ဘချို၊ ဦး (ဒီးဒုတ်)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒီးဒုတ်ဦးဘချို
Ubacho.jpg
(၁၈၉၃-၁၉၄၇)
မွေးသက္ကရာဇ် ၂၃ ဧပြီ ၁၈၉၃ ခုနှစ်
အမည်ရင်း မောင်ဘချို
မိဘအမည် ဆေးဆရာကြီး ဦးဘိုးစာ + ဒေါ်မြစ်
မွေးဖွားရာဒေသ မြောင်းမြမြို့ဧရာဝတီတိုင်း
နိုင်ငံသား Flag of Myanmar.svg မြန်မာနိုင်ငံ
လူမျိုး ဗမာလူမျိုး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဒဿမတန်း (စကောလားရှစ်)
ပညာရေး မပြီးဆုံးမီ ကျောင်းထွက်
အလုပ်အကိုင် စာရေးဆရာ၊
ဝန်ကြီး
ပြန်ကြားရေး ဝန်ကြီးဌာန
ကြင်ဖော် ဒေါ်လှမေ
သားသမီး မခင်နု၊
မခင်ပု၊
မေမေခင်၊
ခင်ခင်ဦး
ထင်ပေါ်ကျော်ကြားမှု အာဇာနည် ကိုးဦး
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၁၉ ဇူလိုင် ၁၉၄၇
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့မြန်မာနိုင်ငံ
လက်မှတ် [[Image:|100px]]
ကွန်ယက်


ငယ်ဘဝ[ပြင်​ဆင်​ရန်​]

ဒီးဒုတ်ဦးဘချို ကို ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့(၁၂၅၅ ခုနှစ်၊ကဆုန်လဆန်း(၁၀)ရက်)တွင် ဖွားမြင်သည်။ မြောင်းမြမြို့ ဆေးဆရာကြီး ဦးဘိုးစာ၊ ဒေါ်မြစ်တို့၏ သားဖြစ်သည်။ မွေးချင်း(၄)ယောက်အနက် အထွေးဆုံးသားဖြစ်သည်။ မြောင်းမြမြို့ ဆရာဦးမောင်မောင် ကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့ပြီး သတ္တမတန်းကို အထူးအောင်မြင်သဖြင့် စကောလားရှစ် (ခေါ်) ပညာသင်ဆုကို ရခဲ့သည်။ရန်ကုန်မြို့စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာသင်ကြားရာ ၁၀ တန်းကို အထူးအောင်ကာ ပညာသင်ဆုရပြန်သည်။ ပညာသင်ဆုရကာ ၁၆ နှစ်အရွယ်မှာပင် ရန်ကုန်ကောလိပ်၌ တက်ရောက်ပညာသင်ခွင့်ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်၊ ဘီအေ အထက်တန်း သင်နေဆဲ ငယ်စဉ်ကစွဲကပ်ခဲ့သည့် မျက်စိဝေဒနာကြောင့် တက္ကသိုလ်မှ နုတ်ထွက်ခါ ပေါင်းတည်နှင့် ဟင်္သာတမြို့များမှာ ကျောင်းဆရာအဖြစ်လုပ်ကိုင်ခဲ့သည်။ [၁]

ကျောင်းဆရာဘဝ[ပြင်​ဆင်​ရန်​]

ဦးဘချိုသည် ကျောင်းထွက်ပြီးနောက် သက္ကရာဇ်၁၂၈၂-ခုနှစ်တွင် အမျိုးသားတက္ကသိုလ် ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်၍ ပေါင်းတည်မြို့နှင့် ဟင်္သာတမြို့များတွင် ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ အမျိုးသားကောလိပ်များဖွင့်လှစ်သည့်အခါ အစိုးရအလုပ်မှ နှုတ်ထွက်လိုက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာသင်ကြားပို့ချခဲ့သည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ [၂]

စာပေရေးရာစွမ်းဆောင်ချက်[ပြင်​ဆင်​ရန်​]

ဒီးဒုတ်ဦးဘချို၏ ဇနီး မြန်မာအမျိုးသမီး ကုမ္မာရီအသင်း၏ တွဲဖက်အတွင်းရေးမှူး ဒေါ်လှမေ

