ဝတ်စားဆင်ယင်မှု

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဝတ်ပုံစားပုံ ဤလူ့ဘုံ[ပြင်ဆင်ရန်]

ရာသီအလိုက် ဌာနအလိုက် အဆင်ရွေး၍ ဝတ်တတ်သူကို ယဉ်ကျေးမှုရှိသူ ဟုဆိုရမည်။ လူမှာအဝတ် တောင်းမှာအကွပ် ဟုဆိုသည့်အတိုင်း လောက၌ အဆင်ပြေအောင် ဝတ်ပုံသင်ခန်းစာဆောင်းပါးမှ ကောက်နှုတ်ချက်ကို အောက်ပါအတိုင်း ကူးမှတ်၍ဖော်ပြလိုက်ပါသည်။

ဆန့်ကျင်ဘက်အရောင်များ[ပြင်ဆင်ရန်]

လိမ္မော်နှင့်အပြာ ၊ အနီနှင့်စိမ်းပြာ ၊ မရမ်းစေ့နှင့်အစိမ်း ၊ ခရမ်းနှင့်အစိမ်းနု ၊ ခရမ်းပြာနှင့်အဝါ (၎င်းတို့မှာ မြင်ရသူများအဖို့ မျက်စေ့ရိုင်းလှပေသည်။)

အဆင်ပြေသောအရောင်များ[ပြင်ဆင်ရန်]

အဝါနှင့်အစိမ်းဝါ ၊ လိမ္မော်နှင့်အနီရဲ ၊ စိမ်းပြာနှင့်ခရမ်းပြာ ၊ ခရမ်းနုနှင့်ခရမ်းရင့် ၊ ခရမ်းရောင်ပေါ်တွင်ပန်းရောင် ၊ အညိုပေါ်တွင် လိမ္မော်ရောင် ၊ အမဲပေါ်အပြာ ၊ သစ်ရွက်စိမ်းပေါ်အဝါ ။ (ဤသို့စပ်ဟပ်၍ အရောင်ပေါ်လျှင် မြင်ရသူ၏ မျက်စေ့ထဲ၌ အေးမြပြေပြစ်လှပေသည်။)

အေးရောင်နှင့်နွေးရောင်များ[ပြင်ဆင်ရန်]

အစိမ်းနု ၊ အပြာ ၊ မီးခိုးရောင်တို့မှာ အေးရောင်ဖြစ်သည်။ အဝါ ၊ အနီ ၊ အညိုရင့်တို့မှာ နွေးရောင်ဖြစ်သည်။ အညိုနှင့်ခရမ်းရောင်တို့မှာ ဆိတ်ငြိမ်သောအရောင်ဖြစ်သည်။

အရောင်၏သဘောထားများ[ပြင်ဆင်ရန်]

  1. အဝါ = ပညာအလင်းရောင်နှင့် စိတ်ရွှင်ငြိမ်သက်ခြင်းကိုပြသည်။
  2. လိမ္မော် = မီးရောင်ဖြစ်၍ ပူနွေးကြောင်းကိုပြသည်။
  3. အနီ = သွေးရောင်ကိုမှီ၍ အရေးကြီးကြောင်းကိုပြသည်။
  4. အပြာ = ပင်လယ်မှဖြစ်၍ မှန်ကန်ခြင်း ၊ ခံနိုင်ရည်ရှိခြင်းကိုပြသည်။
  5. အစိမ်း = သစ်ပင်မှဖြစ်၍ ဘဝနှင့်ကြီးပွားတိုးတက်ခြင်းကိုပြသည်။
  6. ခရမ်း = မင်းခမ်းမင်းနားတို့နှင့် တိတ်ဆိတ်သောဧည့်ခံမင်္ဂလာပွဲတို့ကိုပြသည်။
  7. အဖြူ = သန့်ရှင်းဖြူစင် ၊ ငြိမ်သက်တည်တံ့ရာကိုပြသည်။
  8. အနက် = ဝမ်းနည်းခြင်းအထိမ်းမှတ်ကိုပြသည်။

သင်၏နှစ်သက်သောအရောင်ကိုပြန်စဉ်းစားပြီးနောက် သင်၏သဘောထားကိုပြန်လည်စစ်ဆေးကြည့်ပါ။ အနီကဲ့သို့ အရေးကြီးသုတ်ပြာနေတတ်သလား။ (သို့မဟုတ်)အပြာကဲ့သို့ လောကဓံကို ကြံ့ကြံ့ခိုင်နိုင်သလား။

လိုက်ဖက်စွာဝတ်ဆင်ခြင်း[ပြင်ဆင်ရန်]

ဝလျှင်ပျော့သောအထည်များကိုဝတ်ဆင်၍ ပိန်လျှင်မာထူသောအထည်များကိုဝတ်ပါ။အရပ်ရှည်လွန်းသူတို့မှာ မတ်တတ်စင်းလုံချည်မဝတ်ရ။ ပုလွန်းသူကား ကန့်လန့်စင်းလုံချည်ကိုမဝတ်ရ။ မိုးရာသီတွင် အဝါရင့် ၊ အစိမ်းရင့် ၊ ခရမ်းစသော တောက်ပသောအရောင်အထည်များကို အသုံးပြု၍ နွေရာသီတို့၌ ဖျော့သော အစိမ်း ၊ အဝါ ၊ အပြာ ၊ လိမ္မော် စသည်တို့ကို အသုံးပြုဝတ်ဆင်နိုင်သည်။

တောင်းအကွပ်၊ လူအဝတ်[ပြင်ဆင်ရန်]

အပူအအေးဒဏ်ကာကွယ်ရန် ဝတ်ဆင်ကြရာမှ အလှအပဆင်ယင်မှုတစ်ရပ် ဖြစ်လာသည်။ လူမျိုးအလိုက်၊ နေရာဒေသ အလိုက်၊ ဆင်ယင်ထုံးဖွဲ့မှုတို့ ကွာခြားသည်။ လူတစ်မျိုးတည်းအတွက်ပင် ဆင်ယင်ထုံးဖွဲ့မှုသည် ခေတ် အလိုက်ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံခေတ်အမျိုးမျိုး၌ ဝတ်စားဆင်ယင်ကြ ပုံကိုလည်း စိတ်ပါဝင်စားဖွယ်ရာဖော်ပြထားသည်။

ဝတ်စားဆင်ယင်မှု[ပြင်ဆင်ရန်]

ကမ္ဘာဦးလူများ၏ ဝတ်စားဆင်ယင်မှုကိုစဉ်းစားလျှင် ထိုအချိန်က ချည်ငင်ခြင်းနှင့် အထည်ရက်ခြင်းများမပြုလုပ်တတ်သေးသည်ကို သတိပြုရ ပေမည်။ ထိုအခါက လူများသည် သူတို့၏ကိုယ်ကို ဆေးရေးခြယ်ခြင်း သို့မဟုတ် မင်ကြောင်ထိုးခြင်းများပြုလုပ်ခဲ့ကြကောင်း ပြုလုပ်ခဲ့ကြပေသည်။ ထို့ပြင် ငှက်များ၏အမွေးအတောင်များနှင့် ပန်းများကိုသီကာ ဝတ်ဆင် ကောင်းဝတ်ဆင်ခဲ့ကြပေလိမ့်မည်။ တစ်ခါတစ်ရံတွင်လည်း သူတို့သတ်ခဲ့ သော ဝက်ဝံများ၏ခြေသည်း၊ လက်သည်းများကိုသီ၍ လည်းဝတ်ဆင်ကြပေ မည်။ သို့မဟုတ် ရန်သူ၏ဦးခေါင်း အရေများကိုခွာယူ၍ ဝတ်ဆင်ခဲ့ကြ ကောင်းဝတ်ဆင်ကြပေမည်။ အချို့ကလည်း သူတို့၏သွားများကို လှပအောင် တစ်မျိုးတစ်မည်ပြုပြင်ခြင်း၊ ဦးခေါင်းများကို ပြားသွားစေရန် သံပြားများဖြင့် ပြားသွားစေခြင်း၊ ခါးများကို သေးသိမ်သွားစေရန် ပြုပြင်ခြင်းများလည်း ပြု လုပ်ကြပေလိမ့်မည်။ ထို့ပြင် နှာခေါင်းများတွင် အပေါက်များဖောက်ပြီးလျှင် ကွင်းများတပ်ဆင်ခြင်း၊ နားများတွင်အပေါက်များဖောက်ပြီးလျှင် ကွင်းများ တပ်ဆင်ခြင်း၊ လက်စွပ်များ၊ လက်ကောက်များ၊ လက်ကြပ်များ၊ ခြေ ချင်းများ ဝတ်ဆင်ခြင်းနှင့် ခါးများတွင်အစည်းများ တပ်ဆင်ခြင်းများကို လည်း ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ခါးတွင်အစည်းများတပ်ဆင်ကြရာမှ မြက်ပင်များ၊ ပန်းများ သို့မဟုတ် ငှက်မွေးများကို ဆွဲထားနိုင်ခြင်းကို တွေ့ရှိခဲ့ကြပေသည်။ ထိုသို့ ပြုလုပ်ရာမှ 'အတုမြင် အတတ်သင်'ဆိုသလို ခါးပိုင်းတွင် ဝတ်စားဆင်ယင် မှုများပြုလုပ်လာနိုင်ကြလေသည်။

