မြန်မာ့ သိုင်း

ဝီကီပီးဒီးယား မှ
(သိုင်း မှ ပြန်ညွှန်းထားသည်)
မြန်မာ့ သိုင်းရေးပြနေပုံ

မြန်မာနိုင်ငံတွင် အစပြု ထွန်းကားသော ကိုယ်ခံပညာရပ် များအားလုံးကို မြန်မာသိုင်း ဟုခေါ်သည်။ မြန်မာသိုင်းဟု ဆိုရာတွင် ဗမာလူမျိုးများ၏ ကိုယ်ခံပညာရပ်များသာမက အခြားသော တိုင်းရင်းသား ပေါင်းစုံတို့၏ ရိုးရာ ကိုယ်ခံပညာရပ် များပါ ပါဝင်ပြီး ဒေသ၊ ကျောင်း အစရှိသည် တို့ပေါ် မူတည်၍ အမျိုးမျိုး ကွဲပြား ကြသည်။ ထင်ရှားသော သိုင်းအချို့မှာ ဗန်တိုဗန်ရှည်နန်းတွင်းသိုင်းရှမ်းသိုင်း၊ ဘုန်းကြီးသိုင်း၊ မင်းဇင်သိုင်းပြောင်းပြန် ၊ လိုင်းမွန်းသိုင်း အစရှိသည်တို့ ဖြစ်သည်။

စကားလုံးရင်းမြစ်နှင့် အနက်[ပြင်ဆင်ရန်]

သိုင်း၏အနက် အဓိပ္ပယ်မှာ "သ" ပြုပြင်ခြင်း ခြယ်သခြင်း၊ "သိ" သိမြင်ခြင်း နားလည်ခြင်း၊ "သို" သိမ်းဆည်းခြင်း သိုမှီးခြင်း သိုဝှက်ခြင်း၊ "သိုင်း" သိုင်းဝန်းခြင်း ခြုံလွှမ်းခြင်း ရစ်သိုင်းခြင်း ဟူ၍ဖြစ်သည်။ ရှေးမြန်မာဘုရင်များ လက်ထက် မင်းခန်း မင်းနား များတွင် သိုင်းတုတ်ကိုင် ကာ စောင့်ရှောက် ပေးရပြီး ရှေ့မှ စောင့်ရှောက် ပေးရသူကို ရှေ့သိုင်းစောင့်၊ နောက်မှ စောင့်ရှောက် ပေးရသူကို နောက်သိုင်းစောင့် ဟုခေါ်သည်။ သိုင်းဆိုသည်မှာ ကျော်လွှားခြင်းဟုလည်း နားလည်ရပေမည်။

ဆရာဂျပ်ဆင်၏ မြန်မာ အင်္ဂလိပ် အဘိဓာန်၌ သိုင်းကို မင်းသုံးနန်းသုံး အဆောင်အယောင်တုတ်ဟု အဓိပ္ပာယ်ပေးထားပြီး။ သိုင်းက၊ သိုင်းကစား၊ သိုင်းကွက်၊ သိုင်းတက်၊ သိုင်းရိုက်ကို ရန်ကိုရှင်းလင်းခြင်း၊ ရန်ကို ခုခံကာကွယ် တိုက်ခိုက်ခြင်းအတတ်ပညာနှင့်ဆိုင်သော လှုပ်ရှားမှုများဟု အဓိပ္ပာယ်ပေးထားပေသည်။

မြန်မာ့သိုင်းပညာသမိုင်း[ပြင်ဆင်ရန်]

မြန်မာ့သိုင်းပညာရပ်သည် လက်နက်မဲ့ဖြစ်စေ၊ လက်နက်ချင်းဖြစ်စေ တိုက်ခိုက်မှု နည်းစနစ်ပေါင်းစုံ ရှိနေပါသည်။ အခြားနိုင်ငံများတွင် မရှိတဲ့နည်းစနစ်များ ရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ယနေ့ခေတ်တွင် မြန်မာ့သိုင်းပညာကို လာရောက်လေ့လာသည့် ပြည်ပ ဧည့်သည်များ တစ်ဖွဲဖွဲ ရောက်ရှိ၍နေကြသည်။ မြန်မာ့သိုင်းပညာကို လာရောက်သင်ယူနေကြသူများ ရှိသကဲ့သို့ သက်သက် လေ့လာသူတွေလည်း ရှိနေပါ သည်။ ဒေါက်တာမောင်ကြီး ဆိုသည့် မြန်မာနိုင်ငံသား သိုင်းပညာရှင် တစ်ဦးသည် အမေရိကန်နိုင်ငံတွင် အမေရိကန်ဗန်တိုအသင်း ဆိုသည့် အဖွဲ့အစည်းတစ်ရပ်အား ဖွဲ့စည်းပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက် နေပါသည်။[၁]

မြန်မာသိုင်းပညာ၏ သက်တမ်းသည်အလွန်ရှည်ကြာခဲ့ပြီဖြစ်သည့်အလျောက် နည်းနိသျှည်းနှင့် နည်းပရိယာယ်များ၊ ကြွယ်ဝများပြား လှသည်။ ရှေးခေတ်က မြန်မာ ဘုရင် မိဖုရားများ၊ အိမ်ရှေ့စံမင်းသား မင်းသမီးများ အခမ်းအနား အဆောင်အယောင်နှင့် ထွက်ကြွ မြန်းချီသည့်အခါများတွင် ရှေ့မှတုတ်ကိုင်၍ စောင့်ရှောက်လမ်းရှင်းပေးရသူ၊ နောက်မှတုတ်ကိုင်၍ အကာအ ကွယ်ပေးရသူများ လိုက်ပါကြရသည်။ ထိုသူများကို သိုင်းကိုင်များဟု ခေါ်သည်။ ရှေ့မှတုတ်ကိုင် အစောင့်အရှောက်များပါသည် ကို ရှေ့သိုင်း ဟုခေါ်သည်။ နောက်မှတုတ်ကိုင် အစောင့်အရှောက်များပါသည်ကို နောက်သိုင်း ဟုခေါ်သည်။

