ငါးပိ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ငါးပိရောင်းနေသူ ဈေးသည် တစ်ဦး

ငါးပိနှင့် တို့စရာတို့သည် ထမင်း၊ ဟင်း၊ ဟင်းချိုတို့နှင့်အတူ မြန်မာတို့၏ အစားအစာတွင် အခြေခံများ ဖြစ်ကြသည်။ ထမင်းကို ဟင်းနှင့်တွဲဖက်၍ မစားရစေကာမူ ငါးပိ၊ တို့စရာတို့နှင့် တွဲဖက်၍ မစားရလျှင် ပြည့်ပြည့်ဝဝ စားသောက်ရသည်ဟု မြန်မာတို့က မယူဆကြပေ။ အထူးသဖြင့် တောင်သူ လယ်သမားနှင့် အလုပ်ကြမ်းသမားတို့အဖို့ ငါးပိသည် အဓိက အဟာရပင်ဖြစ်သည်။

ငါးအစိုးကို ဆားဖြင့် အထပ်ထပ် သိပ်ထားလျှင်သော်လည်းကောင်း၊ ငါး၊ ပုဇွန်၊ ကနန်းစသည်တို့ကို ဆားပက်နေလှန်း၍ ဆုံဖြင့်ထောင်းထားလျှင် သော်လည်းကောင်း ငါးပိဟု ခေါ်လေသည်။ ငါးပိကို မြန်မာတို့သာမက ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် အရှေ့တောင် အာရှနိုင်ငံများတွင်လည်း စားသုံးတတ်ကြသည်။ ငါးပိကို ထိုင်း - ခမာ ဘာသာဖြင့် ကပိ (กะปิ) ဟူ၍ ခေါ်သည်။ မလေးဘာသာဖြင့် ဘယ်လချန် (belachan)၊ အင်ဒိုနီးရှားဘာသာဖြင့် တယ်ရာစီ(terasi) ဟုခေါ်သည်။ ထိုင်းငါးပိလုပ်နည်းနှင့် မွန်မြန်မာ ငါးပိလုပ်နည်းမှာ အတူတူပင်ဖြစ်သည်။

ငါးပိမျိုးခွဲများ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတွင် နေ့စဉ်စားသုံးသော ငါးပိကို အကြမ်းအားဖြင့် စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ ဒမင်းငါးပိ၊ ရေကျိုငါးပိနှင့် ငါးပိကောင်ဟု ခွဲခြားနိုင်သည်။

စိမ်းစားငါးပိ[ပြင်​ဆင်​ရန်​]

စိမ်းစားငါးပိကို ပုဇွန်ဆိတ်ကလေးများမှ ပြုလုပ်သည်။ တစ်ခါတစ်ရံ ပုဇွန်ဆိတ်များသည် ငါးကလေးများနှင့် ရောနေတတ်သည်။ ထိုကြောင့် စိမ်းစားငါးပိကို ပုစွန်ဆိတ်နှင့် ငါးကလေးများမှ ပြုလုပ်ပြီး ၎င်းတို့ကို နေပူတွင် ၃၊ ၄ ရက်မျှလှန်း၍ အတန်ငယ်ခြောက်သောအခါ ဆုံတွင် ထည့်၍ ထောင်းရသည်။ အတန်ညက်လေမှ ဆားထပ်ထည့်၍ ထပ်ထောင်းရပြန်သည်။ ဆားသမသွားသည့်အခါ ငါးပိကို မြေအိုးတွင် အနည်းဆုံး ၃၊ ၄ လမျှ သိပ်ထားရသည်။ ထိုအခါ ငါး၊ ပုဇွန်တို့၏ အခွံတို့နှင့် အရိုးများသည် ကြေပြီဖြစ်၍ ငါးပိမှာ စားသုံးရန် အသင့်ဖြစ်လာသည်။ စိမ်းစားငါးပိကို မြိတ်နှင့် ထားဝယ်နယ်များတွင် လုပ်ကိုင်ကြ၍ ဒေသကိုအစွဲပြုကာ မြိတ်စိမ်းစား၊ ထားဝယ်စိမ်းစားဟု ခေါ်ဝေါ်ကြသည်။

မျှင်ငါးပိ[ပြင်​ဆင်​ရန်​]

