ခြင်းလုံး

ဝီကီပီးဒီးယား မှ

ခြင်းလုံးကစားနည်း သည် မြန်မာလူမျိုးများ သာမက အချို့ နိုင်ငံခြားသားများပါ စိတ်ဝင်စားသော ရိုးရာ အားကစားနည်း ဖြစ်သည်။ ပျူခေတ်မှ စတင်၍ ကစားခဲ့ကြသည် ဟု ယုံကြည်ရသည်။ ခြင်းလုံးကစားနည်း ၏ထူးခြားချက် မှာ တယောက်နှင့် တယောက် တဖက်နင့်တဖက် ယှဉ်ပြိုင်ရသည် မဟုတ်ပဲ ခြင်းလုံးကိုမြေသို့မကျအောင် ကစားဖော်များက စုပေါင်း အားထုတ်ရသော ကစားနည်းဖြစ်သည်။

ယူနက်စကို ဒြပ်မဲ့ယာဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ထည့်သွင်း စဉ်းစားခံရသော မြန်မာနိုင်ငံသားတို့၏ ရှေးဟောင်း အားကစားနည်းတမျိုး ဖြစ်သည်။ [ကိုးကားချက်လိုသည်]

ခြင်းလုံး ကစားခြင်း[ပြင်ဆင်ရန်]

[၁]

ခြင်းလုံး ကစားခြင်းသည် မြန်မာ့ရိုးရာ ကစားနည်း တစ်ရပ်ဖြစ်သည်။ ကြိမ်နှင့်ယက်လုပ်ထားပြီး အလုံးသဏ္ဌာန်ရှိသော အရာကို ခြင်းလုံးဟုခေါ်၍ ခြင်းလုံးကို ခြေဖျား၊ ခြေခွင်ဒူးဖဝါး၊ ဖနောင့်၊ ဖမျက် စသည်တို့ဖြင့် ခတ်ကစားရသော ကစားနည်း ဖြစ်သည်။ ၂၁ ရာစု တွင် တဦးခြင်း ကစား သော ဖရီးစတိုင်ဘောလုံး ကစားနည်း နှင့် ခပ်ဆင်ဆင် ရှိပါသည်။

ပိုက်ကျော်ခြင်း ခေါင်း စဉ် အောက် တွင် မထည့် သင့်ပုံ[ပြင်ဆင်ရန်]

နိုင်ငံတကာ ပိုက်ကျော်ခြင်ခြင်း အဖွဲ့ချုပ် က ခြင်းလုံး ကို ပိုက် ကျော် ခြင်း ခေါင်း စဉ် အောက် တွင် ထည့် သွင်း လိုသော် လည်း ထည့်သွင်းရန် မသင့်။အကြောင်းမှာ ပိုက်ကျော်ခြင်း ကစားနည်းသည် ဘောလုံး နှင့် ဘော်လီဘော ကစားနည်း နှစ်ခု ကို ပေါင်းစပ်ပြီး ကြက်တောင်ရိုက်ကစားသည့်ကွင်း တွင် ခြင်းလုံးကို အသုံးပြု ကစားသည့် စုပေါင်းစပ်ပေါင်းကစားနည်းသာ ဖြစ်ပြီး ၂၀ ရာစု နှောင်းပိုင်းမှသာ ပေါ် ပေါက် လာသည့် ကစားနည်း တခုသာ ဖြစ်သောကြောင့်ပင်။ [ကိုးကားချက်လိုသည်] ခြင်းလုံး ကစားနည်းမှာမူ နှစ်ပေါင်း ထောင်ချီ ရိုးရာမပျက် ခတ်ကစားခဲ့သော ကစားနည်းဖြစ်လေသည်။ သမိုင်းကြောင်းသာ မက ကစားဟန် များမှာလည်း လုံးဝနီးပါး မတူညီကြ။ ခြင်းလုံးသည်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် ဖိုက်ဘာဖြင့် ပြုလုပ်ပြီး အရွယ်အစား ပိုမိုသးငယ်ကာ သိပ်သည်းဆ ပိုမိုသည့် ပိုက်ကျော် ခြင်းလုံး သည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော သဘာဝကြိမ်ဖြင့် ပြုလုပ်ပြီး အရွယ်အစား ပိုမိုကြီးမားကာ ပေါ့ပါး သည့် ခြင်းလုံးတို့ များစွာ ကွာခြားမှုရှိသည်။ ကစားသည့် ကွင်းချင်းလည်း လုံးဝ ကွဲပြား လေသည်။ ပိုက်ကျော်ခြင်းကစားကွင်း အရွယ်အစားမှာ ကြက်တောင်ရိုက် အားကစားနည်း ကစားသည့် ကွင်း အတိုင်း ဖြစ်ပြီး ပိုက် သည်ပင် အရွယ်တူ အတိုင်းအတာတူ အမြင့် တူ နီးပါး ဖြစ်လေသည်။ ကစားနည်း၏ ရည်ရွယ်ချက် ချင်း လည်း ခြားနားမှုရှိသည်။ ပိုက်ကျော်ခြင်း တွင် တဖက်နှင့် တဖက် ထိုးနှက်တိုက်ခိုက်ခြင်း၊ တဖက်၏ အားနည်းချက်ကို တဖက်က ချေနင်းကာ မိမိအနိုင်ရဖို့ အသုံချခြင်း၊ မိမိကိုယ်ကျိုးကို ရှေ့တန်းတင်ရသည့် တကိုယ်ကောင်းဆန်မှု ရှေးရှုရခြင်း၊ တဦးနှင့် တဦး ရန်လိုခြင်း၊ အငြင်းအခုန်ပြုရခြင်း၊ ပဋိပက္ခဖြစ်ခြင်း စသည့် အနုတ်သဘောဆောင်သည့် လက္ခဏာများ အလွန်အကြူးထင်ဟပ် နေသည်။ ခြင်းလုံးကစားနည်းတွင်မူ ခြင်းလုံး မြေသို့ မကျစေရန် ဝိုင်းဝန်း ကြိုးစား အားထုတ်ရခြင်း၊ တဦး၏ အားနည်းချက်ကို တဦးက ဖေးမကူညီရခြင်း၊ တဦးတွင် ရှိသော အားသာချက် ပိုမို ပေါ်လွင် ထင်ရှားစေရန် ကျန်ကစားဖော်များက ဝိုင်းဝန်း ကူညီထောက်ပံ့ကြခြင်း၊ ကစားဖော် အားလုံး ခြင်းလုံးနှင့် ထိတွေ့ ခတ်ကစားနိုင်ရေးကို အားပေး ကူညီ ဝိုင်းဝန်း အားထုတ် ရခြင်း စသည့် ချစ်စဖွယ် လက္ခဏာ သဘောထား အမူအကျင့် စိတ်ဓာတ် ကောင်းများ စွာတို့ ထုံမွှန်း နေသည်ကို တွေ့နိုင်သည်။ ဘေးမှ ကြည့်ရှု အားပေးကြသည့် ပရိသတ် ချင်း ပင် မတူညီကြချေ။ ပိုက်ကျော်ခြင်း ပရိသတ် အများစုမှာ မိမိအားပေးသည့် အသင်း အနိုင်ရရေး အော်ဟစ် အားပေး တတ်ကြပြီး ရန်ဖန်ရန်ခါ ခိုက်ရန် ပင် ဖြစ်ပွားတတ်ကြသေးသည်။ ခြင်းလုံး ပရိသတ် အများစုမှာမူ ကစားသမားများ၏ လှပသည့် ကစားဟန် ခြင်းပေါက် တွဲလုံး များကို အရသာခံ ကြည့်ရှု အားပေးကြသူများသာ ဖြစ်ကြသည်။ ထို့ကြောင့် ခြင်းလုံး ကို သဘာဝခြင်း မတူညီ ဆန့် ကျင် ဘက် ဖြစ်သည့် ပိုက်ကျော်ခြင်း အဖွဲ့ချုပ် အောက်တွင် ထားရှိခြင်းသည် မလျော်ကန် မသင့်မြတ် ပညာရှိတို့ ကဲ့ရဲ့ဖွယ် ကိစ္စရပ်ဖြစ်လေသည်။

