွရွ ကလေး ဖြစ်လာသော မုန့်ဆန်းလှော်ကို ဆားအနည်းငယ် စွက်လိုက်ပါက စားမစနိုင်သော သွားရည်စာတမျိုး ဖြစ်လာသည်။ ထိုကဲ့သို့ ဖောက်ထားသော မုန့်ဆန်းလှော်ကို ထန်းလျက်ရည်ဖြင့်ရော၍ အပျဉ်ထူထူ ပြုလုပ်လျှင် မုန့်ဆန်းမရွေး ဖြစ်လာလေ သည်။ ပေါက်ပေါက်ဆုပ်သည် ကောက်ည|င်းစပါးကို အိုးကင်း၌ ထည့်၍လှော်ကာ ပေါက်ပေါက်ဖောက်ပြီးလျှင် ပေါက်ပေါက်ပွင့်များကို ထန်းလျက် ရည်ဖြင့်နယ်၍ အလုံးအဆုပ် ပြုလုပ်ထားခြင်း ဖြစ်လေသည်။

နှပ်၍ ပြုလုပ်ရသော မုန့်မျိုးတို့၌ နှမ်းမနှဲ(ထမင်းနှဲ)၊ ကောက်ညှင်းဆီထမင်း၊ ကောက်ညှင်းနန်းကထိတို့ ပါဝင်သည်။ ချမ်းအေးသော ပြာသို၊ တပို့တွဲလများတွင် နှမ်းမနှဲ(ထမင်းနှဲ) ထိုးလေ့ ရှိကြသည်။ ( ထမင်းနှဲ။) ထိုအချိန်အခါ ရာသီ ရောက်လျှင် မြန်မာတို့သည် နှမ်းမနှဲကို တောင့်တကြစမြဲ ဖြစ် သည်။ နှမ်းမနှဲထိုးပွဲ များကို စုပေါင်းလုပ်ကိုင်ကြ၍ ယာဂု နှမ်းမနှဲဆွမ်းလောင်းခြင်း၊ အရပ်သို့ ဝေငှလုပ်ကိုင် လေ့ရှိကြရာ တယောက်တလက် ဝိုင်းကူ လုပ်ကိုင်လေ့ရှိကြသော နှစ်သက်ဖွယ်ကောင်းသည့် မြန်မာတို့၏ ဓလေ့စရိုက်ကို နှမ်းမနှဲထိုးပွဲများ၌ တွေ့မြင်နိုင်ကြပေသည်။ ကောက်ညှင်းဆီထမင်းသည် ဆီသတ်၍ ကောက်ညှင်းထည့်ပြီးနောက် ရေအနည်းငယ် ထည့်ကာ နပ်အောင် ပြုယင်း ဂျိုးရအောင်လည်း ပြုလုပ်ကြသည်။ ကောက်ညှင်းဆီထမင်း၊ ဂျိုးကောင်းကောင်းကို ဗုဇွန် မှုန့်၊ အုန်းသီးမှုန့် ဖြူးစားကြသည်။ ငါးကြော်၊ ကြက်သားကြော် အမဲသားကြော်တို့ဖြင့်လည်း တွဲဖက်စားကြသည်။ ကောက်ညှင်းနန်းကထိသည် ကောက်ညှင်းကို ချက်၍ နှပ်ပြီးနောက် အုန်းနို့ဆမ်းစားရသော မုန့်တစ်မျိုး ဖြစ်လေသည်။