မျှင်ငါးပိကို ကျောက်ပုဇွန်ဆိတ်ကလေး တစ်မျိုးမှ လုပ်သည်။ လုပ်နည်းမှာ စိမ်းစားငါးပိ လုပ်နည်းနှင့် အတူတူပင် ဖြစ်သည်။ မျှင်ပိုက်နှင့် ဖမ်း၍ရသော မျှင်များကို အစွဲပြု၍ မျှင်ငါးပိဟု ခေါ်ခြင်းဖြစ်သည်။ မျှင်ထဲတွင် အထက်ပါ ကျောက်ပုဇွန်ဆိတ်အပြင် ကနန်းကလေး၊ ငါးကလေးများလည်း ပါဝင်သည်။ မျှင်ငါးပိမျာ ဘိုကလေး (ဖျာပုံနယ်)၊ လပွတ္တာ (မြောင်းမြနယ်)၊ သက္ကယ်သောင် (ပုသိမ်နယ်) တို့မှ အများအားဖြင့် ထွက်သည်။

ဒမင်းငါးပိ[ပြင်​ဆင်​ရန်​]

ဒမင်းငါးပိမှာ ဒမင်းထောင်၍ရသော ငါးကလေး အမျိုးမျိုးတို့ကို နေလှန်း၊ ဆားပက်၍ ထောင်းယူရသော ငါးပိဖြစ်သည်။ ငါးပေါသည့် အရပ်တိုင်း၍ ဒမင်းငါးပိ လုပ်ကြသည်။

ရေကျိုငါးပိ[ပြင်​ဆင်​ရန်​]

ရေကျိုငါးပိမျာ အရည်ကျို၍ စားရသော ငါးပိမျိုးဖြစ်သည်။ အချို့ကလည်း ရေချိုငါးပိဟု ခေါ်ကြသည်။ သို့သော် ရေချိုငါးပိ လုပ်သောငါးမှာ ရေချိုရေငန် နှစ်ဌာနမှ ရသောငါးများ ဖြစ်သည်။ ထိုငါးများမှာ များသောအားဖြင့် အကောင်လတ်၊ အကောင်ကြီးများ ဖြစ်သည်။ ယင်းတို့ကို ခါးကျိုးရုံမျှထောင်း၍ ငါးပိလုပ်ရသည်။ ရေကျိုငါးပိထဲတွင် သုံးဦးစပ်ငါးပိမှာ ထင်ရှားသည်။ များသောအားဖြင့် ငါးရံ့၊ ငါးဖယ်နှင့် ငပြေမ ငါးသုံးမျိုးကို စပ်၍လုပ်သော ငါးပိကို လူကြိုက်များသည်။ ထို့အပြင် ဆုံထုံးငါးပိဟူ၍လည်း ရှိသေးသည်။ ဆုံထုံးငါးပိမှာ အင်းမှရသော ခါးချိုးပြီး ငါးများကို ဆုံတွင် ထည့်ထောင်းရာ မညက်တညက်လုံးထွေးထွေး အခြေအနေ၌ရှိသော ငါးပိဖြစ်သည်။ ထိုထက်ညက်အောင် ဆက်ထောင်းလျှင် ထောင်းသားငါးပိဟု ခေါ်ပြန်သည်။ ငါးအသေးစားများမှ လုပ်သောငါးပိကို ငနုပ်ငါးပိဟု ခေါ်ကြသည်။ ယင်းသည်လည်း သုံးဦးစပ်ငါးပိ၌ အပါအဝင် ဖြစ်သည်။

ငါးပိကောင်[ပြင်​ဆင်​ရန်​]

