မာတိကာသို့ ခုန်သွားရန်

အမည်မှည့်ခြင်း

ဝီကီပီးဒီးယား မှ
အမည်နာမဖတ်ပြနေသောအမျိုးသမီးတစ်ဦး၏ဓာတ်ပုံ

လူတစ်ယောက်နှင့်တစ်ယောက်၊ တိရစ္ဆာန်တစ်ကောင်နှင့် တစ်ကောင်၊ အရာဝတ္ထု တစ်ခုနှင့်တစ်ခုကို ခွဲခြားသိရှိနိုင်ရန် နာမည်ပညတ်များကို ပေးထားလေ့ ရှိကြပေသည်။ ထိုနာမည် ပညတ်များ၏ အရင်းအမြစ်နှင့် သမိုင်းကို စူးစမ်းလေ့လာရ သည့် အလုပ်မှာ လွန်စွာစိတ်ဝင်စားဖွယ် ကောင်းလေသည်။ ရှေးပဝေသဏီအခါက နေထိုင်ခဲ့ကြသော လူရိုင်းများနှင့်ယဉ်ကျေး မှု ထွန်းကားစ ခေတ်အခါက လူများအဖို့ နာမည်သည် အလွန် အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်လာလေသည်။ ထိုခေတ် တွင် လူတစ်ယောက်နှင့်တစ်ယောက်ကို နာမည်ရင်းဖြင့် မခေါ် ကြပဲ အများပေးသော နာမည်ပြောင်များဖြင့်သာ ခေါ်လေ့ရှိကြ သည်။ ကလေးသူငယ်များကိုလည်း မကောင်းဆိုးဝါးများက မှတ်မိမည်ကို စိုးရိမ်သည်ဆိုပြီးလျှင် နာမည်မှည့်ခြင်းကို ချက်ချင်းမပြုကြဟု သိရသည်။ သိုတည်းမဟုတ် တစ္ဆေ မှင်စာများကို လှည့်စားသည့် သဘောနှင့် ကလေးသူငယ်များ အား ယုတ်ညံ့သော နာမည်များကို ပေးထားတတ်ကြသည်။ ယခုခေတ်တွင်ကား ကလေးသူငယ်များကို မွေးဖွားပြီးနောက် ရက်သတ္တတစ်ပတ်၊ သို့မဟုတ် နှစ်ပတ်ကြာသောအခါ နာမည် မှည့်ခြင်းကို မြန်မာနိုင်ငံ၌ အခမ်းအနားနှင့် ပြုလုပ်တတ်ကြ၏။ ထိုသို့ နာမည်မှည့်သည့် အခမ်းအနားကို မြန်မာနိုင်ငံ၌ ကင်ပွန်းတတ်မင်္ဂလာဆင်ယင်သည်ဟု ခေါ်၏။ ( ကင်ပွန်းတပ်မင်္ဂလာ။)

မှည့်ခေါ်ပုံ

[ပြင်ဆင်ရန်]

မြန်မာလူမျိုးများတွင် နာမည်မှည့်သည့် စနစ်ကို တထစ်ချ သတ်မှတ်ထားခြင်း မရှိသော်လည်း ကလေး၏ နာမည်ကို မွေးဖွားသည့် နေ့နံနှင့်လိုက်အောင် မှည့်တတ်ကြ၏။ အရင်း မွေးနံ၊ အဖျားခံ၊ မှည့်ရန် ပဉ္စပွတ်။ သားသမီးရတနာ၊ မည် သညာ၊ ပြုရာ လောကဝတ်ဆိုသော ဗေဒင်ကျမ်းဆောင်ပုဒ်နှင့် အညီ ခေါ်ဝေးသမုတ်ကြသည်။ ပုံစံအားဖြင့် ဗုဒ္ဓဟူးနေ့ မွေး သောကလေးကို ဗုဒ္ဓဟူးနံ အခံထား၍ ဗုဒ္ဓဟူးမှ ငါးရက်မြောက် သောတနင်္လာနံကို အဖျားတွင်ထားလျက် မှည့်ခေါ်ရမည်ဟု ဆိုလိုသည်။ ထိုကြောင့် ဗုဒ္ဓဟူးနေ့သား၏ အမည်ကို မောင်ဝင်းကျော်ဟုလည်းကောင်း၊ ဗုဒ္ဓဟူးသမီး၏အမည်ကို မဝင်းကြည် ဟု လည်းကောင်း မှည့်ခေါ်တတ်ကြ၏။ ဇာတာတွင် ပါရှိသော နာမည်များမှာ များသောအားဖြင့် နေ့နံ နှင့် ဆီလျော်အောင် မှည့်ထားသောနာမည်များ ဖြစ်ကြသည်။ ထိုမှတစ်ပါး အမည်နာမ ဝေါဟာရ ပညတ်များတွင် ချောင်း၊ မြစ်၊ ပန်း၊ ကျောက်၊ သစ်ပင်ဟူသော ငါးမျိုးတို့၏ အမည်ကို မမှည့်အပ်ကြောင်း၊ နာမည်နောက်များက ရလ အက္ခရာများ မထည့်အပ်ကြောင်း၊ သုတိ0x100သဘာမင်္ဂလာအလို မတိုမရှည် ထိုက်သည့်အလျောက်သာ မှည့်သင့်ကြောင်းနှင့် အမတ်မင်းရာဇာ စီရင်သည့် ဟိတကာရီလင်္ကာတွင် ဖော်ပြ ထားလေသည်။

