မာတိကာသို့ ခုန်သွားရန်

မြောင်းမြမြို့

ဝီကီပီးဒီးယား မှ
မြောင်းမြမြို့
မြောင်းမြမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြောင်းမြမြို့
မြောင်းမြမြို့
ကိုဩဒိနိတ်: 16°35′0″N 94°54′30″E / 16.58333°N 94.90833°E / 16.58333; 94.90833ကိုဩဒိနိတ်: 16°35′0″N 94°54′30″E / 16.58333°N 94.90833°E / 16.58333; 94.90833
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်မြောင်းမြခရိုင်
လူဦးရေ
  လူမျိုးများဗမာကရင်
  ကိုးကွယ်မှုဗုဒ္ဓဘာသာခရစ်ယာန်ဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မြောင်းမြမြို့သည် ဧရာဝတီတိုင်းဒေသကြီးမြောင်းမြခရိုင်မြောင်းမြမြို့နယ်တွင် တည်ရှိသည်။ ဧရာဝတီမြစ်၏ မြစ်ခွဲတစ်ခုဖြစ်သော မြောင်းမြမြစ် (ဆိပ်ကြီးမြစ်) ၏ လက်ျာဘက်ကမ်းပေါ်တွင် တည်ရှိပြီး မြောင်းမြခရိုင်၏ ရုံးစိုက်မြို့ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မွန်ဘုရင်ရာဇာဓိရာဇ်၏ အရေးတော်ပုံများတွင် ဖော်ပြပါရှိသော မြောင်းမြမြို့မှာ ရာမညတိုင်း မွန် ၃ ရပ်တွင် ပါဝင်သည့် ပုသိမ် ၃၂ မြို့တွင် အဝင်အပါဖြစ်၍၊ ထိုစဉ်က ကျိုက်ဇလဲထော်မြို့ ဟု တွင်ခဲ့သည်။ ယခု မြောင်းမြမြို့သစ် တည်ရှိသော ဆိပ်ကြီးခေါ်ဒေသသည် ကျိုက်အမါန်မြို့ ဟု ခေါ်တွင်ကြောင်း ရှေးစာဟောင်းများတွင် တွေ့ရသည်။

ထိုမြောင်းမြမြို့ဟောင်းသည်ကား ယခုမြောင်းမြမြို့သစ်နှင့် ၇ မိုင်ကွာ အနောက်တောင်ထောင့် အရပ် ရွှေဘုံသာ တောင်ခြေတွင် ကရင်အမျိုးသားများ နေထိုင်သည့် မြို့ဟောင်းခေါ် ရွာတန်းရှည်ကြီးအဖြစ် တည်ရှိလေသည်။ ဟံသာဝတီပြည့်ရှင် ဗညားဦး၏ ညီတော် လောက်ဖျားမင်းသား တည်ထောင်ခဲ့၍၊ ထိုမြောင်းမြမြို့စား "လောက်ဖျားမင်း" သည် ဗညားဦး၏ အရိုက်အရာကို ဆက်ခံသော မွန်ဘုရင် ရာဇာဓိရာဇ်ကို တော်လှန်ပုန်ကန်ခဲ့သည်ကို အကြောင်းပြု၍ မြောင်းမြမြို့သည် ရာဇဝင် သမိုင်းတို့တွင် ထင်ရှားလာခြင်း ဖြစ်ပေသည်။

ခရစ်သက္ကရာဇ် ၁၈၆၁ ခုနှစ်တွင် ထိုမြောင်းမြမြို့ဟောင်းသည် မီးအကြီးအကျယ်လောင်ရာမှ မြို့ပျက်ပမာ ဖြစ်သွားခဲ့ပြီးနောက်၊ ယခုဆိပ်ကြီးအရပ်တွင် မြို့သစ်တည်ထောင်ခဲ့သည်။ ၁၈၉၃ ခုနှစ်မှစတင်၍ မြောင်းမြခရိုင်ရုံးစိုက်မြို့ ဖြစ်လာခဲ့သည်။

အမည်ရင်းမြစ်

[ပြင်ဆင်ရန်]

မြောင်းမြဟူ၍ ခေါ်တွင်သည်မှာ ချောင်းမြောင်း မြစ်များနှင့်တကွ စိမ်းလန်းသော တောတောင်တို့နှင့် သာယာသည်ကို အစွဲပြု၍ ခေါ်သည်ဟုလည်းကောင်း၊ ရှေးလူကြီးများ ပါးစပ်ရာဇဝင်အရ လောက်ဖျားမင်း မြို့တည်စက ကျုံးမြောင်းများ တူးဖော်ရာတွင် ထိုကျုံးမြောင်းထဲမှ မြသပိတ်ကြီး တစ်လုံးရသဖြင့် မြောင်းထဲမှ မြသပိတ်ရည်ကို အကြောင်းပြု၍ ခေါ်သည်ဟု လည်းကောင်း ဆိုလေသည်။ သို့သော် မွန်ဘာသာရေး ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းတွင် မံင်မလ (မောင်မလဲ့) ဟု ဖော်ပြပါရှိရာ၊ ထိုစကားမှ ဆင်းသက်လာသည်ဟု ယူဆဖွယ်ရှိသည်။ မံင်မလ ဟူသော စကားတွင် "မံင်" မှာ နေသည် (နေရာ) နှင့် "မလ" မှာ မြတ်ရာ ဖြစ်သဖြင့် မြတ်ရာကုန်း ဟု အဓိပ္ပာယ်ရသည်။

