အရက်

ဝီကီပီးဒီးယား မှ
ရှေးက ဝီစကီချက်သော ပေါင်းဖို
ဆူပါမားကက်တွင် တင်ရောင်းသော အရက်များ

ဘိန်းမှာ ခရစ်နှစ် ၁၈၀ဝ မတိုင်မီက ပေါ်ပေါက်လာခဲ့သော်လည်း၊ အရက်မှာ ခုနှစ်ရေတွက်၍ မရလောက်အောင် အလွန်ရှေးကျသည့် ကာလကတည်းက ပေါ်ပေါက်လာခဲ့သည်။


အရက်သည် ဓာတုဗေဒအခေါ်အဝေါ်အားဖြင့် အီသိုင်းအယ်လ်ကိုဟော (Ethyl Alcohol) သို့မဟုတ် အက်သနော(Ethanol) ဖြစ်ပြီး ယစ်မျိုးဥပဒေအရ အရက်စစ် အီသိုင်းအယ်လ်ကိုဟော အလေးချိန်နှင့် ထုထည်အချိုး (၂ mg%)နှုန်းထက် ပိုမိုပါဝင်သော အရည်ကို အရက်ဟု သတ်မှတ်ထားသည်။ အရက်ကို အကြမ်းအားဖြင့် ဘီယာအုပ်စု(Beer)၊ ဝိုင်အုပ်စု(Wine)နှင့် အပြင်းစားအရက်အုပ်စု(Spirit or Strong)ဟူ၍ ခေါ်ဆိုသည်။ ဘီယာအုပ်စုတွင် များသောအာဖြင့် အရက်စစ်စစ် (Pure Alcohol) အလေးချိန်နှင့် ထုထည်အချိုး ၃ mg% မှနေ၍ ၁၀ mg% အထိပါဝင်ပြီး ဝိုင်အုပ်စုတွင် ၉ mg% မှနေ၍ ၁၅ mg% အထိ၊ အပြင်းစားအရက်အုပ်စုများတွင် ၃၀ mg% နှင့်အထက် အသီးသီး ပါရှိကြသည်။ ဝိုင်အုပ်စုမှ ထုတ်လုပ်သည့် အသီးအနှံအပေါ်မူတည်ပြီး စပျစ်ဝိုင်၊ ပန်းသီးဝိုင်၊ နာနတ်ဝိုင် စသဖြင့် ခေါ်ဝေါ်ကြသည်။ အပြင်းစာအရက်များတွင် ဝီစကီဘရန်ဒီဂျင်ရမ် စသည်တို့ ပါဝင်ကြသည်။ ထန်းရည်ဓနိရည်များပင်လျှင် အယ်လ်ကိုဟော ၂ mg% အထက်ပါဝင်ပါက အရက်ဟု သတ်မှတ်နိုင်သည်။ ဘီယာသည် အရက်ပင် ဖြစ်သည်။|

ပိဋကတ်ထဲမှ အရက်ဇာတ်လမ်း[ပြင်ဆင်ရန်]

မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သေသောက်သဘင်အခါ ကျသည်နှင့် ဝိသာခါအမှူးရှိသော နောက်လိုက်မိန်းမ ငါးရာတို့သည် ဥယျာဉ်သို့ သွားကာ တစ်နေ့လုံး အရက်သေစာ သောက်စားမူးယစ်ပြီးသော် ညနေချမ်း၌ ဘုရားရှင်ထံသွားကြသည်။ ဘုရားရှေ့တော်သို့ရောက်လျှင် အရှက်ကင်းမဲ့စွာ သီချင်းဆိုကြ၊ ရယ်ကြ၊ ကခုန်မြူးထူးကြ၏။ အချို့ အဝတ်ဗလာဖြင့် တုံးလုံးပက်လက်အိပ်ကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ညိုသောရောင်ခြည်ကို လွှတ်လျက်နေတော်မူရာ ပလ္လင်တော်မှ ကွယ်ခဲ့၍ မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူလေ၏။ ညိုသောရောင်ခြည်တော်ကြောင့် မှောင်အတိကျသွားသဖြင့် မိန်းမတို့ ကြောက်လန့်ခြင်းပြင်းစွာဖြင့် ငိုကြွေးကြကုန်၏။ မြတ်စွာဘုရားရှင်သည် လင်းသောရောင်ခြည်တော်ကိုလွှတ်လျက် နေတော်မူရာ ပလ္လင်တော်၌ သီတင်းသုံးတော်မူကာ “သင်တို့သည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အမှောင်ဖြင့် ဖုံးလွှမ်းနေပါလျက် အလင်းကို အဘယ်ကြောင့် မရှာကြသနည်း” ဟု တရားဟောတော်မူ၏။ မိန်းမငါးရာတို့လည်း အကျွတ်တရားရကြလေ၏။ ထိုအခါ ဝိသာခါ ဒါယကာမသည် ဤမျှအရှက်အကြောက်ကိုဖျက်ဆီးတတ်သောသေရည် သေရက်သည် အဘယ်အခါက စဖြစ်ပါသနည်း ဟုလျှောက်သဖြင့် မြတ်စွာဘုရားသည် ပထမဆုံး အရက်ပေါ်လာခြင်းအကြောင်းကို ဟောတော်မူ၏။ [၁]