ဦးဘချိုသည် လောကီ လောကုတ္တရာ နှစ်ဖြာသော စာပေ ဗဟုသုတ တို့တွင် နှံ့စပ်သူ ဖြစ်၏။ မြန်မာ့အလင်းမဂ္ဂဇင်းနှစ်ပါးကြည်ဂျာနယ်ဗန္ဓုလဂျာနယ် များတွင် ကဗျာ၊ ဆောင်းပါးများ ဝင်ရောက် ရေးသားခဲ့ရာမှ စာနယ်ဇင်းလောကထဲ ရောက်ရှိလာခဲ့သည်။ ရန်ကုန် အရှေ့ပိုင်း ရေကျော်ရပ်တွင် စာပုံနှိပ်တိုက်တစ်ခု ဖွင့်လှစ် တည်ထောင် ကာ ၁၉၂၅ တွင် ဒီးဒုတ်ဂျာနယ် ကို ထုတ်ဝေခဲ့သည်။ သူ၏ ဒီးဒုတ်ဂျာနယ် ကို အမျိုးသား လွတ်လပ်ရေး တိုက်ပွဲ၊ အမျိုးသား ပညာရေး၊ အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းရေး တို့အတွက် ရှေ့တန်းအောင်လံ ဂျာနယ် တစ်စောင် ဟု သိခဲ့ကြသည်။ ထိုဂျာနယ်၏ အမည်ကို သူ့အမည်တွင် တွဲပြီး ဒီးဒုတ်ဦးဘချို ဟု အများက သိခဲ့ကြသည်။ “ဒီးဒုတ်ဦးဘချို” အမည်အပြင် “ဒိုးဒိုးဒေါက်” “ကျူကောက်” “ကေသာ” “စပယ်” “ဥက္ကလာ-မခင်စိန်” “အမိုက်မလေး” စသော အမည်များဖြင့်လည်း ဝတ္ထုဆောင်းပါး များစွာကို ရေးသားခဲ့သေးသည်။

၁၉၂၀ ပြည့်နှစ်တွင် ကျောင်းသားသပိတ်အရေးတော်ပုံကြီးပေါ်ပေါက်လာသောအခါ အစိုးရအလုပ်မှ နုတ်ထွက်၍ အမျိုးသားပညာရေးလောကထဲသို့ ဆရာလွန်း(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)နှင့်အတူ ဇောက်ချလုပ်ကိုင်သည်။ တဖက်ကလည်း မြန်မာရီဗျူး(The Burmese Review)ဂျာနယ် ကို ၁၉၂၃ ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့တွင်စတင်ထုတ်ဝေခဲ့ပြီး ထိုဂျာနယ်ထဲတွင် ဒီးဒုတ် အမည်နှင့် ပစ္စရလက္ခတ်ကျမ်း ဟူသောအခန်းကို အပတ်စဉ်ရေးသားလာရာမှ ဒီးဒုတ်ဦးဘချို ဟူ၍ လူသိများလာသည်။ ထို့ပြင် ဈေးဂေဇက်၊ ဆယ်လံအာဝါးအခန်း နှင့် ဒီးဒုတ်စာတိုက်ခန်း အခန်းများကို အာဝီဇ္ဇန်းရွှင်ရွှင်ဖြင့် တစ်ဦးတည်း ဒိုင်ခံရေးသားရာမှ ဂျာနယ်လည်းရောင်းအားတက်လာသလို ဒီးဒုတ်ဦးဘချို နာမည်ပိုကြီးလာခဲ့ရသည်။

သက္ကရာဇ် ၁၂၉၈ (ခရစ်နှစ် ၁၉၃၆ ခုနှစ်) တွင် မြန်မာနိုင်ငံတော် သတင်းစာဆရာ အသင်းကြီး ဖြစ်ပေါ်ရေးကို အထူးအားပေး ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပေသည်။ စစ်မဖြစ်မီ တစ်နှစ်ဖြစ်သော သက္ကရာဇ် ၁၃၀၂ ခုနှစ်တွင် မြန်မာနိုင်ငံတော် စာရေးဆရာများ အသင်းကြီး၏ ဥက္ကဌ အဖြစ်လည်း ရွေးကောက်တင်မြောက်ခြင်း ခံရပေသေးသည်။ ဒီးဒုတ်ဦးဘချို ပြုစုခဲ့သော စာပေများတွင် စမအဖွင့်ကျမ်း၊ ဦးပုည-သာသနာလျှောက်အဖြေ၊ ဂီတဝိသောဓနီကျမ်း၊ ဗွေသီဟာဝတ္ထု၊ တိုင်းပြု-ပြည်ပြု စသည်တို့လည်းပါဝင်ခဲ့သည်။