ခေါက်မုန့်၊ မုန့်ပျားသလက်၊ မုန့်အုပ်ကလေး၊ မုန့်သိုင်းခြုံ၊ ရေမုန့်၊ မုန့်ဆတ်သွားဖူး၊ ဒေါင်းဖန်ဝါမုန့်တို့သည် အိုးကင်းပူကပ်ရသော မုန့်များ ဖြစ်သည်။ ခေါက်မုန့်သည် ခပ်ပျစ်ပျစ် မုန့်ရည်ကို အိုးကင်း၌ဖြန့်၍ ထန်းလျက်ရည် တင်ပြီးသော် ပဲလွန်းစေ့ပြုတ် (စားတော်ပဲပြုတ်)နှင့် အုန်းသီးမှုန့်ဖြူးပြီးလျှင် မုန့်ပြားအဝိုင်းကို ထက်ဝက် ချိုးခေါက်ထားခြင်း ဖြစ်သည်။ မုန့်ပျားသလက်သည် ခေါက်မုန့်လုပ်ပုံလုပ်နည်းနှင့် ဆင်ဆင်တူသော်လည်း မုန့်ပြား အဝိုင်းငယ်ငယ်နှင့်ထူထူတွင် ထန်းလျက်ရည် တင်လိုက်သည့် အခါ အလယ်၌ အပေါက်ငယ်ကလေးများ ဖြစ်လာ၍ ပျားသလက်နှင့် ဆင်ဆင်တူသဖြင့် ထိုအမည်တွင်ခဲ့သည်။ ကျောက်ပေါက်မာ ထူသူများ၏ မျက်နှာကို မုန့်ပျားသလက်နှင့် နှိုင်းယှဉ် ၍ နောက်ပြောင်လေ့ ရှိကြသည်။ မုန့်ပျားသလက်ကို ခေါက်မုန့် ကဲ့သို့ မချိုးခေါက်ဘဲ အပြန့်အတိုင်း အုန်းသီးမှုန့် ဖြူးစားကြ သည်။

မုန့်အုပ်ကလေးသည် အုန်းနို့ရောထားသော မုန့်ရည်ပျစ်ပျစ်ကို အချိုင့်အခွက်များပါသော အိုးကင်းထဲသို့ လောင်း၍ တစ်ခွက်လျှင် စလောင်းတခုစီ အုပ်ထားရသည်။ ကျက်လျှင် ကော်ထုတ်၍ သကြားဖြူးပြီးလျှင် မုန့်နှစ်ခုအပ်၍ ထားရသည်။

မုန့်သိုင်းခြုံသည် မုန့်ဖတ် ခပ်ပြားပြားကို လေးထောင့်ပုံ ခေါက်ချထားသော ပုံသဏ္ဌာန်ရှိသည်။ အိုးကင်း ပြန့်ပြန့်ပက်လက်၌ ဆီရွှဲရွှဲ ဆမ်း၍ မုန့်ရည်ပျစ်ပျစ်ကို ဖြန့် လောင်းပြီးလျှင် အလယ်၌ အုန်းယိုထည့်သည်။ အထုပ်ကလေး ပြုပြီးနောက်တွင် ရုတ်ချည်း မဆယ်သေးဘဲ ဟိုဖက်သည်ဖက် လှန်၍ ခေတ္တ ထားသေးသည်။ ရေမုန့်သည်လည်း အိုးကင်း ပက်လက်၌ ဆီသုတ်ပြီးလျှင် မုန့်ရည်ကို အလွန်ပါးလှစွာ ဖြန့်ချ ပြုလုပ်ထား ခြင်းဖြစ်သည်။ မုန့်သားကို ဆီ အဝတ်ဖြင့် ရိုက်ပေး ပြီးလျှင် စားတော်ပဲပြုတ်၊ သို့မဟုတ် ပဲလွန်းပြုတ်၊ ကြက်သွန် မြိတ်၊ နံနံပင်တို့ကို ဖြူးရသည်။ မူလက မြေလတ်ပိုင်း၌ ကျော်ကြားသော မုန့်တစ်မျိုး ဖြစ်သော်လည်း ယခုအခါ ရန်ကုန်၌ လူကြိုက်များသော မုန့်တမျိုး ဖြစ်နေလေပြီ။ မုန့်ဆတ်သွားဖူးသည် အိုးကင်းပက်လက်၌ အင်တွဲမှုန့်သုတ်ပြီးလျှင် အမှုန့်ထောင်းထားသော ကောက်ညှင်းဆန်မှုန့်တို့ကို ဘဲဥပုံသဏ္ဌာန် ပါးပါးဖြန့်ကာ အလယ်၌ အုန်းယိုထည့် ပြီးလျှင် ထိပ်မပိတ်ဘဲ လက်သုံးလုံးခန့် အလိပ်ခပ်ပြားပြားဖြစ်အောင် လိပ်ထားသည်။ ဒေါင်းဖန်ဝါမုန့် ပြုလုပ်ရာ၌ မုန့်နှစ်ထဲတွင် ဘဲဥ၊သကြား၊ အုန်းနို့ရော၍ အိုးကင်းပက်လက်၌ ပါးပါးဖြန့်၊ ထိုနောက် ကြွပ်ရွ လာမည့်အချိန်၌ အလိပ်၊ သို့မဟုတ်၊ အခေါက် ပြုလုပ်ရသည်။ ကြက်ဥနှစ်ရောင် အဆင်းရှိ၍ အုန်းနံ့သင်းပြီးလျှင် ကြွပ်ကြွပ်ရွရွ ဖြစ်သော ဒေါင်းဖန်ဝါမုန့်ကလေးများသည် တော်ရုံ စား၍ မဝနိုင်ပေ။ ပသျှူးမုန့်တမျိုးဟုလည်း ဆိုကြ၍ မော်လမြိုင် ဒေါင်းဖန်ဝါမုန့်သည် လူကြိုက်များလှပေသည်။