ပိဋကတ်ကျမ်းတော်လာ အရက်၏ အစ[ပြင်ဆင်ရန်]

ရှေးသရောအခါ ဗာရာဏသီပြည်၌ သဗ္ဗမိတ္တမင်းကြီး မင်းပြုစဉ်က ကာသိတိုင်းသား(သူရာ)အမည်ရှိသောမုဆိုး တစ်ယောက်သည် ဟိမဝန္တာတော၌ အမဲပစ်ရန် အသွား တောင်ခြေ၌ အကိုင်းသုံးခွရှိသော သစ်ပင်ကြီးတစ်ပင်၏ အကိုင်းခွဆုံနား၌ ငှက်တို့သည်အရက်ကို သောက်ပြီးမြူးတူးပျော်ပါးကာ ဟစ်အော်ကြွေးကြော်ကြ၏။ ထို့နောက် အောက်သို့ပြုတ်ကျလျက် အသေကဲ့သို့ဖြစ်လေ၏။ အတန်ငယ်ကြာလျှင် တဖန်ပြန်တက်ပြီး ထိုအရည်ကိုသောက်ကြ ကုန်၏။ ဤသို့အတန်တန် မြူးတူးကြသည်ကိုမြင်သဖြင့် မုဆိုးကတက်၍ ကြည့်ရာသစ်ခွတွင်မိုးတွင်းရေကျ၍ အနီးအပါးမှ ဇီးဖြူသျှိသျှားဖန်ခါးသီးတို့ကိုလည်းကောင်း၊ သလေးစပါးတို့ကိုလည်းကောင်း၊ ငှက်တို့ယူဆောင်ကာ ထိုသစ်ခွ၌စား၍ စားကြွင်းများ သစ်ခွတွင်းသို့ကျသဖြင့် နွေအခါ၌ ဆူးပေါက်၍ အရက်ဖြစ်နေသည်ကိုမြင်သဖြင့် သောက်ကြည့် လေ၏။

ထို့နောက် မူးယစ်လာကာ သစ်ပင်အောက်၌ မူးသဖြင့် အိပ်ပျော်နေကြသော ငှက်တို့ကိုသတ်၍ မီးကင်ကာစား၏။ သေရည်ကိုလည်း အဖန်ဖန်သောက်၏။ ဤသို့အားဖြင့် မူးယစ်ကာ အိပ်၏။ ထို့နောက်အနီးရှိ ဂရုဏရသေ့ထံ သေရည်နှင့်အမဲကင်တို့ကိုယူသွားကာ နှစ်ဦးသား သောက်စားမူးယစ်ကြလေ၏။ ယင်းနောက် ထိုအရည်ကို ဝါးကျည်တောက်တို့ဖြင့်ထမ်း၍ ပစ္စန္တရာဇ်မင်းအား ဆက်သရာ တစ်မြို့လုံးအရက် သောက်သဖြင့်ပျက်လေ၏။

တော၌အရက်ကုန်သဖြင့် အိုးကြီးအိုးငယ်တို့ဖြင့် ချက်ကြလေ၏။ ထိုအခါမှစ၍ အရက်ချက်ခြင်း၊ အရက်သောက်ခြင်း ပေါ်ပေါက်လာလေသည်။ ထိုသေရည်ကိုလည်း သူရာဟူ၍လည်းကောင်း၊ ဂရုဏဟူ၍လည်းကောင်း ခေါ်လေ၏။ မင်းလည်း သေအိုးအနီး၌ ကြွက်များ မသောက်စေရန်ကြောင်တို့ကို ချည်ထားကာ ကြီးစွာသော မဏ္ဍပ်ကိုပြု၍ သေသောက်သဘင် ကျင်းပအံ့ဟု တစ်မြို့လုံး စည်မောင်းလည်စေ၏။ ကြောင်တို့လည်း သေအိုးမှ အမြှုပ်တို့ဝေကျသည်ကို သောက်သဖြင့် အသေကဲ့သို့အိပ်လေ၏။ ကြွက်တို့လာ၍ကြောင်တို့၏ နားရွက်အမြီးတို့ကို စားကြလေ၏။ အမတ်တို့မြင်လျှင် သေရည်မဟုတ်၊ အဆိပ်ဟုလျှောက်သဖြင့် သူရာမုဆိုးနှင့် ဂရုဏရသေ့တို့အား သတ်လေ၏။ ထို့နောက် ကြောင်တို့အမူးပြယ်မှ အရက်ဖြစ်ကြောင်းသိ သဖြင့် သောက်ရန်ပြင်ကြလေ၏။ သိကြားမင်းလည်း လောကကြီး ပျက်စီးတော့မည်ကို မြင်သဖြင့် လာရောက်ဆုံးမကာ အရက်အိုးတို့ကို ရိုက်ခွဲစေ၏။ “လောကကြီးအား ပျက်စီးစေသော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြလော့”ဟု ဆုံးမကာနတ်ပြည်သို့ ပြန်လေ၏။ သေအရက်ကို မင်းနှင့်တကွ တစ်ပြည်လုံးရှောင်ကြဉ်သဖြင့် ချမ်းသာရာကိုရကြလေ၏။

