ဦးသန့် အရေးအခင်း

ဝီကီပီးဒီးယား မှ
ရွှေတိဂုံဘုရား တောင်ဘက်မုခ် ကန်တော်မင်ပန်းခြံအနီးတွင် တည်ရှိသော ဦးသန့်၏ဂူဗိမာန်

ဦးသန့် အရေးအခင်း ဆိုသည်မှာ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့၌ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန်သွားသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်အနိစ္စရောက်ရာမှ အစပြုပေါ်ထွက်လာသော မြန်မာ့သမိုင်းဝင် အရေးတော်ပုံ တစ်ခုဖြစ်သည်။ ကမ္ဘာ့အဆင့်အမြင့်ဆုံး ရာထူးဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးအား မြန်မာလူမျိုးတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်အား ကမ္ဘာ့နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ဂါရဝပြုပြီးနောက် ဦးသန့်၏ မိသားစုဝင်များ၏ တောင်းဆိုချက်အရ အမိမြန်မာနိုင်ငံတော်တွင်သာ သင်္ဂြိုဟ်ရန် အစီအစဉ်များပြုလုပ်ခဲ့ကြသည်။ ဤသည်မှာ ဦးသန့်အရေးအခင်း ဖြစ်ပွားရန် နိဒါန်းပျိုးလိုက်ခြင်းပင် ဖြစ်ပေသည်။

နိုင်ငံတော် ဈာပနအဖြစ် မသတ်မှတ်ခြင်း[ပြင်ဆင်ရန်]

ဦးသန့်၏ ရုပ်ကလာပ်သည် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး တော်လှန်ရေးကောင်စီအစိုးရက ဦးသန့်၏ ရုပ်ကလာပ်အား ကျိုက္ကဆံကွင်း(မြင်းပြိုင်ကွင်းဟောင်း)အတွင်း၌ မဏ္ဍပ်ငယ်တစ်ခု ဆောက်လုပ်ပြီး ကြက်ခြေနီလူငယ်များအား အစောင့်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာလ (၅)ရက်၊ မွန်းလွဲ (၁)နာရီအချိန်တွင် ကြံတောသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ပြည်သူလူထုအား အသိပေးကြေညာခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးသန့်၏ရုပ်ကလာပ်အား နိုင်ငံတော်ဈာပနအဖြစ် သတ်မှတ်၍ အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဟု မျှော်လင့်ထားသော ပြည်သူလူထုသည် ယင်းကဲ့သို့ အသိပေးကြေညာချက်ကြောင့် မကျေမနပ် ဖြစ်ခဲ့ကြလေသည်။

ဈာပနကော်မတီများ၏ အခက်အခဲ[ပြင်ဆင်ရန်]

ယင်းသို့ အသိပေးကြေညာပြီးနောက် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားကျောင်းသူများသည် ဈာပနကော်မတီများ ဖွဲ့စည်းပြီး နောက်ဆုံးဂါရဝပြုခြင်း၊ အသုဘလိုက်လံပို့ဆောင်ရန် စီစဉ်ခြင်းများ ပြုလုပ်ကြလေသည်။ ထိုသို့စီစဉ်ပြီးနောက် ကျိုက္ကဆံကွင်းသို့ သွားရောက်ရန် ကားများ သွားရောက်ငှားရမ်းရာတွင် ကျောင်းသားကျောင်းသူများအား ကားများငှားရမ်း ပို့ဆောင်ခြင်းမပြုရန် သက်ဆိုင်ရာမှ ကြိုတင် ပိတ်ပင်ထား ခဲ့ကြသည်။ ထို့ကြောင့် ကျောင်းသားများသည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် စုရပ်အဖြစ် စုရုံး၍ ကျိုက္ကဆံကွင်းအား ခြေလျင်ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဆယ်စုနှစ် တစ်ခုကျော်ကြာမှ ပွင့်သည့်ပန်းများ[ပြင်ဆင်ရန်]