ထိုသို့ ခါးများတွင်ဝတ်စားဆင်ယင်မှုများ ပြုလုပ်လာနိုင်ကြပြီဖြစ် သော်လည်း ထိုသူများသည် သူတို့၏လည်ပင်းတွင် ပင်လယ်တိရစ္ဆာန်များ၏ အခွံများကို သီ၍ဆွဲကြရသည်လောက် စိတ်ဝင်စားပုံ မပေါ်ခဲ့ကြချေ။ ထို့ပြင် ထိုသူတို့သည် သူတို့၏ကိုယ်ပေါ်တွင် ဆေးရေးခြယ်ထားခြင်းမရှိလျှင် ယခု အခါတွင် လူများ သူတို့၏ကိုယ်၌ အဝတ်မဝတ်ဆင်ဘဲ အပြင်သို့ထွက်ကြ ရာတွင် စိတ်တွင်လည်း တစ်မျိုးတစ်မည်ဖြစ်ခဲ့မည်မှာမလွဲချေ။

ထိုသို့နေထိုင်လာခဲ့ကြရာမှ တစ်နေ့တွင် လူတစ်မျိုးမျိုး၏ ခေါင်း ဆောင်တစ်ဦးဦးက သူသတ်ခဲ့သောတိရစ္ဆာန် တစ်ကောင်ကောင်၏ အရေကို ခွာယူပြီးလျှင် လွှမ်းခြုံကာဝင်လာသည်ကိုတွေ့ကြရာမှ တိရစ္ဆာန်များ၏ အရေ များကိုခွာယူကာ လွှမ်းခြုံခဲ့ကြလေသည်။ ထို့ပြင် အပူပိုင်းဒေသတွင် နေထိုင် သူဖြစ်သည့်တိုင်အောင် တညဉ့်ညဉ့်၌အေးသဖြင့် သူသတ်ခဲ့သော တိရစ္ဆာန် ၏အရေကို လွှမ်းခြုံခြင်းဖြင့် အအေးဒဏ်ကို ကာကွယ်နိုင်ကြောင်း သိနိုင်ခဲ့ လေသည်။

ရှေးလူများသည် သိုးမွှေးများ သို့မဟုတ် ဂုံလျှော်များကို ခါးတွင် ဝတ်ဆင်ခြင်းဖြင့် ကျေနပ်လာခဲ့ကြလေသည်။ ထိုမှတစ်ဆင့် မကျစ်ရသေး သောသိုးမွေးများကို ညဉ့်တွင်ဝတ်ဆင်ခဲ့ကြလေသည်၊ ထိုသို့ ပြုလုပ်နိုင်သည် မှာ လူတိုင်းမဟုတ်သေးဘဲ အထက်တန်းစားပုဂ္ဂိုလ်များနှင့် ကြွယ်ဝချမ်းသာ သူများသာဝတ်ဆင်နိုင်ခဲ့ကြသည်။ ထို့ပြင် ဦးခေါင်းတွင် ဦးခေါင်း တန်ဆာ ပလာဝတ်ဆင်နိုင်ခြင်းမှာလည်း အကြီးအကဲများကသာ ပြုလုပ်နိုင်ခဲ့ကြလေ သည်။ ထို့ကြောင့် ယောကျာ်းရော မိန်းမများပါ ဆံပင်ရှည်များကို ထားခဲ့ ကြလေသည်။ထိုသို့ဝတ်ဆင်လာနိုင်ကြရာတွင် ကမ္ဘာ၌ ရာသီဥတု အမျိုမျိုးရှိ သဖြင့် လူတို့သည် မိမိတို့နေထိုင်ရာဒေသ၏ ရာသီဥတုနှင့်ကိုက်ညီသော ဝတ်စားဆင်ယင်မှုများကို ပြုလုပ်ခဲ့ကြလေသည်။မြန်မာနိုင်ငံ၌ ခေတ်အဆက ်ဆက်အသုံးပြုခဲ့ကြသော ဝတ်စားဆင်ယင်မှုများကား အောက်ပါအတိုင်း ဖြစ်ပေသည်။

မြန်မာတို့၏ ဝတ်စားဆင်ယင်မှုများ[ပြင်ဆင်ရန်]

သမိုင်းမတင်မီ ရှေးခေတ်ဟောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ရှေးဦးနေထိုင်ကြသော ရှေးလူဟောင်းများသည် အာရှတိုက်အလယ်ပိုင်း ကုန်းပြင်မြင့်ဆီမှရွှေ့ပြောင်းလာခဲ့ကြသော မွန်ဂိုလူ မျိုးအဆက်အနွယ်ထဲမှဖြစ်ကြ၍ ပထမ၌ မွန်ဂိုများကဲ့သို့ သားရေထည်မျာကို ဝတ်ဆင်ကြပေလိမ့်မည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ရာသီဥတုနှင့် ပတ်ဝန်း ကျင်အခြေအနေများက ပြုပြင်ပြောင်းလဲပေးလိုက်သောကြောင့် ထိုသားရေ ထည်အဝတ်များမှ သစ်ခေါက်လျှော်မျှင် အဝတ်၊ ထိုမှတစ်ဆင့် တက်၍ လဲမှို့ကို ပြုပြင်စီမံ၍ရသော အဝတ်များကို ပြောင်းလဲဝတ်ဆင်ကြသည့် လက္ခဏာရှိပေသည်။ ထို့နောက် အထည်အဝတ်များကို မဲနယ်များဖြင့်ဆိုး၍ အသုံးပြုလာတတ်သည့် လက္ခဏာရှိပေသည်။ ဝါဂွမ်းကား ထိုခေတ်ဆီ လောက်က မပေါ်ပေါက်သေးဟုယူဆကြရ၏။ အဝတ်အထည် အဖြစ်ကို လည်း သစ်ခေါက်ကိုထုတေပြုပြင်ရာမှ လျှော်မျှင်များရရှိပြီးနောက် ယခု ခေတ် အာရှအလယ်ပိုင်းရှိ ကီရဂစ်လူမျိုး၊ မြန်မာနိုင်ငံတိုင်း ရင်းသားများ ဖြစ်ကြသော ချင်း၊ ကချင်၊ ရှမ်း၊ ကရင်တို့၏ ဂျပ် ရက်နည်းမျိုးဖြင့် လွှာချင်းထည်များကိုစတင်ရက်လုပ် သုံးစွဲလာခဲ့သည့် လက္ခဏာရှိပေသည်။

တကောင်းခေတ်[ပြင်ဆင်ရန်]

ထို့နောက် ကာလအတန်ကြာ၍ ပျူ၊ ကမ်းယံ၊ သက် ဟူသော ဒု တိယအသုတ် မွန်ဂိုနွယ်များဝင်ရောက်လာကြသည့်အချိန်၌ကား မြန်မာနိုင်ငံ သမိုင်းကို မှတ်တမ်းတင်၍ရပြီဟုဆိုနိုင်ပေသည်။ ထိုအချိန်လောက်မှာပင် တ ကောင်းနေပြည်တော်လည်း ထွန်းကားလာသည်ဟု ယူဆရပေသည်။ တ ကောင်းခေတ်ကို ခန့်မှန်းကြရာ၌ မြန်မာနိုင်ငံသမိုင်းဆရာများက ခရစ်မပေါ် မီ အနှစ် ၅ဝဝ ကျော်လောက်ကစသည်ဟု ခန့်မှန်း၍ ခေတ်သစ်သမိုင်းဆရာ များကမူ တရုတ်-ရောမကုန်သည်ကြီးကို အကြောင်းပြုပြီးမှ ပေါ်ပေါက်လာ သည်ဟုယူဆကြလျက် တကောင်းခေတ်ကို အနှစ် ၁၇ဝဝ ထက်ပို၍ မမှန်း ကြပေ။

ထိုတကောင်းခေတ်၌ 'ကြဲသေး'ခေါ်သော နဂါးရေကို ချုပ်လုပ် သည့်စစ်ဝတ်အင်္ကျီတစ်မျိုး ပေါ်ပေါက်ခဲ့ခြင်းသည် မြန်မာ့အဝတ်အစားသ မိုင်း၌ ရှေးဦးစွာမှတ်တမ်းတင်ရခြင်းပင်ဖြစ်ပေသည်။ ထိုခေတ်က အများသုံး

အဝတ်အစားမှာ အဘိရာဇာမင်းအစရှိသော သာကီဝင်မင်းများ အုပ်စိုးခဲ့ဖူး သည်ဆိုခြင်းကိုထောက်သဖြင့် အိန္ဒိယယဉ်ကျေးမှုဘက်သို့ များစွာနွှယ်လိမ့် မည်ဟုယူဆရပေသည်။ ထို့ပြင် ထိုခေတ်က တစ်နည်းတစ်ဖံအားဖြင့် ဆက် ဆံမှုရှိခဲ့လိမ့်မည်ဟုယူဆရသော တရုတ်တို့ထံမှလည်း ရတန်သမျှရကြပေလိမ့် ဦးမည်။

ပျူခေတ်[ပြင်ဆင်ရန်]