ဘုရင်၊ မိဖုရား၊ မင်းသား၊ မင်းသမီးတို့ ထွက်ချီကြွမြန်းလာသည့်အခမ်းအနားများတွင်သာမက ဘုရင်မင်းမြတ် အသုံးပြုရန် ရေခတ်လာသည့်အခါ ဖြစ်စေ ရှေ့သိုင်း နောက်သိုင်း ဝန်းရံ ယူဆောင်လာ တတ်ကြောင်း စာပေ အထောက်အထားများ၌ တွေ့ရလေသည်။

ဤသို့ ဘုရင်မင်းမြတ်အသုံးပြုရန် ရေခတ်ပုံနှင့် စပ်လျှဉ်း၍ ရကန်ဆရာကြီး ဦးတိုးက သူ၏ ရာမရကန် အခန်း၅ ဝတ်လဲတော်ချီး၊ သံတမန်စေခန်း၌ ရေချင်းပင်ရေသော်လည်း၊ ချိုးရေ၊ သောက်ရေ၊ သုံးရေများလည်းတစ်ဌာန။ ။ ရှေ့သိုင်း၊ နောက်သိုင်း မထိုင်ကိုင်းရမည်၊ မင်းသိုင်းမင်းရေ၊ ဟဲ့ထိုင်လေ သားနှင့်၊ ညနေချိန်တန်၊ ရွှေနန်းပြန်တို့၊ မာန်ဘရချာ၊ ငါ့ပွဲကတော့၊ ဘော်ကြော့လူဆန်း၊ ချိုးရေထမ်း လို့၊ စိတ်ကြမ်းခံရာ တွင်၊နံတိုကိုင်းရအောင်၊ ရွှေသိုင်းတော်နှင့်ချလိမ့်။ အကြောင်းကိုပြ ဘယ့်နှယ် ကာလလို့၊ အကျိုးအရနားလည်စေ။ စာတော်လူတော် ရွှေသိုင်းတော်ကို ညာတော်သော၊ ဘယ်တော် သော၊ ငါတော်၍ကောသလ၊ ငါတော့ကျောကို၊ ဗျောလိုက်အောင်ချိုင်၊ သိုင်းတော်က ကိုင်သောအခါ၊ ဂုဏ်ခိုင်သည်ငါတော်၊ ဘေးတော်ခေါ်၍၊ ကျောတော်မှုန့်မှုန့်ကြေလိမ့်ဟူ၍ မိမိရကန်ရှေ့သိုင်း နောက် သိုင်းနှင့် ဝန်းရံသယ်ဆောင်ရသော မင်းရေနှင့်နှိုင်း၍ တစ်ပါးသောရကန်များကို ပွဲကတော့်ချိုးရေထမ်းများ အနေနှင့် ကန်ကျောက်စပ်ဆိုထားသည်ကို တွေ့ရလေသည်။

ထိုမျှမကသေး၊ ရှေးအခါက ဘုရင်မင်းမြတ်အားဆက်သရန် သန့်စင်ပန်းကိုပင် သိုင်းအခြံ အရံ နှင့်သယ်လာရကြောင်းကို ရာမရကန်အခန်း၁၄ သဇင်ပန်းချီး တိုင်းပြည်ပြန်တောခန်း၌ ပ္ပပါရမီဂုဏ်၊သင့်ယုံဟုတ်ဘူး၊ကံထူးသည့်ပန်း၊လမ်းချဲ့ချူ့၊မချဲ့ချဲ့ ဆုတ်ဟဲ့ဘဲဆိုဆို၊ မဆိုဘဲလာလာသူမို့ပါလျှင် ရွှေအာဏာခေါင်၊ သိုင်းပြောင်ပြောင်နှင့်၊ ရှောင်ရသည်၊ လွှဲရသည်၊ ပန်းများဘုရင်ကို ဟူ ၍၎င်း ထို့ပြင် နန်းတွင်းသူကလေး အဆောင်အယောင်နှင့် ထွက်ချီလာပုံကို ရွှေနန်းတော်သူ၊ နေမပူ လေမလျှပ်၊ ထူးမြတ်သည့်ပါရမီ၊ ကျောက်စီယာဉ်စီး၊ ရွှေထီးဆာင်းမျိုး၊ ရိုးဆင့်ရွက်ဆင့်၊ မိုးလောက် မြင့်၊ သိုင်းနှင့် ကျိုင်းနှင့်လာသကို ဟူ၍လည်းကောင်း စပ်ဆိုခဲ့ပေသည်။

ယင်းအထောက်အထားများအရ လမ်းရှင်းလင်းခြင်းနှင့် ဘေးရန်ရှင်းလင်းကာကွယ် တိုက်ခိုက် ခြင်းများအတွက် အသုံးပြုသည့် ထီးသုံးနန်းသုံး အဆောင်အယောင်အခမ်းအနားတုတ်ကို ရှေးအခါက သိုင်းဟု ခေါ်ဆိုကြကြောင်း သိသာလေသည်။