ကမ္ဘာ့လုံးဆိုင်ရာအားကစား ဖြစ်သင့်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ခြင်းလုံးကစားခြင်း သည် ရိုးရာမူဟန်မပျက် ကျန်နေရစ်ပြီး အထူးစိတ်ဝင်စားဖွယ် ရှားပါးကစားနည်း တစ်မျိုး ဖြစ်နေပါသည်။ ညင်သာသည့်၊ ခြေခတ် ပညာမျိုးစုံ၊ ကြွယ်ဝလှသည့် ခြင်းပေါက် များ၊ တဦးချင်းတွဲလုံး အုပ်စုလိုက် တွဲလုံးများ၊ ဟန်များ အမြူးဟာသများ၊ တပင်တိုင်ခတ်ဟန်များ နှင့် ခြင်းပေါက် အခေါ် အဝေါ် များဖြင့် အဆင့်အတန်း မြင့်မားသည့်ယဉ်ကျေးမှု အနုပညာ ကို ထင်ဟပ်နေသည့် ကစားနည်းလည်း ဖြစ်ပါသည်။ ကျား-မ၊ ကြီး-ငယ်၊ အသားအရောင်၊ ဒေသ မရွေး ပူးပေါင်းကစားနိုင်ကြသည့် တဖက်နှင့်တဖက် တိုက်ခိုက်မှု မရှိသည့် ချစ်ကြည်ရေး ငြိမ်းချမ်းရေး ကစားနည်းတစ်ခုလည်း ဖြစ်ပြန်ပါသည်။ ဤကစားနည်းသည် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှု၊ ရိုင်းပင်းကူညီမှု၊ တဦးနှင့်တဦးနားလည်မှု၊ အပေးအယူရှိမှု နှင့် လွတ်လပ်သည့် သဘောတို့လည်း ပါဝင်ဖွဲ့စည်းနေသည်။ ကမ္ဘာ ပေါ် ရှိ လူတိုင်း အတွက် သင့်တော်သည့် ကစားနည်း တရပ် ဖြစ်ပေသည်။ ကမ္ဘာလုံးဆိုင်ရာ အားကစားနည်း ဖြစ်လာပါက ကမ္ဘာလောက အတွက် များစွာ အကျိုးရှိမည် ဖြစ်ပေသည်။

သမိုင်း[ပြင်ဆင်ရန်]

စတင်ပေါ်ပေါက်လာပုံ[ပြင်ဆင်ရန်]

ခြင်းလုံး စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ မြန်မာများ အကြား၌ပင် ငြင်းခုံနေကြဆဲ ဖြစ်သည်။ အချို့က ဤကစား နည်းသည် နှစ်ပေါင်း ၂, ၅၀ဝ ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုကြသည်။ အချို့ကမူ အေဒီ ၇ ရာစု ရှေးဟောင်းပျူခေတ်ကာလက စတင် ရှိခဲ့သည်ဟု ပျူခေတ် ရှေးဟောင်းသုတေသန အထောက်အထားများဖြင့် ဆိုကြသည်။ အချို့က ပို၍ နောက်ပိုင်းကျသည့် ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်းလက်ထက်တွင်မှ စတင်တွေ့ရပြီး နန်းတော်ရှိ မင်းဆွေမင်းမျိုး ပရိသတ်များ ကြည့်ရှုရန် ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု နန်းတွင်း စာပေ အထောက်အထားဖြင့် ဆိုကြပြန်သည်။

ပျူခေတ် နှင့် ပုဂံခေတ်[ပြင်ဆင်ရန်]

တရုတ်စာပေ ဟန်ရာဇဝင်တွင် ဟိုဟန်ရှုဆိုသူ ရေးသားသည်မှာ ခရစ်သက္ကရာဇ် ၉၇ ခုနှစ်က အီဂျစ်ပြည်မှ လာသောဟန်နှင့် ချစ်ကြည် ရေးအဖွဲ့ ဝင်များ တရုတ်ပြည်သို့ သွားရောက်၊ ဘုရင့်ထံအခစားဝင်ခဲ့လေသည်။ ထိုအဖွဲ့တွင် အစိမ်းတိုက်ပညာသည်များ၊ မျက်လှည့် ပြသူများ၊ တူရိယာတီးမှုတ် ပညာသည်များ၊ အလုံးသဏ္ဌာန်ညှပ် ကစားပြသူများလည်း ပါရှိသည်ဟု ရေးသားထားသည်။ ထိုအလုံး ကိရိယာ ၁၀ လုံးကို နိုင်နင်းစွာကိုယ်ခန္တာ ပေါ်တင် ညှပ်ကစားသူဟုဆိုသည်။ အဖွဲ့လိုက်မဟုတ်သည်ကတစ်ကြောင်း၊ ခြင်းလုံးခတ် အားကစား ခေတ်ဦးပိုင်းက မြန်မာနိုင်ငံတွင် တစ်ကိုယ်ရေအတတ် ပြ၊ ခြင်းလုံးအတင်၊ အညှပ် ကစားသူများ ရှိခဲ့ရာ ထိုအလုံးမှာ ခြင်း လုံးဖြစ်ပြီး ကစားသူမှာလည်း မြန်မာပြည်ကပင် ဖြစ်ရမည်ဟု ခြင်းလုံးသုတေသီတစ်ဦးက မှတ်ချက်ပြုထားသည်။

ရှေးခေတ် မြန်မာခြင်းလုံး ကစားဝိုင်း

ယင်းနှင့်ပတ်သက်၍ အထောက် အထားမှာ အီဂျစ်နိုင်ငံ မစ္စတာဟန်တို့ အဖွဲ့သည်တရုတ်ပြည်အသွား မြန်မာနိုင်ငံမြောက်ဖျားမှ ဖြတ် သန်းစဉ်ခရီးတစ်ထောက်နားခိုက် ထိုအလုံးများတင်၊ညှပ်ကစားပြသူကို၎င်းတို့အဖွဲ့က ခေါ်ယူသွားခြင်းဖြစ်နိုင်သည်ဟု ယူဆရသည်။ ယခုအချိန်တိုင် အီဂျစ်နိုင်ငံတစ်ဝန်းခြင်းလုံးကစားမှုရှိသည်ဟု ကြားပင် မကြားဖူးခဲ့ပေ။ ယင်းကြောင့် မြန်မာ နိုင်ငံမှဟု ထိုအလုံးကစား သူကို မှတ်ယူခြင်း ဖြစ်သည်ဟု သုတေသီများက အဆိုရှိသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) တွင် မှတ်တမ်းပြု ရေးသားထားသည်မှာ သရေခေတ္တရာ မြို့ဟောင်း ဒွတ္တဘောင်မင်းကြီး တည်ထားခဲ့သော ဘောဘောကြီး စေတီ ဌာပနာ တိုက်ထဲ မှ ငွေသားခြင်းလုံးငယ်တစ်လုံးကို တူးဖော်ရရှိခဲ့သည်ဟု ရေးသားဖော်ပြ ထားခဲ့သည်။ အထောက်အထား အနေဖြင့် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနဌာန မှ ကျောက်စာဝန် ပြင်သစ်လူမျိုး ချားစ်ဒရွိုင်ဇယ်၁၉၂၆-၂၇ ခုနှစ်အတွင်း နှစ်ပတ်လည် အစီရင်ခံစာ၊စာမျက် နှာ ၁၇၁ ပါစာပိုဒ်ဖြစ်သည်။ ထိုစာပိုဒ်အရ ပြည်မြို့အပိုင်၊ မှော်စာရွာအနီး၊ ကုလားကန်ကုန်းရွာ မလှမ်းမကမ်း ၌ ဦးခင်ဘ ဆိုသူ ၏ယာမြေရှိ၏။ ထိုယာ ကုန်းမြေအောက် အုတ်တိုက်ကို တူးဖော်ရာ ဗုဒ္ဓ ရုပ်ပွားတော်များ၊ လက် ဝတ်ရတနာ များ၊ ရုပ်တုများ တူးဖော်ရရှိ ခဲ့သည်။ ထို အုတ်တိုက်ထဲမှ တူးဖော် ရရှိသော ပစ္စည်းများမှ ထူးခြားသော ပစ္စည်းတစ်ခု ပါရှိခဲ့လေ သည်။ ထို အရာဝတ္ထုမှာ နှစ်လက်မ မတ်တင်းအချင်းရှိသော သေးငယ်သည့် ငွေခြင်းလုံးလေး တစ်လုံးဖြစ်သည်။ ထိုသို့ တူးဖော်ရသော ပစ္စည်းများ ခေတ်အခါနှင့် သက်တမ်းကို သုတေသနပြုရာ၌ ခရစ်နှစ် ၇ ရာစုခန့် ဟု သိရှိရပေသည်။