ငါးကို အကောင်လိုက် ဆားပက်၍ ကုပ်နှိပ်ထားသော ငါးပိကို ငါးပိကောင်ဟု ခေါ်သည်။ ငါးပိကောင်လုပ်နည်းမှာ မျှင်ငါးပိ၊ ဒမင်းငါးပိ၊ ရေကျိုငါးပိ လုပ်နည်းနှင့် မတူချေ။ မိလာသော ငါးများကို ငါးပိလုပ်ရန်ငါးနှင့် ငါးပိကောင် လုပ်ရန်ငါးဟူ၍ ရွေးချယ်ရသည်။ ထိုနောက် ငါးပိကောင်လုပ်ရန် ငါးများကို ရေစင်တင်ရသည်။ ရေစင်တင်သည် ဆိုသည်မှာ ငါးများကို ရေးစင်ပေါ်တင်၍ ဆေးကြောခြင်းဖြစ်သည်။ ရေစင်တင်ငါးများမှာ အူ၊ အသည်း ထုတ်ပြီး၊ ခေါင်းဖြတ်ပြီး ငါးများဖြစ်သည်။ ထိုနောက် ငါးများကို ရိုင်ပတ်ထဲတွင် ထည့်၍ အပေါက်ဖောက်ထားသည့် ယောက်မနှင့် မွှေရသည်။ သို့မှသာ အကြေးစင်သည်။ ထိုနောက်တစ်ဖန် ရေစင်တင်ပြီးလျှင် အညှီနှင့် အရိအရွဲများ ကျဆင်းစေရန် ဆားပက်ပေးရသည်။ ယင်းကို ရေထုတ်ဆားပေါက်ခြင်းဟု ခေါ်သည်။ ထိုနောက် ထွန်ခြစ်၊ ခက်ရင်းတို့ဖြင့် ဆွပေးရသည်။ ဤသည်ကို ခါးချိုးသည်ဟု ခေါ်သည်။ ရေစစ်၍သွားသောအခါ ငါးများကို ရေစင်မှချ၍ အသားတွင်းသို့ ဆားဝင်စေရန် ဆားဖြူးပေးရသည်။ ဤသည်ကို ဆားကူးသည်ဟုခေါ်သည်။ ပြီးလျှင် စည်သို့သွင်းကာ အသားတစ်ထပ်၊ ဆားတစ်ထပ် သိပ်ရသည်။ ယင်းသို့ ငါးပိသိပ်ရာ၌ သစ်သားခုံဖိနပ်ဖြင့်နင်း၍ သစ်သားတုံးနှင့် ဆောင့်ပေးရသည်။ ငါးပိစည်မှာ အိမ်ခေါင်ပက်လက်ပုံ ဆောက်လုပ်ထားသည်ဖြစ်၍ ငါးပိမှကျသော ငံပြာရည်သည် ရေတံလျှောက်မှတစ်ဆင့် ငံပြာရည်အိုးထဲသို့ စီးဆင်းလေသည်။

ထိုနောက် ငါးပိကောင်ကို စည်မှထုတ်၍ နေသတ်ရသည်။ နေသတ်ခြင်းမှာ စည်အတွင်း၌ သိပ်ပြီးငါးကို အပြင်ထုတ်၍ နေပူလှန်းခြင်း ဖြစ်သည်။ ထိုနောက် ဆားပြန်ကူးပြီး စည်ပြန်သိပ်ရသည်။ အကယ်၍ အငန်ရည် စစ်သွားလျှင် ထပ်၍ ဆားဖြူးပေးရသည်။ အငန်လွန်လျှင် ဆန်မှုန့်ကိုဖြစ်စေ၊ ထောင်းပြီးသား ပြုတ်ဆန်ကိုဖြစ်စေ၊ ဆန်ကွဲပြုတ်ကိုဖြစ်စေ ရောပေးရသည်။

ငါးပိမှ ရရှိသော အာဟာရဓာတ်များ[ပြင်​ဆင်​ရန်​]

ငါးပိတွင် ရေ၊ ပရိုတင်းနှင့် တွင်းထွက် သတ္တုဓာတ် များ ပါရှိသည်။ တွင်းထွက်သတ္တုဓာတ်များအနက် ဆားအပြင် ကယ်လဆီယမ်နှင့် ဖော့စဖောရပ်ခေါ် ဒြပ်စင်များလည်းပါသည်။ ထိုပြင် သွေးကောင်းရန်အတွက် သံဓာတ်လည်း ပါသည်။ ငါးပိတွင် ရေရာခိုင်နှုန်း ၄ဝ မှ ၅ဝ အထိ၊ ပရိုတင်းရာခိုင်နှုန်း ၂ဝ မှ ၃ဝ ထိ၊ အဆီရာခိုင်နှုန်း ၃ မှ ၄ အထိ ပါဝင်သည်။ စိမ်းစားနှင့် မျှင်ငါးပိတွင် ဆားရာခိုင်နှုန်း ၁ဝ မှ ၂၅၊ ရေကျို ငါးပိ၊ ဒမင်းငါးပိနှင့် ငါးပိကောင်များတွင် ဆားရာခိုင်နှုန်း ၂ဝ မှ ၃ဝ အထိ ပါဝင်ကြသည်။ အသားနှင့် အဆီများပါသော ကြောင့် ငါးပိသည် အခြားအသားများကဲ့သို့ အပူဓာတ်ကို ပေးသည်။ ငါးပိအမျိုးအစားကိုလိုက်၍ ငါးပိတစ်အောင်စလျှင် အပူဓာတ် ၃၁ ကယ်လိုရီမှ ၄၈ ကယ်လိုရီအထိ ပေးနိုင်သည်။ ဤအချက်တွင် ငါးပိသည် အမဲသား၊ ဆိတ်သားနှင့် ဝက်သားလောက်ပင် အာဟာရတန်ဖိုးရှိသည်။ငါးပိတွင် ကယ်လဆီယမ်ဒြပ်စင်သည် ၁ ဒသမ ၅ မှ ၂ ဒသမ ၅ ရာခိုင်နှုန်း အထိပါသည်။ ဖော့စဖောရပ်မှာမူ ဝ ဒသမ ၇၅ မှ ၁ ဒသမ ၂၅ ရာခိုင်နှုန်းအထိ ပါသည်။

