လက်ဖက်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Tea
Tea leaves steeping in zhong caj
လက်ဖက်ရွက် ထည့်စိမ်ထားသော အဖန်ရည်
အမျိုးအစား အပူ သို့မဟုတ် အအေး အဖျော်ယမကာ
မူရင်းထုတ်လုပ်သည့်နိုင်ငံ တရုတ်[၁]
စတင်ရောင်းချသည့်နေ့ ဘီစီ ၅၉ တွင် တရုတ်နိုင်ငံမှ စတင်ခဲ့ကြောင်း အစောဆုံး မှတ်တမ်းတင်ထားပြီး ထို့ထက်လဲ စောနိုင်သည်[၂]

လက်ဖက် သည် အနံ့ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး ရေနွေးပူထဲထည့်ကာ သောက်သုံးကြသည်။[၃]လက်ဖက်သည် ရေပြီးလျှင် ကမ္ဘာပေါ်တွင် သောက်သုံးမှု အများဆုံးဖြစ်သည်။[၄] မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် အရေးပါသော ခဲဖွယ်တစ်ခုဖြစ်ရုံမက လွှတ်ရုံးများ၏ အဆုံးအဖြတ်၌ပင် ယင်းကိုစား၍မှု ပြေငြိမ်းခြင်း၊ အမှုပြတ် ကင်းခြင်းတို့ကို ပြုလုပ်လေ့ရှိခဲ့ကြသည်။

လက်ဖက်[ပြင်ဆင်ရန်]

ရှေးနှစ် ရာပေါင်းများစွာက တရုတ်နိုင်ငံတွင် ဘာသာရေးဘက်၌ ကိုင်းရှိုင်းလှသည့် ဗုဒ္ဓဝါဒီတစ်ဦးရှိသတတ်။ ထိုသူ သည် ကိုးနှစ်တိုင်တိုင် မအိပ်ဘဲ တရားအားထုတ်မည်ဟု အဓိဋ္ဌာန်ပြုကာ မအိပ်ဘဲ တရားအားထုတ်ပြီးနေလာခဲ့ရာ သုံးနှစ်ကြာသောအခါ ရုတ်တရက် အိပ်ပျော်သွားမိသည်။ နိုးလာသောအခါ ဤမျှညံ့ဖျင်းရပါမည်လောဟု မိမိ ကိုယ်ကိုမိမိ ဆုံးမသည့်အနေနှင့် သူ၏မျက်ခွံများကို လှီးဖြတ်ပြီးလျှင် လွှင့်ပစ်လိုက်ရာ မျက်ခွံများကျရာနေရာ၌ မြေတွင်အမြစ်တွယ်၍ အပင် ကလေးတစ်ပင်ပေါက်လာသည်။ ထိုအပင်ကား ကမ္ဘာတွင် ပထမဆုံးပေါက် လာသည့် လက်ဖက်ပင်ပင် ဖြစ်တော့၏ဟု အချို့သော တရုတ်လူမျိုးများက အစဉ်အဆက် ပြောစမှတ်ပြုကြလေသည်။

ဤဝတ္ထုမှာ ရှေးဟောင်း ဒဏ္ဍာရီမျှသာဖြစ်၏။ သို့သော် လက် ဖက်သည် တရုတ်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့သည်မှာ အမှန်ဖြစ်၍ မည်သည့် အချိန်က စတင်ပေါ်ပေါက်ခဲ့သည်ကိုကား အတိအကျ မည်သူမျှမပြောနိုင် ချေ။ ဥရောပတိုက်တွင်မူ လွန်ခဲ့သော နှစ်ပေါင်းသုံးရာလောက်ကမှ လက်ဖက်ကို စတင်အသုံးပြုလာခဲ့ကြသည်။ သို့သော် ထိုစဉ်က မင်းစိုးရာဇာ နှင့် သူဌေးသူကြွယ်များသာလျှင် လက်ဖက်ရည်ကို သောက်သုံးနိုင်ကြ၏။ အကြောင်းမှာ အလွန်ဝေးကွာသော အရပ်ဒေသမှ အမျိုးမျိုးသော ဒုက္ခ အပေါင်းကိုကျော်လွန်၍ ယူဆောင်လာခဲ့ရသဖြင့် လက်ဖက်မှာ ထိုအချိန်က အလွန်ဈေးကြီးသောကြောင့်ဖြစ်၏။ ယခုခေတ်တန်ဖိုးနှင့်ပြောရလျှင် အလေး ချိန်တစ်ပေါင်ကို ဒေါ်လာငွေ လေးငါးရာခန့်ပင် တန်ဖိုးရှိခဲ့ပေသည်။ အချို့ မှာ လက်ဖက်ကို မည်သို့အသုံးပြုရမည်ကိုပင် မသိရှာကြချေ။ လက်ဖက်ကို ဟင်းသီးဟင်းရွက်သဖွယ် ရေတွင်ပြုတ်ပြီးနောက် အရည်ကိုသွန်ပစ်၍ အဖတ်ကိုသာ ထောပတ်နှင့် ဆားထည့်ကာ စားသောက်သူများရှိခဲ့ဖူးသည်ဟု ဆိုလေသည်။

သို့ရာတွင် ယခုအခါ လက်ဖက်သည် လူတိုင်းသုံးစွဲနိုင်လောက် အောင် ပေါ၍နေပေပြီ။ ကမ္ဘာတွင် ရေမှလွဲလျှင် လူတို့သည် လက်ဖက်ရည် ကို အသောက်အများဆုံးအခြေသို့ပင် ရောက်နေလေပြီ။ အင်္ဂလန်၊ အမေရိ ကန်၊ ဩစတြေးလီးယား၊ နယူးဇီလန် စသောနိုင်ငံများတွင် လက်ဖက်ရည် ကို များစွာအသုံးပြုလျက်ရှိကြ၏။ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ မြန်မာနှင့် တကွ အခြားသော အရှေ့ဖျားနိုင်ငံများတွင်မူ လက်ဖက်ကို အင်္ဂလန်နိုင်ငံ မှာထက်ပင်ပို၍ အသုံးများကြပေသေးသည်။