ပျူလူမျိုးတို့ခေတ်ကား တကောင်းခေတ်ပြီးလျှင် ရှေးအကျဆုံးဟု ယူဆရ၍ ဟန်လင်း-သရေခေတ္တရာ သမိုင်းများကိုထောက်သော် ဘီ၊ စီ ၄ဝဝ ကျော်လောက်ကပင် စတင်ခဲ့သည်ဟုဆိုရပေမည်။ မှန်နန်းရာဇဝင် စသည်တို့၌ သရေခေတ္တရာမြို့ကို သာသနာနှစ် ၁ဝ၁ ခုနှစ်တွင် တည်ထောင် သည်ဆိုသောကြောင့် ထိုသာသနာနှစ်ကို ကမ္ဘာသုံးနှစ်နှင့် တွက်ယူလျှင် ဘီ၊ စီ၊ ၄၄၃ ခုနှင့် ညီမျှနေသည်ကိုတွေ့ရပေမည်။ သို့ရာတွင် ပြည်ပမှရသော တရုတ်မှတ်တမ်း စသည်များ၌ ပျူလူမျိုးတို့အကြောင်းကို ခရစ်နှစ် ၂ဝဝ ထက်စော၍ မတင်ပြနိုင်ကြသေးပေ။ ကမ္ဘာ့သမိုင်း ဆရာများကမူကား ပျူ လူမျိုးတို့ထွန်းကားချိန်ကို တရုတ်ပြည် တင်မင်းဆက်များ ထွန်းကားခဲ့ချိန် နှင့် ခေတ်ပြိုင်၍ပြကြပေသည်။ တင်မင်းဆက်ခေတ်ကား အေဒီ ၆၁၈ မှ ၉ဝ၇ ခုနှစ်အထိဖြစ်ပေသည်။

စင်စစ်အားဖြင့် ပျူလူမျိုးတို့ခေတ်ကား ယင်းတို့၏ နေပြည်တော် ဖြစ်သော သရေခေတ္တရာပြည် ပျက်သုဉ်းသွားသည့်တိုင်အောင် တိမ်ကော သွားခြင်းမရှိသေးဘဲ ရှေးဦးပုဂံခေတ်အထိ ဆက်လာပြီးသော် ပျူတို့၏ စာ ပေကို ခရစ်နှစ် ၁၂ဝဝ ကျော်ဆီလောက်ထိ တွေ့ရှိခြင်းဖြင့် ဤမြန်မာ့ အဝတ်အစားသမိုင်းအရာ၌ ပျူလူမျိုးတို့၏ခေတ်ကို အနော်ရထာမင်းမတိုင်မီ (အေ၊ ဒီ ၁ဝ၄၄) ပုဂံခေတ်အထိ ပိုင်းခြားထားသင့်ပေသည်။


ဟန်လင်း ပျူတို့၏ ဝတ်ဆင်ထုံးဖွဲ့မှု[ပြင်ဆင်ရန်]

ထိုပျူခေတ်၌ အထောက်အထားများကို ရှေးတကောင်းခေတ်မှာ ထက် ပိုမိုစုံလင်စွာတွေ့ရှိလာရခြင်းသည် ပျူလူမျိုး များအကြောင်းကို ပို၍ နိးကပ်စွာလေ့လာနိုင်ခွင့် ရရှိလာခြင်းပင်ဖြစ်သည်ဟုဆိုရပေမည်။ ဟန်လင်း နှင့် သရေခေတ္တရာမြို့ဟောင်းများမှ ရှာဖွေတွေ့ရှိရသောပျူရုပ်များကား ပျူခေတ်ဝတ်စားဆင်ယင်မှုများအတွက် ရှေးအကျဆုံးသောအထောက်အထား များဖြစ်ပေသည်။

ဟန်လင်းမြို့ဟောင်းမှ ရှာဖွေတွေ့ရှိရသောပျူရုပ်များတွင် ဗောင်း ထုပ်နှင့် မကိုဋ်သရဖူများဆောင်းထားသော ပျူယောကျာ်းပုံများနှင့် ပုဂံခေတ် တွင် တွေ့ရလတ္တံ့သော ရွှေနဖူးစည်းမျိုးနှင့် ပျူမိန်းမပုံများကို တွေ့မြင်နိုင်ပေ သည်။ ဌိုကျောက်ပြားတွင် နားဋောင်းနှင့် ပျူပုံများ အတွေ့နည်းသေးသော် လည်း တွဲလျားကျနေသော နားပေါက်ကျယ်ကြီးများကိုတွေ့ရခြင်ဖြင့် နား ဋောင်းပန်ဆင်သော အလေ့အမှန်ပင်ခေတ်စားခဲ့လိမ့်မည်ဟု တွေးဆနိုင်ပေ သည်။ အဆင်တန်ဆာများမှာ လာလတ္တံ့သော ပုဂံခေတ်မှာလောက် မများ တတ်သေးသော်လည်း ပုတီးသွယ်ကြီးများကိုကား ပျူယောကျာ်း မိန်းမတို့၏ လည်တွင် ဆွဲလျက်တွေ့ရှိရပေသည်။ အင်္ကျီနှင့် ခါးဝတ်ထဘီကား ထင်ရှား ပြတ်သားစွာမတွေ့ရပေ။ လက္ခဏာမှာ ပါးလွှာလွန်းသဖြင့် အသားမှာကပ်နေ ပုံရသည်။

အီရန်ကုန်သည်တစ် ဉီး၏ မှတ်တမ်း၌ 'ပျူနိုင်ငံတွင်း၌ အခြား ဘယ်နိုင်ငံကမျှ မရက်တတ်သော အဝတ်အထည်များကိုတွေ့ရပေသည်။ ဤမျှကောင်းမွန်သော အဝတ်အထည်များကို အဝတ်အစား ချုပ်လုပ်ပြီးသော အခါ အလွန်ချောမွေ့ပျော့ပျောင်းသောကြောင့် လက်စွပ်ကွင်းထဲသို့ပင် လျှို သွင်းနိုင်ပေသည်။ ဤမျှသိမ်မွေ့ကျစ်လျစ်သော်လည်း အဝတ်အထည်များ သည် ချည်ထည်များသာဖြစ်၏'ဟု ဖော်ပြထားသည်ကိုထောက်သော် ဟန် လင်းပျူများ၌ ခါးဝတ်အင်္ကျီမရှိဟု မဆိုနိုင်ပေ။

သရေခေတ္တရာ ပျူတို့၏ ဝတ်ဆင်ထုံးဖွဲ့မှု့[ပြင်ဆင်ရန်]

သရေခေတ္တရာပျူတို့၏ ဝတ်ဆင်ထုံးဖွဲ့ပုံမှာ ဟန်လင်း ပျူတို့၏ဝတ်ဆင်ထုံးဖွဲ့ပုံများနှင့်စာလျှင် တိုးတက်လာသည်ဟုဆိုရပေမည်။ ခါးဝတ်ထဘီနှင့် ပုဆိုးထည်များကို ရုပ်ပုံများပေါ်တွင်ထင်ရှားပြတ်သားစွာ ဖော်ပြလာကြပေသည်။ အချို့ပျူမိန်းမပုံများ၌ပါးလွှာလွန်းသော ခါးဝတ်ထဘီများဝတ်ဆင်ထားသောကြောင့် ရုပ်လုံးပေါ်လျက်ရှိသော်လည်း အချို့ပုံများ၌အတော်အတန ထူထဲသိပ်သည်းဟန်ရှိသော ခါးဝတ်ထဘီများ ဝတ်ဆင်လျက်တွေ့ရှိရပေ သည်။ ပျူယောက်ျားများအဖို့မှာလည်း ပုဂံခေတ်တွင် တွေ့ရ လတ္တံ့သော ပုဆိုးများကို ပုဂံသားများကဲ့သို့ပင် ခါးတောင်းကျိုက်ယောင်မျိုး ဝတ်ဆင ်ပြီးလျှင် ခါးကြိုးဖြင့်စည်းနှောင်ထားသည်ကိုတွေ့ရပေသည်။ ထို့ပြင် အင်္ကျီယောင်ယောင် စလွယ်သိုင်းလျက် မထင်မရှားလည်းတွေ့ ရပေသေး သည်။ ထို့ပြင် ပျူယောကျာ်းပုံများ၌ လက်ကောက်နှင့် နားဋောင်းကြီးများကို လည်း ဝတ်ဆင်ထားတတ်ကြပေသေးသည်။ ဆံထုံးမှာ ယောကျာ်းနှင့်မိန်းမ နှစ်ဦးစလုံးပင် တစ်ပုံစံတည်းကဲ့သို့ ဆံစအရင်းလောက်ဆီမှ တစ်စုံတစ်ခုဖြင့် ချည်နှောင်ထားသော ဆံထုံးနှင့် သျှောင်ထုံးကြီးများပင်ဖြစ်ကြသည်။

