ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံ

ဝီကီပီးဒီးယား မှ
1962 Rangoon University protests
ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ
နေ့ရက်၇ ဇူလိုင် ၁၉၆၂ (၁၉၆၂-၀၇-၀၇) – ၁၉၆၃ (၁၉၆၃)
နေရာ
အကြောင်းရင်းခံမမျှတသောတက္ကသိုလ်စည်းမျဉ်းများ
နည်းလမ်းများအာဏာဖီဆန်မှု၊ ဆန္ဒပြမှု၊ အကြမ်းမဖက်သပိတ်များ
အခြေအနေအလွန်အမင်းဖိနှိပ်ခံရ
ထိခိုက်သူများ
သေဆုံးသူ(များ)၁၇- ၁၃၀[၁][၂]
ဒဏ်ရာရသူမသိရ
ဖမ်းဆီးခံရသူမသိရ

၁၉၆၂ မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံသည့် အာဏာသိမ်းမှုကို မတ်လ (၄) ရက်တွင် တကသ၊ ရကသ၊ဗကသ တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။ သို့သော် မတ်လ (၆) ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ဥက္ကဋ္ဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌ တင်မြောက်လိုက်ကြသည်။ ထို့နောက် တော်လှန်ရေးကောင်စီကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၆၂ မေလ(၉) ရက်နေ့တွင် ဒတ်ခ်ျ သံရုံး ဆန္ဒပြမှုကြောင့် တပ်ဦးမှ ကိုမြသန်း၊ ကိုသက်၊ ကိုသာဘန်း၊ ကိုဇော်ဝင်း တို့ အဖမ်းခံခဲ့ရသည်။ ထိုနေ့တွင်ပင် တော်လှန်ရေးကောင်စီမှ ဥပဒေအမှတ် (၃) နှင့် (၄) ကို ထုတ်ပြန်၍ ရန်ကုန်နှင့် မန္တလေး တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ ထို ဥပဒေ (၃) နှင့် (၄) တွင်ရန်ကုန်နှင့် မန္တလေး မှလွဲ၍ အားလုံး အတူတူပင် ဖြစ်သည်။ ထို့အပြင် မေလ (၁၀) တွင် ဗိုလ်ချုပ်ကြီးနေဝင်း က တက္ကသိုလ်ကောင်စီဝင်များကို ဒဂုံရိပ်သာသို့ခေါ်၍ (၁) ဆရာများ အကျင့် ပျက်သည်။ (၂) ကျောင်းသားများကြား နိုင်ငံရေး ပယောဂများဝင်သည်ဟု စွပ်စွဲကာ အစိုးရ ကိုယ်စားလှယ်၊ စီးပွားရေးအဖွဲ့များမှ ကိုယ်စားလှယ်၊ တက္ကသိုလ် ဌာန အသီးသီး မှ ပါမောက္ခများ နှင့် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် အချို့ပါဝင်သော တက္ကသိုလ် အမှုဆောင်ကောင်စီကို ဖျက်သိမ်းခဲ့သည်။ ထိုလုပ်ရပ်အား တက္ကသိုလ် အုပ်ချုပ်ရေးအား တော်လှန်ရေးကောင်စီမှ ထပ်မံ အာဏာသိမ်းခြင်းဖြစ်ကြောင်း သမဂ္ဂမှ အပြင်းအထန်ဝေဖန်ခဲ့သည်။ မေလ (၁၁) ရက်နေ့တွင် တက္ကသိုလ် နှင့် ဥပစာ ကောလိပ်မှ ဥပစာ သိပ္ပံ (ခ) တန်းအောင် ကျောင်းသားကျောင်းသူများသည် သက်ဆိုင်ရာဘာသာရပ်များ တွင် အနည်းဆုံး ရမှတ် (၅၀) ရှိ၍ ဖြေဆိုသော ဘာသာရပ်အားလုံး၏ ပျမ်းမျှ အမှတ်သည် (၅၀%) ရမှုသာ ဆေးသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ သစ်တောရေး မဟာဌာနတို့၌ ဆက်လက် ပညာသင်ကြားခွင့် ရှိမည်ဖြစ်ကြောင်း တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်နေဝင်းက ကြေညာခဲ့သည်။ ကျောင်းများပြန်ဖွင့်သော အခါတွင်လည်း အဆောင် စည်းကမ်းများကို ချမှတ်ဖို့ တက္ကသိုလ်ကောင်စီအား အမိန့်ပေးခဲ့သည်။ ထိုအခါ ပါမောက္ခချုပ် ဒေါက်တာသာလှက လက်မခံ၍ မေလ (၁၁)မှာပင် တောလှန်ရေးကောင်စီမှ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို နုတ်ထွက် စေခဲ့သည်။ မြန်မာစာပါမောက္ခ ဦးအေးမောင် အငြိမ်းစားယူခဲ့သည်။ ဦးဝန်(မင်းသုဝဏ်)ဌာန ပြောင်းခဲ့သည်။ မေလ (၁၂) ရက်နေ့တွင်လည်း ရန်ကုန်တက္ကသိုလ် အဆောင်မှူး အချို့နှင့် လက်ထောက် အဆောင်မှူး အချို့နုတ်ထွက်ခဲ့သည်။

တက္ကသိုလ်ကောင်စီ[ပြင်ဆင်ရန်]