နိုင်ငံခြားသားတို့က မြန်မာလူမျိုးတို့သည် အလွန်အကြော်အလှော် စားသည်ဟု ဆိုကြသည်။ မြန်မာမုန့်ပဲ သွားရည်စာများ၌လည်း အကြော်အလှော်များ ပါဝင်ရာ၊ မုန့်စလင်းထောင်ကြော် (မုန့်ကြာခွက်ကြော်)၊ မုန့်ဆီကြော်၊ မုန့်လုံးကြီးကျော်၊ မုန့်ချိုသွင်း၊ မန္တလေးပဲကြော်၊ မုန့်လက်ကောက်ကြော်၊ ပဲကပ်ကြော် စသည် တို့သည် မြန်မာဆီကြော်မုန့်များ ဖြစ်ကြပေသည်။

မုန့်စလင်းထောင်ကြော်ကို မုန့်ကြာခွက်ဟုလည်း ခေါ်ကြသည်။ ဆန်မုန့်နှစ်ကို အနည်းငယ်အချဉ်ခံ၍ ထန်းလျက်ရည်ရောပြီးလျှင် ကြာခွက်အရွယ် မုန့်ပြားကို အလယ်သားထူစေ၍ နှုတ်ခမ်းသား ပါးပါးကို ကြွပ်ကြွပ် ရွရွှကလေး ဖြစ်အောင် ကြော်ထားသည်။ မုန့်ဆီကြော်သည် ကောက်ညှင်းဆန်နှစ်တွင် ထန်းလျက်ရည် ရော၍ ပါးပါးပြားပြား ဖြန့်ကြော်ထားခြင်း ဖြစ်သည်။ မုန့်လုံးကြီးကြော်သည် ကောက်ညှင်းမုန့်လုံးအတွင်း အုန်းယို၊ သို့မဟုတ် ပဲယို ဌာပနာ၍ ကြော်ထားသည်။ မုန့်ကြက်အုဟုလည်း ခေါ်ကြသော မုန့်ချိုသွင်းသည် ကောက်ညှင်း ဆန်နှစ်ရည်ကို မုန့်ညှစ်၍ ထည့်၍ ဆီပူထဲ ညှစ်ချကာ ကြော်ပြီးလျှင် ထန်းလျက်ရည်၌ ထည့်၍ စိမ်ရသည်။ မန္တလေးပဲကြော်၊ သို့မဟုတ် ပဲလွန်းကြော်သည် ကောက်ည|င်းဆန်နှစ်တွင် ပဲလွန်းစေ့ပြုတ်နှင့် ချင်း အနည်းငယ် ထည့်နယ်၍ အပြားဝိုင်းငယ်များ ပြုလုပ်ပြီး ကြော်ထားသည်။ လက်ကောက်ပုံသဏ္ဌာန် ပြုလုပ်ထားသဖြင့် မုန့်လက်ကောက်ခေါ် မုန့်ကြော်သည် ကောက်ညှင်းဆန်ဖြင့် ပြုလုပ်၍ ကြော်ပြီး မုန့်ကို ထန်းလျက်ရည်ဖြင့် တို့စားရသည်။