အထူးသဖြင့် ပျူမိန်းမတို့ထုံးဖွဲ့ပုံမှာ တရုတ်မှတ်တမ်း အဆိုများ နှင့် ကိုက်ညီသကဲ့သို့တွေ့ရ၏။ ခရစ်နှစ် ၂၆၅ မှ ၄၂ဝ အထိ အုပ်စိုးသွား သော တရုတ်ပြည် ဆင်းနန်းဆက်ခေတ်က မှတ်တမ်းများ၌ 'လက်ထပ်ပြီး ပျူအမျိုးသမီးများကာ ဆံပင်ကို ဦးခေါင်းပေါ်၌ရစ်ပတ်ထားပြီးလျှင် ဆံထုံး ကို ငွေထည် သို့မဟုတ် ပုလဲသွယ်များဖြင့်တန်ဆာဆင်လေ့ရှိ၏'ဟု ဖော်ပြ ထားလေသည်။ အချို့ပျူရုပ်များတွင်ကား ဆံထုံးများအစား သံပုရာခွံကို မှောက်ထားသည်သဏ္ဌာန်နှင့်တူသော ဦးထုပ်ဝိုင်းများကို ဆောင်းထားကြပေ ရာ ပျူမိန်းမတို့အဖို့မှာ အထွတ်ပါသောဦးထုပ်ဝိုင်းများဖြင့် ကွဲပြားစေသည်။ တရုတ်နိုင်ငံသမိုင်းဆရာများ၏ မှတ်တမ်း၌ ပျူတို့သည် ချည်လုံ ကွင်းကိုသာဝတ်ကြ၏။ ပိုးထည်များသည် ပိုးကောင်ကလေးများကို သတ် ဖြတ်ကာ ရက်လုပ်ရသဖြင့် သူတစ်ပါးအသက်နှင့် မလွတ်ကင်းသောကြောင့် မဝတ်ဆင်ကြဟုဆိုသည်။ ထို့ပြင် ရွှေဖြင့်ပြုလုပ်ထားသော ပန်းနွယ် ပန်း ခက်များဖြင့် တပ်ဆင်ထားသည့် ဦးထုပ်၊ ပုလဲများဖြင့် စီချယ်မြှုပ်နှံထား သည့် ဦးထုပ်များကိုလည်းဆောင်းကြ၏ဟု ဖော်ပြထားလေသည်။ ပျူမိန်းမ တို့မှာလည်း အရောင်အမျိုးမျိုးဆိုးထားသော ထဘီများကို ဝတ်ကြပြီးသော် အင်္ကျီအပေါ်၌လည်း ပိုးတံပက်ပါးပါးကလေးမျာကို လွှမ်းခြုံတတ်ကြ၍ လမ်းထွက်သောအခါများ၌ ယပ်တောင်များကိုင်ဆောင်တတ်ကြသည်။ မင်းမှူး မတ်ကတော်တို့မှာ ယပ်တောင်ကိုင်လေးငါးဦးပင်ပါကြသည်ဟု ဖော်ပြထား သည်။

ဤတရုတ်မှတ်တမ်းများ ရေးမှတ်ကြသည့်အချိန်ပိုင်းသည် မြန်မာ နိုင်ငံသမိုင်းတွင် သရေခေတ္တရာခေတ်ကုန်ဆုံးပြီးနောက် ပုဂံခေတ် အစပျိုး ချိန်လောက်နှင့် လာ၍ခေတ်ပြိုင်ဖြစ်နေသဖြင့် ပျူစောထီးမင်းတို့ ခေတ်တစ် ဝိုက်ဆီလောက်က ပျူများနှင့်သက်ဆိုင်နေလိမ့်မည်ဟု ယူဆနိုင်ပေသည်။ ပျူစောထီးမင်းခေတ်ကား အေဒီ ၁၆၇ မှ ၂၄၂ အထိဖြစ်သည်။

ရှေးဦးပုဂံခေတ်[ပြင်ဆင်ရန်]

ထိုပျူစောထီးမင်းကား ရှေးဦးပုဂံခေတ်မင်းများတွင် ထင်ရှားကျော် စောဆုံးသောမင်းတစ်ပါးဖြစ်သည်။ ထိုမင်း၏ဘွဲ့တော်သည် ပျူလူမျိုးတို့၏ အရှင်ဖြစ်ကြောင်းဖော်ပြလျက်ရှိ၍ ထိုမင်းလက်ထက်၌ တရုတ်နိုင်ငံနှင့် အဆက်အသွယ်ရှိခဲ့ကြောင်း သမိုင်းများကပြဆိုကြ၏။ ထိုမင်းလက်ထက်၌ ပင် နဂါးအမတ်များကို ဂဠုန်ရန်မှကာကွယ်စေခြင်းငှာ 'ပေါင်းထုပ် ရွက် ချွန်းကျော့ကွင်းတပ်'သဏ္ဌာန်ဗောင်းထုပ်များ ဆင်ယင်ပေးသည်ဟုဆိုသည်။ ထိုဗောင်းထုပ်များမှ ပုံသဏ္ဌာန်ကို ခန့်မှန်းကြည့်ရခြင်းအားဖြင့် 'ခေါင်း ပေါင်းဖြူဖော့လုံး' နှင့်နီးစပ်လှသည်ဟုဆိုရပေမည်။ ထို့ပြင် သေဉ်လည် ကြောင်မင်းလက်ထက်၌ ပေါ်ပေါက်သည်ဟုယူဆရသော 'သိုးကလေ'အစချီ သော ပုပ္ပါးနတ်တော်ဘွဲ့လင်္ကာတွင် 'မြိတ်လွတ်' 'စုလည်း' စသော အထုံး အဖွဲ့များ၊ 'ရထည်ဖျင်'စသောဝတ်ဆင်မှုနှင့်ဆိုင်သည့် အဝတ်အထည်မျိုးများ တွေ့ရှိရခြင်းသည်လည်း ရှေးဦးပုဂံခေတ်နှင့်သက်ဆိုင်သော မှတ်သားဖွယ်များ ပင်ဖြစ်ပေသည်။

ပုဂံခေတ်[ပြင်ဆင်ရန်]

ခေတ်သစ်သမိုင်းဆရာများက ပုဂံခေတ်သန့်သန့်ကို သို့မဟုတ် တကယ့်ပုဂံခေတ်စစ်စစ်ကို အနော်ရထာမင်းလက်ထက် သက္ကရာဇ် ၃၇၉ (အေဒီ ၁ဝ၄၄) ခုနှစ်လောက်မှစ၍ မှတ်သားကြသည်။ ထိုပုဂံခေတ်အတွင်း၌ မြန်မာတို့၏ ဝတ်ဆင်ထုံးဖွဲ့မှုများသည် ရှေးတကောင်းခေတ် ပျူခေတ်တို့ ထက် အဆင့်အတန်းများစွာ တိုးတက်လာသည်ကိုတွေ့ရပေသည်။ စင်စစ် အားဖြင့် ပုဂံခေတ်ဝတ်ဆင်မှုများဟု ခေါင်းတပ်ရသော်လည်း ထိုဝတ်ဆင်မှု များသည် ရှေးတကောင်းခေတ် ပျူခေတ်ဆင်ပြင်မှုများပေါ်တွင် ခေတ်သစ် ဖြစ်သော သထုံနွယ်မွန်နှင့် အိန္ဒိယယဉ်ကျေးမှုများကို ဖြည့်စွက်ထည့်သွင်း ထားသည့် ခေတ်အမျိုးမျိုးတို့မှ ယဉ်ကျေးမှုညွန့်ပေါင်းမျှသာဖြစ်ပေသည်။ အထူးသဖြင့် ပုဂံခေတ်၏ဆင်ယင်ထုံးဖွဲ့မှုများမှာ ပျူနှင့်မွန်တို့၏ ယဉ်ကျေး မှုဘက်ထက် အိန္ဒိယယဉ်ကျေးမှုဘက်သို့ ပို၍နွယ်နေသည်ကို တွေ့နိုင်ပေ သည်။

ပုဂံခေတ်တွင် ရေးချယ်ထုလုပ်ခဲ့သည့် ဆေးရေးပန်းချီကားနှင့် မြေပုံ၊ ကျောက်ပုံ၊ စဉ့်ပုံများအပေါ်တွင် အခြေခံထား၍ ပုဂံခေတ်သူတို့၏ ဆင်ယင်ထုံးဖွဲ့မှုများကို ဆန်းစစ်ကြည့်မည်ဆိုလျှင် မျက်လုံး မျက်ခုံးကောင်း ကောင်း၊ နှာတံပေါ်ပေါ်၊ နဖူးလယ် မှန်ကူကွက်နှင့် အိန္ဒိယတိုင်းသူဆန်ဆန် ဆံပင်ကိုထုံးဖွဲ့ထားပြီးလျှင် ကိုယ်ထည်နှင့် ချပ်ချပ်ရပ်ရပ်ရှိလှသည့် ခါးတို လက်ပြတ်အင်္ကျီကျပ်ကလေးများဝတ်ဆင်ကာ ဂါဝန်ရှည်ကြီးနှင့် သဏ္ဌာန်တူ လှသည့် ကွင်းစွပ်အိတ်အရှုံ့ထဘီတစ်မျိုးကို ခါးကြိုးဖြင့်ရစ်ပတ်ထားသော ဝတ်ဆင်ထားပုံမျိုးကိုတွေ့ရမည်ဖြစ်၍ မည်မျှကုလားဆန်နေမည်ကို ခန့်မှန်း နိုင်ပေသည်။ ထို့ပြင် ပုတီး၊ နားဋောင်း၊ လက်ကောက်လက်ကြပ်၊ ခြေချင်းမှ စ၍ တစ်ကိုယ်လုံး ဖုံးလွှမ်းဝတ်ဆင်ထားသမျှ တန်ဆာပလာတို့မှာလည်း ကုလားမူကုလားဟန်အတိုင်းပင် ဖြစ်နေလေသည်။

ပုဂံခေတ်ယောက်ျားများလည်း ပုဂံခေတ်အမျိုးသမီးများကဲ့သို့ပင် ဆံပင်နောက်တွဲထုံးပြီးလျှင် နားဋောင်းကြီးများပန်ဆင်ကာ အတွင်းခံ ကိုယ် ကျပ်အင်္ကျီကိုဝတ်ဆင်၍ 'ခဆီး'ခေါ်သော ပုဂံခေတ်ပုဆိုးတစ်မျိုးကို ကုလား များကဲ့သို့ပင် ဝတ်ဆင်ထားသည်ကိုတွေ့ရမည်ဖြစ်၏။ အချို့ အထက်တန်း ကျသော မင်း၊ မှူးမတ်စသည်များမှာ ဆံမုတ်ဆိတ်တို့ကို ကုလားဟန် အတိုင်းပင် ပြုပြင်ထားတတ်ကြပေသေးသည်။ ထိုအထက်တန်းကျသော မင်း၊ မှူးမတ်များသည် ရွှေခေါင်းစွပ်၊ သို့မဟုတ် မကိုဋ်သရဖူတစ်မျိုးကို ဆောင်းလေ့ရှိ၍ သင်တိုင်းဦးစွပ်၊ သို့မဟုတ် ဝတ်လုံရိုးရိုးနှင့် ဒုယင်တပ်ဝတ် လုံတစ်မျိုးကိုဝတ်ဆင်ကြပေသည်။

