ရေနွေးကြမ်း

ဝီကီပီးဒီးယား မှ
(လက်ဖက်ရည်ကြမ်း မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရေနွေးကြမ်း

ရေနွေးကြမ်း (အင်္ဂလိပ်: plain tea) သည် လက်ဖက်ခြောက်နှင့် ရေနွေးကို ပေါင်းစပ်ထားသည့် လက်ဖက်ရည်ကြမ်းတစ်မျိုးဖြစ်သည်။ ရေနွေးကြမ်းသောက်သုံးခြင်း ဓလေ့သည် မြန်မာ့လူမှုအဖွဲ့အစည်းတွင် အလွန်တွင်ကျယ်သည့် ထုံးတမ်းစဉ်လာတစ်ခုဖြစ်၍ သောက်စရာများတွင် သောက်သုံးရေပြီးလျှင် ဒုတိယနေရာ၌ ရှိသည်။

ရေနွေးကြမ်းသောက်သုံးခြင်းကို မှတ်တမ်းများအရ အလောင်းစည်သူမင်းလက်ထက်ကပင် တည်ရှိခဲ့ကြောင်း တွေ့ရှိရလေသည်။ မြန်မာမင်းဆက်ခေတ်များစွာ၌လည်း လက်ဖက်ရည်ကြမ်း ခေါ် ရေနွေးကြမ်းသောက်သုံးခြင်း အရေးပါသည့်ဓလေ့ထုံးတမ်းဖြစ်၍ ကုန်းဘောင်ခေတ်နှောင်းတွင် စာဆိုတော် ဦးပုညကိုပင် လက်ဖက်ရည်တော် (ယခင်အသုံး-လဘက်ရည်တော်) ရာထူး ခန့်အပ်ခံခဲ့ရကြောင်းတွေ့ရှိရသည်။

ရေနွေးကြမ်းသောက်သုံးခြင်းသည် မြန်မာ့ယဉ်ကျေးမှုတွင် စုဝေးမှု၊ တိုင်ပင်မှု၊ ညီညွတ်မှု၊ ပျော်ရွှင်၍ လွတ်လပ်သည့် စကားအပြန်အလှန်ပြောဆိုမှုများ၏ ပြယုဂ်ဖြစ်သည်။ လက်ဖက်ရည် ခရား (သို့) ဓာတ်ဗူး နှင့် ခွက်ငယ်လေးများကို မြန်မာနိုင်ငံအနံ့အပြားရှိ လက်ဖက်ရည်ဆိုင်များတွင် ရေနွေးကြမ်းအား အခမဲ့သောက်သုံးရန်အတွက် တွေ့မြင်နိုင်သည်။ အချို့သောဒေသများ အထူးသဖြင့် မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်ကြီးအချို့တွင် လက်ဖက်ခြောက်ကောင်းဖြင့် ရေနွေးကြမ်းကို ပြင်ဆင်၍ ရောင်းချလျက်ရှိကြသည်။[၁]

အသုံးနှုန်း[ပြင်ဆင်ရန်]

ခေါ်ဝေါ်သုံးစွဲမှု အချို့သည် ဒေသများအပေါ်မူတည်၍ ကွဲပြားကြရာ မန္တလေးတွင် လက်ဖက်ရည်ကြမ်း၊ ရှမ်းပြည်နယ်၊ အင်းလေးဒေသတွင် အခါးရည်(ကြမ်း)ရန်ကုန်တွင် ရေနွေးကြမ်း ဟု ခေါ်ဆိုကြသည်။ အချို့သောဒေသများ၌ လက်ဖက်ရည်ကြမ်းအဖန် ဟုလည်း ခေါ်ဆိုသည်ကို တွေ့ရသည်။[၁]

ရေနွေးကြမ်း ရာဇဝင်နှင့် သမိုင်း[ပြင်ဆင်ရန်]