၁၉၆၂ မေလ(၁၄) ရက်တွင် တော်လှန်ရေးကောင်စီ အမိန့် အမှတ်(၃၈)အားထုတ်ပြန်၍ တက္ကသိုလ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို တက္ကသိုလ်ကောင်စီတွင် အဓိပတိအဖြစ် ဗိုလ်မှူးချုပ် သန်းဖေ၊ အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီး သိန်းစိန် တို့ ပါဝင်သည်။ ၎င်းတို့ အလိုကျ တင်းကြပ်သော အဆောင် စည်းကမ်းများ ကို ထုတ်ပြန်ပေးမည့် ၅၈ခု အိမ်စောင့်အစိုးရခေတ် ပညာရေးဝန်ကြီးဟောင်း ဦးကာကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ မေလ (၂၂) ရက်နေ့တွင် ဗိုလ်မှူးချုပ်သန်းဖေ နှလုံးရောဂါ နှင့် ကွယ်လွန်၍ ၎င်းနေရာအား ဗိုလ်လှဟန်တက်လာသည်။ ဇွန်လ (၁၇) ရက်နေ့ ဒဂုံရိပ်သာတွင် တက္ကသိုလ်ကောင်စီအစည်းအဝေးပွဲ ကျင်းပခဲ့သည်။ ထို့နောက် ဇွန်လ (၁၈) ရက်တွင် ကျောင်းဆောင်နေ ကျောင်းသားများကို မတရားချုပ်ချယ်သော ကျောင်းဆောင် စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို စည်းကမ်း (၂၂) ချက်တွင် ပါဝင်သော အချက်များမှာ- ကျောင်းဝင်ခွင့် နှင့် အဆောင်နေခွင့်ရရေးတို့အတွက် လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ထောက်ခံချက်နှင့် လျှောက်ရမည်။ မိဘအုပ်ထိန်းသူ၏ ဝန်ခံကတိပေးချက်နှင့် ကျောင်းအပ်ရမည်။ သက်သက်လွတ်စားသူများ အား တစ်ရက် နှစ်ရက် မဟုတ်ဘဲ၊ တစ်နှစ်ပတ်လုံးစားမှသာ ခွင့်ပြုမည်။ အဆောင်နေကျောင်းသားများ အနေဖြင့် မနက်စာကို မနက် (၇) နာရီ မှ (၁၀) နာရီ သတ်မှတ်ထား၍ မနက်စာအား မဖြစ်မနေ စားရမည် ဟု စည်းကမ်းသတ်မှတ်ထားသည်။ ထို့ပြင် ည (၈) နာရီထိုးလျှင် အဆောင်အတွင်း၌ ရှိနေရန်၊ သုံးကြိမ်ပျက်ကွက်ပါက အဆောင်မှ ထုတ်ရန်၊ အဆောင်မှူး၊ (သို့) လက်ထောက်အဆောင်မှူး စစ်ဆေးချိန်တွင် မိမိအခန်းတွင်းရှိရန်၊ မရှိပါက အရေးယူရန် စသည့် ကျောင်းနှင့် မအပ်စပ်သော၊မတရားသော၊ အင်မတန် ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများကို ချမှတ်လာသည်။ ထို့ကြောင်းကျောင်းသားထုများကြား မကျေနပ်မှုများ တစ်စစ တိုးပွားလာခဲ့သည်။

စတင်ဖြစ်ပွားပုံ[ပြင်ဆင်ရန်]