ထိုခေတ်အချိန်မှာ ပျူတို့ခေတ်အနေ ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ရှေးဟောင်းပစ္စည်းများ၊ ဌာပနာများကို စောင့်ရှောက်ထိန်းသိမ်း ခြင်း ဆိုင်ရာနှင့် ဆက်စပ်သော ကထိက ဦးသက်တင် ကလည်း အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ အေဒီ ၅ ရာစုအတွင်း ရေးထိုးကြသောက ဒဗ္ဗ တို့ ခေတ်ဦးပိုင်း စာလုကြ တို့၏ တေလဂူ၊ ကနရ အက္ခရာရေးပုံမျိုးသည် မှော်စာရွာ ဦးခင်ဘ ယာကုန်းမှ ရသော ရွှေပေလွှာ အက္ခရာ ရေးသားပုံ နှင့်တူ သဖြင့် ပျူခေတ် အထောက်အထား မှန်ကန်တိကျကြောင်း အဆိုရှိသည်။ အိန္ဒိယ အက္ခရာပါရဂူ တို့၏ အေဒီ ၅ ရာစု ခေတ်အဆိုအရ လည်း သေဉ်လည်ကြောင်ကြောင်ဒူရစ်၊ သည်ကန် သူရဲ စသော ပုဂံမင်းများခေတ်ဖြစ်ပေ သည်။ ထိုခေတ် ကာလ ရွှေပေလွှာ အက္ခရာပုံမျိုးထပ်တူမရှိ၊ သို့သော် ထပ်တူရှိသည် ဆိုသည်။ သို့ပါ၍ ပျူခေတ်၊ ပုဂံမင်းများလက်အောက်ခံ မှော်ဇာပျူမင်း ဗရဗော(ခ) တြီပြတူဝန်မ နှင့် မိဖုရားတြီပြတူဒေဝီတို့က ရွှေပေလွှာ ရေးသားစေပြီး ဦးခင်ဘကုန်း အုတ်တိုက်အတွင်း ဌာပနာပြု ထည့်သွင်း လှူဒန်း ခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရသည်။

ငွေသားဖြင့် ပြုလုပ်သည့် ငွေပန်းတိမ် ပညာရပ်ထွန်းကားသည့် သံခေတ် နှောင်းပိုင်းကာလ တွင် လက်စွမ်းပြရန်၊ ပညာစွမ်းပြရန် ငွေသားကြိမ်ခြင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ရာ သဘာဝ ကြိမ်ဖြင့် ရက်လုပ်ခဲ့သည့် ကြိမ်ခြင်းလုံးများ ထိုခေတ် မတိုင်မီကတည်းက ရှိခဲ့ပြီး ဖြစ်ရပေမည်။ အဖိုးတန် ရတနာတန်းဝင် ငွေသားဖြင့် တကူးတက ပြုလုပ်ရလောက်အောင် ယာဉ်ကျေးမှု တန်ဖိုးလည်း ရှိနေခဲ့ပြီး ဖြစ်ရပေမည်။ ထို့ကြောင့် ထိုအချိန်က ခြင်းလုံးအားကစားနည်းမှာ ပျူ နိုင်ငံ၏ နေရာ အနှံအပြား၊ နန်းတွင်း နှင့်နန်းတော်ပြင်ပ လူထု ကြားတွင်ပါ ရေပန်းစား သော အရာ ဖြစ်နေခဲ့ပြီး ဖြစ်ရပေမည်။ ထိုကဲ့သို့ နိုင်ငံနှင့် ချီသော ကစားနည်း တခု ဖြစ်လာရန်မှာ နှစ်ပေါင်း ရာ၊ ထောင် ချီ ကြာမြင့် ခဲ့ရပေမည်။ ထိုသို့သော ဟန် ရာဇဝင် နှင့် ပျူ ခေတ် သုတေသနများ ကြောင့်လည်း ခြင်းလုံးခတ်ကစားခြင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ကျော်မှ စတင်သည်ဟု ပညာရှင်တို့ ဆိုမိန့်ခြင်း ဖြစ်ပေသည်။

အင်းဝခေတ်[ပြင်ဆင်ရန်]

ခရစ်သက္ကရာဇ် ၁၇၈၂ ခုနှစ်တွင် မြန်မာနိုင်ငံအင်းဝနေပြည်တော် သို့ သာသနာပြု လုပ်ငန်းအတွက် ရောက်ရှိ လာသော အီတလီနိုင်ငံမှ ဗရင်ဂျီ ဘုန်းတော်ကြီး စန်ဂါမနို၏ မှတ်တမ်း တွင် မြန်မာပြည်တွင်၎င်းနေထိုင်စဉ် တွေ့ရသော ကစားမှုများမှာ ခုံညင်းထိုး ခြင်း၊ ဆင် စွယ်ဖဲချပ်ဖြင့်ဖဲကစားခြင်း၊ကြက်တိုက်ခြင်း၊ ဝါးကိုပါးလွှာစွာလှီးပြီး ထိုးယက်သော အလုံးကို လက်ဖြင့် မပုတ်ပဲ လူငယ်လူရွယ်များ စုပေါင်းကာ အချိန် ကြာမြင့်စွာ ခြေဖြင့် ကစားခြင်းကို တွေ့ရသည်ဟု ရေးထားသည်။

ကုန်းဘောင်ခေတ်[ပြင်ဆင်ရန်]

စာရေးဆရာ လှသမိန်က စာပေဗိမာန် မဂ္ဂဇင်း အတွဲ (၁)၊ အမှတ်(၅) တွင် ကုန်းဘောင်ခေတ် ကဟု ယူဆ ရေးသားခဲ့သည်။

စာရေးဆရာ တက္ကသိုလ်ချစ်ဆွေ ကလည်း ယဉ်ကျေးမှုစာစောင်တွင် ကုန်းဘောင်ခေတ် က ဟု ရေးသားထားသည်။ ညောင်လေးပင်မြို့အောင်သပြေ ဦးအေးမောင် (ခြင်းတော်သား လက်စွဲ စာအုပ်ရေးသားသူ) ကတော့ ပုဂံမင်းလက်ထက်က စတင်၍ ခြင်းလုံး ပေါ် ပေါက်သည်ဟု ရေးသားထားခဲ့သည်။

တစ်ဖန် ယိုးဒယား ပန်းပုသမားတစ်ဦးကလည်း သက္ကရာဇ် ၁၂၀၈ ခုနှစ် တွင် နန်းတက်သော ပုဂံမင်းထံ ဆင်စွယ်ဖြင့် ပြုလုပ်သည့် ခြင်းလုံး ပုံသဏ္ဌာန် တစ်ခု ကို ဆက်သရာ ပုဂံမင်း သဘောကျပြီး ထိုခြင်း လုံး ပုံသဏ္ဌာန်ကို ကြိမ် ဖြင့် ထိုးယက်စေကာ နန်းတွင်းမှူးမတ် တို့၏ သားတော်များ၊ လူပျိုတော်သား များ ကို ခတ်ကစားစေသည် ဟု ဆိုသည်။ မင်းတုန်းမင်း လက်ထက် ကောက်စိုက် သမများသီဆိုသော တေးသီချင်းတစ်ပိုဒ်မှာ သူ့သား သူ့အမေနှိမ်တယ်၊ ဆိုးချိန်မို့လေး၊ ညနေ ခတ်ခြေလုံးနှင့် ပျော်တုန်းမို့လေး ဟု ရေးသားထား သည်ကို မြန်မာ့စွယ်စုံကျမ်းအတွဲ(၂)၌ တွေ့ရသည်။

အချုပ်အားဖြင့် သက္ကရာဇ် ၁၁၄၅ ခုနှစ် အမရပူရ မြို့တည်၊ နန်းတည်၊ ဗဒုံ မင်းခေါ် ဘိုးတော်မင်း နှင့် မိဖုရားခေါင် ကြီးတို့ ကိုးကွယ် သော မင်းအိုဆရာ တော်ဘုရားကြီး သက္ကရာဇ် ၁၁၅၃ ခုနှစ်၊ သက်တော် ၈၃ နှစ်၊ ဝါတော် ၆၃ဝါ အရ မင်းအိုတိုက် အောင်မြေဘုံကျော် ကျောင်းကြီး တွင် ပျံလွန်တော်မူလေသည်။ ဘိုးတော်မင်းကြီးက ဘုန်းကြီးပျံ ပွဲတော် ကျင်းပရန် အမိန့်တော် ချမှတ်ရာ၌ ပြာဿာဒ်တလားရထားစည်ကြီးခရာပတ်သာဒုံမင်းခရုသင်းနှဲပုလွေ [[တူရိယာ] အထွေထွေ တီးမှုတ် စုံလင် ခင်းကျင်းစေပြီး ကြိုးတန်းလျှောက်ပွဲ၊ ကျွမ်းပွဲ၊ ခြင်းပွဲ၊ မီးပွဲ မလပ်စေရေး စီစဉ်ကြ အမိန့်တော် မြတ်မှတ်ရာ၌ ခြင်းပွဲ ပါရှိသဖြင့် ထင်ရှားသော ခိုင်လုံသည့် အထောက်အထား ဖြစ်သည်။ [၂]