ယခုမျက်မှောက်ခေတ်၌ပင် ဘာသာရေး၊ သာသနာရေး၊ မင်းခန်းမင်းနန်းများတွင် သိုင်း၊ ကျိုင်း ဟူသောအဆောင်အယောင်ပစ္စည်းများကို တွေ့ရှိကြရသည့်အနက် တောက်ပြောင်သည့် အဖိုးတန် ပိုးဖဲစများအထိပ်၌ ချည်ထားသော မှန်စီရွှေချတုတ်ကို သိုင်းဟု ခေါ်ဝေါ်ကြသည်ဟု သိရှိရလေသည်။ သိုင်းကိုင်သည် တုတ်ကိုင်နည်း၊ အသုံးပြုနည်းများကို ကျွမ်းကျင်သူဖြစ်ကြရသည်။ အရှင်သခင် အတွက်ပေါ်ပေါက်လာသောရန်သူကို ထိုသိုင်း(တုတ်)နှင့် ကောင်းစွာအကာအကွယ်ပေးနိုင်သူလည်း ဖြစ်ကြရသည်။ ထိုသည်ကိုအစွဲပြု၍ သိုင်း(တုတ်)ကိုင်နည်း အသုံးပြုနည်းများ ကျွမ်းကျင်စွာတတ်မြောက် သူကို သိုင်းကိုင်ဟူ၍လည်းကောင်း၊ သိုင်းသမားဟူ၍လည်းကောင်း၊ သိုင်းတတ်သည်ဟူ၍လည်းကောင်း ပြောရိုးပြုကြသည်။ ထိုကဲ့သို့၊ ရန်ကို ကာကွယ်ရှင်းလင်းခြင်း အတွက်၊ အသုံးပြုသည့်တုတ်ကို သိုင်းဟုခေါ်ဆိုကြသည်ကိုအကြောင်းပြု၍ ဓားဖြင့် ရန်ကိုကာကွယ်ရှင်းလင်းခြင်းအတတ်ကို ဓားသိုင်း၊ လှံဖြင့် ရန်ကိုကာ ကွယ်ရှင်းလင်းခြင်း အတတ်ကို လှံသိုင်း၊ လက်ဖြင့် ရန်ကိုကာကွယ်ရှင်းလင်းခြင်း အတတ်ကိုလက် သိုင်းဟုအစဉ်အဆက် ခေါ်ဝေါ်လာကြခြင်းဖြစ်သည်ဟု သိရှိရ၏။

၁၈၂၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကျူးကျော်စစ် (၃)ကြိမ်ကြောင့် ဓား၊ လှံ၊ လက်နက်စွဲကိုင် တော်လှန်ရင်းမှ တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့ရသောမြန်မာ့ သိုင်းပညာရပ်သည် ၁၉၂၀ ပြည့်နှစ် ဂျီစီ ဘီအေအဆောက်အဦး၏ အမျိုးသားလှုပ်ရှားမှုများတွင် သိုင်းပညာရှင် ရှမ်းတရုတ် ဦးဘရင်၊ ဦးဘသွင်၊ ဦးမေဓါ တို့က တစ်ဖက်တစ်လမ်းမှပါဝင်ရင်း သိုင်းပညာရပ်များ ပြန့်ပွားခြင်းဖြင့်လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့သည်။

နယ်ချဲ့ဗြိတိသျှ နှင့် ဖက်ဆစ်ဂျပန်များ အုပ်စိုးစဉ်အခါက သိုင်းပညာ သင်ကြားသူ လူငယ်များနှင့် သိုင်းပညာရှင်များကို ၎င်းတို့အား တော်လှန်ပုန်ကန်မည့် အရေးတွေးကြောက်ကာ မြန်မာ့သိုင်းပညာမပြန့်ပွားစေရေး အတွက် လက်နက် ဥပဒေများ ပြဋ္ဌာန်းကာ နည်းလမ်းများဖြင့် တားဆီးပိတ်ပင်ခြင်း၊ အရေးယူ ဖမ်းဆီး အပြစ်ပေးခြင်း၊ ၎င်းတို့အား စိုးရိမ် ကြောက်လန့်အောင်ပြုမှုခြင်း စသည်ဖြင့် အမျိုးမျိုးတားဆီး ချိုးနှိမ်ခဲ့ကြသည်။

နယ်ချဲ့ကျူးကျော်သူတို့၏ အမျိုးမျိုးသော ဖိနှိပ်မှုများအကြားမှ မျိုးချစ်စိတ်ဓာတ်ထက်သန်သော သိုင်းပညာရှင်များနှင့် လူငယ်များသည် နယ်ချဲ့သမားများမသိမမြင်နိုင် သည့် လူသူ ကင်းဝေးလှသော တောတောင်များတွင်လည်းကောင်း မြေကျင်းများတူး၍ ညအချိန် လူခြေတိတ်ဆိတ်ချိန်များတွင်လည်းကောင်း လျှို့ဝှက်စွာ ဆင့်ပွားသင်ယူကြ ရင်းဖြင့် မြန်မာတို့၏ ကိုယ်ပိုင်ရိုးရာအမွေအနှစ်ဖြစ်သော မြန်မာ့ရိုးရာသိုင်းပညာကို မပျောက်ကွယ်အောင် ထိန်းသိမ်းခဲ့ကြသည်။

၁၃၀ဝ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံမှစ၍ သိုင်းပညာရှင်များ၏ ပါဝင်ကြိုးစားမှုကြောင့် ဇာတိမာန်ထက်သန်သော ပြည်သူများအကြားတွင် သိုင်းပညာ ရပ်များ ပြန်လည် ထင်ရှားလာခဲ့သည်။