ထို့ကြောင့် ဇူလိုင်လဆန်းမှစ၍ အဆောင် အချို့တွင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင်သစ် ရွေးပွဲများနှင့် တွဲကာ ကျောင်းသားထု အစည်းအဝေးပွဲများ ကျင်းပခဲ့ကြသည်။ ကျင်းပခဲ့သော ကျောင်းသားထု အစည်းအဝေးတိုင်းတွင်လည်း အင်မတန်ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းများအား ကန့်ကွက်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၆၂ ခု ဇူလိုင်လ (၃) ရက်တွင် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ) ကြီးမှူးပြီး သမဂ္ဂ ခန်မတွင်ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း ကျောင်းသားထုနှင့် တက္ကသိုလ်ကျောင်းသားထု အစည်းအဝေးတစ်ရပ် ကျင်းပကာ ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေး နှင့် မတရား အဆောင်စည်းကမ်းများအား ရုပ်သိမ်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ရကသဥက္ကဋ္ဌ ကိုဖိုးထင်က သဘာပတိအဖြစ် အဟန့်အတားများကြားမှ ဆန္ဒပြပွဲ ကျင်းပရခြင်း အကြောင်း မိန့်ခွန်းပြောကြားသွားပြီး၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသက် နှင့် တကသခေါင်းဆောင် ကိုဗဆွေလေး တို့က ဆန္ဒပြပွဲကို ထောက်ခံကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် သမဂ္ဂကြီး (၃) ခုမှ ကြီးမှူး၍ ဒတ်ခ်ျ သံရုံးရှေ့ဆန္ဒပြပွဲကျင်းပသော အခါ ပုဂ္ဂိုလ်ရေးအရ အရေးယူခဲ့သည်။ ထိုလုပ်ရပ်သည် သမဂ္ဂကို သေးသိမ်အောင် လုပ်သည် ဟု သမဂ္ဂမှယူဆခဲ့သည်။ ထို့ကြောင့် ကျောင်းသားများက ကန့်ကွက်ကြပြန်သည်။ ဇူလိုင်လ (၆) ရက်နေ့တွင် တော်လှန်ရေးကောင်စီက တက္ကသိုလ် ဆီးနိတ်နှင့် ကျောင်းဆောင်ကော်မတီကို ၎င်းတို့စိတ်တိုင်းကျ ပြင်ဆင် ဖွဲ့စည်းခဲ့ကြပြန်သည်။ ဇူလိုင်လ (၆) ရက်နေ့ ရွှေဘိုဆောင် အစည်းအဝေးတွင် ကန့်ကွက်သည်ဟု ဆုံးဖြတ်ရုံမကတော့ဘဲ ကြွေးကြော်သံများအော်ဟစ်၍ အဆောင် အပြင်ထွက် လှည့်လည် ငြိမ်းချမ်းစွာ အကြမ်းမဖက် ဆန္ဒ ပြပါတော့သည်။ ထိုအခါ အနီးအနားရှိ အဆောင်များမှ ကျောင်းသားများပါ ထွက်လာကြပြီး လာရောက်ပူးပေါင်းကြသဖြင့် ဆန္ဒပြလူအုပ်ကြီးသည် ကြီးမားလာလေသည်။ ညအချိန်တွင် မကျေနပ်မှုများနှင့် တက်ကြွနေကြသော ကျောင်းသားထုကြီးသည် အဆောင်များအား ကာရံထားသော အကာအရံ နှင့် သံတံခါးများအား စတိ အဖြစ် ရိုက်ချိုးလိုက်ကြသည်။ ထိုလူအုပ်ကြီးသည် ပြည်၊ ပုဂံ၊ တကောင်း အဆောင်များအထိ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ထိုညတွင် မိန်းကလေးဆောင် များမှလွဲ၍ ကျန်အဆောင်များအားလုံးပါဝင်ခဲ့ကြသည်။ ထို့နောက် မကျေမနပ်ဖြစ်နေသော ကျောင်းသားများ စုပေါင်း၍ တက္ကသိုလ် အုပ်ချုပ်ရေးမှူး ဦးယုခင် အိမ် နှင့် ပါမောက္ခ ဦးကာ အိမ်တို့ကို ဝိုင်းကာဆန္ဒပြ ဟစ်ကြွေးခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် နောက်တနေ့တွင် တကသမှ ကျင်းပမည့် ကျောင်းသားထု ဆန္ဒပြပွဲအတွက် လှုံ့ဆော်ပေးသကဲ့သို့ဖြစ်သွားပါတော့သည်။

