ခေါင်ရည်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ခေါင်ရည်[ပြင်ဆင်ရန်]

ခေါင်ရည်သည် သေရည်တစ်မျိုး ဖြစ်၏။ အရောင်သည် ဖြူ၍ အနည်းငယ်နောက်၏။ အရသာမှာ ချို၍ အချဉ်ပေါက် နေသော အနံ့တစ်မျိုးရ၏။ ခေါင်ရည်သည် အနောက်တိုင်း သားများ သောက်လေ့ရှိသော ဘီယာကဲ့သို့ စိမ်ရည်တစ်မျိုး ဖြစ်သည်။


ချက်ပြီးသား ကောက်ညှင်း သို့မဟုတ် ဆန်ကို တဆေး နှင့်ရော၍ ခေါင်ရည်ကို တည်ယူကြသည်။ သို့သော် ကောက် ညှင်းနှင့် တည်ယူသော ခေါင်ရည်သည် ပို၍ ကောင်းသည်ဟု ဆို၏။ တဆေးဆိုသည်မှာ ဂျုံ၊ ဆန်၊ ကောက်ညှင်း၊ သကြား၊ ထန်းလျက်ကဲ့သို့သော ပစ္စည်းများကို အရက်ချက်ရာတွင် အသုံး ပြုသော ကဇော်ဖောက်ပစ္စည်းတစ်မျိုး ဖြစ်သည်။ တဆေးမှာ မှို တစ်မျိုးဖြစ်၍၊ အင်ဇိုင်းခေါ် ပရိုတင်းတစ်မျိုးသည် တဆေးတွင် ပါရှိသည်။ ထိုပရိုတင်းသည် သူနှင့် ရောစပ်သောပစ္စည်းများ ဓာတ်ပြောင်းလဲမှု မြန်စေရန် ကူညီပေးသည်။


ခေါင်ရည်တည်ရာတွင် ပထမကောက်ညှင်း သို့မဟုတ် ဆန်ကို ကောင်းစွာ နူးနပ်အောင် ချက်ရ၏။ ကောင်းစွာ ကျက်သောအခါ ဆေးထားသောဖက်ရွက်သန့်သန့်များပေါ်တွင် ဖြန့်၍ အအေးခံရ၏။ အေးသောအခါမှ တဆေးနှင့် ရော၍ အိုး များတွင် ထည့်ထားရသည်။ ထည့်မည့်အိုးများကို အသုံးမပြုကြ ရချေ။ အိုးသစ် များကိုသာ အသုံးပြုရသည်။ သို့ရာတွင် ခေါင် ရည် တည်ပြီးအိုးများကိုမူ ထပ်ကာထပ်ကာ အသုံးပြုနိုင်သည်။ အများအားဖြင့် တောင်ပေါ်သားများသည် အခေါင်းကျယ် ဝါးဘိုး ဝါးကျည်ထောက်များကို အသုံးပြုလေ့ ရှိကြသည်။


ခေါင်ရည်တည်ထားသော အိုးနှင့် ဝါးကျည်ထောက်များ အတွင်းသို့ အမှိုက်များ မဝင်နိုင်စေရန် သစ်ရွက်များနှင့် ကောင်းစွာ ပိတ်ထားရသည်။ အများအားဖြင့် ခေါင်ရည်အိုး နေရောင်ရစေရန် အပြင်ဖက်တွင် ထုတ်ထားလေ့ ရှိကြသည်။ နေရောင်ခြည်သည် ဓာတ်ပြောင်းလဲမှုကို အထောက်အပံ့ ဖြစ်စေ ၏။ ရက်အနည်းငယ်မျှ ကြာသောအခါ အိုးနှင့် ဝါးကျည် ထောက်များအတွင်း ထည့်ထားသောပစ္စည်းများသည် ဓာတ် ပြောင်းလဲ၍ ကဇော်ပေါက်လာ၏။ ထိုအချိန်အတွင်း၌ အိုးထဲ တွင် အပေါ်ယံ၌ မှိုများ ဖြစ်နေ၍ ကျက်ပြီးကောက်ညှင်းသို့ မဟုတ် ဆန်ထဲမှ အရည်စိမ့်ထွက်လာ၏။ နောက်ထပ်ရက် ပေါင်း အတန်ကြာထားလိုက်သောအခါ ကျက်ပြီး ကောက်ညှင်း သို့မဟုတ် ဆန်လုံးများသည် တဖြည်းဖြည်း ကြေပျက်၍ ယင်း တို့မှ ကျန်ရှိသောအဖတ်များ သည် အိုးဖင်၌ အနည်ထိုင်သွား လေသည်။ ထိုအနည်များပေါ်၌ ကြည်လင်သော အရည်တစ်မျိုး တက်နေ၏။ ထိုအရည်သည် ခေါင်ရည်ပင် ဖြစ်သည်။ အများအားဖြင့် တောင်ပေါ်သားများသည် ခေါင်ရည်ကို ပွဲလမ်းသဘင် အချိန်အခါကျမှ သောက်ကြ၍ ဘာသာဘာဝ အလိုက် ပျော်မြူးကြလေသည်။ ခေါင်ရည်ကို သောက်ကြရာ၌ ခွက်များနှင့် သောက်လေ့မရှိပေ။ ဝါးပြွန်ပန်တူ သို့မဟုတ် သင်္ဘောရိုးများနှင့် စုတ်၍ ဝိုင်းသောက်လေ့ရှိကြ၏။


ခေါင်ရည်ကို တည်ရာ၌ အချိန်ကြာမြင့်စွာ ထားလေ့ရှိကြ သည်။ အချိန်ကြာရှည်စွာ ထားနိုင်သည်နှင့်အမျှ ခေါင်ရည်သည် လည်း ပို၍ကောင်းလာသည်ဟု ဆို၏။ တစ်ခါတစ်ရံ ၃ နှစ်မှ ၆ နှစ်မျှအထိပင် ထားတတ်ကြသည်။ ခေါင်ရည်ကို ထားသော အချိန်ကို လိုက်၍ ၃ နှစ်ခေါင်ရည်၊ ၆ နှစ်ခေါင်ရည် အစရှိ သည်ဖြင့် ခေါ်ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)