၁၉၄၂ ခုနှစ်တွင် မြန်မာ့သိုင်းပညာရပ်များ ထင်ထင်ပေါ်ပေါ် ပြန်လည်သင်ကြားနိုင်ခဲ့ပြီး ဂျပန်စစ်သားများ သယ်ဆောင်လာခဲ့သော ပညာရပ်များနှင့်အပြိုင် သင်ကြားကြ ရင်း အာရှလူငယ်ခေတ်တွင် အာရှလူငယ် အသင်းဥက္ကဋ္ဌ ဦးဘဂျမ်း၊ အာရှလူငယ်အသင်း ဉာဏဗလ တာဝန်ခံဦးဘရှင်(ဗိုလ်မှူးဘရှင်)၊ သိုင်းပညာရှင် ဆရာကြီး ဦးပြည်သိမ်းတို့၏ ဦးဆောင်မှုနှင့် မျိုးချစ်လူငယ်များ၏ စည်းရုံးမှုဖြင့် ဒေါက်တာဘမော်အစိုးရက ၁၉၄၄ခုနှစ် မြန်မာပြည်လုံးဆိုင်ရာ သိုင်းပြိုင်ပွဲကြီးကို ကေဘိုတိုင်ကျွန်း (ယခု ဗိုလ်ချုပ် ပန်းခြံနေရာ) တွင် ကျင်းပနိုင်ခဲ့သည်။ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗန်တို၊ ဗန်ရှည်ပြိုင်ပွဲကို ၁၉၈၄ခုနှစ် တွင် ရန်ကုန်မြို့၊ ကိုယ်မင်းကိုယ့်ချင်းလမ်း၊ ခြံအမှတ်(ဂ) (ယခု ပန်းချီ ပန်းပု အနုပညာကျောင်း) တွင်လည်းကောင်း၊ ဒုတိယအကြိမ်ပြိုင်ပွဲကို ၁၉၅၁ ခုနှစ်တွင် ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ပွဲကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစိုးရမှ အသိအမှတ်ပြုသော မြန်မာ့သိုင်းပြိုင်ပွဲများ ကျင်းပနိုင်ခဲ့ခြင်းဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ သိုင်းပညာရှင်များ စုပေါင်းမိပြီး သိုင်းပညာပြန့်ပွားရေးအတွက် စဉ်ဆက် မပြတ်ကြိုးပမ်းခဲ့ရာ ပြည်ပ ဧည့်သည်တော်များ မြန်မာ့သိုင်းပညာပြသခြင်း၊ တရုတ်ပြည်ဝူရှူးပညာရှင်များအား ဧည့်ခံပြသခြင်း၊ ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်၊ တက္ကသိုလ်သိုင်း သင်တန်းများ ပို့ချခြင်းစသော သိုင်းပညာထိန်းသိန်းပြန့်ပွားရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့သည်။

၁၉၆၃ ခုနှစ်၊ ဦးဇော်ဝိတ် (အား/ကာ-ညွှန်ချုပ်ဟောင်း)၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ကိုဖွဲ့စည်းနိုင်ရန် ပြင်ဆင် ဆောင်ရွက်ခဲ့သည်။ အားကစားနှင့် ကာယပညာဦးစီးဌာန ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဖွဲ့စည်းရန်အတွက် နိုင်ငံတော်၏ အားကစားလုပ်ငန်းများကို အနီးကပ်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ကို ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် တရားဝင်မဖွဲ့စည်းမှီကတည်းက မြန်မာ့သိုင်းပညာသည် မြန်မာ့တို့၏ ကိုယ်ပိုင်ရိုးရာ ခုခံကာကွယ် တိုက်ခိုင်နိုင်သော ပညာရပ်တစ်ခုအဖြစ် တည်ရှိနေခဲ့ပြီးဖြစ်သည်။

မြန်မာ့ရာဇဝင်သမိုင်းရှည်လျားကြာမြင့်သည်နှင့် အညီ မြန်မာ့သိုင်းပညာသည်လည်း ရှည်လျား ကျယ်ပြန့်ပေလိမ့်မည်။ ရှေးမင်းအဆက်ဆက် တစ်ခေတ်ပြီးတစ်ခေတ် လက်ဆင့်ကမ်း ဆင်းသက်လာသော အဖိုးတန် မြန်မာသိုင်းပညာများကို ယခုအချိန်၌ တစ်နေရာတည်းတွင် တစ်ပေါင်းတည်းတစ်စုတည်း မတွေ့ နိုင်ကြသော်လည်း ယင်းပညာကောင်း၊ ပညာမွန်များမှ ပေါက်ဖွား ပျံ့နှံ့ကြီးထွားနေသော အနွယ်အပွား သိုင်းပညာများကို ပြည်ထောင်စု မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရှိနိုင်ပေသည်။ ထိုကဲ့သို့ပြည်ထောင်စု နေရာအနှံ့အပြား၌ ကြီးထွားရင့်သန်လျက် ရှိသော သိုင်းပညာများသည် အောက်ပါအချက်အချာ ပင်မသိုင်းပညာကြောရိုး ကြီးသုံးခုမှဆင်းသက်လာကြခြင်းဖြစ်သည်။

  1. အင်းသိုင်း။ မြန်မာမင်းနေပြည်တော် အင်းဝဘက်မှ ဆင်းသက်လာသော ပညာအနွယ်အပွား။
  2. ကမ္ဗောဇသိုင်း။ ရှမ်းပြည်ဘက်မှဆင်းသက်လာသော ပညာအနွယ်အပွား။
  3. ရာမညသိုင်း။ အောက်မြန်မာပြည် မွန်မင်းဆက်မှဆင်းသက်လာသော ပညာအနွယ်အပွား။