အခင်းဖြစ်ပွားရသည့် အဓိကကြောင်းအရင်း[ပြင်ဆင်ရန်]

ကျောင်းသားသမဂ္ဂ အဆောက်အဦးမှ ထွက်လာသော ကျောင်းသားများ
ဒိုင်းနှင့် နံပါတ်တုတ် ကိုယ်စီကိုင်ထားသော ရဲများ
အဓိပတိလမ်းပေါ်တွင် ခဲများ၊ ပုလင်းများနှင့် ရဲများကို ပြန်လည် ပစ်ခတ်နေကြသော ကျောင်းသားများ

ဇူလိုင်လ(၇)ရက်နေ့ နေ့လယ် တစ်နာရီတွင် သမဂ္ဂအစည်းအဝေးခန်း၌ ကျောင်းသားထု အစည်းအဝေးကျင်းပသည်။ ကိုဗဆွေလေးက ဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည်။ ထို အစည်းအဝေးမှ ကျောင်းသား များက အင်မတန် ဖိနှိပ်ချုပ်ချယ်သော စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်ကြောင်း တခဲနက် ဆုံးဖြတ်ခဲ့ကြသည်။ တက္ကသိုလ် အက်ဥပဒေများ ရုပ်သိမ်းခဲ့ခြင်းကိုလဲ ကန့်ကွက်ခဲ့ကြသည်။ ထို့နောက် အစည်းအဝေးအပြီးတွင် သမဂ္ဂရှေ့မှ စတင်၍ ကျောင်းဝန်းအတွင်း၌ပင် ကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ပွဲနှင်းသဘင်ရှေ့၌ ငြိမ်းချမ်းစွာ ပင် လူစုခွဲလိုက်ကြသည်။ ထိုသို့လူစုခွဲပြီးနောက် နေ့လယ် (၂) နာရီခွဲ အချိန်လောက်တွင် ရဲကား (၂)စီး တကသထဲသို့ ဝင်လာလေသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်တွေက တကသ ဥက္ကဋ္ဌ ကိုဗဆွေကလေး၊ ဗကသ ဥက္ကဋ္ဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင် များကို ဖမ်းဆီးလိုက်ပါသည်။ ကျောင်းသားများလည်း ကြောင်ကြည့်နေကြရာမှ ရဲကားဆီသို့ အတင်း ပြေးလိုက်ကြသည်။ သို့သော် ရဲကားသည် ချက်ချင်းပင်ပြန်လည်ထွက်ခွာသွားသည်ဖြစ်၍ ကျောင်းသားခေါင်းဆောင်များ ပါသွားသည်။ ကျန်ရဲအချို့သည် တကသကို ဝင်စီးလိုက်ပြီး တချို့က တကသနှင့်ကပ်နေသော ဦးကာအိမ်သို့ ပြေးဝင်နေရာယူလိုက်ကြသည်။ ထိုအချိန်တွင် ကျောင်းသားတို့က အော်ရင်းဟစ်ရင်း လူစုမိသွားသည်။ ကျောင်းသားများသည် အဓိပတိလမ်း တံခါးကြီးကို ပိတ်ပစ်သည်။ ကျောင်းသားတချို့ကသထုံဆောင် ဂိတ်တံခါးကို သော့ခတ်ပြီး ပိတ်လိုက်သည်။ ထို့နောက် ကျောင်းသားများသည် တကသဝင်းထဲဝင်ရန် ကြိုးစားကြသည်။ ဒိုင်းကိုယ်စီ ကိုင်ထားသော ရဲများက တန်းစီပိတ်ဆို့ပြီး ကျောင်းသားများကို နံပါတ်တုတ်နှင့် ရိုက်သူကရိုက်၊ မျက်ရည်ယိုဗုံးသေနတ် ကိုင်သောရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့သည်။ ကျောင်းသားတချို့၏ ရင်ဘတ်သို့ထိမှန်ခဲ့၍ လဲသူလဲ ကွဲသူကွဲဖြစ်ကုန်လေသည်။ ကျောင်းသားတွေက လဲကျသူတချို့ကို မချီသွားပြီး၊ ကျန်ကျောင်းသားထုက ရဲများကိုဖိတိုက်လေတော့သည်။ ခဲများ၊ ပုလင်းများ၊ တုတ်များ စသည့် ရရာလက်နက်များနှင့် ရဲများကို ပစ်ခတ်တိုက်ခိုက်ကြတော့သည်။ ကျောင်းသားထု အင်အားများလာသဖြင့် ရဲများ၏တိုက်ခိုက်မှုကို မမှုတော့ဘဲ တိုး၍တိုး၍ တိုက်ခိုက်ကြလေတော့သည်။ ရဲများလည်း အထိနာလာလေသည်။ ကျောင်းသားများလည်း သွေးရဲရဲ သံရဲရဲဖြစ်လာလေသည်။