လက်ဖက်ကို ယခင်က နှစ်ပေါင်းအတော်ကြာအောင်ပင် တရုတ် နိုင်ငံမှသာ ရရှိခဲ့ကြလေသည်။ တရုတ်နိုင်ငံတွင်ကား ဆိုခဲ့သည့်အတိုင်း နှစ် ထောင်ပေါင်းများစွာကပင် လက်ဖက်ပင်များကို စိုက်ပျိုးခဲ့ကြသည်။ တရုတ် နိုင်ငံမှတစ်ဆင့် ဂျပန်နိုင်ငံသို့ ရောက်ခဲ့သည်။ ထို့နောက် လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ လောက်ကမှ ဗြိတိသျှလူမျိုးတို့သည် လက်ဖက်ပင်များကို အိန္ဒိယနိုင်ငံ၌ စတင်စိုက်ပျိုးခဲ့ကြ၍ ဒပ်ချလူမျိုးတို့ကလည်း အရှေ့အိန္ဒိယ ကျွန်းစုတွင်စ၍ စိုက်ပျိုးခဲ့ကြလေသည်။ ယခုအခါတွင်ကား လက်ဖက်များ ကို အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ ဆူမတြားနှင့် ဂျားဗားကျွန်းတို့မှ အမြောက်အမြား တင်သွင်းရရှိနေပေပြီ။ အာဖရိကတိုက်ရှိ အချို့သော ဒေသ များမှလည်း လက်ဖက်ကို အနည်းငယ်ရနိုင်သည်။ လက်ဖက်ပင်သည်နွေး၍ မြေဩဇာကောင်းသော တိုင်းပြည်များတွင်ပေါက်နိုင်သောကြောင့် ယခုအခါ တွင် အမေရိကန်ပြည်ထောင်စု၌ပင် အနည်းအကျဉ်း စိုက်ပျိုးလျက်ရှိလေပြီ။ လက်ဖက်ပင်သည် အပင်ငယ်မျိုးဖြစ်၍ အစဉ်စိမ်းလျက်ရှိ၏။

ဘာသာဘာဝ အလျောက်ပေါက်စေလျှင် လက်ဖက်ပင်သည် ပေ ၃ဝ ခန့်ပင်မြင့်နိုင်၏။ သို့သော် လက်ဖက်ခြံများတွင်မူ ထိုမျှလောက်မြင့်အောင် မထားဘဲ လေးပေငါးပေလောက်သာမြင့်ရန် အစဉ်ဖြတ်ပေးထားလေသည်။ ဤကဲ့သို့ ပြုလုပ်ပေးခြင်းမှာ ရည်ရွယ်ချက်နှစ်ခုရှိ၏။ ပထမအချက်မှာ ပင်လုံးမကြီး၊ အကိုင်းအခက်များစွာမထွက်ဘဲ အရွက်များကို များနိုင်သမျှ များစေရန်ဖြစ်သည်။ လက်ဖက်ပင်တွင် လက်ဖက်ရွက်သည်သာ အသုံးဝင် အဖိုးတန်သောပစ္စည်းဖြစ်၏။ ဒုတိယအချက်မှာ လက်ဖက်ရွက်ခူးသူများသည် များသောအားဖြင့် မိန်းမနှင့် ကလေးများသာ ဖြစ်သည့်အတွက် အရွက်များ ခူးရာတွင် လက်လှမ်းမီမီနှင့် တစ်ပင်လုံးကို ခူးနိုင်စေရန်ဖြစ်လေသည်။

လက်ဖက်စိုက်ပျိုးရာတွင် လက်ဖက်စေ့များကို သင့်တော်သောမြေ၌ ရှေးဦး စွာပျိုးပေး၍ တစ်ပေလောက်ကြီးလာသောအခါမှ ခြံများသို့ရွှေ့ပြောင်းပြီးလျှင် တစ်ပင်နှင့်တစ်ပင်ကို ငါးပေခြောက်ပေခန့်ခွာ၍ စိုက်ရသည်။ များသောအား ဖြင့် လက်ဖက်ပင်များကို တောင်စောင်းများတွင် လှေကားထစ်သဖွယ် အဆင့်ဆင့်ပြုလုပ်၍ စိုက်ပျိုးလေ့ရှိကြလေသည်။

လက်ဖက်ပင် သုံးနှစ်သားအရွယ်ခန့်ရောက်လျှင် အရွက်နှင့် အဖူး များကို ခူးနိုင်ပြီ။ သို့ရာတွင် အကောင်းဆုံး လက်ဖက်ရွက်ကိုကား ဆယ် နှစ်၊ ဆယ့်ငါးနှစ်ခန့်အရွယ်ရှိသော လက်ဖက်ပင်များမှသာ ရနိုင်လေသည်။ လက်ဖက်ပင်များကို မြင့်မတက်စေရန်နှင့် အရွက်များများထွက်စေရန် မကြာ မကြာလည်း ချိုင်၍ပေးရလေသည်။ ၂၅ နှစ်ခန့် အရွယ်ရောက်သောအခါ လက်ဖက်ပင်ကို မြေကြီးမှကပ်၍ ခုတ်လှဲပြီးနောက် အသစ်တစ်ဖန် အမြစ်မှ ပြန်ပေါက်စေပြန်သည်။

လက်ဖက်ပင် စိုက်ပျိုးသောဒေသနှင့် ရာသီဥတုတို့အပြင် အပင် ၏ သန်စွမ်းမှုပေါ်တွင် အကြောင်းပြု၍ လက်ဖက်ရွက်များကို တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ ခူးယူနိုင်သည်။ ပူသောဒေသများတွင် နွေခြောက်လ အတွင်း ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်မျှခူးနိုင်၍ အေးသောနေရာများ တွင်မူ ခူးသည့်အကြိမ် အရေအတွက်ကို လျှော့ပေးရလေသည်။ လက်ဖက် ပင်များမှာ အရွက်များခူးရာတွင် အကုန်မခူးရချေ။ အပင် မနာအောင်လည်း အထူးဂရုပြုရန်လိုပေသည်။

လက်ဖက်ရွက်များခူးရာတွင် မိန်းမနှင့်ကလေးများသည် ကျော တွင် ပလိုင်းတစ်လုံး ကိုယ်စီလွယ်၍ တစ်နေ့လုံး နေပူထဲ၌ တစ်ပင်မှ တစ်ပင်သို့ကူး၍ လက်ဖက်ရွက်များကိုခူးပြီးလျှင် ကျောနောက်ရှိ ပလိုင်းထဲ သို့ နောက်ပြန်ထည့်ကြရသည်။ လက်ဖက်ရွက် အခူးကောင်းသူတစ်ဦးသည် တစ်နေ့လျှင် နှစ်ရာအထိ ခူးနိုင်သည်။ ခူးသောအခါ များသောအားဖြင့် အဖူးနှင့်အရွက်နုကလေးများကိုသာ ခူးကြရ၏။ လက်ဖက်ခြောက်မှာ အရွက် နုလေ ကောင်းလေဖြစ်၍ လက်ဖက်အနုအရင့်ကို လိုက်ပြီးလျှင် လက်ဖက် ခြောက်ကို အမည်အမျိုးမျိုးဖြင့် မှည့်ခေါ်ကြလေသည်။