ပိဋကတ်ကျမ်းတော်လာ အရက်မျိုး ၅-ပါး[ပြင်ဆင်ရန်]

လူမပြုသော်လည်း အလိုအလျောက်ဖြစ်နေတတ်သော မေရယခေါ်အရက်မျိုးငါးပါး။

  1. ပုပ္ဖာသဝ - သစ်ပွင့်ရည်မှဖြစ်သောအရက်၊
  2. ဖလာသဝ - သစ်သီးရည်မှဖြစ်သောအရက်၊
  3. မဓွာသဝ - မုဒရက်ရည်မှ ဖြစ်သောအရက်၊
  4. ဂုဠာသဝ - ကြံရည်မှဖြစ်သောအရက်၊
  5. သမ္ဘာရသံယုတ္တ - အရက်ဖြစ်ကြောင်း ဝတ္ထုပေါင်းတို့စုပေါင်း၍ ဖြစ်သောအရက်။

အရက်ကြောင့် ဖြစ်စေတတ်သော ရောဂါများ[ပြင်ဆင်ရန်]

အရက်သောက်သုံး၍ ကျန်းမာရေးမှု ဖြစ်စေရာမှာ

  1. အရက်ကို တစ်ထိုင်တည်း အလွန်အကျွန်သောက်ပြီး မူးယစ်ခြင်း၊
  2. ကြာရှည်အရက်သောက်ရာမှ အရက်စွဲခြင်း
  3. အရက်ကြာရှည်သောက်ရာမှ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာရောဂါများ ရရှိခြင်း
  4. အရက်စွဲသူ အရက်မသောက်ရသည့်အခါ အရက်နာကျခြင်း ဟူ၍ လေးမျိုး ခွဲခြားနိုင်သည်။ ထို့ပြင် အရက်မစွဲသော်လည်း အရက်သောက်ပြီး ဘေးအန္တရာယ် ဆိုးကျိုးများ ရရှိတတ်သည်။

အရက်သည် ခန္ဓာကိုယ်၏ အင်္ဂါစနစ်များ အားလုံးလိုလိုကို ထိခိုင်စေသည်။ ဦးနှောက်နှင့် အာရုံကြောစနစ်မှ စ၍ဆိုလျှင် ဦးနှောက် အာရုံကြောပိုင်းကို ဖိနှိပ် လွှမ်းမိုးနိုင်သော သတ္တိရှိ၏။ အရက်သောက်ပြီးလျှင် သွေးထဲ၌ ပါလာသော အရက်ရာခိုင်နှုန်း ပမာဏပေါ် မူတည်ပြီး ရီတီတီ ဖြစ်လာမည်။ မူးလာမည်။ လမ်းလျှောက်လျှင် ဒယီးဒယိုင်ဖြစ်လာမည်။ ထို့ကြောင့် အသိအာရုံ လွဲမှားလာမည်။ စကားပြောလျှင် အာလေးလျှာလေး ဖြစ်မည်။ အရှက်အကြောက်နည်းလာမည်။ ပိုမို သောက်သုံးမိပါက စိတ်တိုလာမည်။ လုပ်ကိုင်မှု လွဲမှားလာမည်။ ကြမ်းတမ်းရမ်းကားလာကာ ထိုထက်ပိုမိုသောက်သုံးပါက မူး၍ အိပ်ပျော်သွားမည် ဖြစ်သည်။ ပမာဏများလွန်း၍ အရက်မူးလွန်လျှင် အသက်အန္တရာယ် ထိခိုက်နိုင်သည်။ အရက်အလွန်အကျွံသောက်လာလျှင် ဗီတာမင်ဓာတ်များ( အထူးသဖြင့် ဘီအုပ်စု ) ချို့တဲ့ပြီး အာရုံကြောင်များ ထုံကြည်ရောဂါ(Polyneuritis)၊ (Wernickle's Encephalopathy) ဟုခေါ်သည့် ဦးနှောက်ချို့ယွင်းမှု ဖြစ်နိုင်ပြီး ပိုဆိုးလျှင် (Korsakoff Psychosis) ဟုခေါ်သည့် စိတ်ရောဂါ ရသည်အထိ ဖြစ်ပွားနိုင်သည်။ \

အစာအိမ်နာနှင့် caffeine ဓာတ်[ပြင်ဆင်ရန်]