ကိုလိုနီခေတ်[ပြင်ဆင်ရန်]

ခရစ်သက္ကရာဇ် ၁၈၇၄-၇၅ ခုနှစ်တွင် မြန်မာနိုင်ငံ သို့ ရောက်လာသည့် အင်္ဂလန်နိုင်ငံမှ ခွဲစိတ်ကုဆရာဝန်ကြီး စီအေဂေါ်ဒွန်ကျွနှ်ပ် မြန်မာပြည် သို့ ခရီးထွက်ခြင်း စာအုပ်တွင် မြန်မာပြည် ၌ ခြင်းလုံး ကစားနေသည် ကို တွေ့ခဲ့ရကြောင်း ရေးသား ခဲ့သည်။

ပြန်လည်ထွန်းကားခြင်း[ပြင်ဆင်ရန်]

ခြင်းပညာ၏ ခြေကွက်များ ပေါ်လွင်စေရန် ပုဆိုးကို ခါးတောင်းမြောင်အောင် ကြိုက်၍ ကစားခဲ့ကြသည်ဟု ဆိုသည်။ ဤကစားနည်းမှာ နောက်ပိုင်း သာမန် ပြည်သူ အများကြား တွင်လည်း ခေတ်စားလာခဲ့ပြီး၊ ညနေစောင်း နေအေးချိန်၌ ဖြစ်စေ၊ သစ်ပင်ရိပ်အောက်၌ ဖြစ်စေ လူအများ ခတ်ကစားလေ့ ရှိကြသည်။

ကမ္ဘာ့ အနောက်နိုင်ငံများရှိ တဖက်နှင့် တဖက်ပြိုင်ဆိုင်ကစားကြရသည့် ကစားနည်းများ အနက်မှ ခြင်းလုံးနှင့် ဆင်ဆင် တူသည့် အားကစားနည်းကို ပြောရမည်ဆိုလျှင် အလှပြ စကိတ်စီး၊ အလှပြကျွမ်းဘား၊ အလှပြစီးချက်ညီရေကူး၊ အုပ်စုလိုက်အက၊ ဘောလုံးအလှပြအတော့ အားကစားနည်များးပင် ဖြစ်ပါလိမ့်မည်။ ဤကစားနည်း အားလုံး က လျင်မြန် ဖြတ်လပ်မှု၊ ကိုယ်ခန္ဓာဟန်ချက် ထိန်းသိမ်းနိုင်မှု၊ ကျွမ်းကျင်မှုနှင့် ကစားသူများ အချင်းချင်းအကြား ရင်းနှီး ဆက်ဆံ အပေးအယူ ပြုမှုများ ပါဝင်ကြသည်။ ဤကစာနည်း ၂-ခုလုံးကို တေးဂီတ နှင့် တွဲဖက်တင်ဆက်ကြပြီး၊ သူတို့၏ အနုပညာ မြောက်စွာ တင်ဆက် နိုင်မှု အပေါ် ချီးမွမ်းဂုဏ်ပြုလေ့ ရှိကြသည်။ ခြင်းလုံးကစားနည်းတွင်လည်း မြန်မာ့ဂီတနှင့် ဆက်စပ်နေပြီး တီးခတ်နေကြသည့် ဆိုင်းဆရာ ၏ ဘေးတွင် ခတ်ပြ၍ ကစားလေ့ရှိကြသည်။ အတီးကောင်း ဆိုင်းဆရာကလည်း ခြင်းကစားမှုကို ကြွစေကြောင်း ဆိုထားသည်။

မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်ကာလ (၁၈၈၅-၁၉၄၈) က ခြင်းလုံးကိုလည်း အမျိုးသားရေး လက္ခဏာ တရပ်အဖြစ် အရူးအမူး အားပေးမြှင့်တင်ခဲ့ကြသည်။

၁၉၁၈ ခုနှစ်တွင် ခြင်းလုံးဆရာဖြစ် သင်တန်းကို စတင်ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်း ခြင်းလုံးအသင်း များ ပေါ်ပေါက် လာခဲ့သည်။ ၁၉၂၀ မှ ၁၉၂၉ ခုနှစ် ကြား ကာလများတွင် ဖနောင့် နှင့် အပျောက် ခတ်နည်း အမျိုးမျိုး ကို ပိုင်နိုင်စွာ ခတ်ကစားနေကြပြီ ဖြစ်သည်။ ဖနောင့်ခေတ်၊ အပျောက်ခေတ် ဟု တင်စားရပါမည်။

လွတ်လပ်ပြီးခေတ်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ခြင်းလုံးကစားနည်း က အမျိုးသားအားကစား ဖြစ်လာခဲ့သည်။

၁၉၅၃ ခုနှစ်က ပြေးခုန်ပစ်အားကစားအဖွဲ့အစည်း၏ ဥက္ကဋ္ဌ ဦးအာရင်ကို ဗမာအစိုးရက ခြင်းလုံးကစားနည်း စည်းမျဉ်းစာအုပ် ရေးသားပြုစုစေခဲ့သည်။၁၉၅၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှ အစပြု၍ ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံလုံး ဆိုင်ရာခြင်းလုံး ညီလာခံ သို့ပြည်ထောင် စု မြန် မာ နိုင်ငံတစ်ဝန်းလုံးရှိ ၃၃ ခရိုင်မှ တက် ရောက်လာသည့်ကိုယ်စား လှယ် များက” ခြင်းလုံးခတ်ပြိုင်ပွဲ စည်းမျဉ်း” ကို အတည်ပြုပေးခဲ့ သည်။ ထိုစည်းမျဉ်းများတွင် ပြိုင်ပွဲ အဆင့်ခြင်းခတ်ပုံခတ် နည်း၊ အမှတ်ပေးပုံပေးနည်းနှင့် အခြေခံ အသေးစိတ်စည်းမျဉ်း များကို ထိုစဉ်က မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တည်ရှိရာ အမှတ် ၅၄၉ ကုန်သည် လမ်းဌာနချုပ်မှ စာအုပ်အဖြစ် ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးသည်။ ပထမဆုံး တရားဝင် ခြင်းလုံးပြိုင်ပွဲကို ထိုနှစ်တွင်ပင် ရမ်ကွန်း(ရန်ကုန်)၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ [၃]

၁၉၅၄ ခုနှစ်မှ စ၍ အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ဗမာပြည်အိုလံပစ်ပွဲတော်၌ ဗမာ့ ခေတ်သတင်းစာတိုက်ပိုင်ရှင် မိုးကြိုးဦးအုန်းခင်၏ ငွေဒိုင်း ကြီးကို ယှဉ်ပြိုင်ရယူရန် နှစ်စဉ် ပြိုင်ပွဲများ ကျင်းပခြင်းဖြင့် မြန် မာ့ခြင်းခတ်ပြိုင်ပွဲအသွင် ပေါ် လွင်လာပြီး ခြင်းလုံးကစားသမား များအနေဖြင့် တူညီအားကစား ဝတ်စုံများဖြင့် ယှဉ်ပြိုင်ခြင်း၊ ခရိုင်အလိုက် အမှတ်တံဆိပ်များ တပ်ဆင်ယှဉ်ပြိုင်ကြခြင်းဖြင့် ခြင်း ပညာအဆင့်ကိုမြှင့်တင်နိုင် ခဲ့ကြသည်။ ရန်ကုန်မြို့တွင်သာမက မန္တလေး မဟာမြတ်မုနိဘုရား ကြီး အရှေ့ဘက် ၄၅ တာကွင်း၌ ကျင်းပသောဝါဆိုခြင်းမှာ ယခု ထိတိုင်အောင် ရိုးရာမပျက်ဆင်နွဲှလျက်ရှိသော မြန်မာ့ရိုးရာ ခြင်းပွဲတော်ဟုဆိုနိုင်ပါသည်။