ခရစ်နှစ် ၁၁ဝ၆ ခုနှစ်၌ ပုဂံကျန်စစ်သားမင်းသည် တရုတ်ပြည် သို့ သံတမန်များစေလွှတ်ခဲ့ဖူးသည်။ ထိုအကြောင်းကို ချွန်းဖေး၏မှတ်ချက်၌ ပုဂံမင်းနှင့်တကွသော မှူးမတ်တို့သည် ကြံ၏ဦးချိုနှင့် သဏ္ဌာန်တူသော ရွှေ ဦးထုပ်များကိုဆောင်းကြ၏ဟု ဖော်ပြထားလေသည်။ ထိုမကိုဋ်ပုံမျိုးနှင့် မင်း ရုပ်တစ်ခုကို ပုဂံပုထိုးသမြား ဘုရားလိုဏ်အတွင်း၌ ရေးခြယ်ထားသည်ကို တွေ့ရှိနိုင်သေးသည်။ ထို့နောက် ၁၁၇၈ ခုနှစ် မှတ်တမ်း၌ အရာရှိများနှင့် တကွ ပုဂံပြည်သူပြည်သားတို့သည် နဖူးပေါ်တွင် သျှောင်ထုံးထုံးကာ အ ရောင်အသွေးဝါသော ပိုးစနှင့်ရစ်ပတ်ထားတတ်ကြသည်။ တိုင်းပြည်၏ အ ကြီးအမှူးဖြစ်သူကား ပို၍မြင့်သော ရွှေဦးထုပ်ဖြင့် ခြားနားသိသာပေသည် ဟု ဖော်ပြထား၏။ ထိုမှတ်တမ်းအဆိုနှင့် နီးစပ်သော ပုဂံသား များ၏သျှောင် ထုံးပုံအချို့ကို ပုဂံဆေးရေးကားများတွင် ထင်ရှားစွာတွေ့ရပေသည်။ ထိုပုဂံခေတ်၌ အင်္ကျီဟူသော ဝေါဟာရအစား တုရင်(ဒုရင်)၊ ဖျင်၊ ဝတ်လုံဟူသောအမည်များသာ ခေတ်စားခဲ့လေသည်။ ခါးဝတ်အတွက်မှာ လည်း ယောကျာ်းများအဖို့ 'ခဆီး'ဟူသောစကားကို ရှေးဦးစွာတွေ့ရပြီးမှ နောက်ပိုင်းတွင် 'ပုဆိုး'အသုံးပေါ်လာပေသည်။ 'ပုခြည်' ဟူသောစကားကို ဖျင်နှင့်တွဲ၍ တွေ့ရသောကြောင့် အင်္ကျီအသုံးပင်ဖြစ်ဟန်တူသည်။ လက္ခဏာ မှာ ပုခြည်ဖျင်ဟူသည်မှာ ပိုးခြည်းဖြင့်ယက်လုပ်သော ပိုးအင်္ကျီဟု ဆိုလိုရင်း ဖြစ်ပေမည်။ 'ထဘီ'အသုံးမှာ ကျောက်စာများ၌ အလွန်အသုံးနည်းသေးသော် လည်း ရွှေကွန်ချာဘုရား ကျောက်စာ၌ 'တုရင်ထဗီပြော'ဟု ပါလာသည်ကို တွေ့ရှိရခြင်းဖြင့် ထိုထဘီဝေါဟာရမှာ ပုဂံခေတ်ကပင် စတင်ခဲ့သည်ဟုဆို နိုင်ပေသည်။ သို့ရာတွင် ထဘီအသုံးမှာ အင်းဝခေတ်ကျမှ တွင်ကျယ်ခေတ် စားသည်ဟု ဆိုရပေမည်။ ထိုပြင် ရင်ကွဲအင်္ကျီနှင့် ရှေ့ကွဲထဘီများသည် ပုဂံ ခေတ်၌ကောင်းစွာ ခေတ်စားခဲ့ဟန်မတူချေ။ အဘယ်ကြောင့်ဆိုသော် ပုဂံ ခေတ်တစ်လျှောက်လုံး၌ ထိုအဝတ်အစားမျိုးနှင့်သက်ဆိုင်သည့်ပုံများ မတွေ့ရ သေးသလောက်ပင်ဖြစ်ပေသည်။ သို့ရာတွင် ထိုအဝတ်အစားမျိုး အင်းဝခေတ် သို့ရောက်သောအခါ တွေ့နိုင်ပြီဖြစ်၍ ပုဂံခေတ်ဆင်ယင်မှုများသည် အင်းဝ ခေတ်ဆင်ယင်မှုများ၏ ရှေ့ပြေးဟူ၍ကားဆိုနိုင်ပေသည်။

ပထမရှမ်းခေတ်[ပြင်ဆင်ရန်]

ပုဂံခေတ်ကို တာတာခေါ်တရုတ်တို့ ရုတ်တရက်တို့ဝင်ရောက် တိုက်ခိုက်ပြီးနောက် သက္ကရာဇ် ၆၄၈ (အေဒီ ၁၂၈၇) ခုနှစ်လောက်တွင် နိ ဂုံးချုပ်ကြပေသည်။ ထို့နောက် ပုဂံထီးနန်းကိုဆက်ခံကြသည့် မင်းနှစ်ဆက် သုံးဆက်မှာဩဇာတိက္ကမမရှိလှကြတော့ပေဘဲ ရှမ်းအနွယ်အဆက် မကင်းသူ တို့က ကြိုးကိုင်အုပ်ချုပ်ကြသည်ကိုသာတွေ့ရပေသည်။ စင်စစ်အားဖြင့် ကျော်စွာမင်းနန်းကျပြီးနောက် သက္ကရာဇ် ၆၆ဝ (အေဒီ ၁၂၉၈)ပြည့်နှစ် လောက်ကစ၍ အင်းဝမတည်မီ ၇၂၆(အေဒီ ၁၃၆၄) ခုနှစ် လောက်ထိအချိန် ပိုင်းသည် ရှမ်းတို့ကြီးစိုးသောခေတ်ဖြစ်သည်။ ထိုရှမ်းခေတ်အတွင်း၌ ပုဂံ ခေတ်နောက်ပိုင်းနှင့် စစ်ကိုင်း၊ ပင်းယခေတ်များလည်းပါဝင်ကြ၏။ ထိုခေတ် အတွင်းသည် ရှမ်းအနွယ်အဆက်မကင်းသူတို့က အုပ်ချုပ်လျက်ရှိကြသော ကြောင့် ရှမ်းတို့၏ယဉ်ကျေးမှုများသည် မြန်မာ့ယဉ်ကျေးမှုများအပေါ် လွှမ်း မိုးတန်သမျှ လွှမ်းမိုးခဲ့မည်မှာ ယုံမှားဖွယ်မရှိချေ။

သက္ကရာဇ် ၆၇၄ ခုနှစ်တွင် ပင်းယ၌ နန်းတက်တော်မူသော သီဟသူမင်းလက်ထက်တွင် ရေးသည်ဟု ယူဆရသော ကာချင်း သို့မဟုတ် တျာဘွဲ့တစ်ပုဒ်တွင် ' ခါးပတ်တော်မှာ ရွှေခြည်စုံ၊ မှိုင်းလုံး ရွှေဝတ်လုံ။ မလုံသာချမ်းအေးမြ၊ မိုးသောက်ထ ရောင်ဖြူလာငယ်ကို'ဟူ၍ စပ်ဆိုထား သည်ကို တွေ့ရပေရာ ယင်းမှာ ပင်းယခေတ် ဝတ်ဆင် ထုံးဖွဲ့မှုများနှင့် သက် ဆိုင်သည့် အထောက်အထားအချို့ဟု ဆိုရပေမည်။ (ထိုသီချင်းကို မြန်မာ စာညွန့်ပေါင်းကျမ်းက 'တျာဘွဲ့' ဟုပြ၍ မြန်မာစာပေသမိုင်းက' ကာချင်း ပ္ပ' ဟုပြဆိုထားသည်။)

အင်းဝခေတ်[ပြင်ဆင်ရန်]