ပစ်ခတ်မှုမဖြစ်ခင်အချိန်[ပြင်ဆင်ရန်]

မန္တလေးဆောင်ရှေ့မှ ကျောင်းသားများ
Chancellor လမ်းမတစ်လျှောက်ရှိ ရိုင်ဖယ်များကို ကိုင်ဆောင်ထားသောရဲများ

တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင်၊ ရွှေဘိုဆောင် တို့က ကျောင်းသားများမှ တောင်ငူဆောင်နှင့် ဒဂုံဆောင် လမ်းကြားအတိုင်း ထွက်လာသောအခါ ပါမောက္ခ ဦးကာ၏ အိမ်ရှေ့မှ ရဲများကို ဒုတိယစစ်မျက်နှာ ဖွင့်၍တိုက်သည့်သဖွယ် ဖြစ်သွားသဖြင့် ရဲများ ပိုအရေးနိမ့်လာပြီး တကသရှိ ရဲများဆီသို့ သွားပေါင်းကာ ပြန်တိုက်ကြသည်။ ဒဏ်ရာ အပြင်းအထန် ရသော ကျောင်းသားများကို အဆောင်များဆီသို့ ပြန်၍သယ်ယူခဲ့ကြသည်။ ၎င်းတို့ကိုမြင်ရသောအခါ ကျောင်းသားများ စိတ်ပိုမို လှုပ်ရှားခံပြင်းလာခဲ့ကြသည်။ ကျောင်းသားထုကလည်း များသထက်များ လာလေသည်။ ရဲများက မျက်ရည်ယိုဗုံးများ ပေါပေါများများ သုံးကာ ကျောင်းသားထုကို ဖြိုခွင်းပါသော်ငြားလည်း ဘဝတူ ကျောင်းသားများ၏ သွေးကို မြင်ကြသောအခါ မိမိ ထိခိုက်ဒဏ်ရာ ရမည်ကို မမှုတော့ချေ။ ကျောင်းသားများ၏ စိတ်ဓာတ်ကို ချိုးနှိမ်မရသည့်အဆုံးတွင် ရဲများသည် အဓိပတိ လမ်းဂိတ်ဘေး လူဝင် လူထွက်တံခါးကို ဖွင့်၍ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ တကသ အဝိုင်းလေးနားသို့ ထွက်သွားကြတော့သည်။ ထို့နောက် အသင့်လာကြိုနေသော ကားများနှင့် ထွက်ခွာသွားကြတော့သည်။ ထိုအခါတွင် ကျောင်းသားများက အောင်ပွဲခံကာ ဝမ်းသာအားရ အော်ဟစ်ကြပါတော့တယ်။ နေ့လယ် (၄) နာရီခန့်တွင်မူကား မည်သည့်နေရာမှ စောင့်ဆိုင်းသည်မှန်း မသိရသည့် တပ်ရင်း(၄) မှ စစ်သားအပြည့်တင်လာသော စစ်ကား (၂) စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှစ၍ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ်ဝန်း တခုလုံးကို ပိတ်ဆို့ထားလိုက်လေသည်။ ၎င်းစစ်သားများသည် စစ်မြေပြင်တွင် မည်သည့်အခါကမျှ အသုံးမပြုရသေးသည့် ဂျီ သရီး/G 3 အမည်ရှိ ချေမှုန်းရေး ရိုင်ဖယ်များကို ကိုင်ဆောင်ထားသည်။ တပ်ရင်း (၄) သည် နေဝင်း ၏ ကိုယ်ရံတော် အထူးတပ်ဖြစ်သည်။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမြင့် နှင့် နာမည်ကျော် သားသတ်သမား ဒုဗိုလ်မှူးကြီး စိန်လွင် တို့ပါ ရောက်ရှိလာကြသည်။ ကျောင်းသားများ ကလည်း ဓမ္မာရုံတည့်တည့် အမရဆောင် ရှေ့မှတံခါးကို ပိတ်လိုက်လေသည်။ ထို့ကြောင့် ကျောင်းသား နှင့် စစ်တပ်ကြားတွင် အောက်ခြေ နှစ်ပေ ခန့် အုတ်မြစ်ပေါ်တွင် အုတ်တိုင် နှင့် သံတိုင်စိုက် ဝင်းထရံသာ ခြားနေတော့သည်။ ထိုအချိန်တွင် အခြေအနေမှာ ငြိမ်သက်သွား၍ ကျောင်းသားများက တက္ကသိုလ် မြက်ခင်းပြင်ပေါ်တွင် ဝိုင်းဖွဲ့ စကားပြောသူကပြော၊ ထိုင်သူကထိုင်၊ ဝရန်တာရှေ့ ထွက်ကြည့်သူကကြည့်နှင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိနေကြသည်။ ထို့နောက် တကသအဆောက်အဦး ရှေ့တွင် ဟောပြောပွဲများ ကျင်းပကြပါတော့သည်။ စကားပြောသူပြော၊ လှဲသူ ကလှဲနေကြသည်။ စစ်သားများလည်း အေးအေးဆေးဆေး ဖြစ်သွားသည်။ ထိုသို့ ငြိမ်သက်နေချိန်တွင် နိုင်ငံတော် ကောင်စီဝင် ဗိုလ်မှူးကြီး သိန်းစိန် ကားရောက်လာပြီး တံခါးဝတွင် ဒုဗိုလ်မှူးကြီး လှမြင့်၊ ဒုဗိုလ်မှူးကြီး စိန်လွင် တို့နှင့် ရပ် စကားပြောနေသည်ကို မြင်ကြရသည်။(၁၀) မိနစ်ခန့် အကြာတွင် ဗိုလ်မှူးကြီး သိန်းစိန် ကားနှင့် ထွက်ခွာသွားလေသည်။ ဗိုလ်မှူးကြီး သိန်းစိန် ထွက်ခွာသွားပြီး မကြာမီ တွင်ပင် ဗိုလ်မှူးကြီး မင်းသိန်း ဂျစ်ကားနှင့် ရောက်လာလေကာ စိန်လွင် လက်ထဲသို့ စာရွက်တစ်ရွက် ထည့်ပေးကာ ထွက်ခွာသွားလေသည်။ လှမြင့် နှင့် စိန်လွင်သည် ထိုနေရာရှိ တပ်မှူးများအား ခေါ်၍ ခေါင်းချင်းရိုက် တိုင်ပင်လေသည်။ ထို့နောက် တပ်ရင်းမှူး များက လက်ကို ဝိုင်း၍ သုံးကြိမ် ဝှေ့ရမ်းပြသောအခါတွင် အသင့်နေရာယူထားသော စစ်သားများသည် စစ်မြေပြင်မှ ရန်သူကို ချေမှုန်းသည့်ပမာ ဂျီသရီး ချေမှုန်းရေး ရိုင်ဖယ်များနှင့် မန္တလေးဆောင်၊ ရာမညဆောင် နှင့် အဓိပတိ လမ်းမတစ်လျှောက်ရှိ ကျောင်းသားထုသို့ အတွဲလိုက် မရပ်မနား ပစ်ခတ်ကြလေသည်။