ဤထက်ပါ သိုင်းပညာကြီးသုံးရပ်မှဆင်းသက် လာသော ပညာများသည် နှစ်ပေါင်းများစွာကြာရှိလာပြီဖြစ်သော ယခုအခါတွင် အလွန်ခိုင်ခန့်သော ပိုးပိုက်ကွန်ကဲ့သို့ ပညာတစ်ခုနှင့်တစ်ခု ရောယှက်တိုး ဝင်နေကြပြီ ဖြစ်လေသည်။ ပညာတခုအပေါ်တခု လိမ်ယှက်ရောထွေးကာ အပြန်အလှန် အမှီသဟဲ ပြုပြီးလျှင် အကျိုးပြုနေကြသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ သိုင်းပညာအဆင့်အတန်း သည် အလွန်ခိုင်ခန့် ကောင်းမွန်သည့် အဆင့်အတန်းတွင် ရှိနေပြီဖြစ်ပေသည်။

သိုင်းဆရာကြီး ဦးပြည်သိမ်း‎ သည် မြန်မာ့သိုင်းပညာရှင် နိုင်ငံကျော်သိုင်းဆရာကြီး ဖြစ်သည်။ ဂျပန်ခေတ်တွင် ပညာရေးဌာန၊ လူငယ်ရေးရာဌာနခွဲတွင် သိုင်းပညာနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးရှိ လူငယ်များအား သိုင်းပညာဖြန့်ဖြူးသင်ကြား ပေးခဲ့သည်။ သိုင်းဆရာကြီး ဦးပြည်သိမ်း၏တပည့်သည် ဆရာကြီးဦးချစ်သန်း‎ ဖြစ်သည်။ ၁၉၈၅ ခုနှစ် စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံမှ ထုတ်ဝေသည့် (L’Artaublic du Bando) ကရာတေး မဂ္ဂဇင်းတွင် မြန်မာနိုင်ငံမှ သိုင်းဆရာကြီးများ (Burma Thaing Experts) ဖြစ်ကြသော ဦးပြည်သိမ်းနှင့် ဦးချစ်သန်းတို့၏ ဗန်တိုဗန်ရှည်ပညာအကြောင်းနှင့် ၎င်းတို့၏တပည့်များဖြစ်ကြသော သိုင်းဆရာမင်းယက္ခ၊ သိုင်းဆရာမောင်ကျော်တင့်တို့၏အကြောင်းကို ဓာတ်ပုံများနှင့်တကွ တခမ်းတနားဖော်ပြခဲ့သည်။

ဦးပြည်သိမ်းနှင့် ဦးချစ်သန်းတို့သည် ၁၉၄၂ ခုနှစ် (ဒုတိယကမ္ဘာစစ် အတွင်း) အာရှလူငယ် အစည်းအရုံး ဥက္ကဋ္ဌ (ပုဂံ) ဦးဘဂျမ်း၊ ဦးကျော်မြင့်ကလေး၊ ဦးဇော်ဝိတ်၊ သခင်ခင်အောင်၊ သခင်ညီလေး ၊ မြို့မ-ဦးသန်းကြွယ် စသောပုဂ္ဂိုလ်များနှင့်အတူလူငယ်များ ဗလငါးတန်ပြည့်၀ရေး၊ စေတနာ့ဝန်ထမ်းလူမှုရေး၊ ပညာရေး လုပ်ငန်းများနှင့် ဖက်ဆစ်ဆန့်ကျင်ရေး လျှို့ဝှက်လုပ်ငန်းများကို အများအပြား လုပ်ဆောင်နိုင်ခဲ့သူများဖြစ်သည်။

ဗန်တိုဗန်ရှည်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဗန်တို

မြန်မာ့သိုင်း ဟုခေါ်သောဗန်တို၊ ဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်ခံပညာတစ်ခု ဖြစ်သည်။ ရှေးမြန်မာတို့က ကာယနှင့် စိတ်ဓာတ်ကြံခိုင်ရေးအတွက် အဓိကထားပြီး စစ်ပွဲများတွင် လက်နက်မဲ့၊ လက်နက်ကိုင်နှစ်မျိုးခွဲကာ အသုံးပြု တိုက်ပွဲဝင်သည့် ရိုးရာကိုယ်ခံပညာဖြစ်သည်။ ၎င်းဗန်တိုဗန်ရှည်ပညာရပ်များကို အထူးလျှို့ဝှက် သင်ကြားပေးခဲ့ကြသည်။ သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် သွေးရင်းသားရင်းများသာ လူမသိအောင် တိတ်တဆိတ်သက်ကြားပေးလေ့ရှိသည်။ မြန်မာတို့၏ အမွေဖြစ်သော ဗန်တိုသိုင်းပညာသည် သရေခတ္တရာ သာသနာနှစ် (အစ) ဘီစီ (၄၅၅) ကတည်းကတည်ရှိခိုင်ခံနေပြီး ဒီထက်စောသော မှတ်တမ်းများလည်းရှိခဲ့ကြသည်။ သရေခေတ္တရာဗိဿနိုးဟန်လင်းပုဂံပင်းယအင်းဝကုန်းဘောင်ခေတ်သမိုင်း တလျှောက် နိုင်ငံတော်ကာကွယ်ရေး အတွက် အသုံးပြုခဲ့ရာမှ မြန်မာ့သိုင်း ဟူ၍ယနေ့ခေါ်ဝေါ်ထားကြပြီဖြစ်သည်။

မြန်မာ့ သိုင်း ကစားဟန်(ဤပုံသည် ခါးတောင်းကျိုက်ပုံဖြစ်ပေမည်။)