အင်းဝခေတ်ကို သတိုးမင်းဖျား နန်းတက်သည့် သက္ကရာဇ် ၇၂၆ ခုနှစ် (အေ၊ဒီ၊ ၁၃၆၄)မှ ဟံသာဝတီရောက်မင်းလက်ထက် အင်းဝပျက်သည့် သက္ကရာဇ် ၁၁၁၃ ခုနှစ် (အေ၊ဒီ၊ ၁၇၅၁)အထိ ပိုင်းခြားရပေမည်။ ဤခေတ်ရှည်ကြီးထဲတွင် သိုဟန်ဘွား၏ ဒုတိယရှမ်းခေတ်နှင့် ညောင်ရမ်းခေတ်များလည်း ပါဝင်လေသည်။ ထို့ပြင် ခေတ်ပြိုင်ဖြစ်သော တောင်ငူနှင့် ရခိုင်ခေတ်များလည်း ရှိပေသေးသည်။ တောင်ငူခေတ်မှာ မြန်မာမျိုးနွယ်ဖြစ်သော မင်းများကအုပ်စိုးလျက် ရှိကြသောကြောင့် အင်းဝခေတ်နှင့်မခြားသော မြန်မာအဝတ်အစားမျိုးဟူ၍ပင် ယူဆရပေသည်။ နိုင်ငံသမိုင်းတွင် တပင်ရွှေထီး တစ်ပါးသော မွန်ဦးဆံဖြတ်၍ သမိန်တငွတ်ဟူသော မွန်ဦး ဗောင်းတော်ကို ဆောင်းတော်မူကြောင်းတွေ့ရသည်။ မွန်လူမျိုးတို့ ဆံဖြတ်ပုံမှာ ရှေ့ကဝိုင်းဖြတ်ပြီးလျှင် နောက်နားက နားရွက်မှ ဦးခေါင်းထိပ်အထိ လခြမ်းသဏ္ဌာန် ရိတ်ထားသည်ဟုဆိုသည်။

ထိုအခါက အင်းဝနှင့် ခေတ်ပြိုင်ဖြစ်သော ရခိုင်သူများ ဆင်ယင်ထုံးဖွဲ့ပုံကိုလည်း ရှင်တေဇောသာရ စသော အင်းဝခေတ် စာဆိုတော်များက ကဗျာဖြင့် မှတ်တမ်းတင်ခဲ့ကြသောကြောင့် ရခိုင်သူများသည် ဆံပင်နောက် တွဲထုံး၍ ဆွတ်ဆွတ်ဖြူသော အပေါ်ရုံများ လွှမ်းခြုံထားတတ်ကြောင်း သိရှိရပေသည်။ ယခုခေတ်တိုင် ရှေးမူမပျက် ဆင်ယင်ထုံးဖွဲ့ကြသည်ကို ရခိုင်ပြည်တွင် အတော်များများ တွေ့မြင်နိုင်ပေသေးသည်။

အင်းဝခေတ်သက်သက်ကား ပုဂံခေတ်အပျက်တွင် ရှမ်းခေတ်က ကာလခြားပေးလိုက်သဖြင့် ပုဂံမူနှင့်မတူသော ဆင်ယင်ထုံးဖွဲ့မှု မူအသစ်ဖြစ်ပေါ်လာသည်မှာ မှတ်သားဖွယ်ဖြစ်ပေသည်။ ထိုဆင်ယင်ထုံးဖွဲ့မှုမှာ ပုဂံခေတ်ကဲ့သို့ ကုလားမဆန်တော့ဘဲ ကုန်းဘောင်ခေတ်တွင် ခေတ်စားလတ္တံ့သော မြန်မာ့အဝတ်အစားမူများ၏ ရှေ့ပြေးသဖွယ် ဖြစ်သည်ကိုတွေ့ရ၏။ ခရစ်နှစ် ၁၃၉၆ ခုနှစ်၌မှတ်သားသော တရုတ်နိုင်ငံသမိုင်း မှတ်တမ်းတစ်စောင်၌ အင်းဝသား မြန်မာတို့သည် အင်္ကျီအဖြူလက်ပွများကို ဝတ်ကြသည်။ ခါးဝတ်မှာ ရှေ့မှနောက်သို့ ဖြတ်သန်းယူငင်ပြီးလျှင် ပတ်ပတ်လည်ရစ်ထားသည်။ လူကုံထံတို့ ပုဆိုးမှာ ပေ ၂ဝ ရှည်၍ လူသာမန်တို့၏ ပုဆိုးမှာ ၁ဝ ပေသာရှိလေသည်ဟု ဆိုလေသည်။ ချေဆိုးအဆိုအရ ယောက်ျားများ၏ အဝတ်အစားအကြောင်း ဤသို့ထပ်လောင်း၍ သိရပေသေးသည်။ ယောက်ျားများသည် ပန်းရိုက်ထားသော အဝတ်နှင့် ဦးခေါင်းကို ရစ်ပတ်ထားပြီး သကာလ ကျန်သောအစကို နောက်တွင်တွဲလျားချထားသည်။ ကိုယ်တစ်ပိုင်းသာ အင်္ကျီဆင်မြန်းလျက် ပုခုံးကို ပလာထားသည်။ မိန်းမများမှာ ကိုယ်ပေါ်တွင် ပိတ်ဖြူထည်ကို လွှမ်းခြုံကာ ပန်းရိုက်အဝတ်ကို လည်စည်းစသဖွယ် ဆင်မြန်းကြပေသည်။

ဤကား တရုတ်မှတ်တမ်းလာ မင်းကြီးစွာစော်ကဲ လက်ထက်နှင့် သက်ဆိုင်သော အင်းဝသူ အင်းဝသားများအဝတ် ဝတ်ဆင်ကြပုံတို့ပေတည်း။ ထိုမှတ်တမ်းအရမှာ အင်းဝခေတ် ယောက်ျားများသည် ပန်းရိုက်ခေါင်းပေါင်းများ၊ လက်ပွကိုယ်ထည်ဖားသော သိုရင်းအင်္ကျီရှည်ကြီးမျိုးနှင့် ပုဆိုးတောင်ရှည်များကို မြန်မာဆန်ဆန် ဝတ်ဆင်တတ်ကြပြီဟု ဆိုရပေမည်။ ပုဂံဥပါလိသိမ် ဆေးရေးကားများ၌ တရုတ်မှတ်တမ်း အဆိုများနှင့် အတော်အတန် ကိုက်ညီသော ဝတ်ဆင်ထုံးဖွဲ့မှုများကို တွေ့မြင်နိုင်ပေသည်။ သို့သော် လက်မှာ တရုတ်မှတ်တမ်းများတွင် ပြဆိုသကဲ့သို့ မပွလှ၊ ခပ်ကျယ်ကျယ်ပင်ဖြစ်သည်။ ခေါင်းပေါင်းပုံမှာလည်း 'ပျိုကြိုက်တဲ့သူ၊ ပုဝါထည်ကို ထိပ်လယ်မှာ ပေါင်း၊ ဆံသွယ်ပျောင်းနှင့်' ဟူသော အိုင်ချင်းအဆိုနှင့် ပို၍ နီးစပ်ပေသည်။ အချို့ဆေးရေးကားများ၌ကား ပုဝါမသုံးသျှောင် ထုံးသက်သက်ကို သပ်သပ်ရပ်ရပ် ထုံးဖွဲ့ပြီးလျှင် ပုဝါကိုမူကား လည်တွင်ရစ်ပတ်ထားသည်ကို တွေ့ရ တက်သည်။ ထိုပုံမျိုး၌ အပေါ်ဝတ်အင်္ကျီ မပါတတ်ပေ။ ပုဝါလည်ရစ်ထားပုံမှာ ပုဝါ ရက်သစ်၊ မယ်ကပေးတဲ့ ခေါင်းပေါင်းပြာ၊ လည်မှာရစ်လို့ ဟူသောစာဆိုနှင့် ညီလှသည်။ ဆင်းရဲသားများအဖို့ကား အင်္ကျီလက်တို၊ တံပက်ယိုနှင့်၊ ကိုယ်၏ဖြစ်လား၊ ဆင်းရဲသားလျက် ဟူသော ဘုံခန်းပျို့နှင့်အညီ ဝတ်ဆင်ကြပေလိမ့်မည်။

အင်ဝခေတ် အမျိုးသမီးများကား ပုဂံခေတ် ကုလားကျမင်းလက်ထက် တီထွင်ခဲ့သော ရင်ကွဲအင်္ကျီနှင့် ရှေ့ကွဲထဘီများကိုပင် ယဉ်ကျေးမှု မထိခိုက်အောင် အနည်းငယ်ပြုပြင်ပြီးလျှင် ဝတ်ဆင်ကြသည်ဟု ယူဆရပေသည်။ ပုဂံစူဠမဏိဘုရားအတွင်း၌ ရေးခြယ်ထားသော အင်းဝခေတ် ကချေသည် တစ်ဦးပုံမှာ အပေါ်ပိုင်းကို ပလာကျင်းထားပြီးလျှင် အောက်ပိုင်းက ရှေ့ကွဲထဘီ ဝတ်ဆင်ထားသည်ကို တွေ့ရပေသည်။ ဆံထုံးကား စုလည်းထုံးဟု ဆိုရပေသည်။ စင်စစ်အားဖြင့် အင်းဝခေတ် ဆံတုံးများကား ပုဂံခေတ်က ပေါ်ပေါက်ခဲ့သော ဆံထုံးနည်း ၅၅ မျိုးမှ အချို့ကို ပြန်လည်ဆန်းစစ်ထားခြင်းမျှသာ ဖြစ်ပေသည်။ ထိုခေတ်က ဗျာပါဆံ ဟူသော ဆံထုံးနည်း အသစ်အဆန်းတစ်မျိုး ပေါ်ပေါက်ခဲ့သေးသည်ဟု ယူဆကြပေသည်။ သို့ရာတွင် ဗျာပါဆံပုံများကို ကုန်းဘောင်ခေတ် နောက်ပိုင်းလောက်ရောက်မှ ထင် ထင်ရှားရှား တွေ့မြင်နိုင်ပေတော့သည်။ ဤအင်းဝခေတ်၌ အချိတ်ပုဆိုးနှင့် ဧကနံများ စတင်ပေါ်ပေါက်ခဲ့ခြင်းနှင့် ဆင်းရဲသားများ ရွှေခြေချင်းမဝတ်ရဟူသော တားမြစ်ချက်အမိန့်တော်များ ပေါ်ပေါက်လာခြင်းသည် မှတ်သားဖွယ်ပင် ဖြစ်ပေသည်။

