ဩကာသ ဘုရားရှိခိုး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (သီလရှင်)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်၀တ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့်သြကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

ဩကာသ ဘုရားရှိခိုး သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ဘုရား သို့မဟုတ် ဘုန်းတော်ကြီးများအား ဝတ်ပြုရာတွင် ပထမဆုံးသော ရွတ်ဆိုသော မြန်မာဘာသာဖြင့် ဘုရားရှိခိုး ဂါထာဖြစ်သည်။ ဩကာသ ဘုရားရှိခိုး ရည်ရွယ်ချက်မှာ မိမိအမှား များအား ဝန်ချတောင်းပန်ခြင်း နှင့် နိဗ္ဗာန်သို့ ရောက်ရန် ဆုတောင်းခြင်း ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း အလားတူ ဂါဌာများရှိသည်။ ဩကာသ ဘုရားရှိခိုး ဂါဌာသည် မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းတိုင်း အတူဖြစ်သော်လည်း အနည်းငယ်မျှ ကွဲလွဲတပ်သည်။

ဩကာသ ဘုရားရှိခိုး ၁[ပြင်ဆင်ရန်]

ဩကာသ၊ ဩကာသ၊ ဩကာသ၊

ကာယကံဝစီကံမနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာတရားရတနာသံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါးကပ်သုံးပါးရပ်ပြစ်ရှစ်ပါးရန်သူမျိုးငါးပါးဝိပတ္တိတရားလေးပါးဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော ဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

ဩကာသ ဘုရားရှိခိုး ၂[ပြင်ဆင်ရန်]

ဩကာသ၊ ဩကာသ၊ ဩကာသ၊

ကာယကံဝစီကံမနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာတရားရတနာသံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်(၄)ပါးကပ်(၃)ပါးရပ်ပြစ်(၈)ပါးရန်သူမျိုး(၅)ပါးဝိပတ္တိတရား(၄)ပါးဗျဿတရား(၅)ပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော ဘဝ၌ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

၁၃:၅၁၊ ၉ ဖေဖော်ဝါရီ ၂၀၁၇ (UTC)

အကျယ် ရှင်းလင်းချက်များ[ပြင်ဆင်ရန်]

အပါယ်(၄)ပါး[ပြင်ဆင်ရန်]

၁။ ငရဲ

၂။ တိရစ္ဆာန်

၃။ ပြိတ္တာ

၄။ အသူရကာယ်

(၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့်

(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊

(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ဝဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊

(ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊

(ဃ) မီးတောက်တို့သည် တဝုန်းဝုန်း့ ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသေ ရောရာုဝငရဲ ၊

(င) မီးခိုးတို့တစ်ငရဲလုံးဖုံး လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊

(စ) ငရဲသို့ကျရောက်သော သတ္တဝါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊

(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား ခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ ၊

(ဇ) မီးတောက်မီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ဝါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တဝါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အဝီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊

(၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊ အခြေအများ သတ္တဝါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တဝါများဖြစ်ကြသည့် တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊

(၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊

(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူရကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊

ကပ်(၃)ပါး[ပြင်ဆင်ရန်]

(၁) သတ္တန္တရကပ် = လက်နက်ကြောင့် သေကြေပျက်စီးရခြင်း

(၂) ရောဂန္တရကပ် = အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း

(၃) ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း

ရပ်ပြစ်(၈)ပါး[ပြင်ဆင်ရန်]

မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသများဖြစ်ကြသည့်

(၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊

(၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊

(၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ် ၊

(၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊

(၇) ဘုရားပွင့်ဆဲအခါ တရားနာလည်းလောက်သော ဉာဏ်မရှိသူ ၊

(၈) တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊

ရန်သူမျိုး(၅)ပါး[ပြင်ဆင်ရန်]

(၁) ရေ

(၂) မီး

(၃) မင်း

(၄) ခိုးသူ

(၅) မချစ်မနှစ်သက်သောသူ

ဝိပတ္တိတရား(၄)ပါး[ပြင်ဆင်ရန်]