တရုတ်ရာဇဝင်တစ်ခုအရ ဘီစီ ၂၇၃၇ တွင်[၂] ဒဏ္ဍာရီလာ ဧကရာဇ် ရှန်းနွန် (Shennong) သည် တောအုပ်တစ်ခုဆီသို့ လမ်းလျှောက်လာကာ လက်ဖက်ပင်အနီးတွင် အနားယူ၍ ရေနွေးအိုးတစ်လုံးတည်ကာ အဖုံးကို မပိတ်မိဘဲ အိပ်ပျော်၍ သွားသည်။ မကြာမီ နိုးလာသောအခါ ရေနွေးအိုးမှ အနံသင်းသင်းတစ်ခုရနေသည်ကို သတိပြုမိရာ အနားမှ လက်ဖက်ပင်အရွက်အချို့ ရေနွေးထဲကျနေကြောင်း သိရှိသွား၏ ။ ထိုအရည်ကို သောက်ကြည့်လိုက်သောအခါ ယခင်ရခဲ့ဖူးသည့် မည်သည့်အရသာနှင့်မျှမတူဘဲ တမူထူးခြားနေသည်။ ထိုမှစ၍ လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းစတင်ခဲ့သည်ဟု ဒဏ္ဍာရီ၌ ဖော်ပြထားသည်။[၁]

တရုတ်ကဲ့သို့ အိန္ဒိယတွင်လည်း အလားတူဇာတ်လမ်းမျိုးရှိသေးသည်။ မြန်မာနိုင်ငံ၌ မည်သည့်အချိန်ကစ၍ လက်ဖက်စိုက်ပျိုးခြင်း၊ စားသုံးခြင်းနှင့် လက်ဖက်ရည်ကြမ်း သောက်သုံးခဲ့ခြင်းများကို တိတိကျကျ သိရှိနိုင်ခြင်းမရှိပေ။[၁] သို့သော် ဒဏ္ဍာရီအရ ပုဂံခေတ် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်လာရာ ပလောင်ဒေသ နမ့်ဆန်မြို့နယ် လွယ်ဆိုင်တောင်သို့ ရောက်ရှိလာပြီး မုဆိုးတစ်ဦးအား စိုက်ပျိုးရန် လက်ဖက်မျိုးစေ့ ပေးသည့်အခါ မုဆိုးက လက်တစ်ဖက်ဖြင့် အသေအချာခံကာ ယူသည့်အတွက် လက်ဖက်ဟု အမည်တွင်သည်ဟု အဆိုရှိသည်။ ဤဇာတ်လမ်းကို အခြေပြယူလျှင် လက်ဖက်စိုက်ပျိုးခြင်းသည် ပုဂံခေတ်နှောင်းတွင်ပင် စတင်တည်ရှိပြီးဖြစ်သည်ဟု ဆိုနိုင်သည်။[၃]

သို့သော် ရေနွေးကြမ်းသောက်ခြင်းသည် ယူနန်ပြည်နယ်၌ စတင်နိုင်ဖွယ်ရှိခဲ့ကာ ဆေးကုမှုရည်ရွယ်ချက်အတွက် အသုံးပြုခဲ့ကြသည်။ ဤသို့လည်း ယုံကြည်မှတ်ယူကြ၏ ။ "စီချွမ်းနယ်တွင် လူအများသည် အခြားအရွက်၊ ပရဆေးပင်များမပါဘဲ လက်ဖက်ရွက်ကိုသာ ရေဖြင့်ဆူအောင်တည်၍ သောက်သုံးကြကာ လက်ဖက်သည် ခါးသော်လည်း စိတ်နိုးကြားတက်ကြွစေသည်။ ထို့ကြောင့် ဆေးဘက်အသုံးထက် လန်းဆန်းစေသော သောက်စရာအရည်အဖြစ် အသုံးပြုမှု ပိုများလိမ့်မည်"ဟု ယူဆကြသည်။[၄]

အစောဆုံး သိရသည့် သက်သေအထောက်အထားမှာ[၅] ၂၀၁၆ က ရှာဖွေတွေ့ရှိခဲ့သော ရှီအန်းနယ်၊ ဟန်ဧကရာဇ် ကျင့်၏ ဂူဗိမာန်တွင်ဖြစ်၍ "Camellia" မျိုးစုအပင်မှ လက်ဖက်ရည်ကြမ်းကို ဟန်မင်းဆက်ဘုရင်များ သောက်သုံးကြသည်ဖြစ်၍ ဘီစီ ၂ ရာစု ဝန်းကျင်ဖြစ်နိုင်သည်။[၆] ဘီစီ ၅၉ တွင် ဝမ်ပေါင် (Wang Bao) ရေးသော ဟန်လက်ရာစာပေတစ်ခု၌[၇] လက်ဖက်ရည်ကြမ်းကို ဆူအောင်တည်ခြင်းအကြောင်း ပါဝင်သည်။