လက်ဖက်ရည်အရသာ ထူးခြားမှုမှာ လက်ဖက်ရွက်၏ အနုအရင့် ပေါ်တွင်သာ အမှီပြုသည်မဟုတ်။ ခူးပြီးသားအရွက်များကို ပြုပြင်ပေးမှုပေါ် တွင်လည်း အမှီပြုလေသည်။ ကမ္ဘာတွင်လက်ဖက်ခြောက် အစားစားရှိရာ အချို့တိုင်းပြည်များတွင် အရွက်ကြမ်းများနှင့်အမျှင်များကို အတုံး အခဲဖြစ် အောင် ရောဖိထားသည့် လက်ဖက်ခြောက်အညံ့စားများကိုပင် အသုံးပြုကြ သေး၏။ အထင်ရှားဆုံးသော လက်ဖက်ခြောက်နှစ်မျိုးမှာမူ လက်ဖက် ခြောက်မည်းဟုခေါ်သော အချိုသောက်လက်ဖက်ခြောက်မျိုးနှင့် လက်ဖက် ခြောက်စိမ်းဟုခေါ်သော အကြမ်းသောက်လက်ဖက်ခြောက်မျိုးတို့ ဖြစ်ကြ သည်။ ထိုနှစ်မျိုးမှာ လက်ဖက်ပင်တစ်မျိုးစီမှ ရခြင်းမဟုတ်၊ လက်ဖက်တစ် ပင်တည်းမှပင်ရ၍ တစ်မျိုးစီပြုပြင်ထားခြင်းသာ ဖြစ်လေသည်။

လက်ဖက်ခြောက်ဖြစ်အောင်ပြုပြင်ရာ၌ ခူးပြီးသော အရွက်များကို ပထမတွင် နွမ်း၍နူးညံ့ပျော့ပျောင်းလာသည့်တိုင်အောင် ဖြန့်ထားရသည်။ ထို့နောက် အရွက်များကျို၍ အနံ့ရှိသည့် အစေးများထွက်လာစေရန် လိပ် ပေးရသည်။ ဤသို့ ပြုလုပ်ပြီးသောအခါ အရွက်များ အချဉ်ပေါက်လာ အောင် နာရီအနည်းငယ်မျှ စားပွဲများပေါ်တွင် ဖြန့်ထားရပြန်သည်။ အရွက် များ ကြေးနီရောင်သန်း၍ ပန်းသီးမှည့် အနံ့ထွက်လာသောအခါ လေပူဖြင့် ဖာရင်ဟိုက်ဒီဂရီ ၁၉ဝ မှ ၂၂ဝ အထိ လှော်ပေးပြီးနောက် အကင်းသတ်ရ သည်။ ထိုအခါ အရွက်တို့၏ အလေးချိန်သည် ၇၅ ရာခိုင်နှုန်းမျှလျော့ သွားသည်။ ထို့နောက် အရွက်နှင့် အဖူးများကို အကြီးအသေးအလိုက် ရွေး ချယ်ပြီးလျှင် အမျိုးအစား ခွဲခြားလေသည်။ ထို့နောက် နောက်တစ်ကြိမ်ထပ် ၍ လှော်ပြီးသောအခါ လက်ဖက်ခြောက်မှာ နိုင်ငံခြားသို့တင်ပို့ ရောင်းချရန် အသင့်ဖြစ်တော့သည်။ ရှေးက လက်ဖက်ခြောက်ပြုပြင်သည့် အလုပ်ကို လက်ဖြင့်သာပြုလုပ်ခဲ့ကြ၍ ယနေ့တိုင်အောင် အချို့ဒေသများ၌ ဤသို့ပင် ပြုလုပ်နေကြပေသေးသည်။ သို့သော် လက်ဖက်ခြောက် အကြီးအကျယ် ပြုလုပ်သည့် ခေတ်မီအလုပ်ရုံကြီးများ၌မူကား လက်ဖက်ရွက်များကို ခူးခြင်း မှအပ စက်များဖြင့်သာလျှင် ပြုလုပ်ယူကြလေသည်။

လက်ဖက်ခြောက်စိမ်း ပြုလုပ်သည့်နည်းမှာ တစ်မျိုးကွဲလွဲ၏။ အဓိကကွဲလွဲချက်မှာ ခူးပြီးသားအရွက်များကို ရှေးဦးစွာ ရေးနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းနှင့် အရွက်များကို အချဉ်မပေါက်စေဘဲ ထားခြင်းပင်ဖြစ် သည်။ ထို့ကြောင့် လက်ဖက်ခြောက်စိမ်းမှာ လက်ဖက်ခြောက်မည်းနှင့် အနံ့အရသာချင်း သိသိသာသာ ခြားနားလေသည်။

လက်ဖက်ရည်ကို နှစ်သက်ကြသူများတွင် လူကိုလိုက်၍ တစ် ယောက်နှင့် တစ်ယောက်အကြိုက်ချင်း မတူညီနိုင်ပေ။ သို့ရာတွင် များသော အားဖြင့် အိန္ဒိယနိုင်ငံမှလာသော လက်ဖက်ခြောက်အားလုံးလိုလိုမှာ အမည်း မျိုးသာဖြစ်၍ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှမူ အမည်းနှင့်အစိမ်း နှစ်မျိုး စလုံး လာတတ်သည်။ အင်္ဂလန်ပြည်တွင် လက်ဖက်ခြောက်မည်းကိုသာ အသုံးပြုလေ့ရှိကြ၍ အမေရိကန်နိုင်ငံ၌ကား အမည်းရော အစိမ်းကိုပါ အသုံးပြုကြ၏။ တစ်ကမ္ဘာလုံးအသုံးပြုသည့် လက်ဖက်ခြောက်မှာ တစ်နှစ် တစ်နှစ်လျှင် ပေါင်ချိန်ကုဋေပေါင်းများစွာပင် ရှိလေသည်။