ဝိပတ္တိတရားဆိုသည်မှာ ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရလေ၏။

(၁) ကာလဝိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါ ကာလ

(၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍

(၃) ဥပဓိဝိပတ္တိ = ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း

(၄) ပယောဂဝိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို ကြံစည်မူ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊

ဗျဿနတရား(၅)ပါး[ပြင်ဆင်ရန်]

(၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း

(၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း

(၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း

(၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း

(၅) သီလဗျဿန = သီလပျက်ခြင်း စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ နိဗ္ဗာန် ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗာန် စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။


(ဆုတောင်းရန်)[ပြင်ဆင်ရန်]

ဤသို့ ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်လွတ်ငြိမ်းသည်သာဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတော်မြတ်ကို လျှင်မြန်စွာ ရပါလို၏ အရှင်ဘုရား ဩကာသဘုရားရှိခိုးသည် အလွန်ရှေးကျသောခေတ် ကာလမှစ၍ မြန်မာနိုင်ငံ၌ ပေါ်ပေါက်ခဲ့သော ဘုရားရှိခိုးဖြစ်ရာ တစ်ကျောင်းတစ်ဂါထာ ဆိုသကဲ့သို့ပင် အနည်းနှင့်အများ မတူ ထူးခြားကွဲပြားလျက် မူအမျိုးမျိုးရှိပေ၏။ ကျမ်းကြီးကျမ်းခိုင် တို့၌ လာသောနည်းမျိုးမဟုတ်၍ ဘယ်နည်းသာမှန်သည် ဘယ်နည်း မှားသည်ဟုမဆိုသာချေ။ ကန်တော့တောင်းပန်ရန်ကို ပဓာနထား၍ မြန်မာဘာသာဖြင့် ရှေးပညာရှိတစ်ဦးဦးက စီစဉ် ထားသော ဘုရားရှိခိုးနည်းဖြစ်ပေသည်။ ရှင်အရဟံမထေရ်က စီစဉ်၍ နော်ရထာမင်းစောအား ပေးတော်မူသောနည်းဟူ၍ ရေးသားထားသည်ကိုလည်းတွေ့ဖူး၏။ ထိုရေးသားချက်သည် ဘုရားရှိခိုးအတွက် လေးနက်စေလိုသဖြင့် ဂုဏ်တင်ကာ သရုပ် ဆောင်ရေးသားချက်လည်း ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ ကျွနု်ပ်တို့နိုင်ငံရှိ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်တို့၏ ကောင်း မြတ်သော အစဉ်အလာတစ်ရပ်ဖြစ်ပြီး ကုသိုလ်တရား ဖြစ်ပွား တိုးတက်စေနိုင်သောကြောင့် လေးစားထိုက်သော ဘုရားရှိခိုးမူ ကြီးဖြစ်ပေရာ ထိုဘုရားရှိခိုး၏ အနက်အဓိပ္ပာယ်ကို မှန်ကန် ကျနစွာ သိသင့်သိထိုက်လှပေသည်။