ပစ်ခတ်မှု[ပြင်ဆင်ရန်]

ပစ်ခတ်မည်ဟု မထင်မှတ်ထားသော ကျောင်းသားအမျာစုး သည် မှင်သက်လျက် နေရာမှာပင် ကွယ်လွန် ခဲ့ရလေသည်။ အချို့ မှာလည်း ပြေးရင်းလွှားရင်း ထိမှန်ကုန်ကြသည်။ ကျောင်းသား အချို့ကလည်း နီးစပ်ရာ အဆောင်များပေါ်သို့ တက်ပြေးကြလေသည်။ ထိုသို့တက်ပြေးသူများအား စစ်သားများက ဒူးထောက်၍ မလွတ်တမ်း ပစ်ခတ်သောကြောင့် မန္တလေးဆောင် လှေကားရင်းတွင် အလောင်းချင်းထပ်ခဲ့ရပေသည်။ ဘေးဘက်ရှိ စာကြည့်တိုက် ဝင်းထဲ မှ ရပ်ကြည့်သူများကိုပါ ပစ်ခတ်ခဲ့သောကြောင့် စာကြည့်တိုက်ဝင်းပင်တွင် သေဆုံး ဒဏ်ရာရသူ (၄၀) မျှရှိသည်။ ချေမှုန်းရေး ရိုင်ဖယ်များ နှင့် ၃-၄ မိနစ် ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အချို့မှာ သမဂ္ဂ အဆောက်အဦး အတွင်းထဲသို့ ခိုဝင်ကြသည်။ ပြီးနောက် ဒဏ်ရာရကျောင်းသားများကိုပါ သမဂ္ဂ အဆောက်အဦးအတွင်းသို့ ရွှေ့ပြောင်းလာကြသည်။ တကသ ရင်ပြင် ရှေ့ရှိ ဆန္ဒပြ ကျောင်းသားများကို စစ်သားများသည် မိမိတို့ ရန်သူပမာ ပစ်ခတ်ခြေမှုန်းပြီးနောက် ကျောင်းဆောင် အခန်းများကို တစ်ခန်းခြင်း ဝင်ရောက် ရှင်းကြပြန်သည်။ သို့သော် သမဂ္ဂအဆောက်အဦး ကိုမူကား ဒဏ်ရာရ ကျောင်းသားများ ကို သယ်ပြီးလျှင် ပြတင်းပေါက်များအားလုံးကို အလုံ ပိတ်လိုက်သော ကြောင့် ဝင်မရှင်းနိုင်ဘဲ ဝိုင်းရုံသာဝိုင်းထားလိုက်ကြရသည်။ ထိုဆန္ဒပြပွဲကြီးကို နှိမ်နင်း ဖြိုခွဲရန်အတွက် “လုံခြုံရေး ကော်မတီ“ ကို ဗိုလ်နေဝင်းက ဇွတ် အမိန့် ပေးခဲ့ခြင်းဖြစ်သည်။ ထိုကော်မတီကို ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီး သန်းစိန် နှင့် ဒု-ရဲချုပ် ဘအေး တို့ပါဝင်ခဲ့သည်။ ထို ကော်မတီအဖွဲ့ဝင်များသည် အသံလွှင့်ရုံတွင် ရုံးထိုင်ပြီး အနီးကပ် ကွပ်ကဲခဲ့ကြသည်။ ညပိုင်းတွင် ကျောင်းသားများကို ပစ်ခတ်နှိမ်နင်းခဲ့သော စစ်ဗိုလ်ကြီးများသည် နန်ကင်းဟော်တယ် က အစားအသောက်များ မှာယူ၍ အောင်ပွဲခံ စားပွဲသောက်ပွဲ များကျင်းပခဲ့ကြသည်။ ထိုသို စားသောက်အပြီး၌ ဗိုလ်လှဟန် နှင့် ဗိုလ်အောင်ကြီးတို့သည် ဗိုလ်နေဝင်းထံ သတင်းပို့ရန် ထွက် လာခဲ့ကြသည်။ လမ်း၌ အင်းယားကန်ဟော်တယ်အဝင်ဝရှိ ပါမောက္ခဦးကာ အိမ်သို့ဝင်၍ ဦးကာနှင့် ကျောင်းသားဆန္ဒပြမှု အခြေအနေများကို စုံစမ်း၊ဆွေးနွေးတိုင်ပင် စကားစမြည် ပြောခဲ့ကြသည်။ ထိုအခါ ဗိုလ်လှဟန်က သမဂ္ဂကိုခွဲရန်သူတို့အမိန့်ရထားကြောင်းပြောသည်။ ထိုအခါ ဗိုလ်အောင်ကြီးက “ဟာ_ခင်ဗျားတို့ ခွဲဖို့ အမိန့်မပေးလိုက်နဲ့ဦး၊ ကျနော် ဥက္ကဋ္ဌကြီး ကို ပြောဦးမယ်“ ဟု ပြန်ပြောခဲ့သည်။ ထို့နောက်ဗိုလ်နေဝင်းထံသို့ ဆက်သွားခဲ့ကြသည်။ ဗိုလ်နေဝင်းထံသို့ရောက်သောအခါ ဗိုလ်လှဟန်က အခြေအနေအရပ်ရပ်ကို အစီရင်ခံသည်။ ဗိုလ်အောင်ကြီးကတော့ ဘာမှမပြောဘဲပြန်သွားခဲ့ကြသည်။ အသံလွှင့်ရုံရောက်သောအခါ ဥက္ကဋ္ဌကြီးက “OK“ ဟုပြောလိုက်ကြောင်း ဗိုလ်အောင်ကြီးက ပြောခဲ့သည်။ အမှန်မှာ ကျောင်းသားများ ကျောင်းသားသမဂ္ဂ အဆောက်အဦးထဲသို့ ဝင်ခိုသွားကြောင်း သတင်းပို့ပြီးသားဖြစ်သည်။ ထိုအချိန်သည် ကွန်မြူနစ်များက ကျောင်းသားများ အတွက်လက်နက်များပို့ပေးထားကြောင်း ကွန်မြူနစ်များ၏ မြေပေါ်ဌာနချုပ်သည် သမဂ္ဂအဆောက်အဦးဖြစ်ကြောင်း မဟုတ်မမှန် ကောလဟာလ သတင်းများ ထွက်နေခဲ့သည်။ ထိုအခြေအနေအား ဗိုလ်အောင်ကြီးက ၈-၇-၉၈ VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမဂ္ဂတွင် ကျောင်းသားများ လက်နက်ကိုင်သူရှိကြောင်း၊ လူနာများအထဲဆွဲသွင်းကာ တံခါးပိတ်သွားသည် ဆိုသောကြောင့် ညနေစောင်း၍ အပေါ်က ပစ်ခတ်ပါက မိမိတို့လူသေမည် ဖြစ်သောကြောင့် အသေမခံဘဲ ရက္တိုင်းလက်ဂန်းနှင့် သမဂ္ဂကို ဥက္ကဋ္ဌကြီးက ပစ်ခိုင်းကြောင်း ပြောကြားခဲ့သည်။

ကျောင်းသား သမဂ္ဂ အဆောက်အဦး အား မိုင်းဖြင့်ခွဲခြင်း[ပြင်ဆင်ရန်]