အရက်သေစာကို အလွန်အကျွံသောက်သုံးခြင်းကလည်း အစာအိမ်နာဖြစ်ပွားမှုကို ဦးတည်စေပါတယ်။ အဲဒီအပြင် အရက်ကို အလွန်အကျွံသောက်သုံးခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေသည်။ Caffeine ဓာတ်ဟာ အစာအိမ်ရဲ့ အက်ဆစ် ထုတ်လုပ်မှုပမာဏကိုများပြားစေတာကြောင့် caffeine ဓာတ်ပါတဲ့ ကော်ဖီ၊ ကိုလာကိုလာ အများအပြား သောက်သုံးသူတွေမှာ ပြဿနာဖြစ်ပွားနိုင်တာမို့ အလွန်အကျွံသောက်သုံးမှုမှ ရှောင်ကျဉ်သင့်တယ်လို့ DR Weinstein က ဆိုပါတယ်။

အသည်းရောဂါ[ပြင်ဆင်ရန်]

အရက်သည် အသည်းကိုလည်း အဓိက ဒုက္ခပေးသည်။ အသည်းသည် ခန္ဓာကိုယ်တွင်း ဝင်လာသမျှ အဆိပ်အတောက်မှန်သမျှကို အဆိတ်မဖြစ်ဖို့ ခြေဖျက်ပေးရသော ခံတပ်တစ်ခုဖြစ်သည်။ ဝင်လာသော အရက်များကို အသည်းက ချက်ပေးရဖန်များသည့်အခါ အသည်းရောင်ခြင်း(Hepatitis)၊ အသည်းအဆီဖုံးခြင်း(Fatty Liver)၊ အသည်းကြွပ်ခြင်း(Liver irrhosis) တို့ဖြစ်နိုင်သည်။ အသည်းကြွပ်ရောဂါ ဖြစ်ရာမှ အသည်ကင်ဆာအထိ လည်း ဖြစ်ပွားနိုင်သည်။ ထို့ပြင် သရက်ရွက်ကြီးခြင်း(Splenomegaly)၊ အစာရေမျိုသွေးကြောများပွပြီး ပေါက်တတ်ခြင်း (Oeso-phyaryngeal Varices & Rupture)၊ ဖျဉ်းစွဲခြင်း(Ascites)၊အစာအိမ်နှင့် အူလမ်းကြောင်းမှာ နှုတ်ခမ်းကင်ဆာ၊ လျှာကင်ဆာ၊ အစာရေမျိုရောင်ရမ်းခြင်း(Oeso-phagitis)၊ ပန်ကရိယရောင်ခြင်း(Panceratitis)၊ အစာအိမ်ရောင်ရမ်းခြင်း (Gastritis)၊ သွေးကြောပေါက်၍ သွေးအန်ခြင်း(Haematamesis)နှင့် အူမကြီးကင်ဆာ(Ca colon)တို့လည်း ဖြစ်တတ်သည်။ အူမှလည်း အစာစုပ်အားနည်းသည့် ရောဂါ(Mal-absorption Syndrome) ရနိုင်သည်။ အရက်အသောက်လွန်ပြီး စားသောက်မှုကို ဂရုမစိုက်လျှင် ဗီတာမင်ချို့တဲခြင်း (Vitamin Deficiency)၊ သွေးတွင် အချိုဓာတ်နည်း၍ ခေါင်းမူးခြင်း(Hypoglycemia)၊ သွေးအားနည်းခြင်း(Anemia) စသည့် ရောဂါများ ဖြစ်နိုင်သည်။ ထို့ပြင် ကြွက်သားချည်းနဲ့သော ရောဂါများနှင့်အတူ လိင်မှုဆိုင်ရာအားနည်းခြင်း (Impotency) ဖြစ်နိုင်သည်။ အရက်ကြောင့် နှလုံးရောင်ခြင်း(Alcoholic Carditis)၊ နှလုံးရောဂါဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ချည့်ခြင်းနှင့် အတက်ရောဂါ(Epilepsy) လည်း ရနိုင်သည်။

အခြား စိတ်ရောဂါများ[ပြင်ဆင်ရန်]