ထို့ကြောင့် ထိုဘုရားရှိခိုး၏ အနက်အဓိပ္ပာယ်တို့ကို သိသာနိုင်ရန် ရေးသားဖော်ပြပါအံ့။ ထိုဘုရားရှိခိုး၏ အစဆုံးပိုဒ်၌ ဩကာသ ဟူသည်မှာ ပါဠိစကားဖြစ်၍ မြန်မာပြန်ဆိုလျှင် တည်ရာဟူသောအနက် အခွင့်ဟူသောအနက်ကိုရသည်။ ကန်တော့ခြင်း၏ တည်ရာ ဖြစ်တော်မူပါဘုရား ကန်တော့ရန်ခွင့်ပြုတော်မူပါဘုရားဟု ရှေးဦးစွာခွင့်တောင်းသော စကားမျိုးဖြစ်သည်။ ကန်တော့ တောင်းပန်သော အရာဖြစ်၍ အလေးဂရုဖြစ်စေလိုသောကြောင့် သုံးကြိမ်သုံးခါထပ်၍ ဆိုခြင်းဖြစ်သည်။ ဤ၌ ရှေးဦးပထမ စိတ်ဓာတ်ကြည်ရွှင် လက်အုပ်တင်၍ အလေးပြုရာ ရတနာ သုံးပါးသို့ ကန်တော့ပန်ဆင်လိုက်လျှင် ထိုရတနာသုံးပါးတည်း ဟူသော အမြတ်ဆုံးရတနာများသည် မိမိ၏စိတ်အာရုံ၌ ကြည် နူးစွာ ပေါ်ပေါက်၍ လာနိုင်သည်ဟု မှတ်ယူရမည်။ ကာယကံ၊ ဝစီကံ (လ) ပြစ်မှားမိသည်ရှိသော်ဟူသော စကားရပ်၏အဓိပ္ပာယ်မှာ ရတနာသုံးပါးအပေါ်၌ ကံသုံးပါးတို့ တွင် ကာယကံဖြင့် အပြုမှား၊ ဝစီကံဖြင့် အပြောမှား၊ မနောကံ ဖြင့် အကြံမှားဖြစ်ခဲ့မိ၍ ပြစ်မှားမိသော အပြစ်တစ်စုံတစ်ရာ ရှိခဲ့ပါလျှင်ဟုဆိုလိုသည်။

ပျောက်ပစေခြင်းအကျိုးငှာဟူသော စကားရပ်ဖြင့် ပြစ်မှားမိသော အပြစ်ကြီးအပြစ်ငယ်များ ပပျောက်ဖို့ရန် ကန်တော့သည်ဟု ဆိုလိုသည်။ မှန်လှ၏။ မပြစ်မှားအပ်သော ရတနာသုံးပါး ဆရာမိဘ စသည်တို့အား ပြစ်မှားမိခဲ့သော် ကန်တော့တောင်းပန်ရမည်။ ယင်းသို့ကန်တော့တောင်းပန်လျှင် အပြစ်များပပျောက်၍ ယခုပစ္စက္ခ ဤဘဝ၌ ခံစားသင့် ခံစားထိုက်သော အကျိုးများကိုလည်းရနိုင်၏။ နတ်ရွာ မဂ်ဖိုလ် ကိုလည်း မဆီးတားနိုင်တော့ပြီ။ အနန္တရိယကံစသော ကြီး လေးသောကံများကား ကန်တော့တောင်းပန်သဖြင့် ပပျောက်နိုင် သော ကံများမဟုတ်ချေ။ ပါဏာတိပါတ စသောကံများလည်း ကန်တော့တောင်းပန်ရုံမျှဖြင့် ပပျောက်နိုင်သော ကံများမဟုတ်။ သို့သော် ထိုကံမျိုးကို နောင်တစ်ဖန်မပြုမိအောင် သတိပညာဖြင့် စောင့်စည်း၍ ကုသိုလ်တရားများကိုသာ ပွားများအားထုတ်၍ သွားလျှင် ကြီးလေးသောကံဖြစ်မူ ပေါ့၍သွားတတ်၏။ အချို့ ပေါ့သောကံများလည်း အကျိုးပေးခွင့်မရဘဲ ပပျောက်၍သွား တတ်သည်လည်းရှိ၏။