သို့သော် အချို့မှာ ကလေး၏ရုပ်ဆင်းသဏ္ဌာန်ကို လိုက်၍ ဝသောကလေးကို မောင်ဝကြီးဟူ၍ လည်းကောင်း၊မောင်ဖိုးထွား ဟူ၍လည်းကောင်း၊ အသားမည်းသောကလေးကို မောင်မဲဟူ၍ လည်းကောင်း၊ မောင်နက်ဟူ၍လည်းကောင်း မှည့်ခေါ်လေ့ရှိကြ ၏။ ထို့အပြင် ရုပ်ဆင်းသဏ္ဌာန်နှင့် ဆန့်ကျင်ဘက် အဓိပ္ပာယ် ရသော နာမည်များကိုလည်း မှည့်ခေါ်တတ်ကြသေး၏။ ပုံစံ အားဖြင့် လွန်စွာပြော့ပြောင်းသော ကလေးကို သန်မာစေလို သော ရည်ရွယ်ချက်ဖြင့် မောင်သံချောင်းဟူ၍လည်းကောင်း၊ လွန်စွထွားကြိုင်း သန်မာသော ကလေးကို မောင်ပိန်သေး ဟူ၍ လည်းကောင်း မသေးသေးဟူ၍လည်းကောင်း မှည့်ခေါ်တတ်ကြ ၏။ ဤသို့ မှည့်ခေါ်ကြခြင်းမှာ ပညတ်သွားရာ ဓာတ်သက်ပါ စေရန် သဘောနှင့် မှည့်ခေါ်ကြခြင်းဖြစ်၏။

ဒေသထုံးတမ်းအလိုက်

[ပြင်ဆင်ရန်]

ရုပ်ဆင်းသဏ္ဌာန်ကို လိုက်၍မဟုတ်ပဲ စိတ်နေသဘောထား ကို လိုက်၍လည်း နာမည်မှည့်တတ်ကြသေး၏။ ပမာဆိုသော် လွန်စွာသဘောကောင်းသော ကလေးကို မောင်စိတ်ကောင်းဟူ၍ လည်းကောင်း၊ ရဲရင့်သော ကလေးကို မောင်ရဲမြတ်ဟူ၍ လည်းကောင်း မှည့်ခေါ်တတ်ကြပေသည်။ ဤသို့ ရုပ်ဆင်း သဏ္ဌာန်၊ စိတ်နေသဘောထားနှင့် ဆီလျော်အောင် မှည့်ခေါ် ထားသော နာမည်ကို အနွတ္တအမည်ဟူ၍ ခေါ်ကြသည်။ အချို့ကလေးများကိုကား မွေးဖွားသောနေရပ်ကို လည်း ကောင်း၊ အချိန်ကာလ သမယကိုလည်းကောင်း အစွဲပြု၍ နာမည်မှည့် ခေါ်တတ်ကြပေသည်။ ပမာဆိုသော် အမျိုးသား အောင်ပွဲနေ့တွင် မွေးဖွားသောကလေးကို မောင်အောင်နိုင်ဟူ၍ လည်းကောင်း၊ စစ်ကြီးပြီးဆုံးသည့်နေ့တွင် မွေးဖွားသည့်ကလေး ကို မောင်စစ်အေး ဟူ၍လည်းကောင်း မှည့်ခေါ်တတ်ကြလေ သည်။ အချို့သောမိဘများသည် မိမိတို့ သားသမီးများ၏ နာမည်များတွင် ဖခင်၏နာမည်နှင့် မိခင်၏နာမည်များပါအောင် ပေါင်းစပ်၍ မှည့်ခေါ်ကြ၏။ ပမာဆိုသော် ဦးသိန်းမောင်၊ ဒေါ်အေးရီတို့မှ မွေးဖွားသောကလေးများကို ယောက်ျားကလေး ဖြစ်လျှင် မောင်အေးမောင်ဟူ၍ လည်းကောင်း၊ မိန်းကလေးဖြစ် လျှင် မသိန်းရီဟူ၍လည်းကောင်း မှည့်တတ်ကြ၏။