လက်နက်မဲ့ ဗန်တိုနှင့် လက်နက်ကိုင် ဗန်ရှည် ဟူ၍ခေါ်တွင်ခဲ့သည်။ အမာဗန်တို၊ အပျော့ဗန်တိုနှစ်မျိုးခွဲကာ မြန်မာ့လက်ဝှေ့ကဲ့သို့ အကွဲအပြဲ မတွန့်မဆုတ်ရင်ဆိုင်သောနည်းကို ဗန်တို (အမာ) ဟုခေါ်ပြီး မိမိအားအထိမခံဘဲ ရှောင်တိမ်းကာတုံ့ပြန်သောနည်းကို ဗန်တို (အပျော့) ဟုခေါ်သည်။

ရှမ်းသိုင်း[ပြင်ဆင်ရန်]

ရှမ်းသိုင်းပညာရပ်တွင်လည်း ရှမ်းကြီး၊ ရှမ်းတရုပ်သိုင်း၊ ရှမ်းလေးသိုင်း၊ အင်းသိုင်း၊ ပလောင်သိုင်း အစရှိသော ပညာရပ်များစွာရှိသည်။ ထိုသိုင်းများတွင်လဲ လက်သိုင်း၊ ဓားသိုင်း၊ ကြိုးသိုင်း၊ ခဲပစ်၊ လှံသိုင်း၊ တုတ်သိုင်း အစရှိသော ပညာရပ်များ များစွာရှိသည်။

ရှမ်းကြီးသိုင်းသည် အကွက်ကျဲသည်။ ခြေကွက်မှာ လဲ ၄ ကွက်၊ ၆ ကွက်၊ ၈ ကွက်၊ ၁၂ ကွက် ဖြင့်ကစားသည်။

ရှမ်းလေးသိုင်း (ခူခါချန့်၊ ယနေ့အခေါ် သိုင်းပြောင်းပြန်) သည် အကွက်စိတ်သည်။ ခြေကွက်မှာလဲ ၄ကွက်၊ ၇ကွက်၊ ၉ ကွက်၊ ၁၂ ကွက် ရှိသည်။ သိုင်းပြောင်းပြန်ဟု ခေါ်သည်မှာ ရှမ်းကြီးသိုင်း၏ ခြေကွက်များနှင့်မတူ ပြောင်းပြန်သဘောရှိသောကြောင့် သိုင်းပြောင်းပြန်ဟုခေါ်သည်။

လိုင်းမွန်းသိုင်း[ပြင်ဆင်ရန်]

လိုင်းမွန်းသိုင်း လိုင်းမွန်းသိုင်းပညာ သည် ရှေးသိုင်းပညာစဉ် ဖြစ်ပြီး တောင်ပေါ် ဒေသ တခွင် ထင်ပေါ်ကျော်ကြား သော သိုင်းပညာဖြစ်ပါသည် ၊

ရှမ်းသိုင်း ဆယ်မျိုး တွင် ပါ၀င်သော လိုင်းမွန်းသိုင်း ပညာဖြစ်ပြီး ၊ တအာင်း ပလောင် ဘာသာစကား ဖြင့် လာည်မှိန်း ဟု ပြောဆို ခေါ်ဆိုကြပါသည် ၊ မြောက်ပိုင်း မှ စတင်ရ်ျု ဆရာအစဉ် ဆင်သက် လာကြပါသည် ၊ လူသား တို့ ရွေ့ပြောင်း ၊ သွားလာ ၊ နေထိုင် ၊ ရှင်သန် ၊ ကြီးထွာလာရာ မှ မိသားစု ၊ မျိုးနွယ်စု ၊ တိုင်းရင်းသား တို့ ခုခံ ကာကွယ် တိုက်ခိုက်ရေး သိုင်းပညာ အဖြစ် တောင်ပိုင်စတိတ် / တောင်ပိုင်နယ် ဟော်နန်းအတွင်း အမှု့ထမ်းရွက်ခဲ့ကြသော သိုင်းပညာ အဖြစ် အထင်အရှား တွေ့ရှိရပါသည် ။

ရှေးအခါ ကာလများ မှ မျိုးနွယ်စု ၊ တိုင်းရင်းသား တို့၏ ခုခံ ကာကွယ် တိုက်ခိုက်ရေးအတွက် တိုက်ပွဲ၀င် ခဲ့ကြသော လိုင်းမွန်းသိုင်းပညာ သည် ၊ ယနေ့ခေတ် ကာလ တွင် ယဉ်ကျေးမှု့ ပွဲ၀င် အက သိုင်းပညာ အဖြစ် လည်ကောင်း ၊ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံခိုင် မှု့ အတွက် လေ့ကျင့်ကြသော သိုင်း အတတ်ပညာ အဖြစ် လည်ကောင်း မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်၀င် လိုင်းမွန်းပင်မဦးစီးသိုင်းအဖွဲ့ အဖြစ် ပြည်တွင်း ပြည်ပ သို့တိုင် ရောက်ရှိ ပြန့်နှံ ပညာ လက်ဆင့်ကမ်းပြီး မျိုးဆက်အလိုက် ထိန်းသိမ်း ပြန့်ပွားနေကြပါသည် ။