လက်ဖက်ခြောက်တွင် သီအင်းဓာတ်ပါ၍ ထိုဓာတ်မှာ ကာဖီတွင် ပါသည့် ကယ်ဖီအင်းဓာတ်နှင့်အတူတူပင်ဖြစ်သည်။ ထိုဓာတ်သည် သောက် သုံးသူကို အနည်းငယ်ထကြွအားရှိစေ၍ နည်းလျှင် လူကို ဥပါဒ်မပေးချေ။ လက်ဖက်ရည်ကို ခပ်ကျကျအသောက်များသူများကိုမူ အကြောများကို ဥပါဒ် ပေးတတ်ပေသည်။ သီအင်းဓာတ်သည် လက်ဖက်ရည်သောက်စ မရှိသူတို့ အဖို့ ညဉ့်ဘက်တွင်အိပ်မပျော်နိုင်အောင် ဖြစ်စေတတ်သည်။ လက်ဖက်ရည်၌ ဝါညိုရောင်ရှိခြင်းမှာ လက်ဖက်ရွက်တွင် တန်းနင်းဟုခေါ်သော ဓာတ်ပစ္စည်း တစ်မျိုးပါသောကြောင့်ဖြစ်၏။ ထိုဓာတ်ပစ္စည်းများလျှင်လည်း ကျန်းမာရေး ကို ထိခိုက်တတ်သည်။ ထို့ကြောင့် လက်ဖက်ရည်ဖျော်ရာတွင် တန်းနင်း ဓာတ်အများအပြားထွက်မလာစေရန် လက်ဖက်ခြောက်ကို အကြာကြီးနှပ် မထားလျှင် သာ၍ကောင်းလေသည်။ လက်ဖက်ရည်ဖျော်နည်း အမျိုးမျိုးရှိ ၏။ သူ့ချည်းသက်သက်လည်း ရေနွေးဖြင့်ဖျော်သောက်နိုင်၍ သကြား၊ နို့၊ နို့ဆီ သို့မဟုတ် လိမ္မော်ရည် စသည်များနှင့်လည်းဖျော်နိုင်သည်။ အမေရိ ကန်၊ အင်္ဂလန်၊ ပြင်သစ် စသောအချို့နိုင်ငံများတွင် အထူးသဖြင့် နွေရာသီ၌ မွန်းလွဲပိုင်းတွင် လက်ဖက်ရည်ဖျော်ပြီးနောက် ရေခဲဖြင့်အအေးခံ၍ သောက် လေ့သောက်ထရှိကြသည်။ ဂျပန်နိုင်ငံတွင်မူ လက်ဖက်ရည်ပွဲ တည်ခင်းသည့် အခမ်းအနားမှာ ရှေးအစဉ်အဆက်ကစ၍ ဆင်းသက်လာသော ယဉ်ကျေးမှု တစ်ရပ်ဖြစ်၏။ တည်ခင်းသည့် လက်ဖက်ရည်မှာ လက်ဖက်ရည်ကြမ်းပင် ဖြစ်သည်။ သို့ရာတွင် လက်ဖက်ရည်ဖျော်ပုံ၊ တည်ခင်းပုံ၊ သောက်သုံးပုံမှာ သတ်မှတ်ထားသော အစီအစဉ်မျာအတိုင်း စနစ်တကျ ပြုလုပ်ကြရသည်။ ဤထုံးတမ်းစဉ်လာသည် ဂျပန်တို့၏ပေါင်းသင်းဆက်ဆံရေးတွင် အရေးကြီး သည့် အစိတ်အပိုင်းတစ်ခုဖြစ်၍ ရှေးနှစ် ပေါင်း ၅ဝဝ က ဗုဒ္ဓအယူဝါဒီ ရဟန်းတော်များမှတစ်ဆင့် ဆင်းသက်လာခဲ့သော အမွေအနှစ်တစ်ခုဖြစ်သည် ဟု ဆိုလေသည်။

မြန်မာလူမျိုးများ အနှစ်သက်ဆုံးဟု ပြောလေ့ပြောထရှိခဲ့ကြသော အာဟာရဝတ္ထုသုံးမျိုးမှာ အသားတွင်ဝက်၊ အသီးတွင်သရက်၊ အရွက်တွင် လက်ဖက် ဟူ၍ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် လက်ဖက်သည် အရေးပါ အရာရောက်၏၊ မြန်မာနိုင်ငံတွင် လက်ဖက်အစိုနှင့် အခြောက် ဟူ၍ရှိရာ ထိုနှစ်မျိုးစလုံးကိုပင် သုံးစွဲကြသည်။

အထူးသဖြင့် လက်ဖက်စိုမှာ ရိုးရာအလိုက် ပွဲဝင်သော ခဲဖွယ် တစ်ခုဖြစ်သည်သာမက လွှတ်ရုံးများ၏ အဆုံးအဖြတ်များ၌ပင်လျှင် လက် ဖက်စား၍ အမှုပြေငြိမ်းခြင်း၊ လက်ဖက်စား၍ အမှုပြတ်ကင်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်လေ့ရှိကြ၏။ ရပ်ရွာအတွင်း၌လည်း ဘာသာရေးပူဇော်ပွဲ၊ နတ်ပူဇော်ပွဲများတွင် လက်ဖက်မပါလျှင် မပြီးသကဲ့သို့ဖြစ်သည်။ မြန်မာ့ရိုးရာအလိုက် ထိမ်မြားမင်္ဂလာပွဲများအတွက် ဖိတ်ကြားရာ ဝယ် လက်ဖက်ထုပ်များဖြင့် ဖိတ်ကြားလေ့ရှိခဲ့၏။ တောင်သူလယ်လုပ်တို့မှာ လက်ဖက်တစ်ရိုး ကွမ်းတစ်ယာပေးပြီးလျှင် သမီးပေး သားယူ ထိမ်းမြားလေ့ ရှိလေသည်။

မြန်မာဘုရင်များသည် လက်ဖက်စိုကိုအထူးမွန်မြတ်သော အာဟာ ရတစ်ခုအနေဖြင့် မှီဝဲသုံးဆောင်လေ့ရှိခြင်းကြောင့် မင်္ဂလာမင်းခမ်း မင်းနား များတွင် လက်ဖက်အိုးလက်ဖက်ခွက်များကို ဘုရင့်အသုံးအဆောင် ပစ္စည်းတစ်ခုအဖြစ်ထား၍ သုံးစွဲခဲ့ကြ၏။ ဆင်းရဲသား လယ်လုပ် ကုန်သည် များအဖို့လည်း လက်ဖက်ကို နေ့စဉ်အာဟာရတစ်ခုအနေဖြင့် သုံးစွဲကြခြင်း ကြောင့် အိမ်တိုင်းလိုမှာပင် လက်ဖက်အိုး၊ လက်ဖက်ခွက်များ ထားရှိကြလေ သည်။

လက်ဖက်အစိုကို ရှေးအထက်ကျော်ကာရီက နှမ်းဆီနှင့်စိမ်ထားပြီး လျှင် စားသုံးလေ့ရှိ၏။ ထိုမှ နောက်ခေတ်များတွင် ကြက်သွန်ဖြူ အကြော်၊ နှမ်းလှော်၊ ပဲလှော် စသောအဆာများဖြင့် ရောနှောသုံးဆောင် လေ့ရှိကြ သည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်မြောက်ပိုင်း တောင်ပိုင်နယ်၊ မိုးမိတ် နယ်နှင့် မိုင်းလုံနယ်များတွင် လက်ဖက်ပင်များကိုစိုက်ပျိုးသည်။ မိုး မိတ် နယ်နှင့် မိုင်းလုံနယ်တို့မှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုများကို အပြင်တောင်ဟုခေါ်၍ တောင်ပိုင်းနယ် သို့မဟုတ် နမ့်ဆန်နှင့် မိုင်းငေါ့ အပါအဝင် ဒေသများမှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုတို့ကို အတွင်းတောင်ဟုခေါ်သည်။ နမ့်ဆန်းနှင့် မိုင်းငေါ့တို့ဘက်မှထွက်သော လက်ဖက်ခြောက်၊ လက်ဖက်စိုများမှာ ကောင်းလည်းကောင်း၏။ လူသုံး လည်းများ၏။ လက်ဖက်လည်း အများဆုံးထွက်၍ နယ်လည်း အကျယ်ဆုံး ဖြစ်လေသည်။ လက်ဖက်ပင်ရွက်သစ်နုချိန်မှာ နှစ်စဉ် တန်ခူးလဆန်းစအခါ ၌ဖြစ်စေ၊ သင်္ကြန်ရက်မတိုင်မီ၌ဖြစ်စေ အနည်းအကျဉ်းသာနု၍ သင်္ကြန်ရက် အတွင်း သင်္ကြန်မိုးရွာချပြီးနောက် အပင်တိုင်း၌ ဝေဝေဆာအောင် ရွက်နုများ ထလာလေသည်။