ကျောင်းသားသမဂ္ဂ အဆောက်အဦး

ဤအကြောင်းပြချက်မှာ တော်လှန်ရေးကောင်စီ၏ လိုရာဆွဲသုံး မဟုတ်တရုတ် ကုလားဖန်တစ်ခုသာဖြစ်သည်။ အမှန်မှာ သမဂ္ဂ အဆောက်အဦးအား ရက္တိုင်းလက်ဂန်းနှင့် ပစ်ရန် ဗိုလ်နေဝင်းက တော်လှန်ရေးကောင်စီအား အမိန့်ပေးခြင်းသာဖြစ်သည်။ သို့သော် ရက္တိုင်းလက်ဂန်းကျည် ရှာမရသောကြောင့် ဒိုင်းနမိုက်နှင့် ကပ်ခွဲရန် ဒိုင်းနမိုက် ရှာကြပြန်သည်။ ညသန်းခေါင်းကျော်တွင် သမဂ္ဂအားဖေါက်ခွဲမည့် ဒိုင်းနမိုက်များအား ထောက်ကြံ့ပင်မ ခဲယမ်း သိုလှောင်ရုံမှ အမြောက်အမြား ရရှိခဲ့သည်။ သမဂ္ဂ အဆောက်အဦးကို စိတ်ကြိုက် ဒိုင်းနမိုက်ဆင် ဖောက်ခွဲခဲ့သူမှာ အင်ဂျင်နီယာတပ်မှ ထားဝယ်သား ဗိုလ်မှူး ထွန်းရီ ဖြစ်သည်။ ဖောက်ခွဲရာတွင်လဲ လိုအပ်သော ပမာဏထက် အဆပေါင်းများစွာ ပို၍သုံးခဲ့သည်။ ဒိုင်းနမိုက်အား ရန်ကုန်မြို့ကဲ့သို့နေရာမျိုးတွင် ဖောက်ခွဲရန် အနည်းဆုံး ဗိုလ်မှူးကြီး အဆင့် တစ်ဦး လက်မှတ်ထိုးထားသည့် ဖောက်ခွဲမှု စာချွန်လွှာ ပေးမှသာ တရားဝင်သည်။ သို့သော် ဗိုလ်ချုပ်ကြီး နေဝင်း မှ ဗိုလ်မှူးကြီး ကျော်စိုးဆီသို့ ဖောက်ခွဲဖို့ နုတ်မိန့်ပေးခဲ့သည်။ တဖန် ဗိုလ်မှူးကြီး ကျော်စိုးမှ ဗိုလ်မှူး ထွန်းရီကို နုတ်မိန့်ပေးပြန်သည်။ ထိုအခါ ဗိုလ်မှူး ထွန်းရီသည် ဒိုင်းနမိုက်များ တပ်ဆင်ပြီးသော်လည်း တရားဝင် အမိန့်ပေးသော စာချွန်လွှာ မရှိသည့်အတွက် အခက်တွေ့လျက်ရှိသည်။ ထိုအချိန်တွင် စစ်တပ် စစ်မင်းကြီး ဘဦး(ခ) ဗိုလ်မှူးကြီး မင်းသိမ်းမှ (မနက်စောစော လမ်းလျှောက်လာရင်း ဗိုလ်ထွန်းရီက လက်မှတ်ထိုးပေးရန် ပြောသဖြင့်) ဖောက်ခွဲမှု စာချွန်လွှာကို လက်မှတ်ဝင်ထိုးပေးခဲ့သည်။ ထိုအခါမှ ဗိုလ်မှူး ထွန်းရီသည် သမဂ္ဂ အဆောက်အဦးတွင် အသင့် တပ်ဆင်ထားသော ဒိုင်းနမိုက်များကို ဇူလိုင် (၈) ရက် မနက် (၃) နာရီခွဲ (၄) နာရီ ခန့်တွင် ဖောက်ခွဲလိုက်လေသည်။

ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖောက်ခွဲခံရပြီးပုံ

လွတ်မြောက်သူများ[ပြင်ဆင်ရန်]

သမဂ္ဂ အဆောက်အဦးကြီးတွင် ဘကြီးကံသိန်း၏ သမဂ္ဂ ဆံပင်ညှပ်ဆိုင် နှင့် စားသောက်ဆိုင်ရှိသည်။ ဘကြီးကံသိန်း ဆိုသူသည် ဝန်ကြီးချုပ်ဟောင်းဦးနုဗိုလ်ချုပ် အောင်ဆန်း တို့ သမဂ္ဂခေတ်များမှတိုင် ရှိနေသူဖြစ်သည်။ ထိုအချိန်တွင် သမဂ္ဂ စားသောက်ဆိုင် တင်ဒါရ၍ ဖွင့်နေသူမှာ ပန်းချီ ဦးနန်းဝေဖြစ်သည်။ ၎င်းတို့မိသားစုများပါ သမဂ္ဂတွင် နေထိုင်ကြသည်။ ထိုဇူလိုင်လ (၇) ရက်နေ့ည (၁၁) နာရီ ခန့်တွင် စစ်တပ်မှ စစ်ဗိုလ်များက ဦးကံသိန်း နှင့် ဦးနန်းဝေတို့၏ အမည်များကို လက်ကိုင် အသံချဲ့စက်များနှင့် အော်ခေါ်ကြသည်။ ထို့နောက် သမဂ္ဂ အဆောက်အဦးမှ မိသားစုများနှင့် အတူထွက်ပေးရန်ပြောသည်။ ဦးကံသိန်း နှင့် ဦးနန်းဝေ တို့မှ “ညကြီးသန်းခေါင် ကားရှာမရမည် စိုး၍ မနက်မှ ထွက်ပါရစေ” ဟု တောင်းပန်သော်လည်း လက်မခံဘဲ 'ညတွင်းချင်း လူချည်းသာထွက်ရမည်၊ မိသားစု ဟုတ် မဟုတ်ပါ လူစာရင်းကိုလည်း စစ်ဆေးမည်' 'ယူနီယံထဲတွင် မသမာသူများ ခိုအောင်း နေနိုင်၍ အပြတ်ရှင်းမည်' ဟုပြောခဲ့သည်။ ထိုအခါ ဦးကံသိန်းတို့လည်း မိသားစုနှင့် ခြေလွတ်လက်လွတ် ညတွင်းချင်းထွက်ခဲ့ရလေသည်။ မကြာမီ ဇူလိုင်လ (၈) ရက် နေ့ လင်းအားကြီးတွင် ကျောင်းသားထု ပိုင်ဆိုင်သော ယူနီယံကြီးကို မိုင်းခွဲ ဖျက်ဆီးပစ်လိုက်လေတော့သည်။