အရက်စွဲနေပါက မသောက်ဖြစ်သည့်အခါ အရက်နာကျသည့် လက္ခဏာများဖြစ်နိုင်သည်။ စနစ်တကျမဖြတ်လျှင် အရက်ငန်းဖမ်းခြင်း(Delirium Tremens) ဖြစ်နိုင်သည်။ အသောက်များသူ၊ အသက်ကြီးသူများနှင့် အခြားရောဂါအခံရှိသူများအတွက် အန္တရာယ်ရှိ၍ အထူးဂရုစိုက်သင့်သည်။ အရက်ကြာရှည်သောက်လျှင် စိုးရိမ်လွန်ခြင်း(Anxiety)၊ အကြောက်လွန်ခြင်း(Phobia)၊ ပတ်ဝန်းကျင်ပေါ်တွင် လွဲမှားသော အယူအဆနှင့် ယုံကြည်ချက်အစွဲများ ဖြစ်ပေါ်ခြင်း(Alcoholic Delusion)၊အထူးသဖြင့် ဇနီးမယာပေါ်တွင် မဟုတ်မမှန်ဘဲ အခြားသူတစ်ယောက်ယောက်နှင့် သမုတ်ခြင်း(Morbid Jealousy)၊ စိတ်ကြွရောဂါဖြစ်ခြင်း(Hypomania/ mania)၊ စိတ်ကျရောဂါဖြစ်ခြင်း(Depression)၊ စိတ်ကျရောဂါပြင်းထန်ပါက မိမိကိုယ်ကို ထိခိုက်အနာတရဖြစ်အောင်လုပ်ခြင်း၊ အဆုံးစီရင်ခြင်း(Suicide)နှင့် အရက်စိတ္တဇဖြစ်ခြင်း(Alcoholic Psychosis) တို့ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် မှတ်ဉာဏ်ချို့ယွင်းပြီး မိသားစုအသိုင်းအဝိုင်း နေရာဒေသတို့ကို မမှတ်မိ မသိရှိတော့သဖြင့် သူငယ်ပြန်သလို အရက်ကြောင့် မှတ်ဉာဏ်ချို့ယွင်းခြင်း(Alcoholic Dementia) ရောဂါလည်း ရနိုင်သည်။

အရက်နှင့် အမျိုးသမီး[ပြင်ဆင်ရန်]

အမျိုးသမီးတွေမှာ အမျိုးသားများထက်စာရင် ရေဓာတ်ထက် အဆီဓာတ်များသည့်အတွက် အရက်ပြင်းအားတူ၊ ပမာဏတူသောက်လျှင် အမျိုးသားတွေထက် အမူးပိုလွယ်ပါသည်။ အသည်းလည်း ပိုထိခိုက်လွယ်သည်။ အရက်စွဲသူ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိလာမည်ဆိုလျှင် ကလေးငယ်မှာ (Fetal Alcohol Syndrome) ရောဂါပါလာနိုင်သည်။ ၎င်းတို့မှာ ကလေးသေးသေးမွေးခြင်း၊ တစ်နည်းအားဖြင့် ပေါင်မပြည့်ခြင်း၊ ကြီးထွားမှုနှေးခြင်း၊ မျက်နှာနှင့် ခေါင်းတွင် မွေးရာပါချို့ယွင်းမှုများဖြစ်ခြင်း၊ ဉာဏ်ရည်မမီခြင်း၊ ခန္ဓာကိုယ်ပိုင်း၊ စိတ်ပိုင်းနှင့် အပြုအမူပိုင်းဆိုင်ရာ ဖောက်ပြန်မှုမျိုး ဖြစ်နိုင်သည်။ ထို့ကြောင် အရက်သည် သန္ဓေသားအပေါ်တွင် တိုက်ရိုက်ဆိုးကျိုး သက်ရောက်မှုရှိသည်ကို တွေ့ရသည်။

အရက်ဖြတ်ခြင်း[ပြင်ဆင်ရန်]