ဒီဇင်ဘာလ(၅)ရက်နေ့တွင် စုရပ်အဖြစ်သတ်မှတ်ထားသော ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သို့ တက္ကသိုလ်ကျောင်းပေါင်းစုံ တဖွဲဖွဲရောက်ရှိလာကြပြီး ရောက်ရှိလာသော ကျောင်းသားများအား အရင်ရောက်နှင့်ပြီးသော ကျောင်းသားများက လက်ခုပ်လက်ဝါးတီးကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြ လေသည်။ ယခုကဲ့သို့ ကျောင်းသားထုကြီးစုရုံးမိခြင်းသည် တော်လှန်ရေး ကောင်စီအစိုးရ၏ ၁၉၆၂ ခုနှစ် ဇူလိုင်လ(၇)နေ့တွင် မြန်မာပြည်လွတ်လပ်ရေး မော်ကွန်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဗုံးခွဲဖျက်ဆီးပြီး ရာပေါင်းများစွာသော ကျောင်းသားစုစည်းမှုကို လက်နက်အားကိုးဖြင့် ဖြိုခွဲဖျက်ဆီး သတ်ဖြတ်ခဲ့ပြီး နောင် ၁၂ နှစ်ကျော်ကာလနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် ပြန်လည်ပေါင်းစည်းစုရုံးမိသော နေ့တစ်နေ့ဖြစ်သည်။

ကျောင်းသားပြည်သူပူးပေါင်းမိပြီ[ပြင်ဆင်ရန်]

ဦးသန့်၏ရုပ်ကလာပ်ထားရှိသည့် ကျိုက္ကဆံကွင်းသည် ဦးသန့်ကို နောက်ဆုံးဂါရဝပြုရန်ရောက်ရှိလာနေသော လူထုကြီးနှင့် ပြည့်လျှံနေသည်။ ရုပ်ကလာပ်ထားရှိရာ မဏ္ဍပ်အတွင်းတွင်လည်း ဦးသန့်မိသားစု၊ ဆွေမျိုးမိတ်ဆွေများနှင့် သက်ဆိုင်ရာတာဝန်ရှိလူကြီးများက နေရာယူထားကြသည်။ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်စုရပ်မှ ခြေလျင်ချီတက်လာသောတက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားများ ကွင်းအတွင်း ဝင်ရောက်လာကြသော အခါ ရောက်နှင့်ပြီးကြသော မိဘပြည်သူတစ်ရပ်လုံး၏ လက်ခုပ်ဩဘာသံများဖြင့် ကြိုဆိုနှုတ်ဆက် ကြလေသည်။ ပွဲကြည့်စင်များတွင် မိဘပြည်သူများနှင့် ပြည့်နှက်နေပြီး ကျောင်းသားထုတစ်ရပ်လုံးသည် ဦးသန့်ရုပ်ကလာပ် ထားရှိရာ မဏ္ဍပ်၏အရှေ့ဘက်ကွင်းပြင်တွင် နေရာယူကြရလေသည်။

ကျောင်းသားလှုပ်ရှားမှု စတင်[ပြင်ဆင်ရန်]

ဦးသန့်၏ ဈာပနအား ဤသို့ ပြီးလွယ်စီးလွယ် ဖြစ်သလို စီစဉ်ထားမှုကို တွေ့မြင်နေကြရသော ကျောင်းသားပြည်သူတို့ ရင်ထဲတွင် မကျေနပ်ခြင်း တည်းဟူသော ခံစားချက်များဖြင့် ပူလောင်နေကြသည်။ ဤတွင် ကျောင်းသားထု၏ လှုပ်ရှားမှုသည် စတင်လာပြီး အသံချဲ့စက်မှ လှုံ့ဆော်စည်းရုံးသံများ ထွက်ပေါ်လာတော့သည်။ "ငြိမ်းချမ်းရေး ဖခင်ကြီး ဦးသန့်အတွက် ဂူဗိမာန် ရရှိရေး။ တို့အရေး၊ တို့အရေး။"

ကျောင်းသားကိုယ်စားလှယ်များသည် အရေးပေါ် စည်းဝေးပြီး ဦးသန့်အား ထိုက်သင့်သော ဈာပနအခမ်းအနားဖြင့် သင်္ဂြိုဟ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုကြောင့် ဦးသန့်၏ ရုပ်ကလာပ်ကို တက္ကသိုလ်နယ်မြေသို့ ပြန်လည် သယ်ဆောင်၍ ထိုက်သင့်သော ဈာပနအခမ်းအနားနှင့် ငြိမ်းချမ်းရေး ဂူဗိမာန်ကြီး တည်ဆောက်မည် ဖြစ်ကြောင်း ကြွေးကြော်ကြလေတော့သည်။ ထိုနောက် မဏ္ဍပ်အတွင်းမှ မဆိုင်သူများ ဖယ်ရှားပေးရန် ကြေညာလိုက်သောအခါ ကြက်ခြေနီလူငယ်များ၊ ဦးသန့်ဆွေမျိုးနှင့် မိသားစုများ၊ သက်ဆိုင်ရာ လူကြီးများ မဏ္ဍပ်အပြင်သို့ ထွက်ခွာသွားကြသည်။