ကန်တော့တောင်းပန်၍ ကုစားသောအခါ၌လည်း ပြစ် မှားအပ်ပြီးသောသူ၏ ရှေ့မျက်မှောက်၌ဖြစ်စေ၊ ထိုသူ ထင်ရှား မရှိရာ၌ကား သွားလေပြီးသောအရပ်သို့ ရှေးရှု လက်အုပ်ချီ၍ ဖြစ်စေ၊ သေလေပြီးသော ပုဂ္ဂိုလ်ဖြစ်လျှင် ထိုသူ၏သင်္ချိုင်းရာ တိုင်အောင် သွား၍ဖြစ်စေ ကန်တော့တောင်းပန်ရမည်ဟု ဝိသုဒ္ဓိမဂ် အဋ္ဌကထာ စသည်တို့၌ မိန့်ဆိုတော်မူ၏။ ကန်တော့ခန်း၌ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ် တို့ကို ဟူ၍လည်း တစ်ချို့ကထည့်ဆိုတတ်ကြ၏။ ထိုစကား၌ သဗ္ဗဒေါသဟူသည် ပါဠိစကားတည်း။ ခပ်သိမ်းသောအပြစ် ဟူသည် ယင်းပါဠိ၏ မြန်မာအနက်ဖွင့်ဖြစ်သည်။ ကန်တော့ တောင်းပန်ရုံမျှဖြင့် အလုံးစုံသော အပြစ်များပပျောက်နိုင်မည် မဟုတ်၍ ထိုသဗ္ဗဒေါသဟူသောပုဒ်၌ သဗ္ဗသဒ္ဒါသည် အကြွင်းရှိ သော သာဝသေသသဗ္ဗ သဒ္ဒါမျိုးဟူ၍ မှတ်ရမည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ဟုဆိုရာ၌ တစ်ကြိမ်က နှစ်ကြိမ်၊ နှစ်ကြိမ်ကသုံးကြိမ်တိုင်အောင် ကန်တော့ခြင်းသည် အလေးဂရုအထူးပြုရာကျရောက်သောကြောင့်သုံးကြိမ်တိုင်အောင် ကန်တော့ပါ၏ဟု ဆိုရခြင်းဖြစ်သည်။ ပထမ၊ ဒုတိယ၊ တတိယ ဟူ၍ပါဠိစကားကိုလည်း အချို့ထည့်ဆိုတတ်ကြ၏။ ထိုစကားမှာ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဟူ သော မြန်မာစကားနှင့် သဘောတူပင်ဖြစ်သည်။ ဘုရားရတနာ (လ) ရတနာမြတ်သုံးပါးတို့အားဟူသော စကားရပ်၌ ရတနာဟူသည် နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်ပွား စေတတ်သော အရာမျိုးကိုဆိုသည်။ ဘုရား၊ တရား၊ သံဃာဟူ သော ဤသုံးပါးကို လူနတ်ဗြဟ္မာ သတ္တဝါတို့၏ နှစ်သက် မွေ့လျော်ခြင်းကို ဖြစ်ပွားစေတတ်သော အတုမရှိ အဖိုးတန်မြင့် မြတ်သောအရာမျိုးသုံးပါးဖြစ်၍ ရတနာမြတ်သုံးပါးဟု ခေါ်ဆိုရ ပေသည်။

ရိုသေမြတ်နိုးလက်အုပ်မိုး၍ဟူသည် ရတနာသုံးပါးဂုဏ် ကို ရိုရိုသေသေ လေးလေးမြတ်မြတ် အာရုံကပ်လျက် လက်နှစ်ဖက်ပေါင်း ဆယ်ချောင်းသော လက်ချောင်းတို့ကို ညီညာထပ်ထား ကြာဖူးငုံအလား နဖူးပေါ်ထိအောင်မိုး၍ ရှိခိုး ခစားမှုကိုဆိုလိုသည်။