လက်ဖက်ရွက်နုများကိုခူးပြီးသော် (၁)လက်ဖက်ရည်အဖန်ခြောက်၊ (၂)လက်ဖက်ရည်အချိုခြောက်၊ (၃) လက်ဖက်အစို၊ (၄) လက်ဖက်အဆီ စသည်ဖြင့် လေးမျိုးလေးစားအထိ ခွဲခြား၍ လိုအပ်ရာရာပြုလုပ်သုံးစွဲကြ သည်။ လက်ဖက်ခြောက်(လက်ဖက်ရည်အဖန်ခြောက်)လုပ်ငန်းမှာ နွေရာ သီနှင့် မိုးမကျမီကာလအတွင်းသာ လုပ်ကိုင်ပြီးလျှင် မိုးဦးကျ၍ မိုးအလွန် ရွာသောအချိန်၌ လက်ဖက်ခြောက်အလုပ်များမလုပ်နိုင်ဘဲ၊ ရပ်ဆိုင်း၍ လက် ဖက်အစို၊ သို့မဟုတ် အချိုခြောက်လုပ်ငန်းများကိုသာ လုပ်ကိုင်ကြရသည်။ လက်ဖက်ခြောက်များလုပ်ရာတွင် ရွက်ကြမ်းမကြွေမီ နှင်းအားကြီးသော ဆောင်းရာသီအခါ၌လည်း လက်ဖက်ရွက်နုများ အသင့်အတင့်ခူးယူ ရရှိနိုင် ၍ ထိုရာသီတွင်ထွက်သော လက်ဖက်ခြောက်များမှာ ရွှေဖီအွိုင့်နမ့်ဟု ခေါ်၍ ပထမတန်စားဖြစ်၏။ မြန်မာလို နှင်းတက်ခြောက်ဟုခေါ်သည်။ ရေချို အကောင်းခြောက်ဟုလည်း အဓိပ္ပာယ်ရ၏။ တစ်နှစ်အတွင်းထွက်သော လက် ဖက်ခြောက်အမျိုးအစားတို့မှာ-

(၁) ရွှေဖီ အွိုင့်နမ့် (နှင်းတက်ခြောက် - ရေချိုခြောက်)
(၂) ရွှေဖီဦး (သင်္ကြန်မကျမီ ထွက်သည်။)
(၃) ရိုးရိုးရွှေဖီ (သင်္ကြန်ကျပြီးစအခါ ထွက်သည်။)
(၄) ခါးကန် (မိုးဦးကျခါနီး ခူးသည်။)
(၅) ခါးဝှပ် (မိုးဦးကျပြီးမှ ခူးသည်။)
(၆) ခါးနွိုင်း (မိုးတွင်းခူးသည်။) စသည်တို့ ဖြစ်လေသည်။

အရသာ၊ လက်ဖက်ခြောက် အသွေးအရောင်နှင့်တကွ ရောင်းဈေးမှာလည်း အဆင့်ဆင့်ကွာခြားသွားသည်။ အကောင်းဆုံးလက်ဖက်ခြောက်ဖြစ်သော ရွှေ ဖီဦးများမှာ အရောင်အဆင်းနက်မှောင်သည်။ အစအနသေးသွယ်၍ လက် နှင့်ဆုပ်ကိုင်လျှင် ဆူးချွန်များကဲ့သို့ စူးလေသည်။ [၅]

လက်ဖက်သည် ကာမဲလီယာ စင်နန်စစ် အပင်၏ အရွက်၊ အဖူး နှင့် ရွက်ဆစ်တို့ကို နည်းအမျိုးမျိုးဖြင့် ပြုပြင်၊ ပြင်ဆင်ထားသော စိုက်ပျိုးရေး လုပ်ငန်းထွက်ကုန်ဖြစ်သော စားသောက်ကုန်ဖြစ်သည်။ ပြုပြင်ထားသော လက်ဖက်ရွက်ခြောက်များကို ပူသော သို့မဟုတ် ဆူပွက်နေသော ရေနှင့်အတူ ပေါင်းစပ်ခြင်းမှပြင်ဆင် ထားသည့် ရနံ့မွှေးသော ဖျော်ရည် ကိုလည်း “လက်ဖက်”ဟု ရည်ညွှန်းပါသည်။လက်ဖက်ဟူသည်မှာ ကာမဲလီယာ စင်နန်စစ် အပင်၏ လူသိများသော အမည်လည်းဖြစ်ပါသည်။ လက်ဖက်ရည်တွင် အထွေထွေ အမျိုးမျိုးသော ပိုလီဖီနော(လ်)များ ပါဝင်သော်လည်း၊ လူအများ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသကဲ့သို့ လက်ဖက်တွင် တန်းနစ်အက်ဆစ် မပါဝင်ချေ။ရေပြီးလျှင် လက်ဖက်ရည်သည် ကမ္ဘာပေါ်တွင် လူသောက်အများဆုံး ဖျော်ရည် ဖြစ်သည်။၎င်းတွင် လူအများကြိုက်နှစ်သက်သည့် အေးမြသော၊ အနည်းငယ်ခါးသက်သော၊ ဖန်သော အရသာတို့ ပါရှိပါသည်။

လက်ဖက်ရည် အမျိုးအစား အနည်းဆုံး ခြောက်မျိုးရှိပါသည်။ ၎င်းတို့မှာ အဖြူ၊ အဝါ၊ အစိမ်း၊ အူလုံ၊ အမည်းနှင့် ပူအာလက်ဖက်တို့ ဖြစ်ပြီး ၎င်းတို့အနက် လက်ဖက်ခြောက်အဖြူ ၊ အစိမ်း ၊ အူလုံ နှင့် အမည်းတို့ကို ဈေးထဲတွင် တွေ့ရလေ့ရှိသည်။လက်ဖက်အမျိုးအစား အားလုံးကို မျိုးစုတူ အပင်များမှ ရရှိသော်လည်း၊ ကွဲပြားသော ပစ္စည်းအမျိုးအစားများကို အသုံးပြုခြင်း၊ အရွက်များအား ပြုပြင်ပုံ နည်းအဆင့်ဆင့် ကွဲပြားခြင်းတို့ ရှိနိုင်ပါသည်။ ကောင်းမွန်သော အဖြူရောင်လက်ဖက်ရရှိရန်အတွက် တစ်မူထူးခြားစွာ စိုက်ပျိုးရပါသည်။ အချဉ်ဖောက်ထားသော ပူအာလက်ဖက်ကို ဆေးအဖြစ် မကြာခဏ အသုံးပြုကြသည်။