မန္တလေးမြို့မှ ခြင်းပညာ ရှင် ဦးဘသိန်းသည် ၁၉၅၂ မှ ၁၉၆ဝ ပြည့်နှစ်အထိ မန္တလေး ခရိုင်ခြင်းခတ်အသင်းနှင့် ဝါဆို ခြင်းခတ်အသင်းတို့တွင် အတွင်း ရေးမှူးအဖြစ် တာဝန် ယူခဲ့ပြီး ၁၉၅၆ ခုနှစ် ရန်ကုန်မြို့ အိုလံ ပစ်ပွဲတော်၊ ၁၉၅၆ နှင့် ၁၉၅၇ ခုနှစ် ခရိုင်ပေါင်းစုံ တံခွန်စိုက် ပြိုင်ပွဲများတွင် ပါဝင်ခဲ့သည်။ ထို့အပြင် ၁၉၅၆ အောင် ဆန်းကွင်း၊၁၉၅၉တောင်ကြီး၊ ၁၉၆၂ မြင်းခြံတို့တွင် ကျင်းပခဲ့သည့် ခြင်းလုံးညီလာခံများသို့လည်း တက်ရောက်ပြီး ၁၉၆ဝတွင် ခြင်းလုံး ဒိုင် အဖြစ် ဆောင် ရွက် ပေးခဲ့သည်။

၁၉၆၃ ခုနှစ်နောက်ပိုင်း ခြင်းပေါက်အမျိုးအစား တရာခန့် ကို တီထွင် ဆန်းသစ် ခတ်ကစားခဲ့ကြသည်။

မြန်မာ ခြင်းလုံး ကစားဝိုင်း

အမှတ်ခတ် နှင့် အလှခတ်[ပြင်ဆင်ရန်]

ခြင်းပညာတွင် ခြင်းအမှတ် ခတ်နှင့် ခြင်းအလှခတ်ဟူ၍ရှိပြီး ခြင်း အလှခတ်ပြိုင်ပွဲများတွင် အမှတ်ပေးသည့် ဒိုင်လူကြီးက အော်၍ အမှတ်မပေးနိုင်ခြင်း ကြောင့် အနိုင်အရှုံး ဆုံးဖြတ် ရာတွင် အငြင်းပွားရသည်ကို တွေ့ရှိခဲ့ရာခြင်း ပညာရှင် မန္တ လေး ဦးဘသိန်းက ၁၉၆ဝ ပြည့် နှစ်က ရန်ကုန်မြို့ အောင်ဆန်း ကွင်းတွင် ကျင်းပခဲ့သော ခြင်း ညီလာခံ၌ မန္တလေးခရိုင်ခြင်း အဖွဲ့ကို ကိုယ်တိုင်အော်၍ အများ ရှေ့တွင် ပွင့်လင်းမြင်သာစွာ အမှတ်ပေးသည့် စနစ်ကို တင်ပြ ခဲ့ရာအဖွဲ့ချုပ်ကလက်ခံအတည် ပြုပေးခဲ့၍ ယနေ့တိုင် ဦးဘသိန်းတီထွင်သော အမှတ်ပေးစနစ်ကို အသုံးပြု၍ အမှတ်ပေး သည်ဟု ဆိုပါသည်။

မြန်မာသက္ကရာဇ် ၁၃၂၁ ခုနှစ် (ခရာဇ်နှစ် ၁၉၅၉) က ကျင်းပခဲ့သော မန်းရာ ပြည့်ပွဲကြီးတွင်လည်း မန္တလေး ခရိုင်ခြင်းအဖွဲ့က ၁ဝ ညတိုင်တိုင် ခြင်း အလှခတ် ကစားကာ ဖျော်ဖြေခဲ့သည်။ ဦးဘ သိန်းသည် ထို ခေတ်ကပင်ခြင်းပွဲများ တွင် မိုက်ဖြင့် ဟစ်အော် ၍ ခြင်းခတ်နည်းများကို ဟောပြောခဲ့သည့် ပထမဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ် တွင် ပြည်နယ်နှင့်တိုင်း ပြိုင်ပွဲများ၊ ဝန်ကြီးဌာန ကလပ်အသင်း ပြိုင်ပွဲများ စတင် ကျင်းပ နေပြီဖြစ်သည်။ စစ်အစိုးရ ခေတ်၊ အရပ်သားတပိုင်း တမတ်သား ဒီမိုကရေစီခေတ် များတွင်လည်း ပြိုင်ပွဲများ ဆက်လက် ကျင်းပကြသည်။ [ကိုးကားချက်လိုသည်]

ခြင်းလုံးဒီပလိုမေစီ[ပြင်ဆင်ရန်]

၁၉၅ဝ ခုနှစ် များနှင့် ၁၉၆ဝ ခုနှစ် အစောပိုင်းကာလများတွင် မြန်မာနိုင်ငံ အပျော်တမ်း ခြင်းလုံးအသင်းက ခြင်းလုံးခတ် ကစားနည်းကို ပြည်တွင်းတွင် မြှင့်တင်အားပေးခဲ့သလို၊ ဥရောပသို့လည်း သွားရောက် ပြသခဲ့သည်။[၄]

၁၉၆ဝ ပြ ည့်နှစ်၊ အောက် တိုဘာလက တရုတ်-မြန်မာ နယ်နိမိတ် သတ်မှတ်ရေးအောင် မြင်သည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ၏ မြို့တော်ပီကင်း တွင် လူထုတစ် သိန်းေ ကျာ်ရှေ့ မှောက်၌ ဦးဘသိန်းအပါ အဝင် ခြင်းပညာရှင် ခြောက်ဦးက မြန် မာ့ရိုးရာခြင်းခတ်ပညာကို ခတ်ကစားပြသခဲ့ပြီး နောက် ပီကင်း သာမက ရှင်ယန်း၊ နန် ကင်း၊ ရှန် ဟဲ၊ ဟန်ကျိုး၊ ကွမ်တုံ၊ ကူမင်းမြို့ကြီးများသို့ပါ ၃၈ ရက်ကြာ ခြင်းခတ်ကစားပြခဲ့ရပါ သည်။

၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့ရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်ကမ်းခြေတို့တွင် အားကစားနည်း (၃၃) မျိုးတွင် မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲကို ပထမဆုံးအကြိမ်ထည့်သွင်းကျင်းပခဲ့သည်။ ၂၀၁၃ ၂၀၁၅ ၂၀၁၇ ၂၀၂၃ ဆီးဂိမ်း ပြိုင်ပွဲများတွင် မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲများကို ထည့်သွင်း ကျင်းပခဲ့သည်။ [၅][၆]

၎င်း နောက်ပိုင်းတွင် အာရှအဆင့် ဖိတ်ခေါ် ပြိုင်ပွဲများကို ကျင်းပလာသည်။[ကိုးကားချက်လိုသည်]

အဖွဲ့အစည်းများ[ပြင်ဆင်ရန်]

  1. အာရှခြင်းလုံးအဖွဲ့ချုပ် [၇]
  2. မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်[၈]

အခေါ်အဝေါ်များ[ပြင်ဆင်ရန်]

ခြင်းယိုင်အလှခတ်များ ဖြစ်သော

ခြင်းခတ်ကစားခြင်းကို ကျွမ်းကျင်အောင်ခတ်ကစားနိုင်သူကို ခြင်းဝိဇ္ဖာ ဟုခေါ်သည်။ ခြင်းအလှခတ်နိုင်သော သူကို ခြင်းမင်းသား (အမျိုးသမီးဖြစ်လျင် ခြင်းမင်းသမီး) ဟု ခေါ်သည်။ ခြင်းလုံးကို ဘေးမရောက်အောင် ဆယ်ပေးပြီး ခြင်းဆင်ပေးနိုင်သော သူကို ခြင်းထောက် သို့မဟုတ် ဂေါ် ဟု ခေါ်သည်။

ခြင်းလုံး[ပြင်ဆင်ရန်]