အရက်အစိမ်းဖြတ်ခြင်းဆိုသည်မှာ အရက်ကို ဆေးမကူဘဲ၊ မသောက်တော့ဘဲ ဖြတ်ခြင်းကို ဆိုလိုသည်။ အရက်စွဲသူများတွင် အသက်အရွယ်ကြီးသူ၊ အရက်ပမာဏများများသောက်သူ၊ ရောဂါအခံရှိသူ၊ အားနည်းချည့်နဲ့သူများသည် ဆေးရုံဆေးခန်းများ၌ ကုသသင့်သည်။ အထူးသဖြင့် အတွင်းလူနာအနေဖြင့် တက်ရောက်ကုသမှု ခံယူသင့်ပါသည်။ အချို့ကလည်း အရက်ဖြတ်ပြီး ဆေးဝါတွေသောက်နေတဲ့ အချိန် အရက်ပြန်သောက်မိလျှင် သေတတ်သည်ဟုဆိုပြီး အကြောင်းပြ အရက်မဖြတ်လိုကြချေ။ ဤသည်မှာ မှားယွင်းသောအယူအဆဖြစ်သည်ဟု ဆရာဝန်များက ဆိုကြသည်။ ထို့ကြောက် အရက်စွဲခြင်းသည် ရောဂါပိုးတစ်မျိုးမျိုးကြောင် ဖြစ်တာမဟုတ်ဘဲ မိမိ၏အမူအကျင့်၊ စိတ်ခံစားမှုနှင့် ပတ်ဝန်းကျင် စေ့ဆော်မှုများကြောင့် ဖြစ်သည်။ ဆေးတစ်မျိုးတည်းကို အားကိုး၍ အရက်မပြတ်နိုင်ချေ။ ထို့ကြေင့် ဆရာဝန်ညွှန်ကြားသည့် ဆေးများကို မှန်မှန်သောက်ခြင်း၊ ဆရာဝန်နှင့် မကြာခဏထိတွေ့နေခြင်းသည် မိမိစိတ်ကို ထိန်းဖို့ တွန်းအားတစ်ခုဖြစ်သည်။ တိုက်သည့်ဆေးများမှာ အရက်ဖြတ်ထားစဉ်ကာလ အဦးပိုင်းမှာ ညအိပ်ရေးပျက်ခြင်း၊ စိတ်ဆက်ခြင်း၊ စိတ်တိုခြင်း၊ ဒေါသကြီးခြင်း စသည့်တို့အတွက် သက်သာရာရစေရန် စိတ်ငြိမ်ဆေးများပေးခြင်းဖြစ်၍ ဆေးမှန်မှန်သောက်သင့်သည်။ ထို့ပြင် Life Style ဟုခေါ်သည့် ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် လူမှုရေး နေထိုင်မှု ပုံသဏ္ဌာန်များကို ပြောင်းလဲဖို့ လိုအပ်ပေသည်။ စိတ်ပိုင်းဆိုင်ရာကို ပြုပြင်သည့်နေရာတွင် အရက်ဖြတ်ဖို့ ကြိုးစားနေ့တဲ တစ်ချိန်တည်းမှာပဲ အရက်နှင့် နီးစပ်အောင်မနေခြင်း၊ အရက်ကို စွဲစွဲမြဲမြဲသောက်သူများနှင့် သွားလာပေါင်းသင်းမှု ဆင်ခြင်ခြင်း၊ ဖြစ်နိုင်ရန် ရှောင်ကြဉ်နေခြင်း၊ အရက်ပါသော ထမင်းစားပွဲ၊ ပျော်ပွဲရွှင်ပွဲများကို ရှောင်ခြင်း၊ အားကစားတစ်ခုခုကို အချိန်မှန်မှန် လိုက်စားခြင်း၊ အားလပ်သည့်အချိန်တွင် မိမိဝါသနာပါရာ စာဖတ်ခြင်း၊ သီးချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းများအပြင် ပန်းချီဆွဲခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ တံဆိပ်ခေါင်းစုခြင်း၊ လက်မှုပညာအလုပ်တစ်ခုခုကို လုပ်ခြင်း၊ နှစ်သက်ရာ အိမ်မွေးတိရစ္ဆာန်ငယ်များမွေးခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် အချိန်ကုန်စေသင့်ပါသည်။ ဘာသာရေးအနေဖြင့် သင့်တော်သင့်အချိန်တွင် အချိန်ပေး၍ တရားထိုင်ခြင်း၊ တရားစခန်းဝင်ခြင်းတို့သည်မှာ စိတ်အမူအကျင့်ကို ပြုပြင်ပြောင်းလဲရာတွင် ကောင်းသောနည်းလမ်းများဖြစ်သည်။

အရက်နှင့် ဥပဒေ[ပြင်ဆင်ရန်]

အရက်နှင့် ပက်သက်သည့် ဥပဒေများလည်း ရှိသည်။ မြန်မာနိုင်ငံတွင် အရက်နှင့် ပက်သက်သည့် ပြဋ္ဌာန်းထားသော ဥပဒေမှာ အရက်အမျိုးမျိုးကို ခွင့်ပြုချက်ဖြင့်သာ ချက်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြည်တွင်/ပြည်ပတင်ပို့ခြင်း၊ လက်လီ/လက်ကားဆိုင်ဖွင့်ခြင်း၊ ရောင်းဝယ်ခြင်း၊ အခွန်အကောက်ခံခြင်းတို့ကို့ ပြဋ္ဌာန်းထားသည်။ အရက်သောက်ထားသူတစ်ဦး ယာဉ်ရထားမောင်း၍ ယာဉ်မတော်တဆမှုဖြစ်ခဲ့လျှင် ယာဉ်တိုက်မှုအား သက်ဆိုင်ရာက ဥပဒေအရ အရေးယူမည်မှာ မလွဲပေ။ အကယ်၍ ယာဉ်မောင်းသူ၏ အာငွေ့ကို ပါးစပ်မှာ တိုင်းသည့်ကိရိယာလေးဖြင့် တိုင်းတာကြည့်ပြီး အရက်ချိန်ပမာဏ (၇၀ မီလီဂရမ်ရာခိုင်နှုန်း) ထက်များလျှင် မူးမောင်းမှုနှင့် ထပ်မံအရေးယူခံရမည်ဖြစ်သည်။ ၎င်းအာငွေ့တိုင်စက်သည် အာငွေ့ကို ၎င်းစက်ဖြင့်တိုက်တာပါက သွေးထဲရှိ အရက်ပမာဏအချိန်(Level)ကို တိုက်ရိုက်ဖတ်ရှုနိုင်သည်။ သွေးထဲရှိ အရက်ပမာဏ အရက်ချိန်ပမာဏ (၇၀ မီလီဂရမ်ရာခိုင်းနှုန်း)ထက် ကျော်လျှင် လူဟာမူးယစ်ပြီး အာရုံကြောများ လေလံထိုင်းမှိုင်းမည်။ ကြွက်သားလှုပ်ရှားမှုများ နှေးကွေးမည်။ ထို့ကြောင့် ယာဉ်ကို ကိုင်တွယ်ရာတွင် ချိန်ဆမှု၊ တုံ့ပြန်မှု၊ မှန်ဆချက်များ နှေးကွေးလွဲမှားပြီး ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် အရက်ချိန်ပမာဏ (၇၀ မီလီဂရမ်ရာခိုင်းနှုန်း)ထားခြင်းဖြစ်သည်။ အခြားနိုင်ငံများတွင်မူ ၆၀၊ ၇၀၊ ၈၀ မီလီဂရမ်ရာခိုင်​နှုန်း စသည်ဖြင့် ထားရှိသည်ကို တွေ့ရသည်။

