ရှမ်းခေါက်ဆွဲ

ဝီကီပီးဒီးယား မှ
ရှမ်းခေါက်ဆွဲ

ရှမ်းခေါက်ဆွဲသည် ရှမ်းရိုးရာ အစားအစာတစ်မျိုးဖြစ်သည်။ ရှမ်းခေါက်ဆွဲတွင် ခေါက်ဆွဲဖတ်ကို မူတည်၍ အမျိုးအစားကွဲပြားသည်။ ဆန်စီး၊ ဆန်ဖွယ်(ရေစိမ်)၊ တိုဟူးပျော့ ဟူ၍ကွဲပြားပြီး အသုပ်၊ အရည်ဖျော်ဟူ၍ ကြိုက်နှစ်သက်သလို သုံးဆောင်ကြသည်။ ရှမ်းခေါက်ဆွဲကို ကြက်သား၊ ဝက်သားနှင့် သက်သတ်လွတ် အမျိုးမျိုး ပြုလုပ်စားသုံးကြသည်။

သက်သတ်လွတ် ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း[ပြင်ဆင်ရန်]

ပါဝင်သော ပစ္စည်းများမှာ ဆန်ခေါက်ဆွဲ (Kway Teow)၊ ပဲငါးပိ (Chilli bean sauce)၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပဲပြားနှင့် ကြက်သွန်ဖြူဆီတို့ ဖြစ်သည်။

ကြက်သွန်ဖြူဆီ လုပ်ရန် ဆီပူတွင် ကြက်သွန်ဖြူ လှီးပြီးသား များကို ထည့်ကြော်၍ ကြက်သွန်ဖြူဆီချက်လုပ်ပါ။ ကြက်သွန်ဖြူ ရွှေဝါရောင် သန်းလာလျှင် မီးဖိုမှ ချပြီး ဆီထဲသို့ ငရုတ်ကောင်းမှုန့် (Black Pepper) အနည်းငယ်ထည့်ထားပါ။

ခေါက်ဆွဲ အနှစ်ချက်နည်း[ပြင်ဆင်ရန်]

ဆီပူလာလျှင် လှီးထားသော ကြက်သွန်နီကို ကြော်ပါ။ ကြက်သွန် နွမ်းသွားလျှင် ခရမ်းချဉ်သီး ထည့်ကြော်ပါ။ ပဲငါးပိ စတီးဇွန်း ၂ဇွန်းခန့်၊ ဆား၊ အချိုမှုန့်ထည့်ပြီး ရေအနည်းငယ် ရော၍ ခဏအဖုံးအုပ်ထားပါ။ ခရမ်းချဉ်သီး ကြေသွားလျှင် လှီးထားသော ပဲပြား အတုံးလေးများကို ရောလိုက်ပါ။ ဆီပြန်လာလျှင် ရသည်။

ခေါက်ဆွဲ ပြင်နည်း[ပြင်ဆင်ရန်]

ခေါက်ဆွဲ ကို တစ်ပွဲစာ ထည့်ပါ။ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် (ကြာညို့) အနည်းငယ် ထည့်ပါ။ ကြက်သွန်ဖြူဆီ ထည့်ပါ။ ခေါက်ဆွဲအနှစ် ထည့်ပါ။ နောက်ဆုံးတွင် ထောင်းထားသော မြေပဲဆံ ဖြူးပြီး နယ်စားနိုင်သည်။ မုန်ညင်းချဉ် ထည့်၍ စားသုံးနိုင်ပေသည်။