သျှမ်းသိုင်းဆယ်မျိုး ရှိပါသည် ၊ ထို သိုင်းဆယ်မျိုး တွင် လိုင်းမွန်းသိုင်း သည် အခြေခံ ဖြစ်သည် ၊ လက် လှုပ်ရှားမှု့ အခြေခံ {၇}မျိုး ၊ ‌‌ခြေ လှုပ်ရှားမှု့ အခြေခံ {၇}မျိုး ထို လှုပ်ရှားမှု့ {၇}မျိုး ဖြင့် ခေါင်း ၊ ခါး ‌၊ ခြေ ၊ လက် လှုပ်ရှားမှု့များ ဖြင့် အဝိုင်း အ၀န်း လမ်းကြောင်းများအသုံးပြုကာ ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ‌တည်ဆောက်ကြပါသည် ၊ ကျင့်ဆောင် ကြပါသည် ၊ ခြေလှုပ်ရှားမှု့ ခြေနင်းကွက် ပညာစင်အရ ၁ကွက် {ဂါရ၀ပြု}ခြင်းမှ စတင်ရ်ျု ၂ကွက် / ၄ကွက်ကို အခြေခံ လိုင်းမွန်းသိုင်းပညာ တွင် စတင် သင်ကြားကြပါသည် ၊ တည် ဟုဆိုသော တည်၂ကွက် နှင့် စောင့် ၃ကွက် နှင့် ပရိယာယ် ဆင် ၅ကွက် နှင့် အဆုံး သတ်ဟု ရှေးဆရာ အစဉ်အဆက် လက်ဆင့်ကမ်း ဖွင့်ဆို သင်ကြားကြပါသည် ၊ ခြေ၂ချောင်း ရှိသော လူသားသည် လိုင်းမွန်းသိုင်း ပညာသင်ကြားရာ တွင် ခြေနင်း၊ခြေတက် ၊ ခြေဆုတ် ၊ ခြေရှောင် ၊ ခြေလှည့် တိုက်ကွက်များအဖြစ် ကျင့်ကြံ သင်ကြားသလို ကကွက် အဖြစ်လည်း ကျင့်ကြံ သင်ကြားရပါသည် သမားစင်အရ ၁၀၈ကွက် အထိ ရှိပါသည် ။

တအာင်းပလောင်လူမျိုး လိုင်းမွန်း သိုင်းပညာရှင် ဆရာကြီး အဘိုးတာဒီးစံအေး သည် မြောက်ပိုင်း သိုင်း ခူးလိုင်းဆရာကြီး ဆယ်သုံးပါး ဖြစ်သည့် {၁}ခူးလိုင်းဆရာကြီး ထကိုင် {၂} ခူးလိုင်းဆရာကြီး ဆွယ်ငင်း {၃} ခူးလိုင်းဆရာကြီး ဆွယ်ခမ်း {၄} ခူးလိုင်းဆရာကြီး ဆွယ်ဆိုင်း {၅} ခူးလိုင်းဆရာကြီးကာခမ်း {၆} ခူးလိုင်းဆရာကြီး ငို့ဟိုခါ {၇} ခူးလိုင်းဆရာကြီး ငို့ဟိုခေါ၀် {၈} ခူးလိုင်းဆရာကြီး ဩ {၉}ခူးလိုင်းဆရာကြီး ကေလာသ {၁၀} ခူးလိုင်းဆရာကြီး ပေါ်နော်မိန်း {၁၁} ခူးလိုင်းဆရာကြီး ပေါ်ဂိန်း {၁၂} ခူးလိုင်းဆရာကြီး ဩတိဆ {၁၃} ခူးလိုင်းဆရာကြီး မောင်အ ၊ ထို ခူးလိုင်းဆရာကြီး {၁၃}ပါးထံတွင် နှစ်ပေါင်းသုံးဆယ် အတွင်း လေ့လာဆီပူးပြီး လိုင်းခူး ရယူခဲ့သော ဆရာကြီး ဖြစ်ပါသည် ၊ ဆရာကြီး(13)ပါး ထံ မှ ရရှိခဲ့သော ပညာရပ် {ပညာစင် သမားစင်} များ ကို သုသေသန ပြုလုပ်ခဲ့သော ဆရာကြီး ဖြစ်ပါသည် ""အင်နှစ်ရှစ်ဆောင်အင်တိုင်ရှစ်အစ်"" ဆိုသော ရှေးသျှမ်း စကားဖြင့် သုတေသန ပြုလုပ်ခဲ့ပါသည် ထိုသို့ ပြုလုပ် ခဲ့သောကြောင့် သျှမ်းသိုင်း ပညာစဉ်ဖြစ်သော သိုင်းဆယ်မျိုး ကို သိရှိ နားလည်ခဲ့ခြင်း မျှဝေ သင်ကြား လက်ဆင့်ကမ်း ခဲ့ခြင်း ဖြစ်ပါသည် ၊ ထို ပညာစဥ်ကြီး ဆယ်မျိုးသည် တောင်ပေါ် ဒေသ တခွင် ထင်ပေါ်‌ကျော်ကြား ခဲ့ပါသည် ၊ ၎င်းသိုင်းဆယ်မျိုးမှာ.....,...,? (1)လိုင်းမွန်း (စက်ဝိုင်းလမ်းကြောင်းအတိုင်းအ

 သုံးပြုရသောသိုင်းပညာ)

(2)လိုင်းကြမ်း (အကုသိုလ်နှင့်ယှဉ်သောဒေါသ

 လောဘ မောဟ မာန်မာနပါသောစိတ်ဓါတ်
 ခက်ထန်ကြမ်းတမ်းသည့်သိုင်းပညာ)

(3)လိုင်းချန့်(စဲင့်)(အဆက်မပြတ်တိုက်ခိုက် သောသိုင်းပညာ (သို့မဟုတ်) အရိုးအဆစ်များဖြင့်ခုခံ တိုက်ခိုက်သောသိုင်းပညာ) (4)လိုင်းတဲင်း (အဖမ်းအချုပ်အလိမ်အချိုးပါဝင်သော သိုင်းပညာ) (5)လိုင်းကာ(သို့)လိုင်းတဲင်းကာ (အပြန်အလှန်