"ဆေးဖက်ဝင်လက်ဖက်” ဟူသော ဝေါဟာရကို ပုံမှန်အားဖြင့် အရွက်များ၊ ပန်းများ ၊ သစ်သီး ၊ ဆေးဖက်ဝင်အပင်များ သို့မဟုတ် ကာမဲလီယာ စင်နန်စစ် မပါဝင်သော အခြားသော အပင်များဖြင့် ရောစပ်ထားသည့် သို့မဟုတ် ဆေးဖက်ဝင်သည့် အရွက်ပြုတ်ရည် ကို ရည်ညွှန်းသည်။“အနီရောင်လက်ဖက်” ဟူသော ဝေါဟာရမှာ အမည်းရောင်လက်ဖက်ရည် (အဓိကအားဖြင့် တရုတ်၊ ကိုးရီးယား၊ ဂျပန် နှင့် အခြားသော အရှေ့အာရှ ဘာသာစကားများ) မှသော်လည်းကောင်း၊ သို့မဟုတ် တောင်အာဖရိက ရွိုင်းဘော့(စ်) အပင် (ကာမဲလီယာ စင်နန်စစ် မပါဝင်သော)မှ သော်လည်းကောင်း ရောနှောပေါင်းစပ် ထားခြင်းမှရရှိသော အရည်ကို ရည်ညွှန်းသည်။

ပြုလုပ်ပုံအဆင့်ဆင့် နှင့် အမျိုးအစားခွဲခြားခြင်း[ပြင်ဆင်ရန်]

လက်ဖက်ပြုလုပ်ပုံအဆင့်ဆင့်

La Phet
လက်ဖက်ခြောက်ပြုလုပ်ပုံ အဆင့်ဆင့်နည်းစနစ်

လက်ဖက်ရည်အမျိုးအစားကို ၎င်းအား ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ပေါ်မူတည်ပြီး ဆုံးဖြတ်သည်။ ကာမဲလီယာ စင်နန်စစ် အရွက်များ စတင် ညှိုးနွမ်းစပြုပြီး အောက်ဆီဂျင်နှင့် ရောစပ်၍ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်လာသည်။သို့မဟုတ်ပါကဆွတ်ယူပြီးလျှင်ပြီးချင်းခြောက်သွေ့စေရန်လျင်မြန်စွာလုပ်ဆောင်ရမည်။ ကလိုရိုဖီးပျက်စီးသွားပြီးသစ်ခေါက်ဖန်ရည်များထွက်လာသောအခါတွင် အရွက်များ ပို၍ နက်မှောင်သောအရောင်သို့တစ်ဖြည်းဖြည်းတိုး၍ပြောင်းလာသည်။ ဤအင်ဇိုင်မက်တစ်အောက်ဆီဒေးရှင်းခေါ် အရသာပေါ်အောင်အောက်ဆိုက်ဒ်ဓာတ်ပေါင်းပြုလုပ်ခြင်း လုပ်ငန်းစဉ်ကို အချဉ်ဖောက်ခြင်းဟူ၍ လက်ဖက်လုပ်ငန်းတွင် ခေါ်ကြသည်။ သို့ရာတွင် ၎င်းမှာ အချဉ်ဖောက်ခြင်း အစစ်မဟုတ်ပေ။

အချဉ်ပေါက်ခြင်းမှာမိုက်ခရိုအော်ဂဲန်နစ်ဇင်ခေါ် သေးငယ်လွန်းသောသက်ရှိဇီဝရုပ်များကြောင့် မဟုတ်သလို၊ အောက်ဆီဂျင်မပါဝင်သည့် လုပ်ငန်းစဉ်လည်း မဟုတ်ပါချေ။ နောက်ထပ်ပြုလုပ်ပုံ အဆင့်မှာ ကြိုတင်သတ်မှတ်ထားသော အဆင့်တွင် အပူပေးခြင်းဖြင့် အောက်ဆိုက်ဒ်ဓာတ်ပေါင်း ပြုလုပ်ခြင်းအဆင့်ကို ရပ်ဆိုင်းရန်ဖြစ်သည်။ ထိုအဆင့်သည် အင်ဇိုင်းများ၏ တာဝန်ယူမှုကို ရပ်တန့်စေသည်။ အမည်းရောင် လက်ဖက်ရည်အတွက် ဤအဆင့်ပြီးလျှင်ပြီးချင်း တစ်ဆက်တည်းမှာ အခြောက်ခံသည်။ ရေခိုးရေငွေ့နှင့် အပူချိန် ထိန်းချုပ်မှုကို ဂရုစိုက်ခြင်း မရှိပါက ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးစဉ် အချိန်အတောအတွင်း လက်ဖက်ခြောက်ကို မှို တက်တတ်သည်။ မှိုသည် အမှန်တကယ် အချဉ်ဖောက်ခြင်းကို ဖြစ်ပွားစေပြီး အဆိပ်အတောက်နှင့် တစ်ခါတစ်ရံ ကင်ဆာဖြစ်စေသော ဓါတ်ပစ္စည်းများဖြင့် လက်ဖက်ကို မသန့်မရှင်းဖြစ်စေ၍ အနံ့အရသာလည်း ပျက်ပြယ်စေပြီး သောက်သုံးရန်မသင့်သော အနေအထားသို့ ရောက်စေသည်။

ထုံးတမ်းအစဉ်အလာအရခွဲခြားခြင်း[ပြင်ဆင်ရန်]

လက်ဖက်ကို ထုံးတမ်းစဉ်လာအရ ၎င်းကို ထုတ်လုပ်ခြင်းနှင့် ပြုလုပ်ပုံအဆင့်ဆင့် နည်းစနစ်များအပေါ် အခြေခံ၍ အမျိုးအစားခွဲခြားသည်။

  • အဖြုရောင်လက်ဖက်ရည် - နွမ်းအောင်လုပ်ထားသည်၊ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်အောင် လုပ်မထားပေ။
  • အဝါရောင်လက်ဖက်ရည် - နွမ်းအောင်၊ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်အောင် လုပ်မထားပေ၊ သို့သော် အဝါရောင်သို့ ပြောင်းစေသည်။
  • အစိမ်းရောင်လက်ဖက်ရည် - နွမ်းအောင်၊ အောက်ဆိုက်ဒ်ဓာတ်ပေါင်းဖြစ်အောင် လုပ်မထားပေ။
  • အူလုံလက်ဖက်ရည် - နွမ်းအောင်၊ ကြေအောင်နှင့် တစ်စိတ်တစ်ပိုင်း အောက်ဆိုက်ဒ်ဓာတ်ပေါင်း ဖြစ်အောင် လုပ်ထားသည်။
  • အမည်းရောင်လက်ဖက်ရည် - နွမ်းအောင်၊ တစ်ခါတစ်ရံ ကြေမွအောင်လုပ်ထားသည်။ အောက်ဆိုက်ဒ်ဓာတ်ပေါင်း လုံးဝဖြစ်အောင် ပြုလုပ်ထားသည်။
  • အချဉ်ဖောက်ထားသောလက်ဖက် - အချဉ်ပေါက်ခြင်း/ ဆွေးခြင်းကို ခွင့်ပြုထားသော အစိမ်းရောင် လက်ဖက်ရည်။