ခြင်းလုံးတစ်လုံး၏ ပုံမှန်စံအရွယ်အစားမှာ အချင်း ၅.၇၅ လက်မရှိပြီး အချောသတ်ထားသည့် ကြိမ်ဖြင့် ပဉ္စဂံအကွက် ၁၂ ခုပုံစံဖော်ပြီးရက်လုပ်ထားပါသည်။ ခြင်းလုံးကို အလေးချိန် (၁၅၀) ဂရမ်ခန့် ရအောင် ရက်လုပ်ရပါသည်။ နူးညံ့သော ကြိမ်သားဖြင့်သာ ပြုလုပ်ရပါသည်။ ခြင်းလုံးများကို ကြိမ်အပင် ရေ ၃ ပင် မှ ၁၃ ပင် အထိ အသုံးပြု ယက်လုပ်ကြသော်လည်း ဝိုင်းခြင်းခတ်ဖို့ အကောင်းဆုံးမှာ ခြောက်ပင်ချည် ကြိမ်ခြင်းလုံး ဖြစ်ပါသည်။ ထိုခြင်းလုံး၏ ကြိမ်တွေအကြားမှာ ဝါးကလေးတွေကို သပ်ရိုက်ထည့်သည်။ ပြီးမှ ခြင်းလုံးကို အိုးတစ်လုံးထဲတွင် မန်ကျည်း ရွက်နှင့်အတူ ထည့်ပြုတ်ပြီး နေပူလှမ်းထားရသည်။ ထိုကဲ့သို့ စီမံထား သော ခြင်းလုံးက ဝိုင်းခြင်းခတ်ဖို့ အထူးကောင်းမွန်လှ၏။ ခြင်းလုံးနှင့် ခြေထောက် ထိလိုက်သည်နှင့် “ထပ်” “ထပ်” ဟု အသံမြည်ပြီး တက်သွားသည်။ ယခုနောက်ပိုင်း အခတ်များသော ကော်ခြင်းလုံးတွေနှင့် တခြားစီပင် ဖြစ်သည်။ ခြင်းလုံးကို သဘာဝ ကြိမ်ပင် အရောင်အတိုင်း အရောင်တင်၍ ဖြစ်စေ၊ ဆေးသုတ်၍ ဖြစ်စေ ပြုလုပ်ကြသည်။[၉]

ကစားကွင်း[ပြင်ဆင်ရန်]

ခြင်းလုံးခတ်ကစားရန် ကစားကွင်းကို အမိုးအကာ နှင့် သော်လည်းကောင်း၊ ပြင်ပ တွင် သသော်လည်းကောင်း တည်ဆောက် ပြုလုပ်နိုင်သည်။ ခတ်ကစားသည့် နေရာမှာ အချင်း ၂၂ ပေ ရှိ စက်ဝိုင်း သတ်မှတ်၍ စက်ဝိုင်းအတွင်း ခတ်ကစား ရသည်။ ခြင်းလုံးခတ် ကစားကွင်း ကြမ်းပြင်ကို ညီညာ ချော မွေ့ သော မျက်နှာပြင် တမျိုးမျိုး အသုံးပြု တည်ဆောက်နိုင်သည်။ မြေသားအခင်း၊ ကွန်ကရစ်အခင်း၊ အရောင်တင်ပါကေးခင်း၊ ဖိုင်ဘာအခင်း စသည်ဖြင့် အမျိုးမျိုး တွေ့ရသည်။ ဆီးဂိမ်းပြိုင်ပွဲများတွင် ဖိုင်ဘာအခင်းများ အသုံးပြုကြသည်။ အမိုးအကာနှင့် ခြင်းကွင်း များအတွက် မျက်နှာကျက် အမြင့်မှာ အနည်းဆုံး ၂၂ ပေ ရှိရသည်။

ကစားသမား[ပြင်ဆင်ရန်]

ရှေးခေတ်က အရွယ် ရောက်ပြီး အမျိုးသားများသာ ခတ်ကစားကြ သော အားကစားနည်း ဖြစ်သည်။ ကိုလိုနီခေတ် နောက်ပိုင်း အမျိုးသမီးများ၊ ကလေးသူငယ်များပါ ခတ်ကစားလာကြသည်။ တဦးတည်း တပင်တိုင်ခြင်းလုံး နှင့် အုပ်စုဖွဲ့ ခတ်ကစားရသည့် ဝိုင်းခြင်း ဟူ၍ ရှိရာ အပျော်တမ်း ဝိုင်းခြင်း ခတ်ကစားရန် အတွက် ကစားသမား တဦးထက်ပိုသော အရေအတွက်လိုပါသည်။ အရေအတွက် အကန့်အသတ်မရှိ ကစားနိုင်ပါသည်။ အများအားဖြင့် ကစားသမား (၆) ဦးခန့်ခတ်ကစားလေ့ရှိကြပါသည်။ ပြိုင်ပွဲဝင် ဝိုင်းခြင်း အသင်းတွင် ကစားသမား (၆) ဦး ပါဝင်ရပါသည်။ မသန်စွမ်း ကစားသမားများအတွက် သီးသန့် စည်းမျဉ်း၊ သီးသန့် ပြိုင်ပွဲများ မရှိသေးပါ။ [ကိုးကားချက်လိုသည်]

ပညာရှင်များ[ပြင်ဆင်ရန်]

မြန်မာအမျိုးသား ခြင်းအကျော် ဝိဇ္ဖာသန်း က “ခတ်ကွက် ဆိုသည်မှာ ခေါင်း၊ ခါး၊ ခြေ၊ လက်ကိုသုံး၍ ပုံအကျ ခတ်ပြ နိုင်မှသာရင် လှပသည့် ခြင်းခတ်ကွက်ကို ရလိမ့်မည်” ဟုဆိုခဲ့သည်။ မြန်မာအမျိုးသမီးများ ထဲတွင်လည်း ခြင်းပညာရှင် ရှိသည်။ ထိုအထဲမှ တစ်ဦးမှာ စုစုလှိုင် ဖြစ်သည်။

ဝတ်စုံ[ပြင်ဆင်ရန်]

ရှေးခေတ် အမျိုးသား ကြီးများသည် ခြင်းလုံး ခတ်ကစားရာတွင် ခန္ဓာကိုယ် အထက်ပိုင်း ဗလာကျင်း နှင့် ခန္ဓာကိုယ် အောက်ပိုင်းတွင် ပုဆိုးကို ခါးတောင်းကျိုက်ကာ ခြေဗလာဖြင့် ကစားကြသည်။ ကစားရာတွင် မြင်ကွင်း ရှင်းစေရန်နှင့် ခြင်းလုံးအဝင်အထွက်လမ်းကြောင်းများ အနှောက်အယှက်မဖြစ်စေရန်အတွက် ဆံပင်ရှည် ကို သျှောင် တစောင်းထုံးထားရသည်။ ပုဆိုး ခါးတောင်းကျိုက်ရာတွင် ခြင်းပညာ၏ ခြေကွက်များ ပေါ်လွင်စေရန် ခါးတောင်းကို မြှောင် နေအောင် ကျိုက်ကြပါသည်။ ခြေထောက်ကို အများဆုံး ပင့်မြှောက်ကာ အသုံးပြုနေရသည့် ကစားနည်းဖြစ်သဖြင့် ခါးတောင်း မြှောင် အောင် ကျိုက်ထားခြင်းက ခြေထောက်မြှောက်ရာတွင် လှုပ်ရှားမှု လွတ်လပ် ပေါ့ပါးစေပါသည်။ ရှေးခေတ် အရွယ်ရောက်ပြီး မြန်မာ အမျိုးသားအများစုမှာ ခန္ဓာကိုယ်အနှံ့ ထိုးကွင်း မှင်ကြောင် (သေ့) များ ထိုးနှံထားကြသဖြင့် ခြင်းခတ်ချိန်တွင် ခန္ဓာကိုယ် အထက်ပိုင်း ဗလာကျင်း နှင့် ခန္ဓာကိုယ် အောက်ပိုင်းတွင် ပုဆိုးကို ခါးတောင်း မြှောင် အောင် ကျိုက်ထားခြင်းက ထိုးကွင်း မင်ကြောင် နှင့် ကြွက်သားများကို အလှပြ နေသည့်သဖွယ်လည်း ဖြစ်ပါသည်။

ခြင်းလုံး ကို လေ့ကျင့်ကစားရန်အတွက် ဖြစ်စေ၊ အပျော်တမ်း ခတ်ကစားရန်အတွက်ဖြစ်စေ၊ ပြိုင်ပွဲဝင်ရန်အတွက်ဖြစ်စေ ဘောင်းဘီတို၊ တီရှပ် ဝတ်ဆင်၍ ကစားရပါသည်။ အချို့ ပုဆိုး ခါးတောင်းကျိုက်၍ ရှေးခေတ်ပုံစံ ခတ်ကစားကြသည်လည်း ရှိပါသည်။ ခြေဗလာ ဖြင့်ဖြစ်စေ၊ ခြင်းလုံးခတ်ဖိနပ် ဝတ်ဆင်၍ ဖြစ်စေ ခတ်ကစားနိုင်ပါသည်။[ကိုးကားချက်လိုသည်]

ခြင်းခတ်ကစားနည်း[ပြင်ဆင်ရန်]