ကောက်ညှင်း ဆန်နှစ်ဖြင့် ပြုလုပ်ထားသော မုန့်အပြားဝိုင်းထူထူတွင် ကုလားပဲခြမ်းစေ့များကပ်၍ ကြော်ထားသော မုန့်ကြော်ကို ပဲကပ်ကြော်ဟုခေါ်သည်။ ဘူးသီး၊ ငှက်ပျောသီး၊ ကြက်သွန်နီ၊ ဂေါ်ရခါးသီး၊ ပဲပင်ပေါက်၊ မြက်ကြွပ်ရွက် စသည်တို့ကိုလည်း ပဲမှုန့်၊ ကောက်ည|င်းမှုန့်၊ ဆန်မှု့န်နှစ်တို့ဖြင့် လူး၍ ကြော်စား ကြရာ လက်ဖက်ရည်ကြမ်းဖြင့် အလွန်လိုက်ဖက်သော မုန့်ကြော်များ ဖြစ်ကြလေသည်။

နေရာဒေသအလိုက် လူကြိုက်များပြား၍ ထင်ရှားသော မုန့်မျိုးတို့လည်း ရှိပေသေးသည်။ အောက်မြို့ ကျေးရွာတို့၌ မုန့်ဟင်းခါးကို လူတန်းစားမရွေး ကြီးငယ်ရွယ်လတ်မကျန် ကြိုက်နှစ်သက်ကြသည်။ မုန့်ဆန် နှစ်ရည် ပျစ်ပျစ်ကို မုန့်ညှစ် ပုံစံဖြင့် ရေနွေးဆူဆူထဲသို့ ည|စ်ချရသော မုန့်ဟင်းခါးမျှင်များကို ဆီချက်ဖြူး၊ ဟင်းရည်ဆမ်း၍ စားရသည်။ မုန့်ဟင်းခါးဟင်းရည် ဆိုသည်မှာ ငါးခူ၊ ငါးကျည်း၊ ငါးရံ့စသော ငါးတစ်မျိုးမျိုးကို ပြုတ်၍ အသားထွင်ယူပြီးလျှင် စပါးလင်၊ ချင်း၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ဆန်လှော်မှုန့်စသည်တို့ အချိုးကျ ထည့်၍ စီမံချက်ပြုတ်ရပြီးလျှင် ငှက်ပျောအူဖတ်၊ ကြက်သွန်ဥ၊ ဘဲဥ တို့လည်း စွက်ထားသေးသည်။ မုန့်ဟင်းခါးနီးပါး လူကြိုက်များသော ဟင်းရည်မုန့်တမျိုးမှာ အုန်းနို့ခေါက်ဆွဲ ဖြစ်သည်။ ကြက်သားစသော အသား တမျိုးမျိုးကို ငရုတ်၊ ကြက်သွန် ထောင်း၍ ဆီသတ်ပြီးလျှင် အုန်းနို့၊ ကုလားပဲမှုန့်အရည်ဖျော်တို့ ခေါက်ဆွဲ၌ ဆမ်းကာ ပါးပါးလှီးထားသော ကြက်သွန်စိမ်း၊ မုန့်ကြွပ်ကြော်တို့ ဖြူးစားကြလေသည်။

အောက် မြန်မာနိုင်ငံ၌ မုန့်ဟင်းခါးနှင့် အုန်းနို့ခေါက်ဆွဲ တို့သည် နာမည်ကျော်သကဲ့သို့ အထက် မြန်မာနိုင်ငံတွင် မန္တလေးမုန့်တီသည် နာမည်ကြီးလှသည်။ ဆန်ကြာဆံ အလုံးကြီး၊ သို့မဟုတ် မုန့်ဟင်းခါး အမျှင် အလုံးကြီးကြီးကို ကြက်သား ဆီပြန်ချက်၊ မုန့်ကြွပ်၊ ပဲမုန့်၊ နံနံပင်စသော အသိုင်းအဝိုင်းတို့နှင့်ရော၍ နယ်ဖတ်ပြီးလျှင် ကြက်ရိုးပြုတ် ဟင်းရည်ဖြင့် တွဲဖက် စားရလေသည်။