ရှိခိုးဟူသည် ဂုဏ်ကိုအာရုံပြု၍ ထိုဂုဏ်ကို ညွှတ်ခြင်း၊ ကိုင်းရှိုင်းခြင်းကိုဆိုလိုသည်။ ရှိခိုးခြင်းသည် (၁) ကိုယ်ဖြင့် ရှိခိုးခြင်း၊ (၂) နှုတ်ဖြင့်ရှိခိုးခြင်း၊ (၃) စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။ ထိုသုံးမျိုးတွင် ကိုယ်ဖြင့်ရှိခိုးခြင်းသည်လည်း (က) ရပ်လျက်ရှိခိုးခြင်း၊ (ခ) ထိုင်လျက်ရှိခိုးခြင်း၊ (ဂ) ဝပ်လျက်ရှိခိုးခြင်းဟူ၍သုံးမျိုးရှိပြန်၏။ ထိုသုံးမျိုးတွင် ရပ်လျက် ရှိခိုးသောအခါ မိမိကိုယ်ကို အနည်းငယ်ရှေ့သို့ ညွှတ်စေ၍ လက်နှစ်ဖက်ကို လက်အုပ်ချီပြီးလျှင် ရှိခိုးရသည်။ ထိုင်လျက် ရှိခိုးသောအခါ ယောကျာ်းဖြစ်က ဆောင့်ကြောင့်ထိုင်၊ မိန်းမ ဖြစ်က ဒူးတုပ်ထိုင်၍ လက်အုပ်ချီမိုးရှိခိုးရသည်။ ဝပ်လျက်ရှိခိုး သောအခါ တည်ခြင်းငါးပါးဖြင့် သုံးကြိမ်တိုင်အောင် ရှိခိုးရ သည်။ ပဉ္စပတိဋ္ဌိတ တည်ခြင်းငါးပါးဖြင့် ရှိခိုးခြင်းဟူသည် လက်ဝါးနှစ်ဖက်၊ ပုဆစ်ဒူးနှစ်ဖက်၊ နဖူးပြင်တစ်ခု ဤကိုယ် အင်္ဂါငါးပါးတို့ကို မြေ၌ သို့မဟုတ် ကြမ်း၌ထား၍ ရှိခိုးဦးချ ခြင်းကိုဆိုသည်။

ပူဇော်-ဟူသည် ဂုဏ်ကိုအာရုံပြု၍ ထိုဂုဏ်၌ကြည်ညို သောအမူအရာပြခြင်းကိုဆိုလိုသည်။ ပူဇော်ခြင်းသည် ဝတ္ထု ပစ္စည်းကိုပေးလှူသောအားဖြင့်ပူဇော်ခြင်း အာမိသပူဇာ၊ အဆုံးအမ ကို လိုက်နာကျင့်ကြံသောအားဖြင့် ပူဇော်ခြင်း ဓမ္မပူဇာဟူ၍ နှစ်မျိုးရှိသည်။

ဖူးမြော်-ဟူသည် ကြည့်ရှုတွေ့မြင်သည်ကို ဆိုလိုသည်။ ဖူးမြော်ခြင်းသည် ကြည်လင်သောမျက်စိတို့ဖြင့် ကြည့်ရှုတွေ့မြင် ခြင်းဟူသော မျက်စိဖြင့် ဖူးမြော်ခြင်း၊ အရိယာအဖြစ်ကိုပြုတတ် သော တရားကိုလည်းကောင်း၊ အရိယာသူတော်ကောင်းကို လည်းကောင်း ဝိပဿနာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် ကြည့်ရှုတွေ့ မြင်ခြင်းဟူသော ဉာဏ်ဖြင့်ဖူးမြော်ခြင်းဟု နှစ်မျိုးရှိသည်။ မာန်လျှော့-ဟူသည် မိမိကိုယ်၌ဖြစ်သော မာန်မာန တရားများကို ရတနာသုံးပါးအောက် လျှော့ချခြင်းကို ဆိုလို သည်။ ဤသို့မာန်လျှော့မှုကို နိဝါတမင်္ဂလာကြီးတစ်ပါးဟု မင်္ဂလသုတ်၌ ဟောတော်မူသည်။

ကန်တော့-ဟူသည် အပြစ်ရှိခဲ့လျှင် ကျေနပ်သည်းခံ တော်မူပါဟု ဝန်ချသည်ကိုဆိုသည်။ ကန်တော့ရသော ကုသိုလ် ကံစေတနာကြောင့်ဟူရာ၌ ကန်တော့ရသော အကျိုးအားကြောင့် ဟူ၍လည်း အချို့က ဆိုတတ်ကြ၏။ ရှိခိုးကန်တော့ခြင်းသည် အကျိုးဝိပါက်မျိုးမဟုတ်။ အကြောင်းကုသိုလ်မျိုးသာဖြစ်၍ မသင့်လျော်ချေ။