အရက် ကာကွယ်ရေးနှင့် ပြည်သူလူထု[ပြင်ဆင်ရန်]

အရက်သောက်ခြင်းကို လူမှုရေးအနေဖြင့် အနည်းနှင့်အများဆိုသလို တွေ့မြင်ကြရသည်။ သို့သော် ကျန်းမာရေးကိုထိခိုက်စေသည် ဆိုသည့်အချက်ကိုကား ငြင်း၍မရချေ။ အရက်သောက်ခြင်းအကျင့်သည် ကျန်းမာရေးရှုထောင့်ကပြည့်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ အထူးသဖြင့် ငယ်ရွယ်သူ ကျောင်းသား၊ ကျောင်းသူများကို ဦးတည်ပစ်မှတ်ထားပြီး အရက်ကာကွယ်ရေးပညာပေးရေးများ ပြုလုပ်ကြရမည်ဖြစ်သည်။ မည်သည့်နိုင်ငံတွင်မဆို အရက်စွဲသူများကို အစိုးရကျန်းမာရေးဆေးပေးခန်းများ၊ ဆေးရုံများတွင် ဆေးကုသပေးလျက် ရှိကြသည်။ အရက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုဖြစ်လျှင်လည်း စိတ်ကျန်းမာရေး ဆေးရုံများနှင့် စိတ်ကျန်းမာရေး ဆေးကုဌာနများ၌ ဆေးကုသပေးလျက် ရှိသည်။ အရက်သောက်တတ်ပြီး အကျင့်ဖြစ်နေသူများကိုလည်း အရက်ကြောင့်ဖြစ်သည့် ဘေးဒုက္ခဆိုးကျိုးအမျိုးမျိုးကို ပညာပေး သိမ်းသွင်းစည်းရုံးဖို့ရန် လိုအပ်သည်။ အရက်သောက်ခြင်းကြောင့် ရောဂါတွေ ဖြစ်နိုင်သလို အရက်မသောက်ခြင်းဖြင့် ရောဂါအများအပြားနှင့် အခြားဒုက္ခကို ကာကွယ်ရာ ရောက်ပါသည်။ အရက်ကို စွဲလမ်းစွာ အကျင့်ပါနေသူများအနေနှင့်လည်း ဆေးရုံဆေးခန်းများမှာ စနစ်တကျ ကုသပြီး မိမိရဲ့ အမူအကျင့်ကို တဖြည်းဖြည်းပြုပြင်ဖို့ရန် ကြိုးစားသင့်ပေသည်။

ထို့ကြောင့် လူတစ်ဦး အရက်ပြတ်ရန် ပြည်သူလူထုအနေဖြင့် အရက်အန္တရာယ်ဆိုးကျိုးတွေ ခံစားမှုလျော့နည်းဖို့ရန် ဘက်ပေါင်းစုံမှပါဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းအပ်သည်။ တနည်းအားဖြင့် အရက်သောက်သုံးမှု ထိန်းချုပ်​ရေးဆိုင်ရာ စည်းကမ်းများ၊ စနစ်တကျ ဆောင်ရွက်ခြင်းများ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ ပြည့်စုံခြင်းများ၊ ကျန်းမာမှုနှင့် လျော်ညီသော နေထိုင်စားသောက်မှု သဏ္ဌာန်များကို နားလည်ကျင့်သုံးကြလျှင် အရက်ကြောင့် ဖြစ်သည့် ဆိုးကျိုးဘေးအန္တရာယ် နည်းပါးကင်းဝေးပြီး သက်ရှည်အနာမဲ့ကြောင်းဆိုသည့် ကျွန်ုပ်တို့၏ ရည်မှန်းချက်တွေ ပြီးပြည်စုံပေလိမ့်မည်။ [၂]

အရက်ချက်လုပ်ပုံ[ပြင်ဆင်ရန်]