ပထဝီဝင်နှင့် မြို့ပြအခြေအနေ

[ပြင်ဆင်ရန်]

မြို့၏ အကျယ်အဝန်းမှာ ၁.၂ဝ၃ စတုရန်းမိုင်ခန့်ရှိသည်။ မြို့၏ အချို့နေရာများမှာ မြေနိမ့်ပိုင်း၌ တည်ရှိသော်လည်း များသောအားဖြင့် လူနေရပ်ကွက်များမှာ ကုန်းမြင့်တို့တွင် တည်ရှိသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် မြို့ကို တိုးချဲ့ခဲ့ရာ ယခုအခါ အောက်ပါရပ်ကွက်သစ်များ ပေါ်ပေါက်လာသည် -

  • စံပြကွက်သစ်
  • ကံလှကွက်သစ်
  • အောင်ဆန်းကွက်သစ်
  • ဘုရားချောင်းကွက်သစ်
  • မဟာစည်ကွက်သစ်

လူဦးရေနှင့် စီးပွားရေး

[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ် ခန့်မှန်းခြေအရ မြောင်းမြမြို့၏ လူဦးရေမှာ ၂၉,၂၃၇ ယောက် ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုး အများစု နေထိုင်ကြသော်လည်း မူဆလင်၊ ဟိန္ဒူနှင့် ခရစ်ယာန် ဘာသာဝင်များလည်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည်။ ဆန်စပါး အကြီးအကျယ် ထွက်သော အရပ်ဒေသဖြစ်သဖြင့် မြို့ဆင်ခြေဖုံးတွင် ဆန်စက်များစွာ ရှိသည်။

အုပ်ချုပ်ရေးနှင့် ပညာရေး

[ပြင်ဆင်ရန်]

မြောင်းမြမြို့တွင် ခရိုင်ဝန်းရုံး၊ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး၊ ငွေတိုက်၊ ခရိုင်ရဲဝန်ရုံး၊ မြေစာရင်းဌာန၊ ဗဟိုအကျဉ်းထောင်ကြီးနှင့် စစ်တပ်အဆောက်အအုံများ ရှိသည်။ ပညာရေးကဏ္ဍတွင် အစိုးရတန်းမြင့်ကျောင်း ၁၁ ကျောင်း အပြင် အောက်ပါ အဆင့်မြင့်ပညာကျောင်းများ တည်ရှိသည် -

  • ပညာရေးကောလိပ်
  • စိုက်ပျိုးရေးသိပ္ပံကျောင်း
  • သူနာပြုသင်တန်းကျောင်း
  • စိုက်ပျိုးရေး အထက်တန်းကျောင်း

သာသနာရေးနှင့် ထင်ရှားသောနေရာများ

[ပြင်ဆင်ရန်]

ထင်ရှားသော စေတီပုထိုးများမှာ-

  • စကြာနန္ဒစေတီ (သက္ကရာဇ် ၆၂၅ ခုနှစ်တွင် သမုဒ္ဒဃောသမင်းကြီးနှင့် ဥမ္မာဒန္တီမိဖုရားကြီးတို့ တည်ခဲ့)
  • တာဝတိံသာဘုရား
  • ရွှေသာလျောင်းဘုရား
  • ပြည်လုံးချမ်းသာဘုရား
  • မဟီယင်္ဂဏဘုရား
  • ဗောဓိအောင်မြေဘုရား

အခြားထင်ရှားသော ကျောင်းတိုက်များမှာ မင်းကျောင်းကြီး၊ တာဝတိံသာကျောင်း၊ အလယ်တောရကျောင်း၊ ပဇ္ဇောတာရုံနှင့် ဇေယျမေဒနီ စာသင်တိုက်တို့ ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]

မြောင်းမြမြို့သည် ဝါးခယ်မ၊ အိမ်မဲ၊ ပုသိန်၊ မအူပင် နှင့် ရန်ကုန်မြို့များသို့ ရေလမ်း၊ ကုန်းလမ်း နှစ်မျိုးလုံးဖြင့် ဆက်သွယ်နိုင်သည်။ ခရိုင်တွင်း မြို့များသို့ နေ့ချင်းပေါက် သင်္ဘောနှင့် ကားလမ်း အဆက်အသွယ် ရှိသဖြင့် အရောင်းအဝယ် ကောင်းမွန်သော မြို့တစ်မြို့ ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)