မန္တလေးထိုးမုန့်သည် အထက်မြန်မာနိုင်ငံ၏ ကျော်ကြားသော အချို မုန့်တစ်မျိုး ဖြစ်လေသည်။ ကောက်ည|င်းဆန်ကို ကြိတ်၍၊ သို့မဟုတ် ထောင်း၍ ရေနွေးဖြင့် နယ်သားရအောင် နယ်ရသည်။ ထိုနောက် ချက်ထားသောဆီကိုလည်း တဖြည်းဖြည်း ချင်းထည့်၍ မွေပြီးလျှင် မွှေသား အတော်ရလာလျှင် သကြားထည့် မွှေရထိုးရ ပြန်သည်။ မွှေသားထိုးသားရလျှင် ပါးပါး စိတ်စိတ် လှီးထားသော အုန်းသီးဆံ၊ ဗာဒမ်စေ့၊ သစ်ကြား သီးဆံတို့ကို ထည့်ရလေသည်။ ရက်ကြာကြာထား၍ စားနိုင်သော မုန့်တမျိုးဖြစ်လေသည်။

တနင်္သာရီ တိုင်းသည် အုန်းသီးနှင့်ဓနိသကြား ပေါများသောဒေသဖြစ်သဖြင့် အချိုအဆိမ့်မုန့်အမျိုးမျိုးကို လုပ်ကိုင် စားလေ့ ရှိကြသည်၊ မုန့်ဝမ်းသာခေါ် မုန့်သည် ကောက်ညှင်း မုန့်လုံးကလေးများတွင် ပေါက်ပေါက်ပါသော အုန်းယိုဌာပနာ၍ စားသည့်အခါ အုန်းသီးမှုန့် ဖြူးစားကြသည်။ ထိုပြင် မုန့်ပတ်ဝန်းခေါ် မုန့်မှာ ဆန်နှစ်၊ ဓနိသကြားတို့ဖြင့် ပြုလုပ်သော မုန့်ကျွဲသည်းကို မုန့်ဖတ်အပြားငယ် အလယ်၌ ထည့်၍ ထိုမုန့်ဖတ် အပြားကို ခေါက်ချိုးချပြီး နှုတ်ခမ်းနှစ်ခု မကွာအောင် ကပ်ပေး ရသည်။ ထိုပြင် မုန့်ခေါက်ပို၍ ခိုင်မြဲစေရန် လက်နှစ်သစ်ခန့် ဖက်ရွက်ဖြင့် မုန့်ခေါက်အလယ်၌ ပတ်ဝန်းပေးပြီးလျှင် ပေါင်းရသည်။

မြစ်ဝကျွန်းပေါ်ဒေသမှ မုန့်လုံးကြီးထက် အရွယ်သေး၍ မုန့်လုံးကြီးကဲ့သို့ အုန်းယိုဌာပနပါပြီးလျှင် အုန်းနို့ရည်ဆမ်းစား ရသော မုန့်ဗုဇွန်ခေါ် မုန့်တမျိုးရှိသေးသည်။ မုန့်ငရံ့ဆိုသည်မှာ ကောက်ညှင်း အနည်းငယ်ရောသော ကမာကြည်ဆန်ကို ကြိတ်၍ ပျော့ပျောင်းအောင် နှဲပြီးလျှင် ပျဉ်ချပ် ချောချောပေါ်၌ နာနာလှိမ့်ထားသောမုန့်ပြားကို အရှည်သုံးလက်မခန့် အဖျားသွယ်သွယ် ဖြစ်အောင် ဖြတ်လိုက်လျှင် ငရံ့ပေါက်စကလေးများနှင့် ဆင်ဆင်တူသည်။ ထိုမုန့်ဖတ်များကို ရေနွေး၌ ပြုတ်ပြီးလျှင် အုန်းနို့ဆမ်းစားကြလေသည်။ မုန့်ပေါင်းနှင့် ဆင်ဆင်တူသော မုန့်တစ်မျိုးကို တနင်္သာရီတိုင်း၌ မုန့်ဆားဟု ခေါ်ပြီးလျှင် နှမ်းထောင်းနှင့်အုန်းသီးမှုန့် ဖြူးစားကြသည်။