အပျော်တမ်း ဝိုင်းခြင်း ခတ်ကစားလိုသူများအတွက် အခြေခံထိချက်မျှ သိလျင်ပင် စတင် ခတ်ကစားနိုင်ပြီ ဖြစ်သည်။ အခြေခံထိချက်မှာ ထိခိုက်ဒဏ်ရာ ရနိုင်ချေ လည်း အနည်းဆုံး ဖြစ်သည်။

အခြေခံထိချက် Basic Touches[ပြင်ဆင်ရန်]

  1. ခြေဖျား
  2. ဒူး
  3. ခြေခွင်
  4. ဖဝါး
  5. ဖနောင့်
  6. ဖမြက်

[၁၀] [၁၁]

ခြင်းကလေး Minor Styles[ပြင်ဆင်ရန်]

  1. ထပ်ခြေဖျား
  2. ဝိုက်ခြေဖျား
  3. ကျော်ပြန်ခြေဖျား
  4. ထပ်ခြေခွင်
  5. ဝိုက်ခြေခွင်
  6. ကျော်ပြန်ခြေခွင်
  7. ထပ်ဒူး
  8. ဝိုက်ဒူး
  9. ကျော်ပြန်ဒူး

[၁၂]

ခြင်းလတ် Medium Styles[ပြင်ဆင်ရန်]

  1. ပတ်ဒူး
  2. ဖီလာဖဝါး
  3. ဖီလာစလွယ်
  4. စောင်းစလွယ်
  5. ဖီလာဖနောင့်
  6. မဟာနွယ်
  7. ပတ်စလွယ်
  8. ရင်လိန်ပတ်ဖဝါး
  9. ရင်လိန်ပတ်ဖနောင့်
  10. ပတ်မဟာညွန့်

[၁၃]

ခြင်းကြီး Major Styles[ပြင်ဆင်ရန်]

  1. မဟာ(ခြင်းပေါက်)
  2. မဟာဒူး (ဂုမ္ဘာဏ်)
  3. ဝိုက်ကြီး
  4. စလွယ်ကြီး
  5. တည့်ဖဝါး
  6. တည့်ဖနောင့်
  7. မဟာညွန့်
  8. ညွန့်ဒူး
  9. ရင်လိမ်ဖဝါး (နဂါးပတ်ဖဝါး)
  10. ရင်လိမ်ဖနောင့် (နဂါးပတ်ဖနောင့်)

[၁၄]

ခေတ်ဆန်းခြင်း ခေါ် လက်ရွေးစင်ခြင်း ပေါက်များ New Era or Selection Styles[ပြင်ဆင်ရန်]

  1. မန္တလာခြေဖျား (မာလာခံခြေဖျား)
  2. မြင်းစီးဖနောင့်
  3. သမင်လည်ပြန်ဖနောင့်
  4. ရှပ်ထိပ်တင်
  5. လျှပ်ဒူး
  6. ဒူးဝိုက်
  7. မန္တလာဖီလာစလွယ်
  8. မြင်းဆင်းဖနောင့်
  9. လေဝဲဖနောင့် (လေဝဲ)
  10. ပစ်လေဝဲခြေခွင်

[၁၅]

ပညာရှင်အဆင့် ခြင်းပေါက်များ Professional or Modern Styles[ပြင်ဆင်ရန်]

ပြိုင်ပွဲဝင်ခြင်းပေါက်လည်းမဟုတ်၊ သင်ရိုးခြင်းပေါက်လည်းမဟုတ်သော ရှားပါး ခက်ခဲပြီး တိမ်မြုပ် ပျောက်ကွယ် လုနီးပါး ခြင်းပေါက်များလည်း များစွာ ရှိပါသည်။ ဝါရင့် ပညာရှင်များ ခတ်ကစားတတ်ကြပါသည်။ ပညာရှင်အဆင့် ခြင်းပေါက် အချို့မှာ ရှေးခေတ် နန်းတွင်းတွင် ခတ်ကစားခဲ့ကြပြီး ခြင်းပေါက်အတော်များများမှာ တခေတ်တခါက ပညာရှင်များ သီးသန့် တီထွင် ခတ်ကစားခဲ့ကြခြင်းဖြစ်ပါသည်။[ရှင်းလင်းချက်လိုအပ်သည်။] [ကိုးကားချက်လိုသည်]

ပြိုင်ပွဲ (အမှတ်ခတ်ကစားခြင်း)[ပြင်ဆင်ရန်]

ပြိုင်ပွဲများကို လွယ်ရာမှ ခတ်ရာသို့ အဆင့်အတန်းများ ခွဲခြားကျင်းပသည်။ အလွယ်ဆုံး အာဆီယံအဆင့်မှ အခတ်ခဲဆုံး လက်ရွေးစင် အဆင့်ထိ ရှိပါသည်။ နဂိုမူလက ပြိုင်ပွဲဝင် ခြင်းပေါက်များတွင် လွယ်ကူသော အခြေခံထိချက် နှင့် ခြင်းကလေး မပါဝင်ပါ။ ပြိုင်ပွဲ အဆင့်များတွင်လည်း အာဆီယံအဆင့် မပါဝင်ပါ။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် မြန်မာ့ရိုးရာခြင်းလုံးကို ပုံမှန်အားကစားနည်းတရပ်အဖြစ် ထည့်သွင်းကျင်းပလာချိန်တွင်မှသာ အာဆီယံအဆင့်ပြိုင်ပွဲများ နှင့် အခြေခံထိချက် များမှာ ပြိုင်ပွဲများတွင် ပါဝင်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ပြည်တွင်း ပြိုင်ပွဲများတွင် ခတ်ကစားသော ပုံစံများကို အာဆီယံနိုင်ငံများက လေ့လာပြီးနောက် မြန်မာမဟုတ်သော ခြင်းသမားများအနေနှင့် အလားတူလိုက်လံခတ်ကစားရန် ခက်ခဲလွန်းသဖြင့် လွယ်ကူကာ အဆင့်နိမ့်သော ပြိုင်ပွဲပုံစံသစ်ကို တီထွင်ခဲ့ခြင်း ဖြစ်သည်။ တရားမျှတမှု ရှိစေရန်အတွက် ဟု ဆိုကာ အချို့သော အာဆီယံ ပြိုင်ပွဲအမျိုးအစားများတွင် မြန်မာကစားသမားများကို ယှဉ်ပြိုင်ခွင့် မပြုပေ။ [၁၆]

အဆင့် နှင့် ပြိုင်ပွဲ အမျိုးအစားပေါ် မူတည်၍ အမှတ်ပေးစနစ်များ ကွဲပြားသည်။ အာဆီယံအဆင့်တွင် အခြေခံထိချက်တမျိုးတည်းကို အလှည့်ကျခတ်ကစားပြီးမှ အခြား အခြေခံထိချက်များကို တမျိုးပြီးတမျိုး အလှည့်ကျ ခတ်ကစားသော အခြေခံထိချက်ပြိုင်ပွဲ၊ အခြေခံထိချက်အစုံကို တဦးတည်းက အစဉ်အတိုင်းခတ်ကစားပြီး ကစားသမားတဦးပြီးတဦး အလှည့်ကျ ခတ်ကစားသော အခြေခံထိချက် ခြောက်ပေါက်တန်းပြိုင်ပွဲနှင့် အလှခတ်ပြိုင်ပွဲဟူ၍ ရှိသည်။[၁၇] အာရှအဆင့်အနေဖြင့် ဖိတ်ခေါ် ပြိုင်ပွဲများသာ ကျင်းပ နိုင်သေးသည်။[၁၈]

ဝန်ကြီးဌာနအဆင့် ပြိုင်ပွဲများတွင် ခြင်းကြီး နှင့် ခြင်းလတ် များထဲမှ လေးမျိုး ကို အလှည့်ကျခတ်ကစားသော လေးပေါက်တန်း၊ ခြင်းကြီး နှင့် ခြင်းလတ် များထဲမှ ခြောက်မျိုးကို အလှည့်ကျခတ်ကစားသော ခြောက်ပေါက်တန်းနှင့် ခြင်းကြီး နှင့် ခြင်းလတ် များထဲမှ ဆယ်မျိုးကို အလှည့်ကျခတ်ကစားသော ဆယ်ပေါက်တန်းတို့ ပါဝင်သည်။ လက်ရွေးစင်အဆင့်ပြိုင်ပွဲများတွင် ဝန်ကြီးဌာန ကလပ်အသင်းများ ယှဉ်ပြိုင်ကြပြီး လက်ရွေးစင် ခြင်းပေါက်များထဲမှ လေးမျိုး ကို အလှည့်ကျခတ်ကစားသော လေးပေါက်တန်း၊ လက်ရွေးစင် ခြင်းပေါက်များထဲမှ ခြောက်မျိုးကို အလှည့်ကျခတ်ကစားသော ခြောက်ပေါက်တန်းနှင့် လက်ရွေးစင် ခြင်းပေါက်များထဲမှ ဆယ်မျိုးကို အလှည့်ကျခတ်ကစားသော ဆယ်ပေါက်တန်းတို့ ပါဝင်သည်။