ရောစပ်ခြင်းနှင့် ဖြည့်စွက်ခြင်းများ[ပြင်ဆင်ရန်]

La Phet
၁၉၁၅ မတိုင်မီ ရုရှားအင်ပါယာ၊ ဘာတူမီမြောက်ပိုင်းရှိ လက်ဖက်ချိန်တွယ်ရာဌာန

လက်ဖက်ရောစပ်ခြင်းနှင့် ဖြည့်စွက်ခြင်းများ

ထုပ်ပိုးထားသော လက်ဖက်ခြောက်ထုပ် အားလုံးနီးပါးနှင့် အနောက်တိုင်းတွင် ရောင်းချသော အခြားလက်ဖက်ခြောက် အများစုမှာ ရောစပ်ထားသည့် လက်ဖက်ခြောက်များဖြစ်သည်။ လက်ဖက်စိုက်ပျိုးသော နေရာများတွင် ရောစပ်လေ့ရှိသည် (အာသံပြည်နယ်တွင် ဆိုုပါမူ) သို့မဟုတ် အရပ်အမျိုးမျိုးမှလာသော လက်ဖက်အမျိုးမျိုးကို ရောစပ်တတ်သည်။ ထိုသို့ပြုလုပ်ကြခြင်းမှာ အရသာပိုမိုကောင်းမွန်စေရန်၊ ဈေးကောင်းရရှိစေရန်၊ သို့မဟုတ် နှစ်မျိုးလုံးအတွက် ဖြစ်သည်။ ဈေးပိုကြီးပြီး အရသာပိုမိုကောင်းမွန်သော လက်ဖက်ခြောက်မှာအရသာလျော့နည်း၍ပိုမိုဈေးသက်သာသည့် အမျိုးအစားတို့အတွက် ထေမိရန် ဖြစ်သည်။

အချို့သောလက်ဖက်များမှာ အမျိုးအစားများ ရောစပ်ထားရုံသာမက၊ စွဲမက်စေရန် ဖြည့်စွက်ထားသော ဆေးများထည့်ခြင်း သို့မဟုတ် အထူးပြုလုပ်ပုံအဆင့်ဆင့်ကို သုံးထားခြင်းတို့ဖြင့် အရသာကို ပိုမို၍ကောင်းစေသည်။ လက်ဖက်သည် အမျိုးမျိုးသော ရနံ့များ ထည့်သွင်းခြင်းကို လက်ခံရန် အလွန်လွယ်ကူခြင်းကြောင့်၊ လက်ဖက်ပြုလုပ်ခြင်း အဆင့်ဆင့်တွင်လည်းကောင်း၊ သယ်ယူပို့ဆောင်ခြင်း နှင့် သိုလှောင်ခြင်းတွင် လည်းကောင်း၊ ပြဿနာများ ဖြစ်စေနိုင်ပါသည်။ ထို့အပြင် ဘာဂမော့(ထ်)လိမ္မော် (အားလ်ဂရေးလက်ဖက်ရည်)၊ ဗနီလာ၊ ကရမယ်(လ်)နှင့် အခြားများပြားလှစွာသော ရနံ့များကဲ့သို့ အဆုံးအစမရှိ များပြားပြီး ကွဲပြားသည့် ရနံ့နှင့် အရသာတို့ကို တီထွင်ဖန်တီးရန် အခြေအနေကိုလည်း ဖြစ်ပေါ်စေပါသည်။

စီးပွားရေးလုပ်ငန်း[ပြင်ဆင်ရန်]

တစ်ဦးချင်း လက်ဖက်စားသုံးမှု နိုင်ငံများစာရင်း

လက်ဖက်ရည်သည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသော သောက်သုံးဖွယ်ရာ စားသောက်ကုန် ဖြစ်သည်။ ၎င်း၏ စားသုံးမှုသည် ကော်ဖီ၊ ချော့ကလက်၊ အချိုရည်၊ အရက်သေရည်တို့ စုစုပေါင်းပါဝင်သော ကမ္ဘာပေါ်ရှိ အခြားသော သောက်သုံးကုန် ထုတ်လုပ်မှုှုအားလုံးနှင့် ညီမျှသည်။အရှေ့အာရှ အပြင်ဘက်ဒေသတွင် စားသုံးသည့် လက်ဖက်အများစုကို အိန္ဒိယ သို့မဟုတ် သီရိလင်္ကာတို့တွင် စိုက်ခင်းကြီးများဖြင့် အကြီးအကျယ် စိုက်ပျိုးပြီး စီးပွားရေး လုပ်ငန်းကြီးများအတွက် ရည်ရွယ်ပြီးထုတ်လုပ်သည်။ ဤကဲ့သို့ ကြီးမားသော ထုတ်လုပ်ရေး စက်ရုံများနှင့် ဆန့်ကျင်စွာ၊ အစားကြူးသူများက လွန်ကဲစွာ လိုက်လံရှာဖွေတတ်သော လက်ဖက်အမျိုးအစားများကို ထုတ်လုပ်တတ်သည့် “ဥယျာဉ်များ”၊ တစ်ခါတစ်ရံတွင် သေးငယ်သော စိုက်ခင်းများလည်း အများအပြားရှိသည်။ ဤလက်ဖက်များမှာ ရှားပါး၍ ဈေးကြီးပြီး၊ ဤနေရာတွင် အချို့သော ဈေးအကြီးဆုံးဝိုင်များနှင့် ယှဉ်နိုင်သည်။ အိန္ဒိယနိုင်ငံသည် နှစ်စဉ် လူတစ်ဦးချင်း လက်ဖက်စားသုံးမှုမှာ ရ၅၀ ဂရမ်မျှသာ ရှိသော်လည်း ကမ္ဘာပေါ်တွင် လက်ဖက်စားသုံးမှု အများဆုံးနိုင်ငံ ဖြစ်သည်။ တူရကီနိုင်ငံတွင် တစ်နှစ်လျှင် လူတစ်ဦးချင်း၏ လက်ဖက်စားသုံးမှုမှာ၂.၅ ကီလိုဂရမ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်ဦးချင်း လက်ဖက်စားသုံးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်သည်။

ထုတ်လုပ်ခြင်း[ပြင်ဆင်ရန်]

La Phet
၂၀၀၈ ခုနှစ်တွင် စုစုပေါင်းလက်ဖက်ထုတ်လုပ်ခြင်းရာခိုင်နှုန်း
   ၀.၅% ထက်နည်းသော သို့မဟုတ် မထူးခြားသော အရေအတွက်များ
   ၀.၅% မှ ၁% ထိ
   ၁% မှ ၅% ထိ
   ၁၀% မှ ၂၀%
   ၁၀% မှ ၂၀%
   ၂၀% ထက်များသော