မြန်မာရိုးရာဓလေ့[ပြင်ဆင်ရန်]

သမိုင်းမှတ်တမ်းများအရ ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက်ကတည်းကပင် ရေနွေးကြမ်း (သို့) လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းသည် ရှိနှင့်ပြီးဖြစ်ကြောင်း တွေ့ရသည်။[၁] ထို့အပြင် မြန်မာမင်းအဆက်ဆက် လက်ထက်များ၌လည်း လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းသည် မြန်မာ့ရိုးရာ စားသောက်စရာကဏ္ဍ၌ အရေးပါသော ထိပ်တန်းနေရာတွင်ရှိခဲ့သည်။

မြန်မာတို့၏ လူမှုဘဝတွင် လက်ဖက်သည် မရှိမဖြစ် ရိုးရာအစားအစာတစ်ခုဖြစ်ကာ လက်ဖက်ရည်ကြမ်းကို အိမ်တိုင်းနီးပါး သောက်သုံးသကဲ့သို့ ရပ်ရေး ရွာရေး၊ သာရေး၊ နာရေးတွင်လည်း မပါမပြီးသည့် စားသောက်စရာတစ်ခုဖြစ်သည်။ ယနေ့ခေတ် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုသည်ပင် နေ့စဉ် ဘဝထဲမှ ဓလေ့တခုပင် ဖြစ်နေပြီး ဖြစ်လေ၏ ။ မြန်မာစကား၌လည်း လက်ဖက်ကို ပုံခိုင်း ပြောဆိုသည့် စကားပုံအများအပြား ရှိသည့်အပြင် ကဗျာဆရာ ဗန်းမော် ညိုနွဲ့က "အုန်းထန်း ပေလက်၊ တမာရွက်တို့ ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏"ဟု အစချီကာ လသာသည့် ညများ၌ လက်ဖက်ရည်ကြမ်းဝိုင်း ဖွဲ့ကာ ရပ်ရွာအရေး ဆွေးနွေးကြပုံကို ကဗျာ ဖွဲ့ဆိုထားဖူးသည်။[၃]

မြန်မာနိုင်ငံရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ လက်ဖက်ရည်နှင့် ရေနွေးကြမ်း

မြန်မာတို့တွင် တုပမရသောကိုယ်ပိုင် လက်ဖက်ယဉ်ကျေးမှုရှိ၍ လမ်းဘေးဆိုင်ငယ်များ၊ ကိုယ်ပိုင်အဆောက်အဦဖြင့်ရောင်းချသော လက်ဖက်ရည်ဆိုင်များစွာလည်းရှိကာ လူကြီး၊ လူငယ် အရွယ်သုံးပါးစလုံးအတွက် သက်တောင့်သက်သာ တွေ့ဆုံရာနေရာများလည်းဖြစ်သည်။ ထိုသို့သောဆိုင်များ၌ မိမိနှစ်သက်ရာ လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်များကို မှာယူစားသောက်နိုင်ပြီး စားပွဲတွင် အခမဲ့သောက်ရန် ရေနွေးကြမ်း ဓာတ်ဘူး (သို့) ခရားနှင့် ခွက်ငယ်ကလေးများကို တည်ခင်းထားကြသည်။ မှာယူရာရောက်ရှိမလာသေးမီ စတင်သောက်သုံးလေ့ရှိသည်မှာ ရေနွေးကြမ်းပင်ဖြစ်သည်။ ထို့ကြောင့် လက်ဖက် (လက်ဖက်ရည်၊ လက်ဖက်ရည်ကြမ်း) တို့သည် လူတစ်ဦးအတွက် နေ့တစ်နေ့ စတင်ရာ မရှိမဖြစ်လိုအပ်သော ပစ္စည်းခုနစ်ခုထဲမှ တစ်ခုဟုလည်း ဆိုကြသည်။[၈]

မြန်မာနိုင်ငံတွင် လက်ဖက်သည် သောက်သုံးစရာများ၌ ရေပြီးလျှင် ဒုတိယနေရာ၌ ရှိလေ၍ မြို့တိုင်း၊ ရွာတိုင်းရှိ လူတိုင်းက ရေနွေးကြမ်းဖြင့် ဧည့်ခံမှုပြကြလေ့ရှိသည်။ ပုံမှန်နေအိမ်တစ်ခုတွင် လက်ဖက်ရည်အိုး (ဓာတ်ဗူး၊ ခရား) နှင့် ရေနွေးကြမ်းခွက်ငယ်လေးများရှိကြ၍ မိသားစုဝင်များကိုယ်တိုင်သော်လည်းကောင်း ဧည့်ခံရန်အတွက်သော်လည်းကောင်း ရေနွေးကြမ်းကို အသုံးပြုကြ၏ ။