အစားအစာ များတွင် ကယ်လဆီယမ် ရာခိုင်နှုန်းများသည် အောက်ပါ အတိုင်း ဖြစ်သည်။

  • နို့ ဝ ဒသမ ၁၂ ရာခိုင်နှုန်း
  • ကြက်သွန်ဖြူ ဝ ဒသမ ၃ဝ ရာခိုင်နှုန်း
  • နှမ်း ၁ ဒသမ ၄၅ ရာခိုင်နှုန်း
  • ဒန့်သလွန်ရွက် ဝ ဒသမ ၄၄ ရာခိုင်နှုန်း
  • တရုတ်နံနံရွက် ဝ ဒသမ ၂၃ ရာခိုင်နှုန်း
  • ပူဒီနာ ဝ ဒသမ ၂ဝ ရာခိုင်နှုန်း

အထက်ပါ ရာခိုင်နှုန်းနှင့် ယှဉ်ကြည့်သော် ငါးပိသည် ကယ်လဆီယမ်များစွာ ပါသည့်အစာဟု ဆိုနိုင်သည်။ ငါးပိ များများစားရန် လိုသည်။ လူ့ခန္ဓာကိုယ်သည် ကယ်လဆီယမ်ဓာတ် လုံလောက်စွာ မရလျှင် ရောဂါအမျိုးမျိုး စွဲကပ်တတ်သည်။ လူကြီးတစ်ယောက်လျှင်တစ်နေ့လျှင် ကယ်လဆီယမ် ဝ ဒသမ ၆၈ ဂရမ် လောက် လိုသည်။ကျွန်ုပ်တို့သည် ငါးပိကို နေ့စဉ် စားပေးခြင်း အားဖြင့် ခန္ဓာကိုယ်ကလိုအပ်သည့် ကယ်လဆီယမ်ဓာတ်ကို ပေါပေါနှင့် ဖြည့်စွက်ပေးနိုင်သည်။ ကယ်လဆီယမ်နှင့် ဖော့စဖောရပ် နှစ်မျိုးစလုံးပင် ခန္ဓာကိုယ်ရှိ အရိုးများကို ခိုင်မာ စေသည်။ ထိုဓာတ်နှစ်မျိုးကို ခန္ဓာကိုယ်က လုံလောက်စွာ မရသော် ရစ်ကက်ရောဂါ စွဲကပ်တတ်သည်။ လူကြီးတိုင်းနေ့စဉ် ဖော့စဖောရပ် ၁ ဂရမ်လောက်လိုသည်။ ငါးပိတွင် ကယ်လဆီယမ် ၂ ဆပါလျှင် ဖော့စဖောရပ် ၁ ဆ နှင့် ဖော့စဖောရပ် ၂ ဆပါမှသာ အာဟာရ လုံလောက်သည်။ ကံအားလျော်စွာ ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသောဆန်တွင် ဖော့စဖောရပ်သည် ကယ်လဆီယမ်ထက်ပို၍ ပါသည်။ စက်ကြိတ်ဆန်၏ ကယ်လဆီယမ် နှုန်းမှာ ဝ ဒသမ ဝ၁ ရာခိုင် နှုန်းဖြစ်၍ ဖော့စဖောရပ်နှုန်းမှာ ဝ ဒသမ ၁၅ ရာခိုင်နှုန်း ဖြစ်ရာ ငါးပိနှင့် ထမင်းစားခြင်းသည် အာဟာရဖြစ်စေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)