အမျိုးသားရေးစွမ်းဆောင်ချက်[ပြင်​ဆင်​ရန်​]

ကိုလိုနီခေတ်တလျှောက်လုံး တိုင်းပြည်အကျိုးမျှော်ကိုးကာ စာနယ်ဇင်းမှ ထောက်ပြဝေဖန်ရေးသားခဲ့သော်လည်း အခွင့်အရေးသမား မဟုတ်သဖြင့် မည်သည့်ရာထူးကိုမျှ လက်ခံဆောင်ရွက်ခြင်းမရှိဘဲ မိသားစုဘဝကို မပြည့်မစုံနှင့်သာ ရပ်တည်ခဲ့သည့်အပြင် အမျိုးသားနိုင်ငံရေးကိုသာ ဇောက်ချလုပ်ကိုင်ခဲ့သူဖြစ်သည်။

ထိုအချိန်က မြန်မာပြည်မှာ အိန္ဒိယ၏ ပြည်နယ်တစ်ခုသာဖြစ်ပြီး ဆိုင်မွန်ကော်မရှင်အစီရင်ခံစာအရ`ခွဲရေး၊တွဲရေး´ဂယက် ပြင်းထန်နေချိန်တွင် ဒီးဒုတ်ဂျာနယ် က`တွဲရေး´ဘက်ကရပ်တည်ရေးသားခဲ့သည်။မြန်မာ့အလင်း နှင့် သူရိယ ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာကြီးများက`ခွဲရေး´ဘက်က ရပ်တည်ရေးသားနေသဖြင့် နေ့စဉ်ထုတ်သတင်းစာတစ်စောင် ထွက်ရှိဖို့ လိုအပ်လာသည်အတွက် ဝတ်လုံဦးကျော်မြင့် နှင့် တိုင်ပင်ကာ`မြန်မာ့ဇေယျာ ပုဂ္ဂလိက သတင်းစာ´ကို ၁၉၃၂ ခုနှစ် စက်တင်ဘာ(၁၈)ရက်နေ့၌ ထုတ်ဝေနိုင်လိုက်သည်။

ပြောင်းလဲလာသော ကမ္ဘာ့အခြေအနေအရ ကမ္ဘာစစ်ကြီးတစ်ခုဖြစ်ပွားတော့မည်ကို သိသဖြင့် ဗြိတိသျှတို့အား ထိရောက်စွာဆန့်ကျင်နိုင်စေရေးအတွက် ၁၉၃၈ခု အောက်တိုဘာ(၂၃)ရက်နေ့တွင် ဒီးဒုတ်ဂျာနယ်ကိုလည်း နေ့စဉ်ထုတ်သတင်းစာအဖြစ်ပြောင်းလဲထုတ်ဝေခဲ့သည်။ ဒီးဒုတ်သတင်းစာသည် အမျိုးသားရေးရှုဒေါင့်မှနေ၍ ရေးသားခဲ့သဖြင့် ဘုရင်ခံလုံခြုံရေး တစ်ချက်လွှတ် ဥပဒေအရ ဦးဘချို ထိန်းသိမ်းခံခဲ့သည်။ ထောင်ကျစဉ်ကာလအတွင်း အစာငတ်ခံဆန္ဒပြခဲ့သည်။