ရေနွေးကြမ်းဝိုင်းသည် အရေးတကြီး ဆွေးနွေးတိုင်ပင်မှု၊ စကားစမြည်ပြောဆိုရန် တွေ့ဆုံရာနေရာတစ်ခုလည်းဖြစ်သည်။ ဤရိုးရာဓလေ့ပုံစံကို မြို့၊ ရွာများ၌ တွေ့မြင်နိုင်သည်။ ထို့ကြောင့် လက်ဖက်ရည်ကြမ်းဝိုင်းဆိုသည့် စကားရပ်ကို ကြားလိုက်သည်နှင့် စိတ်တွင် မိတ်ဆွေ၊ သူငယ်ချင်းများ တွေ့ဆုံကြသည့် ပုံရိပ်ထင်လာမည် ဖြစ်သည်။ လူအများ အနားယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရင်းနှီးကျွမ်းဝင်ခြင်း၊ စုစည်းညီညွတ်ခြင်း၏ ပြယုတ်ဖြစ်သည်။

ရှေးမြန်မာမင်းများလက်ထက်မှစတင်ကာ လက်ဖက်(နှပ်) ၊ လက်ဖက်ရည်ကြမ်းတို့သည် တော်ဝင်စားသောက်ဖွယ်ရာများဖြစ်ခဲ့၍ နန်းတော်များတွင် "လက်ဖက်ရည်တော်"ရာထူးကို တည်ထွင်၍ ယုံကြည်စိတ်ချရသောသူများကို ခန့်အပ်ကြသည်။ "လက်ဖက်ရည်အိုးကိုင်" ဟူသော ရာထူးလည်း ရှိသေးသည်။ ထို့ကြောင့် ဘုရင်မှစ၍ အမတ်၊ ကုန်သည်၊ သူကြွယ်မှသည် ဆင်းရဲသားလူတန်းစားအထိ လက်ဖက်ရည်ကြမ်းကို သောက်သုံးကြပေသည်။[၁]

ကုန်းဘောင်ခေတ်နှောင်း စာဆိုအကျော် ဦးပုညကိုပင် လက်ဖက်ရည်တော်ရာထူးပေးအပ်ထား၍ ဦးပုညကိုယ်တိုင် နှစ်သက်သော ရာထူးဖြစ်သည်။[၉] ထို့အပြင် ဦးပုညသည် လက်ဖက်မေတ္တာစာကို ရေးသားထားခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ Lei Shwe Sin Myint (associate professor). "Analysis of Tea Culture in Myanmar Society: Practices of Tea Consumption in Upper Myanmar". University of Mandalay. 
  2. Yee၊ L.K.၊ Tea's Wonderful History၊ The Chinese Historical and Cultural Project၊ 3 August 2002 တွင် မူရင်း အား မော်ကွန်းတင်ပြီး17 June 2013 တွင် ပြန်စစ်ပြီးyear 1996–2012
  3. ၃.၀ ၃.၁ လက်ဖက်ယဉ်ကျေးမှုနှင့် ပလောင်တို့၏ဘဝဧရာဝတီသတင်းဌာန (26 August 2013)။
  4. Heiss၊ Mary Lou; Heiss၊ Robert J. (2007)။ The Story of Tea: A Cultural History and Drinking GuideTen Speed PressISBN 978-1-58008-745-2
  5. "Archaeologists discover world's oldest tea buried with ancient Chinese emperor"၊ The Independent၊ Independent Print Limited။ 
  6. Houyuan Lu (7 January 2016). "Earliest tea as evidence for one branch of the Silk Road across the Tibetan Plateau". Nature 6: 18955. doi:10.1038/srep18955. PMID 26738699. Bibcode2016NatSR...618955L. 
  7. World's oldest tea found in Chinese emperor's tombPhys.org (28 January 2016)။ “The oldest written reference to tea is from the year 59 BC.”
  8. Myanmar’s Evolving Tea CultureMyanmar Insider
  9. မြကေတုနန်းဓလေ့မှတ်တမ်းများ။ နှလုံးလှစာပေ။ p. 125-130။