အရက်ချက်လုပ်ကြရာ၌ ပစ္စည်း အမျိုးမျိုးကို အသုံးပြုကြသော်လည်း များသောအားဖြင့် ချက်လုပ်နည်းမှာ အတူတူပင် ဖြစ်သည်။ အရက်ဟုဆိုရာ၌ ပေါင်းခံသော နည်းဖြင့်ချက်ယူရရှိ၍ သတ်မှတ်ထားသော ပမာဏာထက် အယ်လကိုဟော ပိုမိုပါရှိသော မူးယစ်စေတစေသည့် အရည်အားလုံးကို ဆိုလိုပေသည်။ ထို ကြောင့် ဗရန်ဒီ၊ ရမ်၊ ဝီစကီနှင့် စက်မှုလက်မှုသုံး အယ်လကိုဟောအားလုံးသည် အရက် များပင် ဖြစ်ကြသည်။

ဝီစကီကို ချက်လုပ်ကြရာတွင် မုယောစပါးကိုဖြစ်စေ၊ ရိုင်း စပါးကိုဖြစ်စေ၊ အုတ်ခေါ် မြင်းစားဂျုံကိုဖြစ်စေ၊ သို့မဟုတ် ထို ဂျုံသုံးမျိုးစလုံးကို ရောစပ်၍ဖြစ်စေ အသုံးပြုလေ့ရှိကြသည်။ ထိုဂျုံတစ်မျိုးမျိုးကို အညှောက် ပေါက်လာစေရန် ရေတွင် စိမ်ပြီးနောက် ရက်သတ္တသုံးပတ်မျှ ကြာသည့်တိုင်အောင် ကြမ်း ပေါ်တွင် ဖြန့်ထားရ လေသည်။ ထိုနောက် စည်ကြီးတစ်ခုထဲသို့ ထည့်ပြီးလျှင် ရေပူပူဖြင့် ချေပေးရ၏။ ချေပြီးသောအခါ အအေးခံ၍ တဆေးနှင့် ကဇော်ဖောက်ရသည်။ ထိုအခါ အယ်လကိုဟောအရက်ကို ရရှိ၍ ထိုအယ်လကိုဟောကို ပေါင်းခံနည်းဖြင့် ခွဲထုတ်လိုက်သောအခါတွင် ဝီစကီကို ရလေသည်။ ရမ်ချက်ရာတွင် ကြံရည်ကို ကဇော်ဖောက်၍ ချက်ယူရသည်။ ဗရန်ဒီချက်ရာတွင် ကဇော်ဖောက်ရန်အတွက် စပျစ်ရည်ကို အသုံးပြုကြသညင်။ ရောင်းတမ်း အရက်များကို ချက်လုပ်ရာ၌ကား မုန်လာဥနီ၊ သို့မဟုတ် အားလူး၊ သို့မဟုတ် သစ်သားများကို အသုံးပြုကြသည်။ အထက်ဖော်ပြပါ အရက်များကို ချက်ကြရာတွင် ဆိုင်ရာ အစိုးရပိုင်းရှိ ယစ်မျိုးဌာနများမှ အထူးကြပ်မတ် အရေးယူကာ စစ်ဆေးပြီးလျှင် အကောက်အခွန်များကို ကောက်ယူလေ့ ရှိကြလေသည်။[၃]

အရက်ဖြူ[ပြင်ဆင်ရန်]

အရက်ဖြူသည် မူးယစ်စေတတ်သော အဖျော်ယမကာ တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သော အရက်တစ်မျိုးလည်း ဖြစ်သည်။ မြန်မာ့ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်း (Burma Eateries and Distilleries Corporation) မှ ထုတ်လုပ် ရောင်းချသော အရက်တစ်မျိုး ဖြစ်သဖြင့် အင်္ဂလိပ် နာမည်၏ အတိုကောက် ဘီအီးဒီစီ သို့မဟုတ် ဘီအီးဟုပင် လူသိများသည်။ အဖြူ (သို့) ထွေးညို ဟုလည်း ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။

စီးပွားရေး လုပ်ငန်းများကို နိုင်ငံတော်မှ ထိန်းချုပ်ထားသည့် အချိန်က အရက်ဖြူကို အစိုးရ စက်ရုံမှပင် ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးရှိ အရက်ဖြူဆိုင်များသို့ ဖြန့်ဖြူး ရောင်းချပေးသည်။ အခြေခံ လူတန်းစားများ အများဆုံး သောက်သုံးလေ့ ရှိသဖြင့် အရက်ဖြူဆိုင်ကို ဘုံဆိုင်ဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြသည်။ အရက်ဖြူကို အဆီအဖြစ် ထုတ်လုပ်လေ့ ရှိပြီး အရက်ဖြူ အဆီ တစ်ပုလင်းကို ရေ ၆ ပုလင်းဖြင့် ရောစပ်ပါက သောက်သုံးနိုင်သော အရက်ဖြူကို ရရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. (တိံသနိပါတ်-ကုမ္ပဇာတ်)
  2. Myanmar.com[လင့်ခ်သေ]
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)