အပါယ်လေးပါး၏သရုပ်မှာ (၁) ငရဲ၊ (၂) တိရစ္ဆာန်၊ (၃) ပြိတ္တာ၊ (၄) အသုရကာယ်ဟူသော ဤလေးပါးတည်း။ ကပ်သုံးပါး၏သရုပ်မှာ (၁) သတ္ထန္တရကပ် = ဓားလှံ စသောလက်နက်များဖြင့် သတ္တဝါများပျက်စီးရသောခေတ်၊ (၂) ရောဂန္တရကပ် = ရောဂါဆိုးတို့ဖြင့် သတ္တဝါများပျက်စီးရ သောခေတ်။ (၃) ဒု¸ိက္ခန္တ ရကပ် = ငတ်မွတ်ခေါင်းပါး ခြင်းဖြင့် သတ္တဝါများပျက်စီးရသောခေတ်ဟူသော ဤသုံးပါး တည်း။


ရပ်ပြစ်ရှစ်ပါး၏သရုပ်မှာ (၁) ငရဲ၌ဖြစ်ခြင်း၊ (၂) တိရစ္ဆာန်ဘုံ၌ဖြစ်ခြင်း၊ (၃) ပြိတ္တာဘုံ၌ဖြစ်ခြင်း၊ (၄) အသည သတ်ဘုံ အရုပဘုံတို့၌ဖြစ်ခြင်း၊ (၅) ပစ္စန္တရစ်၌ဖြစ်ခြင်း၊ (၆) မိစ္ဆာဒိဋ္ဌိဖြစ်ခြင်း၊ (၇) သာသနာတော်တွင်း ပညာမဲ့သူဖြစ်ခြင်း၊ (၈) သာသနာပ ပညာရှိဖြစ်ခြင်းဟူသော ဤရှစ်ပါးတည်း။ ဤ ရှစ်ပါးကို မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်သော အပြစ်ရှိသည်ကိုစွဲ၍ ရပ်ပြစ်ရှစ်ပါးဟူ၍ ခေါ်ဝေါ်ကြသည်။


နိရယံ ဥပပန္နောစသည်ဖြင့် ဥပပန္နသဒ္ဒါနှင့်လာရှိသော ပါဠိတော်နှင့်ညီအောင် အပြစ်ရှစ်ပါး ဟူ၍လည်း ခေါ်ဝေါ် သင့်၏။


ရန်သူမျိုးငါးပါး၏ သရုပ်မှာ (၁) မင်း၊ (၂) ခိုးသူ၊ (၃) မီး၊ (၄) ရေ၊ (၅) မချစ်မနှစ်သက်သောအမွေခံသူ ဟူသော ဤငါးပါးတည်း။


ဝိပတ္တိတရားလေးပါး၏ သရုပ်မှာ (၁) ဖြစ်ရာဂတိ ချို့တဲ့ခြင်းဟူသော ဂတိဝိပတ္တိ၊ (၂) ရုပ်ဆင်း အင်္ဂါချို့တဲ့ ခြင်းဟူသော ဥပဓိဝိပတ္တိ၊ (၃) မကောင်းသော ခေတ်ကာလနှင့် ကြုံကြိုက်ခြင်းဟူသော ကာလဝိပတ္တိ၊ (၄) လုံ့လပယောဂ ချို့တဲ့ခြင်းဟူသော ပယောဂဝိပတ္တိဟူသော ဤလေးပါးတည်း။ တစ်နည်း (၁) သီလပျက်ခြင်းဟူသော သီလဝိပတ္တိ၊ (၂) ကျင့်ဝတ်ပျက်ခြင်းဟူသော အာစာရ ဝိပတ္တိ၊ (၃) မိစ္ဆာ အယူကိုယူခြင်းဟူသော ဒိဋ္ဌိဝိပတ္တိ၊ (၄) အသက်မွေးမှုအာဇီဝ ပျက်ခြင်းဟူသော အာဇီဝ ဝိပတ္တိ ဟူသော ဤလေးပါးတည်း။ ဗျသနတရားငါးပါး၏ သရုပ်မှာ (၁) ဆွေမျိုး ပျက်စီးခြင်းဟူသော ဉာာတိဗျသန၊ (၂) စည်းစိမ် ဥစ္စာပျက်ပြား ခြင်းဟူသော ဘောဂဗျသန၊ (၃) အနာရောဂါဖိစီးခြင်းဟူသော ရောဂဗျသန၊(၄) အကျင့်သီလပျက်စီးခြင်းဟူသော သီလဗျသန၊ (၅) မိစ္ဆာအယူကိုယူခြင်းဟူသော ဒိဋ္ဌိဗျသနဟူသော ဤငါးပါး တည်း။


မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာရပါလို၏ အရှင်ဘုရားဟူသည် မဂ်ဖိုလ် နိဗ္ဗာန်ကို မြန်မြန်ကြီးရ၍ သံသရာဝဋ်ဒုက္ခမှ မြန်မြန်ကြီးကျွတ်လွတ် ရပါလို၏ ဘုရားဟုဆိုလိုသည်။


ဤ မဂ်တရားဟူသောစကား၌ မဂ်ဟူသောပုဒ်သည် မဂ္ဂ ဟူသောပါဠိစကားမှလာသည်ဖြစ်၍ သွားကြောင်းလမ်း ဟူ၍ အနက်ရ၏။ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော တရား လမ်းဟုဆိုလိုသည်။ ထိုတရားလမ်းမှာအခြားမဟုတ်၊ မဂ္ဂင် ရှစ်ပါးပေါင်းဆုံမိသောကြောင့် ကိလေသာတို့ကို ပယ်ဖျက် သုတ်သင်နိုင်လောက်သော သတ္တိထူးနှင့်တကွ ဖြစ်ပေါ်လာသော စိတ်ပင်ဖြစ်သည်။ ထိုမဂ်တရားသည် သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဟူ၍ လေးပါး အပြားရှိ၏။ ဖိုလ်တရားဟူသောစကား၌ ဖိုလ်ဟူသော ပုဒ်သည် ဖလဟူသော ပါဠိစကားမှလာသည်ဖြစ်၍ အကျိုး ဟူသောအနက်ကိုရ၏။ မဂ်၏အကျိုးတရားဟု ဆိုလိုသည်။ ဖိုလ်တရားဆိုသည်မှာ မဂ်၏အကျိုး ကိလေသာ အပူအဆာ ကင်းကွာပြီးဖြစ်သဖြင့် ငြိမ်းအေးစွာဖြစ်ပေါ်လာတတ်သော စိတ် ပင်ဖြစ်သည်။ ဖိုလ်တရားလည်းမဂ်တရားကဲ့သို့ပင် သောတာ ပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် ဟူ၍ လေးပါးအပြားရှိ၏။


ထိုမဂ်ဖိုလ်တရားတို့တွင် ပထမမဂ်ဖိုလ်တရားတို့ကို ဒိဌိ၊ ဝိစိကိစ္ဆာဟူသော ကိလေသာနှစ်ပါး၏ ကုန်ခန်းမှုကြောင့် နိဗ္ဗာန်သို့ ရှေးဦးစွာဆိုက်ရောက်သော မဂ်ဖိုလ်ဖြစ်၍ သောတာ ပတ္တိမဂ်ဖိုလ်ဟုခေါ်သည်။