ဒီးဒုတ်ဦးဘချိုသည် ဆေးကျမ်း၊ ဗေဒင်၊ လောကဓာတ်ပညာများကိုလည်း လိုက်စားခဲ့သည် ။မြန်မာ့သီချင်းကြီး၊ သီချင်းခံ၊ အဲ၊ အန်၊ အိုင်ချင်း၊ ဧချင်းတို့ကိုလည်း ပိုင်နိုင်စွာသီဆိုနိုင်ရုံသာမက သီချင်းကြီး၊ သီချင်းခံများကို မူမှန်အတိုင်းဖြစ်စေရန် ဂီတဝိသောဒနီကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ဂီတအရာတွင် နှံ့စပ်ကျွမ်းကျင်သဖြင့် ဂီတဖခင်ကြီး ဟုခေါ်ကြသည်။

၁၉၃၆ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက်တွင် တကသ ဥက္ကဋ္ဌ ကိုနု နှင့် ကျောင်းသားသမဂ္ဂ၊အိုးဝေမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်း တို့အား ကျောင်းထုတ်ခံရခြင်းကို အကြောင်းပြု၍ ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသားသပိတ်ကြီးပေါ်ပေါက်လာရာ တက္ကသိုလ်သပိတ်စောင့်ရှောက်ရေးအဖွဲ့တွင် ဒီးဒုတ်ဦးဘချို ပါဝင်ခဲ့ရသည်။ထိုနှစ် မေလ(၂၈)ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အမျိုးသားတက္ကသိုလ်တည်ထောင်ရေးကော်မတီတွင်လည်းပါဝင်ခဲ့သည်။

မြန်မာနိုင်ငံသတင်းစာများအသင်း(BJA)ပေါ်ပေါက်လာရေးအတွက်ဆော်သြခဲ့သူဖြစ်ပြီး သတင်းစာဆရာ၊သတင်းထောက်တို့ စောင့်ထိန်းလိုက်နာရမည့်`မိမိတို့တာဝန်၊လွတ်လပ်ခြင်း၊မှန်ကန်သောသတင်းကိုပေးခြင်း၊တရားမျှတခြင်းနှင့်ဟီရိသြတ္တပ္ပတရား စောင့်ရှောက်ခြင်းများကိုလိုက်နာရမည်´ ဟူသည့် ဝတ္တရား(၅)မျိုးကို ချမှတ်ခဲ့သူဖြစ်သည်။

ဦးဘချိုသည် ဂျပန်ခေတ် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံလွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေးရရှိရေးကြိုးပမ်းရန်အတွက်၊ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဖွဲ့စည်းသောအခါ ဝင်ရောက်ဆောင်ရွက်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီအဖွဲ့ဝင် ဗိုလ်ချုပ်အောင်ဆန်း သခင်မြတို့နှင့် အတူ အထူးအပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးအနေဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အာဇာနည်ခေါင်းဆောင်ကြီး ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဒီးဒုတ်ဦးဘချို သည် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ် မြန်မာနိုင်ငံ၏ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေတွင်အသိအမှတ်ပြု ပြဋ္ဌာန်းရေး ပထမဆုံးဆောင်ရွက်ခဲ့သည်။[၃]

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

၁၉၄၇ ခု၊ဇူလိုင်လ ၁၉ ရက်နေ့၊နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ကွယ်လွန်သည်။ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို ကွယ်လွန်ချိန်တွင် အသက်(၅၄)နှစ်ရှိပြီး ဇနီးဒေါ်လှမေနှင့် (သမီးလေးယောက်) မခင်နု၊ မခင်ပု၊ မေမေခင်၊ ခင်ခင်ဦးတို့ ကျန်ရစ်သည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. https://sites.google.com/site/myanmarsite1/home/dipinkaryarbudda/didoteubacho
  2. http://yinminkhine.multiply.com/journal/item/332
  3. http://chintolk.no/thawngpang/?p=482

(၁) ၁၉၈၉ခုနှစ်၊(၄၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစောင်၊ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရပြန်ကြားရေးဝန်ကြီးဌာန၊ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနမှ ထုတ်ဝေသည်။
(၂) သုတ၊မောင်။ စာဆိုတော်များအတ္ထုပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်၊ဇွဲပုံနှိပ်တိုက်၊ ၁၉၆၈။
(၃)ခေတ်ရေစီးထဲက ပုဂ္ဂိုလ်များ
(၄)ချမ်းငြိမ်း၏ထူးချွန်ထင်ရှားမြန်မာသတင်းစာဆရာများ