စိန်ခေါ်မှု[ပြင်ဆင်ရန်]

ထိုနေ့ည (၇) နာရီအချိန် မြန်မာ့အသံ ရေဒီယို မှ အသံလွှင့်သောအခါဗိုလ်နေဝင်းက ”၎င်း တိုင်းပြည်ကို တာဝန်ယူသည့် အချိန်တွင် တက္ကသိုလ်ကျောင်းသားများ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြုပြင်ရမည့် တာဝန်ပါကျရောက်နေသောကြောင့် တပ်မတော်၏ အင်အားတစိတ်တဒေသကို သုံး၍ဖြေရှင်းလိုက်သည်” ဟုပြောကြားခဲ့သည်။ ထို့အပြင်“ယခုဖြစ်ပျက်သောကိစ္စသည် ကျောင်းသားကိစ္စတစ်ခုတည်းသာမက နိုင်ငံရေး အမှောင့် ပယောဂများ ဖမ်းစားသည်ကိုရိပ်စားမိကြောင်း၊ ၎င်းတို့၏အလုပ်အား ပျက်ကွက်ရန် တမင် လုပ်နေကြလျှင် ၎င်းအနေဖြင့် နောက်ထပ် မည်သည်ကိုမျှထပ်မပြောလိုကြောင်း၊ ဓားကို ဓားခြင်း လှံကိုလှံခြင်း ဆိုင် ရန်သာရှိတော့ကြောင်း”ထပ်မံ စိန်ခေါ်ခဲ့လေသည်။ ဤသို့ ပြောချင်းမှာလည်း အဓိပါယ် မရှိသော စကားများ ဖြစ်သည်။ ကျောင်းသားတို့ လက်ထဲတွင် မယ်မယ်ရရ လက်နက်ဟူ၍ အလံထောင်သော ဝါးလုံးတိုင် မျှသာ ရှိသည်။ ထို ဖြစ်ရပ်နှင့် ပတ်သက်၍ အစိုးရမှ သတင်းထုတ်ပြန်ရာတွင်လည်း ကျောင်းသား (၁၇) ဦးသာသေဆုံးကြောင်း ကြေညာခဲ့သည်။ အမှန်မှာ မန္တလေးဆောင် တစ်ခုထဲတွင်ပင် စာရင်းအရ (၁၇) ဦးသေဆုံးခဲ့သည်။ မြောင်းမြ မှ ကျောင်းသား ကိုကျော်ဝင်းမှ ၎င်း၏ ခန္ဒာကိုယ်မှ သွေးနှင့် မန္တလေးဆောင် နံရံတွင် “၇-၇-၆၂ မမေ့ကြနဲ့”ဟုရေးသွားခဲ့သည်။

မှတ်ချက်[ပြင်ဆင်ရန်]

၁၉၆၃ ဇူလိုင်လ ကျောင်းများပြန်အဖွင့်တွင် သမဂ္ဂအဆောက်အဦး နေရာ၌ ယာယီတဲဖြင့် သမဂ္ဂကို ပြန်လည် တည်ထောင်ကြသည်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နှင့်အတူ အလျား (၇၇) လက်မ၊ အနံ (၆၂) လက်မ ရှိ ကျောက်တိုင် တခု ပြုလုပ်၍ ၇-၇-၆၂ တွင် ကျဆုံးခဲ့သောကျောင်းသား ရာကျော်အတွက် ရည်စူးကာ “ရာကျော်ကျောက်တိုင်” ဟု အမည်တွင်စေခဲ့သည်။ ထို “ရာကျော်ကျောက်တိုင်“ ဖွင့်ပွဲတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှ “ဒီအဆောက်အဦးကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို တော့ ဘယ်သူမှဖြိုလို့ မရပါဘူး” ဟုမိန့်ကြားခဲ့သည်။ သို့သော် ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲ များ ဖြစ်ပေါ်၍ ကျောင်းများ ပြန်ပိတ်သောအခါ ရာကျော်ကျောက်တိုင် နှင့် အတူ သမဂ္ဂ ယာယီတဲ အဆောက်အဦးလည်း ထပ်မံဖျက်ဆီးခံခဲ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Burma: On the Occasion of 7th July Anniversary။ Asian Tribune။ 9 July 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2014 တွင် ပြန်စစ်ပြီး။
  2. Sein Lwin 'The Butcher of Rangoon' Dies in Poverty။ .irrawaddy.org။ 1 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2014 တွင် ပြန်စစ်ပြီး။