ကုန်းဘောင်ခေတ်[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ကို အလောင်းမင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၁၃ (အေ၊ဒီ၊ ၁၇၅၂) ခုနှစ်မှ သီပေါမင်း ကုလားပြည်သို့ ပါတော်မူသည့် ၁၂၄၇ (အေ၊ဒီ၊၁၈၈၅) ခုနှစ် အထိ ပိုင်းခြားရပေသည်။ ထိုကုန်းဘောင်ခေတ် အတွင်းမှာလည်း ရွှေဘိုခေတ်စစ်ကိုင်းခေတ်အင်းဝခေတ်အမရပူရခေတ်မန္တလေးခေတ်ဟူ၍ ခေတ်ငယ်ကလေးများ ပါဝင်ကြပေသေး၏။ သို့ရာတွင် ဝတ်ဆင်ထုံးဖွဲ့မှုအရာ၌ ထိုခေတ်ကလေးများကိုလိုက်၍ ပြောပလောက်အောင် ကွဲပြားမှုများ မရှိခဲ့ကြပေ။ စင်စစ်အားဖြင့် ပထမအင်းဝခေတ် လက်ကျန်ဖြစ်သော ရင်ကွဲအင်္ကျီနှင့် ရှေ့ကွဲထဘီမူများအပေါ်တွင် အခြေတည်သော မြန်မာ့ဝတ်ဆင်နည်းများသာ ဖြစ်ကြ၍ ခေတ်အလိုက် ပြုပြင်မွမ်းမံမှုများသာ အနည်းငယ်စီ ရှိခဲ့ကြပေသည်။

ပုဂံအာနန္ဒာ အုတ်ကျောင်းအတွင်းမှ တွေ့ရသော ဆေးရေးကားများမှာ သက်တမ်းအားဖြင့် အင်းဝနှင့် အမရပူရ စပ်ကူးမတ်ကူးအချိန်ဖြစ်သော မြန်မာသက္ကရာဇ် ၁၁၃၇ ခုနှစ်အကြားတွင် ရေးခြယ်ခဲ့သော ဆေးရေးကားများ ဖြစ်ကြ၍ ရှေးအင်းဝခေတ်ကိုလည်း လှမ်းမျှော်နိုင်ပေသည်။ ထိုဆေးရေးကားများတွင် တွေ့ရှိရသည့် ကုန်းဘောင်ခေတ် အမျိုးသမီးများမှာ ဆံထုံးကို ပုဂံခေတ် နမူနာအတိုင်း နောက်တွဲထုံးပြီးလျှင် ပန်းကုံးများဖြင့် ရစ်ပတ်ထားတတ်ကြပေသည်။ အချို့ဆံထုံးများမှာ တစ်ပတ်လျှိုဆံထုံးများနှင့် သဏ္ဌာန်တူပေသည်။ အပေါ်ဝတ်အင်္ကျီမှာ ထိုင်မသိမ်းကဲ့သို့ လက်ကျပ်နှင့် ဖြစ်ပြီးလျှင် တံပတ် သို့မဟုတ် ပုဝါဖြင့် ရစ်ပတ်ထားသည်။ ကချေသည်ပုံမှာ အင်္ကျီပင်မပါဘဲ ရှေ့ကွဲထဘီကို အထက်ဆင့်ရှည်စွာ တပ်ပြီးလျှင် ရင်ရှား၍ ခါးဆီတွင် အနည်းငယ်ခေါက်တင်ပြီး တစ်ချက်ဆွဲလိမ်၍ ဝတ်ဆင်ရ သော ခါးတင်ထိုး ဝတ်နည်းမျိုး တွေ့ရှိရပေသည်။

ဘကြီးတော်ခေတ်နှင့် သက်ဆိုင်သော ဆေးရေးပန်ချီကားများ၌ကား ရင်စီးပုဝါ အသုံးပြုထားသည်ကို တွေ့ရှိနိုင်ပေသည်။ ယင်းမှာ နန်းတွင်းသူတို့ ဝတ်ဆင်နည်းမျိုး ဖြစ်၍ ခါးချပ် ဝတ်ဆင်နည်းဟု ခေါ်ကြသည်။ ရခိုင်ရာဇဝင်လင်္ကာ၌ပါရှိသော ပျူဘွဲ့လင်္ကာ၌ -

ညံ့နုကျောလွတ်၊ ခါးချပ်ဝတ်လျက်၊ ရစ်ပတ်ခါးကြိုး၊ မပတ်ပိုးတည့် ဟူ၍

စပ်ဆိုထားသည်နှင့်အညီ ဖြစ်ပေသည်။ အင်္ကျီရင်ကွဲများမှာ ဘကြီးတော်ခေတ်တွင် ရေးခြယ်သော ပန်းချီကားများ၌ ပို၍ထင်ရှားလာပေသည်။ မန္တလေးခေတ်တွင် တွေ့ရလတ္တံ့သော ထိုင်မသိမ်းပုံမျိုးနှင့်လည်း အတော်ပင်နီးကပ်လာပေသည်။ သို့ရာတွင် အင်္ကျီနို့ ခေါ်သော အောက်နားက ပိတ်စပိုင်း ရှည်ရှည်ကလေး နှစ်ခု မပါလာသေးပေ။ စင်စစ်အားဖြင့် ထိုရင်ကွဲအင်္ကျီနှင့် ရှေ့ကွဲထဘီများသည် မန္တလေးခေတ်သို့ရောက်မှ ပို၍အချိုးကျလာပြီးလျှင် သပ်သပ်ရပ်ရပ်လည်း ရှိလာပေသည်။ ထိုမန္တလေးခေတ် အဝတ်အစားများသည် အမျိုးသား အဝတ်အစားအဖြစ်ဖြင့် ယနေ့တိုင် တည်မြဲနေသည်မှာလည်း ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။

ရတနာပုံ မန္တလေးခေတ်က ရွှေမန်းသူတို့၏ အဆင်အပြင်ကို ရတနာပုံနေပြည်တော် သတင်းစာဆရာကြီး ဘိုးဝဇီရက သူ၏ တောပုဘုရားပွဲဆောင်းပါး၌ ဤသို့စာပန်းချီ ရေးခြယ်ပြခဲ့ပေသည်။

နွဲ့နောင်းညိုစင်၊ အပျိုခင်တို့၊ ဟိုခွင်တိုင်းဖြစ်၊ လှိုင်းရစ်ဆန်ပုံ၊ ကွမ်းတုံစက်ချိတ်၊ ကွက်မှိတ်ကွက်လွဲ၊ ဖက်ကဲရွှန်းလျှံ၊ လွန်းပျံတိုက်ဆင့်၊ ဝိုက်နှင့်ဘလာ၊ ပြုချက်မှာ၊ :သူ့ထက်ငါ၊ ညာမြေဘောင်၊ ရှာတွေဆောင်၊ သာလေအောင် ဝတ်ထဘီ၊ အင်္ကျီကငွေပွင့်ထိုး၊ ရွှေဆင့်ကြိုးနှစ်ထပ်လိမ်၊ နဂါးပတ်အိမ် သန္တာပေါက်၊ ဇာပြောက်က :အဆန်းဆန်း၊ အခန်းခန်းပျံ့ပြောကြွယ်၊ အံ့ဩဖွယ် ပဝါများမှာ၊ အသားကောင်း၊ အပါးကောင်း၊ အများဒေါင်း အဖိုးတန်၊ အမျိုးမှန် အဆင်ထပ်၊ ကြင်ခပ်နှင့်ရောင်ရှိန်ဖဲ၊ :ပြောင်ထန်ကဲ ကွမ်းတုံဆန်း၊ ပန်းတဲ့ကာရန်းတဲ့ကာ၊ သန်းလဲ့ပြာ မှုန်ညက်ကို၊ စုံမက်ဖွယ်ဆင်ခြုံ၊ နံ့သာ ငွေလွင်မှုံကို၊ ယဉ်ရုံသာ သူတို့၌၊ မူနဂိုရ်မျက်နှာထားနှင့်၊ :တစ်ဖက်သား မြင်သူတို့၊ ဘွင်ဆူလောက်စရာ၊ နော်ဇာနှင့် ရွှေလည်ထပ်၊ ခွေရှည်တပ် ကျောက်ကြိုး၊ နေခြည်ဟပ် ပြောက်ထိုးက၊ တောက်နိုးလုရည်ပေါ်သစ်၊ :ပြည်တော်ဖြစ် မန်းနွယ်၊ ဆန်းကြယ်သော စိန်မြခံ၊ ထိန်ပလျှံ ဆွဲပုတီးကလဲ၊ ဝှဲခြီးလို့မပြောနိုင်၊ အဆိုင်ဆိုင် ဝတ်စားလျက် ဟူ၍ဖြစ်ပေသည်။