၂၀၀၃ ခုနှစ်တွင် ကမ္ဘာ့လက်ဖက်ထုတ်လုပ်မှုမှာ နှစ်စဉ် တန်ချိန်သန်းပေါင်း ၃.၂၁ ဖြစ်သည်။၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ လက်ဖက်ထုတ်လုပ်မှုမှာ တန်ချိန်သန်းပေါင်း ၄.၇၃ သို့ရောက်ရှိခဲ့သည်။လက်ဖက်အများဆုံး ထုတ်လုပ်သော နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအိန္ဒိယ၊ ကင်ညာ၊ သီရိလင်္ကာ နှင့် တူရကီ နိုင်ငံတို့ဖြစ်သည်။

၂၀၁၃ ခုနှစ် တိုင်းပြည်အလိုက် စုစုပေါင်း တစ်ကမ္ဘာလုံး လက်ဖက်ထုတ်လုပ်ခြင်း ရာခိုင်နှုန်း


အောက်ဖေါ်ပြပါဇယားမှာ မကြာသေးမီနှစ်များက လက်ဖက်ထုတ်လုပ်ခြင်းကို ဦးဆောင်လျက် ရှိသောတိုင်းပြည်များ၏ထုတ်လုပ်မှုပမာဏ(တန်ဖြင့်)ကို ဖေါ်ပြထားသည်။ ကုလသမဂ္ဂ၏စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ၂၀၁၄ ဖေဖော်ဝါရီလတွင် ထုတ်ပြန်လိုက်သော အချက်အလက်များဖြစ်သည်။

အဆင့် နိုင်ငံ ၂၀၀၈ ၂၀၀၉ ၂၀၁၀ ၂၀၁၁ ၂၀၁၂ ၂၀၁၃
1၁  တရုတ်ပြည် ၁၂၅၇၆၀၀ ၁၃၅၉၀၀၀ ၁၄၅၀၀၀၀ ၁၆၂၃၀၀၀ ၁၈၀၄၆၅၅ ၁၉၃၉၄၅၇
 အိန္ဒိယ ၉၈၇၀၀၀ ၉၇၂၇၀၀ ၉၉၁၁၈၀ ၁၀၆၃၅၀၀ ၁၁၃၅၀၇၀ ၁၂၀၈၇၈၀
 ကင်ညာ ၃၄၅၈၀၀ ၃၁၄၁၀၀ ၃၉၉၀၀၀ ၃၇၇၉၁၂ ၃၆၉၄၀၀ ၄၃၂၄၀၀
 သီရိလင်္ကာ ၃၁၈၇၀၀ ၂၉၀၀၀၀ ၂၈၂၃၀၀ ၃၂၇၅၀၀ ၃၃၀၀၀၀ ၃၄၀၂၃၀
 ဗီယက်နမ် ၁၇၃၅၀၀ ၁၈၅၇၀၀ ၁၉၈၄၆၆ ၂၀၆၆၀၀ ၂၁၆၉၀၀ ၂၁၄၃၀၀
 တူရကီ ၁၉၈၀၄၆ ၁၉၈၆၀၁ ၂၃၅၀၀၀ ၂၂၁၆၀၀ ၂၂၅၀၀၀ ၂၁၂,၄၀၀
 အီရန် ၁၆၅၇၁၇ ၁၆၅၇၁၇ ၁၆၅၇၁၇ ၁၆၂၅၁၇ ၁၅၈၀၀၀ ၁၆၀၀၀၀
 အင်ဒိုနီးရှား ၁၅၀၈၅၁ ၁၄၆၄၄၀ ၁၅၀၀၀၀ ၁၄၂၄၀၀ ၁၄၃၄၀၀ ၁၄၈၁၀၀
 အာဂျင်တီးနား ၈၀၁၄၂ ၇၁၇၁၅ ၈၈၅၇၄ ၉၆၅၇၂ ၈၂၈၁၃ ၁၀၅၀၀၀
၁၀  ဂျပန် ၉၆၅၀၀ ၈၆၀၀၀ ၈၅၀၀၀ ၈၂၁၀၀ ၈၅၉၀၀ ၈၄၈၀၀
စုစုပေါင်း World ၄၂၁၁၃၉၇ ၄၂၄၂၂၈၀ ၄၅၁၈၀၆၀ ၄၃၂၁၀၁၁ ၅၀၃၄၉၆၈ ၅၃၄၅၅၂၃

၂၀၀၈ ခုနှစ် တူရကီနိုင်ငံအတွက် FAO ကွန်ပျူတာကိန်းဂဏန်းများမှာ တူရကီနိုင်ငံ၏ ၂၀၀၈ ခုနှစ် စုစုပေါင်း ထုတ်လုပ်ခြင်းကို ၁,၁၀၀,၂၅၇ တန်ဟု မှားယွင်းစွာဖေါ်ပြထားသည်။ ယခင်နှစ်က တူရကီနိုင်ငံ၏ နှစ်စဉ် ပျမ်းမျှလက်ဖက်ထုတ်လုပ်ခြင်း ၂၀၀,၀၀၀ တန်ထက် တစ်နှစ်ထဲတွင်(၂၀၀၈) ငါးဆ မြင့်တက်လာသည်မှာ မဖြစ်နိုင်ပေ။ တူရကီနိုင်ငံ၏ ၂၀၀၇ ခုနှစ် ထုတ်လုပ်ခြင်း ၂၀၆,၀၀၀ တန်နှင့်နှိုင်းယှဉ်လျှင် (မှားယွင်းသော) FAO ကိန်းဂဏန်းများ ၁,၁၀၀,၂၅၇ တန်မှာ တူရကီနိုင်ငံ၏ ၂၀၀၈ ခုနှစ် လက်ဖက် ထုတ်လုပ်ခြင်းအတွက် FAO၏တွက်ချက်မှုအမှားများကိုကိုယ်စားပြုစေသည်။ ပုံမှန်ထုတ်ဝေသည့် လုပ်ငန်းစာစောင် တစ်စောင်ဖြစ်သော "Tea Weekly" အစီရင်ခံစာအရ တူရကီနိုင်ငံသည် ၂၀၁၇ တွင် ၂၇၉,၀၀၀ တန်ခန့် ထုတ်လုပ်ရန် စီမံကိန်းချထားသည်။ တူရကီနိုင်ငံ၏ ၂၀၀၈ ခုနှစ် လက်ဖက် ထုတ်လုပ်ခြင်း အတွက် FAO ကိန်းဂဏန်းများမှရရှိသော ရလဒ်များမှားယွင်းကြောင်း ထပ်လောင်း ညွှန်ပြနေသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. Fuller၊ Thomas။ "A Tea From the Jungle Enriches a Placid Village"၊ The New York Times၊ 21 April 2008၊ စာ- A8။ 
  2. Mair & Hoh 2009, pp. 29–30.
  3. Martin, p. 8
  4. Alan Macfarlane (2004). The Empire of Tea. The Overlook Press, 32. ISBN 1-58567-493-1. 
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)