အချို့သောမိဘများကမူ မိမိတို့သားသမီးများ၏ နာမည်ကို နဘေထပ်နှင့် ကြီးစဉ်ငယ်လိုက် မှည့်ခေါ်တတ်ကြ၏။ ပမာ ဆိုသော် သားများကို မောင်ဖိုးထွား၊ မောင်ဖိုးကျား၊ မောင်ဖိုး ပြားဟူ၍လည်းကောင်း၊ သမီးများကို မအေးတင့်၊ မအေးဆင့်၊ မအေးမြင့်ဟူ၍လည်းကောင်း ကြီးစဉ်ငယ်လိုက် မှည့်ခေါ်တတ် ကြလေသည်။ အချို့သော မိဖများမှာ မိမိတို့၏ ကလေးများကို ငယ်ရွယ်စဉ်အခါက ချစ်စနိုး၍ ရိုးရိုးဖြစ်သော နာမည်များဖြင့် မမှည့်ခေါ်သေးပဲ ဝက်ကြီး၊ နီတွတ်၊ မိခွေး၊ အနီစသော ငယ် နာမည်များဖြင့် ခေါ်တတ်ကြ၏။ ကျောင်းထားရသည့်အရွယ်သို့ ရောက်သောအခါမှ နာမည်ပြောင်း၍ မှည့်ခေါ်ကြလေသည်။ အင်္ဂလိပ်၊ အမေရိကန်အစရှိသော အနောက်တိုင်းသားများ တွင် နာမည်မည့်သောစနစ် အတည်တကျ ရှိခဲ့လေသည်။ သူတို့၏ သားသမီးများသည် ဖခင်၏အမည်ကို ယူကြ၏။ ပုံစံ အားဖြင့် မစ္စတာဂျွန်ဆန်ဆိုသူ၏ သားသည် မစ္စတာ အဲလဗတ် ဂျွန်ဆန်ဟူသော နာမည်ကိုလည်းကောင်း၊ သမီးသည် မစ္စ မာရီ ဂျွန်ဆန်ဟူသော နာမည်ကိုလည်းကောင်း ယူရ၏။ ဖခင်၏ နာမည်ကို နောက်ဆုံးကထားရလေသည်။ မိန်းမများသည် လက်ထက်သောအခါ လင်ယောက်ျား၏နာမည်ကို ယူကြရ သည်။ ပုံစံအားဖြင့် မစ္စတာ ချားဂျွန်ဆန်၏ သမီး မစ္စမာရီ ဂျွန်ဆင်သည် မစ္စတာ မော်ဂင်ဆိုသူနှင့်လက်ထက်လျှင် မစ္စမာရီ ဂျွန်ဆန် မဟုတ်တော့ပဲ မစ္စစ် မာရီ မော်ဂင် ဖြစ်လာလေသည်။ လင်ယောက်ျား၏နာမည်ကို နောက်ဆုံးတွင် ထည့်ရလေသည်။ မြန်မာမိန်းမများကား လက်ထက်သော်လည်း နာမည်ပြောင်းလဲ ခြင်း မရှိချေ။ လက်မထပ်မီက မခင်မေသည် လက်ထပ်ပြီး သောအခါတွင်လည်း မခင်မေပင် ဖြစ်၏။ အိမ်ထောင်ဆက် မည်မျှပင်ပြောင်းသော်လည်း မခင်မေ ဆိုသော နာမည်ကာ ပြောင်းလဲခြင်း မရှိပေ။ အင်္ဂလိပ် အမေရိကန်စသော အနောက် တိုင်း အမျိုးသမီးများ မှာကား အိမ်ထောင်ပြောင်းတိုင်းပင် နာမည်ကိုလည်း ပြောင်း၍ ခေါ်ကြရလေသည်။