ဒုတိယမဂ်ဖိုလ်တရားကို ကာမရာဂတရားနှင့် ဗျာပါဒ ဟူသောဒေါသတရားနည်းပါးမှုကြောင့် လူ့ပြည် နတ်ပြည် ဟူသော ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ကြိမ်သာပြန်လာ စေတတ်သော သတ္တိရှိ၍ သကဒါဂါမိမဂ်ဖိုလ်ဟုခေါ်သည်။ တတိယမဂ်ဖိုလ်တရားကို ကာမရာဂတရားနှင့် ဗျာပါဒ ဟူသောဒေါသတရား အကြွင်းအကျန်မရှိ ကုန်ခန်းမှုကြောင့် လူ့ပြည် နတ်ပြည်ဟူသော ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်မလာစေတတ်သောသတ္တိရှိ၍ အနာဂါမိမဂ်ဖိုလ်ဟုခေါ်သည်။ စတုတ္ထမဂ်ဖိုလ်တရားကို ကိလေသာခပင်း အကြွင်း အကျန်မရှိ ကုန်ခန်းမှုကြောင့် ရဟန္တာဖြစ်ခြင်း၏ အကြောင်း ဖြစ်၍ အရဟတ္တမဂ်ဖိုလ်ဟုခေါ်သည်။


နိဗ္ဗာန်တရားဆိုသည်မှာ ကိလေသာမီး အပူသံသရာ ဝဋ်ဒုက္ခတို့မှ ကျွတ်လွတ်မှုကြောင့် အေးပေပေါ့၊ ငြိမ်းပေပေါ့ ဟုဆိုရလောက်အောင် အရိယာပုဂ္ဂိုလ်တို့၏စိတ်၌ တွေ့ရှိအပ် သော အင်မတန်အေးမှု ငြိမ်းမှုဟူသော သီတိသန္တိသဘောတရား ကြီးကိုဆိုသည်။ မဂ်တရားဖိုလ်တရားတို့သည် ထိုသီတိသန္တိ သဘောတရားကို အာရုံပြု၍ ဖြစ်ပေါ်လာရကြသည်။ ယင်းသို့ ဖြစ်ပေါ်လာမှုကိုပင် နိဗ္ဗာန်ရသည်ဟု ဆိုရသည်။


ယခုဆိုခဲ့ပြီးသော မဂ်ဖိုလ်နိဗ္ဗာန်ကို မြန်မြန်ကြီး အလိုရှိလျှင် ထိုမဂ်ဖိုလ်နိဗ္ဗာန်ကိုရစေတတ်သော အကြောင်း တရားကို အားထုတ်ရမည်။ ယင်းသို့အားထုတ်က မဂ်ဖိုလ် နိဗ္ဗာန်ကို တောင့်တသော် ရနိုင်၏။ မတောင့်တသော်လည်း ရနိုင်၏။ နှုတ်မြွက်၍ ဆုတောင်းရုံမျှဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို မြန်မြန်ကြီးရနိုင်မည် မဟုတ်ဟုဆိုလိုသည်။ ထိုစကားမှန်၏။ အပါယ်ဒုဂ္ဂတိဘုံတို့၌ဖြစ်ခြင်းငှာ အနည်းငယ်မျှ အလိုမရှိကြ ကုန်ဘဲလျက် မကောင်းမှုဒုစရိုက်တည်းဟူသော အကြောင်း တရားတို့နှင့်ပြည့်စုံမှုကြောင့် အပါယ်ဒုဂ္ဂတိဘုံတို့၌ ဖြစ်လေကုန် သော သတ္တဝါတို့ကား အတိုင်းမသိများကုန်၏။ ဤကို ထောက်၍ တောင်းခြင်းသည် လိုရင်းမဟုတ်၊ အကြောင်းတရား နှင့် ပြည့်စုံခြင်းသည်သာ လိုရင်းဖြစ်သည်ဟု သိမှတ်ရပေမည်။ ထို့ကြောင့် ရတနာသုံးပါးအား ကန်တော့ရုံမျှကို အားကိုး၍ မနေဘဲ မဂ်ဖိုလ်နိဗ္ဗာန် အမြန်ရကြောင်း တရားကောင်းများကို ကြိုးစားမယုတ် အားထုတ်ကြကုန်ရာသတည်း။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]