ယောက်ျားများဘက်က အဝတ်အစားများမှာ ကုန်းဘောင်ခေတ် အလယ်ပိုင်းလောက်ထိ ရှေးအင်းဝခေတ် လက်ကျအတိုင်း ထုံးကြ၊ ဖွဲ့ကြ၊ ဝတ်ဆင်ကြသည်ကို ထိုခေတ်က ရေးခြယ်ခဲ့သည့် ဆေးရေးကားများ၌ အထင်အရှား တွေ့မြင်နိုင်ပေသည်။ များသောအားဖြင့် ယောက်ျားများသည် အင်္ကျီမဝတ်ဘဲ ပုဆိုးတောင်ရှည် သို့မဟုတ် ဧကနံဝတ်လျက် တွေ့ရသည်။ ရတနာသုံးပါး စသည်များသို့ ဆည်းကပ်သည့်အခါများ၌သာ သိုရင်းပုံဖား လျားဝေသော အင်္ကျီရ္ရှည်ကြီးများ ဝတ်ဆင်ကြသည်ကို တွေ့ရပေသည်။ ထိုခေတ် ကနန်းတော်သားတို့အနက် ကွမ်းရည်တော်လက်ဖက်ရည်တော်ဖိနပ်တော်တို့မှာ ပုဆိုးခါးပုံထိုးဝတ်ဆင်၍ ခါးစိုက်ခေါ်သော ထိုင်မသိမ်းအင်္ကျီကို ဝတ်ဆင်ပြီးလျှင် ခေါင်းပေါင်းဖြူ ဖော့လုံးဆင် ကနရန်းထုတ် တစ်စထောင်ပေါင်းကြသည်။ လွှတ်တော်ရုံးတော် အရာရှိတို့မှာ ခေါင်းပေါင်းနှစ်စ အညီထောင်၍ ထိုနှစ်စကို ခပ်ထပ်ထပ်ထားပြီးလျှင် ဆင်ကနရန်းမပါဘဲ တစ်မျိုးအားဖြင့် ရိုးရိုးပေါင်းကြသည်။ စာရေးစာချီတို့မှာ ခေါင်းပေါင်းဖြူပါလျှင် ပြီးရောဆိုသကဲ့သို့ ခပ်လိမ်လိမ်ကျစ်၍ နဖူးထက်၌ ရစ်ပြီးလျှင် တစ်စတိုရှည် ဖြစ်သလိုပေါင်းကြသည်။ ထိုခေတ်က ပဝါစကို လက်ဝဲမှချ၍ ပေါင်းလေ့ရှိသည်။ လက်ယာကထုတ်၍ပေါင်းလျှင် ဘုန်းကြီးလူထွက်ပေါင်းဟု ဆိုကြသည်။ ဤသည်ကိုကား မြန်မာဘုရင်တို့ နောက်ဆုံး စိုးစံသွားသည့် အချိန်ပိုင်းအထိ အနှစ် ၂ဝဝဝ ကျော်မျှသော ခေတ်ကာလအတွင်း၌ မြန်မာတို့ ဝတ်ပုံစားပုံတို့ပေတည်း။

မန္တလေးနောက်ပိုင်းခေတ်မှ ယခုမျက်မှော်ခေတ်အထိ ဖော်ပြခဲ့ပြီးသော မန္တလေးခေတ် အဝတ်အစားများသည် မန္တလေးခေတ် ပျက်သုဉ်းသွားသည်တိုင်အောင် အထက်ပိုင်း မြန်မာနိုင်ငံ၌ ရုတ်တရက် တိမ်ကောသွားခြင်းမရှိသေးဘဲ ၁၅ နှစ်၊ အနှစ် ၂ဝ ခန့်လောက်ထိ တည်မြဲနေသေးသည်ဟု ခန့်မှန်းရပေသည်။ သို့ရာတွင် ခေတ်သစ်ယဉ်ကျေးမှု တို့၏ တစ်စတစ်စ လွှမ်းမိုးခြင်းဒဏ်ကိုကား ကြာရှည်မခံနိုင်ဘဲ ခေတ်ကိုလိုက်၍ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲမှုများ ရှိလာပေးတော့သည်။ ပထမ အင်္ကျီများမှာ ထိုင်မသိမ်းပုံအတိုင်းပင်ဖြစ်၍ ကိုယ်ထည်နှင့်လက်မှာ ဖောင်းပွကြွရွခြင်းမရှိဘဲ အသားနှင့်ကပ်၍ ချပ်ချပ်ရပ်ရပ် ရှိလှပေသည်။ ဤကဲ့သို့သော အင်္ကျီမျိုးမှ ယခုခေတ်နှင့်စာလျှင် လုံခြုံသိပ်သည်းဟန်ရှိသော လက်ဝကျယ်၍ ကိုယ်ထည်ပွသည့် တရုတ်ပုံ ရင်စိရင်ဖုံးအင်္ကျီမျိုးသို့ ကူးပြောင်းလိုက်ကြရသည်။ သို့ရာတွင် ထဘီမှာ ရှေးမူအတိုင်းပင်ရှိသေး၍ မြေတွင် ဒရင့်တိုက်လျက် ရှိနေဆဲပင်ဖြစ်သည်။ ဆံထုံးမှာလည်း မနိမ့်လွန်း မမြင့်လွန်းတွင် ထောင့်ညီသောမဟာနဖူးနှင့် ပနံစားတုန်းပင် ဖြစ်သည်။ ထိုဆံထုံးနှင့် ထိုအင်္ကျီ၊ ထိုထဘီတို့မှာ ထိုခေတ်က အဆင်ပြေစွာ လိုက်လျောတုန်းပင်ရှိသေးသည်။ သို့ရာတွင် တစ်နေ့တခြား တိုးတက်ပြောင်းလဲ လျက်ရှိသောခေတ်ကြီးကိုကား ထိုရှေးဆန်လှသေးသော အဆင်အပြင်မျိုးသည် ကြာကြာမဖက်ပြိုင်နိုင်ရှာပေ။ မကြာမီ လက်လျှော့သောအားဖြင့် ပြောင်တင်းတင်း နိုင်လှသော မဟာနဖူးကို ဆံယဉ်စကလေးများဖြင့် ဖုံးလွှမ်းလိုက်ပြီးသော် ဆံထုံးကိုလည်း အတော်အတန်မြင့်လာအောင် မြှင့်တင်လိုက် ကြရပေသည်။ ဝန်အင်္ကျီလက်ကဲ့သို့သော အဝကျယ်လှသည့် လက်ကိုလည်း အလောတော်အောင် ပြုပြင်လိုက်ပြီးနောက် ကသီကရီနိုင်လှသော ရှေးထဘီ နေရာကိုလည်း ခေတ်လုံကွင်းဖြင့် အစားထိုးလိုက်ရပေသည်။ ဤခေတ် အဝတ်အစားသည်ပင် နောက်တစ်နှစ်၌ ခေတ်မမီနိုင်လောက်အောင် လျင်မြန်လှသော လေယာဉ်ပျံခေတ်၊ မော်တော်ကားခေတ်ကြီး ဖြစ်နေသဖြင့် ယခင်ခေတ်ဟောင်းက အနှစ်တစ်ရာမှ တစ်ခါလောက်ပြုပြင်ပြောင်းလဲမှု ရှိခဲ့သော မြန်မာ့အဝတ်အစားများသည် ယခုခေတ်သစ်တွင် ၁ဝ နှစ်တစ်ကြိမ်လောက် ပြောင်းလဲပေးခဲ့ရခြင်းအားဖြင့် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ အချိန်ပိုင်း၌ ပါးနိုင်၊ ကျပ်နိုင်၊ တိုနိုင်မှ ခေတ်မီရမည်ကဲ့သို့ ဖြစ်ခဲ့ပေသည်။ စစ်ပြီး ဒီဘက်ခေတ်တွင်ကား ထုံးဖွဲ့မှုတွင် အမောက်၊ ဝတ်ဆင်မှုတွင် နိုင်လွန်ဟူ၍ ခေတ်စားလာပြန်သည်။ အင်္ကျီများမှာ ယခင်စစ်မဖြစ်မီခေတ်ကထက်ပင် ပါးကျပ်တိုလာရုံမျှမက နိုင်လွန်လက်ပြတ်အင်္ကျီများပင် ခေတ်စားလာခဲ့ပေသည်။ ဖိနပ်ဖက်ကလည်း ကတ္တီပါပုံတော်ခေတ်မှ ခွာမြင့်သော ရှုတိုင်းယဉ်ဖိနပ်ဆန်းများ ခေတ်သို့ ကူးပြောင်းခဲ့ပေသည်။

ယောက်ျားများဘက်ကလည်း မြန်မာ့ဦးစွန်း သျှောင်များမှ ဗိုလ်ကေသို့၎င်း၊ ပုဆိုးတောင်ရှည်မှ လုံချည် လုံကွင်းအဖြစ်သို့၎င်း ပြောင်းလဲခဲ့၍ စစ်ပြီး ဒီဘက်ခေတ်တွင်ကား ဘောင်းဘီဝတ်မြန်မာ ယောက်ျားများပင် အတော်ပေါလာသည်ကို တွေ့ရပေသည်။ အင်္ကျီဘက်ကလည်း ဝတ်ရိုးဝတ်စဉ်ဖြစ်သော အပေါ်ဝတ်တိုက်ပုံ၊ အတွင်းခံရှပ်၊ ချွေးခံစွပ်ကျယ်များအပြင် စစ်ပြီးဤဘက်တွင်ကား အပြင်ထုတ်၍ ဝတ်ရသော ဟာဝေယန်ရှပ်များပင် ခေတ်အလိုက် ပြုပြင်ပြောင်းလဲမှုများ တစ်ခုပြီးတစ်ခု ပေါ်လာကြဦးမည်ဖြစ်ပေရာ စောင့်၍ကြည့်ရှုမှတ်သားရပေဦးမည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)