နာတာလူးပွဲတော်ချိန်တွင် ခရစ်ယန် အယူဝါဒီတို့ ပြုလုပ် လေ့ရှိသော ဒိုဒိုမုန့်နှင့်ဆင်တူသည့် မုန့်တစ်မျိုးကိုလည်း တနင်္သာရီတိုင်းတွင် မုန့်ကုလားမည်းဟုခေါ်သည်။ ကောက်ညှင်း ငချိတ်နှင့် ဆန်ဆတူထည့်ကြိတ်၍ အုန်းနို့နိုင်နိုင်ဖြင့် မွှေပြီးလျှင် သကြား၊ နှမ်းဆီတို့ပါ ထည့်၍ အနည်းဆုံး ငါးနာရီခန့် ထိုးရသည်။ ကောက်ညှင်းငချိတ်ကြောင့် အရောင်မည်းသော်လည်း အရသာ ကောင်းလှသည်။

ထားဝယ်မုန့်ဟုခေါ်သော မုန့်မျိုးသည် ကောက်ညှင်းပေါင်းပြီးကို ညှက်စွာထောင်း၍ မုန့်လုံးကလေးများ ပြုလုပ်ရသည်။ ပြီးမှ နှမ်းထောင်းပါသော အုန်းယိုကို မုန့်လုံးကလေး၏ထိပ်ကို ဓားဖြင့် ခွဲ၍ သိပ်ထည့်ပြီး စားရသဖြင့် ထိုမုန့်ကို မုန့်ဖြုသိပ်ဟုလည်း ခေါ်ကြလေသည်။

ဌာနဒေသအလိုက် စားလေ့စားထရှိကြသော အခြားမုန့်အမျိုးအမည်များလည်း ရှိပေလိမ့်ဦးမည်။ တစ်ခါတစ်ရံ လုပ်ပုံလုပ်နည်း ဆင်တူယိုးမှား ဖြစ်သော်လည်း ဌာနဒေသလိုက်၍ အမည်တစ်မျိုးစီ ဖြစ်နေသည်လည်း ရှိသည်၊။ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများအနက် ကရင်၊ မွန်၊ ဗမာ၊ ရခိုင်စသော မြေပြန့်သားများ၏ အစားအသောက်တို့သည် များသောအားဖြင့် အခြေခံတူကြသည်။ တောင်ပေါ်သားများတွင် ရှမ်းလူမျိုးတို့၏ အစားအသောက်မုန့်ပဲသွားရည်စာ များစွာတို့ကို မြေပြန့်သားတို့ ခံတွင်းတွေ့၍ မြန်မာမှု ပြုထားသည်များလည်း ရှိပေသည်။ ကချင် (ဂျင်းဖော)၊ ကယား၊ ချင်း စသော တောင်ပေါ်သားတို့၏ အနည်းနှင့်အများ ခြားနားပေသည်။ ယင်းသည်လည်း ရေမြေ အခြေအနေကို လိုက်၍ ဖြစ်ပေသည်။ မြေပြန့်သားတို့သည် ကာလဒေသကိုလိုက်၍ အစားအသောက် မုန့်ပဲသွားရည်စာတို့ကို အမျိုးမျိုး စီမံဖန်တီး စားသောက်နိုင်သော အခြေအနေရှိသဖြင့်လည်း စားသောက်ရေး၌ ဇယားချဲ့ခဲ့ကြသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားတို့ ရောက်လာပြီးသည့် နောက်ပိုင်းတွင် ယင်းတို့၏ အစားအစာ ဗီစကွက်၊ ချောကလက် စသော မုန့်ပဲသွားရည်စာ အမျိုးမျိုးကို မြန်မာတို့ လျှာအရသာတွေ့အောင် ဖန်တီးခဲ့သဖြင့် နိုင်ငံခြား စားသောက်ဖွယ်ရာတို့သည် မြန်မာနိုင်ငံ၏ ငွေယိုပေါက်ကြီးတခု ဖြစ်ခဲ့လေသည်။ မြန်မာမုန့်ပဲသွားရည်စာတို့ကိုလည်း စနစ်တကျ ကောင်းမွန်စွာ လုပ်ကိုင်ပါက မြန်မာမုန့်များ၏ အရသာကို မခုံမင် မနှစ်သက်သော မြန်မာလူမျိုးကား ရှားပေလိမ့်မည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)