မြန်မာလူမျိုးများသည် ယောက်ျားများ၏ နာမည်ရှေ့တွင် မောင်၊ကို၊ ဦး စသည်တို့ကို တပ်ဆင်ခေါ်ဝေါ်ကြရသကဲ့သို့ အင်္ဂလိပ် အမေရိကန်လူမျိုးများသည်လည်း ယောက်ျားများ၏ နာမည်ရှေ့တွင် မစ္စတာဆိုသော စကားလုံးကို တပ်၍ ခေါ်ကြရ ၏။ ထိုနည်းတူစွာ ပြင်သစ်လူမျိုးများသည် မွန်ဆီယာဟူ၍ လည်းကောင်း၊ ဂျာမန်လူမျိုးများသည် ဟားဟူ၍လည်းကောင်း၊ ဒပ်ချ လူမျိုးများသည် ဗန်ဟူ၍လည်းကောင်း နာမည်ရှေ့မှ တပ် ၍ ခေါ်ကြရလေသည်။ ထို့အပြင် မိမိတို့၏ မျိုးရိုးနာမည်များ ရှေ့တွင်တပ်၍ အသုံးပြုကြသော စကားလုံးများလည်း လူမျိုးကို လိုက်၍ ကွဲပြားလေသည်။ ပမာဆိုသော် စကော့လူမျိုးများသည် မက်ဆိုသော စကားလံးကိုလည်းကောင်း၊ အိုင်ရစ်လူမျိုးများ သည် အိုဆိုသော စကားလုံးကိုလည်းကောင်း၊ နော်မန်ပြင်သစ် လူမျိုးများသည် ဖစ် (ဇ)ဆိုသော စကားလုံးကိုလည်းကောင်း မိမိတို့၏မျိုးရိုးနာမည်ရှေ့က တပ်ဆင်ကြလေသည်။ ရုရှား လူမျိုးများမှာ အိုဗစ်ဆိုသော စကားလုံးကို သူတို့၏ မျိုးရိုး နာမည်နောက်မှတပ်၍ မှည့်ခေါ်ကြ၏။ အိုဗစ်ဆိုသော စကား လုံးမှာ မြန်မာလို သားဟု အဓိပ္ပာယ်ရ၍ အိုင်ဗင်နိုဗစ် ဟူသော ရုရှားနာမည်မှာ အိုင်ဗင်အမည်ရှိသော သူ၏သား ဟု အဓိပ္ပာယ် ရှိပေသည်။

လူများ၏ နာမည်များအပြင် မြို့ရွာအရပ်ဒေသများ၏ နာမည်များလည်း ရှိပေသေးသည်။ မြို့ရွာအရပ် ဒေသများ၏ နောက်ပိုင်းတွင် သမိုင်းဝင် အဖြစ်အပျက်ကလေးများ ရှိတတ် လေရာ၊ ယင်းတို့ကို လေ့လာရခြင်းမှာ များစွာစိတ်ဝင်စားဘွယ် ရာ ကောင်းပေသည်။ ပမာဆိုသော် မုဆိုးဘို၊ ကုန်းဘောင်၊ ရတနာသိင်္ဃ၊ ရန်ကြီးအောင်၊ ရွှေဘိုဟူ၍ အမည်ငါးမျိုးရသော မြန်မာနိုင်ငံအထက်ပိုင်းရှိ ယခုခေတ်အခေါ် ရွှေဘိုမြို့သည် ထိုအမည်ငါးခုကို မည်သို့ရရှိခဲ့သည့်အကြောင်းကို လေ့လာရ သည်မှာ လွန်စွာစိတ်ဝင်စားဘွယ်ကောင်း၏။ အခြားသော မြို့ရွာများ၏ နာမည်များတွင်လည်း အလားတူစိတ်ဝင်စားဘွယ် ကောင်းသော အကြောင်းအရာ များကို တွေ့နိုင်ပေသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)