အလှခတ်ကစားခြင်း[ပြင်ဆင်ရန်]

ပြိုင်ပွဲမဟုတ်သော အလှခတ်ကစားခြင်းသည် ဖျော်ဖြေရေး အနုပညာဆန်လှသော ခတ်ကစားနည်းများ ဖြစ်သည်။ အလှခတ်ခြင်းအဖွဲ့များတွင် ခြင်းမင်းသား၊ ခြင်းမင်းသမီး၊ ခြင်းဟာသမင်းသားများ ပါဝင်လေ့ရှိသည်။ အလှခတ်ခြင်းပွဲ တပွဲတွင် ခြင်းအသင်း တသင်း သို့မဟုတ် တသင်းထက်ပို၍ ပါဝင် ခတ်ကစားလေ့ ရှိပြီး အစီအစဉ် တင်ဆက်ကြေညာသူ တစ်ဦး သို့မဟုတ် နှစ်ဦး လည်း ပါဝင်၍ အစီအစဉ် ကြေညာသူက ခြင်းသမားများကို မိတ်ဆက် ပြောကြားပေးခြင်း၊ ခတ်ကစားသော ခြင်းပေါက်များကို အချိန်နှင့် တပြေးညီ တင်ဆက်ပြောကြားခြင်းများ ပြုလုပ်သည်။ အလှခတ် ခြင်းပွဲများကို မြန်မာဆိုင်းဝိုင်းကြီး ဖြင့် တွဲဖက်ဖျော်ဖြေလေ့ရှိသည်။ ဆိုင်းဝိုင်း မတတ်နိုင်သော ခြင်းအလှခတ်ပွဲများတွင် ခတ်ကစားနေစဉ် လိုက်ဖက်သော ခြင်လုံး ကစားကွက်နှင့် လိုက်ဖက်သော တေးဂီတကို ကက်ဆက်၊ သီချင်းဖွင့်စက် တမျိုးမျိုးကို အသံချဲ့စက်မှ ဖွင့်ပေးကြသည်။ အလှခတ် ခြင်းသမားများကို ပရိသတ်က ဆုတော်ငွေများ ချီးမြှင့်လေ့ရှိသည်။[၁၉]

အယိုင်ခတ်ကစားခြင်းတွင် အပေါ်ခြင်း အောက်ခြင်းများ သုံးပြီး လှပစွာခတ်ကစားခြင်းဖြစ်သည်။ အတွဲအဖက်ခတ်ကစားခြင်းတွင် အဆင့်မြင့် ခြင်းပေါက်များကို တခါခတ် ခြင်းပေါက်တပေါက် မဟုတ်ပဲ ခြင်းပေါက်များဆက်တိုက် အတွဲလိုက် ခက်ရာခက်ဆစ် ခတ်ကစားခြင်း ဖြစ်သည်။ အတင်အညှပ်ခတ်ကစားခြင်းမှာ ခြင်းလုံးကို ရွဲလုံးကဲ့သို့ ခေါင်း နဖူး နထင် လည်ကုပ် ပခုံး ဒူး စသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများပေါ်တွင် ဟန်ချက်ထိန်းကာ တည်ငြိမ်စွာ တင်ထားပြီး ခတ်ကစားခြင်း ဖြစ်သည်။ အတင်အညှပ်ကို ခြင်းပေါက်များနှင့် တွဲဖက် ကစားလေ့ ရှိသည်။

မန္တလေးမြို့ မဟာမြတ်မုနိဘုရား ပရဝဏ် ဝါဆိုခြင်းလုံးရုံတွင် နှစ်စဉ် ကျင်းပသော ဝါဆိုခြင်းပွဲတော်မှာ အကြီးကျယ်ဆုံးသော ဝိုင်းခြင်း အလှခတ် ပွဲတော် ဖြစ်သည်။ အချိန်တလကြာကျင်းပသည်။ မြန်မာနိုင်ငံအရပ်ရပ် နှင့် နိုင်ငံတကာ ခြင်းအသင်းများ ဝင်ရောက် ခတ်ကစားကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ရိုးရာခြင်းလုံးစာအုပ်များ ဖေ့စ်ဘုတ် အုပ်စု တွင် လွှင့်တင်ထားသော ခြင်းလုံး ဆိုင်ရာ စာအုပ်များhttps://web.facebook.com/people/%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%B6%E1%80%AF%E1%80%B8%E1%80%85%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/100066864255669/
  2. ခြင်းလုံးအစ မြန်မာက (အထောက်အဆယ် -အောင်ကြွယ်) အတွဲအမှတ် (၂၄၊ အမှတ် ၄၆၃)။ ၂၀၁၁-၁၁-၁၅ တွင် ပြန်စစ်ပြီး။
  3. https://mingalago.com/my/interest/detail/myanmar-traditional-sports-1 ခြင်းလုံး မြန်မာ့ရိုးရားအားကစားနည်း
  4. https://web.facebook.com/popularjournalmm/photos/a.229725167107899/589449994468746/?type=3&_rdc=1&_rdr
  5. နေပြည်တော် ဆီးဂိမ်းစ်နှင့် အားကစားပြိုင်ပွဲများ - BBC Burmese - အားကစား (in my)။ ၂၃ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံးအားကစားကို ထည့်သွင်းရန်စီစဉ်နေ (in en-gb) (23 ဇွန် 2022)။ ၂၃ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. အာရှအားကစားအဖွဲ့ချုပ်များ | spedmyanmar။ 23 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ | spedmyanmar။ 23 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ခြင်းလုံး မြန်မာ့ရိုးရားအားကစားနည်း | MingalaGO မြန်မာခရီးသွားလမ်းညွှန် – မြန်မာနိုင်ငံခရီးသွားဆိုင်ရာ တန်ဖိုးရှိအသုံးဝင်သော သတင်းအချက်အလက်များ (in my)။ ၂၃ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. https://www.youtube.com/watch?v=aTBk_dMBptA&t=49s မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အောင်စိုးမိုး ခြင်းခတ်နည်းသရုပ်ပြခတ်ဟန်များ (အခြေခံ ထိချက် ၆ မျိုး)
  11. https://www.youtube.com/watch?v=WaG0jIMEyMA ကိုကိုပိုင် ခတ်ကစားပြသော အခြေခံ အထိ ၆ ချက် ခွင်ချိုးနည်း
  12. https://www.youtube.com/watch?v=GL1BqSoFAiA&t=23s မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အောင်စိုးမိုး ခြင်းခတ်နည်းသရုပ်ပြခတ်ဟန်များ (ခြင်းကလေးခတ်ကွက်)
  13. https://www.youtube.com/watch?v=R7gHWetOa-k မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အောင်စိုးမိုး ခြင်းခတ်နည်းသရုပ်ပြခတ်ဟန်များ (ခြင်းလတ်ခတ်ကွက်)
  14. https://www.youtube.com/watch?v=k-ir3ovECiw မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အောင်စိုးမိုး ခြင်းခတ်နည်းသရုပ်ပြခတ်ဟန်များ (ခြင်းကြီးခတ်ကွက်)
  15. မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အောင်စိုးမိုး ခြင်းခတ်နည်းသရုပ်ပြခတ်ဟန်များ (ခေတ်ဆန်းခြင်း ခေါ် လက်ရွေးစင်ခြင်းခတ်ကွက်)
  16. https://www.youtube.com/watch?v=yJqV_vvpl-Q မြန်မာ့ရိုးရာခြင်းလုံးဗဟုသုတများ ( ခြင်းကြီး ခြင်းလတ် ခေတ်ဆန်း ) အပိုင်း ၃
  17. https://rangonnewsdaily.blogspot.com/2013/12/blog-post_7626.html
  18. "အာရှဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲ" (in en)၊ Mizzima Myanmar News and Insight 
  19. မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ပညာပေး ဗွီဒီယို အတင်အညှပ်ရောသမမွေ အောင်စိုးမိုး