   ချုပ်ခြင်းဖြေခြင်းတန်ပြန်တိုက်ခိုက်ခြင်းများ ပါဝင်သော သိုင်းပညာ)

(6)လိုင်းဗွင်(ခွင်) (ဘားဂျွမ်းအတတ်နှင့်ပေါင်းစပ်ထားသော သိုင်းပညာ) (7)လိုင်းပိုင်လပ်ပိုင်ဖိုင် (လက်နက်ပုန်းပစ်နည်း

   သိုင်းပညာ)

(8)လိုင်းဆွီး (ကာယသိဒ္ဓိပါဝင်သောသိုင်း)

  ဆမ်းဆွီး (ဆေးမှင်ကြောင်ထိုးခြင်း)
  ယာဆွီး (ဆေးမြစ်ဆေးဥစိမ်ခြင်း)
  လုံမ်းဆွီး (ဝါယောဓါတ်ခြောက်ပါးနှင့်ကျင့်
   သောသိုင်းပညာ)
  နမ့်ဆွီး(ရေဖြင့်ကျင့်သောသိုင်းပညာ)
  ဂါထာဆွီး(ဂါထာဖြင့်ကျင့်သောသိုင်းပညာ)

(9)လိုင်းခူး (အတွေးအခေါ်နှင့်ယှဉ်သောသိုင်း

   ပညာ(သို့)ဥာဏ်အလင်းရောင်ဖြင့်မြင်သော သိုင်းပညာ)

(10)လိုင်းလုံ (ကြီးမားသော) တို့ဖြစ်ပါသည်။

၂၀ရာစု လိုင်းမွန်း ဒုတိယမျိုးဆက် ဆရာကြီးစိုင်းခင်သောင်းနိုင် မှ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် တွင် ၁၉၆၉ တွင် ပါ၀င်ရ်ျု မြန်မာနိုင်ငံ အောက်ပိုင်း ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ၁၄လမ်းအောက်လမ်း အမှတ် ၄ တွင် တအာင်းလိုင်းမွန်း သိုင်းအဖွဲ့ အား စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည် ၊ ဒုတိယမျိုးဆက် ဆရာကြီး အဖြစ် လိုင်းမွန်းသိုင်း ပညာ မျိုးဆက်များ စွာ မွေးထုတ် ပညာ လက်ဆင့်ကမ်း ခဲ့သည် ၊ ရုပ်ရှင် ၊ ဂီတ ၊ ရိုးရာ ၊ ပွဲလမ်း များတွင် ပါ၀င် ဖော်ထုတ် လိုင်းမွန်း သိုင်းဆယ်မျိုး အတတ်ပညာများ ဖော်ထုတ် ပြသ သင်ကြား လက်ဆင့်ကမ်း ပေးခဲ့သည် ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် နှစ် ၅၀ပြည့် ရွှေရတု အခမ်းအနား တွင် သျှမ်းသိုင်းဆယ်မျိုး အား သျှမ်းပြည်နယ် ကိုယ်စားပြု စာတမ်း ဖတ်ကြား တင်သွင်းခဲ့သည် ၊ လိုင်းမွန်း နှစ် ၅၀ပြည့် နှင့် လိုင်းမွန်းပညာရှင် ဆရာကြီး တာဒီးစံအေး ၉၀နှစ်ပြည့် မဂ်လာ အခမ်းအနာ တွင်လည်း လိုင်းမွန်း ပင်မဦးစီး ဆရာကြီး အဖြစ် ပါ၀င် ဆောင်ရွက်ခဲ့သည် ၊ ၂၁ရာစု ယခု အခါ တွင် တောင်ပိုင်နယ် နမ့်ဆန်မြို့ မှ လိုင်းမွန်း ပင်မဦးစီး သိုင်းအဖွဲ့ ၊ ပင်မဦးစီး ဆရာကြီး အဖြစ် တာဆရာဘသောင်း {လိုင်းမွန်း ပညာရှင် ဆရာကြီး တာဒီးစံအေး ညီတော်} မှ ဆက်လက် တာ၀န်ယူ လက်ဆင့်ကမ်း ခဲ့သည်

၂၁ရာစု လိုင်းမွန်း ပညာစင် ၊သမားစင် များမျိုးဆက်အလိုက် ပြန့်ပွား‌ရေး အတွက် လိုင်းမွန်း တတိယမျိုးဆက် ဆရာ ဗီဒီးစိုင်းရဲကျော်သူ မှ မြန်မာနိုင်ငံ အတွင်း နှင့် ကမ္ဘာနိုင်ငံ အသီးသီး သို့ သိုင်းဆယ်မျိုး အခြေခံ လိုင်းမွန်းသိုင်း အား မျှဝေ သင်ကြား လက်ဆင့်ကမ်း လျှက်ရှိသည် ။

ရာမည သိုင်း[ပြင်ဆင်ရန်]

ရာမညသိုင်းသည် မွန်ရိုးရာသိုင်းကိုခေါ်ပါသည်။ မွန်ရိုးရာသိုင်းတွင်လဲ လက်ဝှေ့၊ လက်သိုင်း၊ ဓားသိုင်း၊ လှံသိုင်းအစရှိသော ပညာရပ်များပါဝင်သည်။ ထို့အပြင် ကရင်ရိုးရာ လက်သိုင်း၊ ဓားသိုင်း၊ ဒူးလေးပစ်၊ မြှားပစ် အစရှိသောပညာရပ်များ နှင့်အတူ ရိုးရာသိုင်းများ၊ မျိုးနွယ်စုသိုင်းများလဲ ရှိသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.doemyanmar.com/blog/28485/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8/
  2. အလင်းစေတမာန်မှ ကူးယူသည်။