မဏ္ဍပ်အတွင်း၌ နေရာယူထားသော ကျောင်းသားများမှ ဦးသန့်၏ ဆွေမျိုးမိသားစုအား အသံချဲ့စက်မှတဆင့် ခွင့်တောင်းပြီး ဦးသန့်၏အစ်ကို ဖြစ်သူ ဦးခန့်အား အသံချဲ့စက် ရှိရာသို့ ဖိတ်ခေါ်လိုက်သည်။ ကျောင်းသားထုအား စိတ်လိုက်မာန်ပါ မပြုလုပ်ကြရန်၊ အစိုးရနှင့် ဆန့်ကျင်ပြီး မပြုလုပ်ကြရန်နှင့် နည်းစနစ် မှန်ကန်စွာ ဆောင်ရွက်ကြရန် ဦးခန့်မှ တိုက်တွန်း ပြောကြားသွားလေသည်။

တက္ကသိုလ်နယ်မြေသို့ ဦးသန့်၏ ရုပ်ကလာပ်အား သယ်ဆောင်ခြင်း[ပြင်ဆင်ရန်]

ယာယီမဏ္ဍပ်အတွင်းမှ ဦးသန့်၏ ရုပ်အလောင်းအား ကျောင်းသားကိုယ်စားလှယ်များမှ ပခုံးပြောင်း သယ်ယူကြပြီး လွမ်းသူ့ပန်းခွေ တင်ဆောင်ရာ တိုယိုတာ ပစ်ကပ်ကား ခေါင်းမိုးပေါ်သို့ တင်ဆောင်ကြသည်။ ကျောင်းသားနှင့် သံဃာတော်များ ခြံရံလျက် ထောင်ပေါင်းများစွာသော ကျောင်းသားထုကြီး၏ ချီတက်ရာ လမ်းကြောင်းတလျောက်တွင် လူအုပ်ကြီးများနှင့် ပြည့်ကျပ်နေပြီး ကြွေးကြော်သံများဖြင့် ဖုံးလွှမ်းနေတော့သည်။ တက္ကသိုလ်နယ်မြေ အဓိပတိလမ်းတိုင်း ရုပ်ကလာပ်ကို သယ်ဆောင်ကြပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ယာယီစင်မြင့် ပြုလုပ်၍ ပြင်ဆင်ထားပြီး အရေးပေါ် ဈာပနကော်မတီကို ဖွဲ့စည်းလိုက်သည်။

နိုင်ငံတော်ကောင်စီသို့ ဈာပနကိစ္စ တောင်းဆိုခြင်း[ပြင်ဆင်ရန်]

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၆) ရက်တွင် ဦးသန့်အား လာရောက် ဂါရဝပြုကြသော ပြည်သူများဖြင့် တက္ကသိုလ်နယ်မြေတစ်ခုလုံး ပြည့်ကျပ် စည်းကားနေတော့သည်။ တက္ကသိုလ်ကျောင်းသား / သူများ တစ်ဦးပြီးတစ်ဦး ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်သို့ တက်ရောက်၍ မိမိတို့၏ ခံစားချက်များကို ရင်ဖွင့်ကြပါတော့သည်။ ခန်းမအပြည့် လူအုပ်ကြီးမှလည်း လက်ခုပ်သံများဖြင့် ထောက်ခံအားပေးခဲ့ကြသည်။ ထိုနောက် ယာယီ ဈာပနကော်မတီမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာသည်။ "စစ်အစိုးရ အနေနှင့် ဦးသန့်၏ ဈာပနကို နိုင်ငံတော် ဈာပနအဖြစ် ပြုလုပ်ပေးရန် တောင်းဆိုစာအား နိုင်ငံတော်ကောင်စီသို့ ပို့လိုက်ပြီ ဖြစ်ကြောင်း၊ အကယ်၍ ယနေ့ ညနေ (၄) နာရီတိတိ အထိ ပြန်ကြားချက် တစ်စုံတရာ မရှိပါက ကျောင်းသားများသည် ပြည်သူလူထု အကူအညီဖြင့် မိမိတို့ဖာသာ ဈာပန အခမ်းအနားကို ပြုလုပ်၍ ငြိမ်းချမ်းရေးအုတ်ဂူဗိမာန် တည်ဆောက်သွားမည် ဖြစ်ကြောင်း" ကြေညာလိုက်သည်။

ညနေ (၄) နာရီ ကျော်သွားသော်လည်း နိုင်ငံတော်ကောင်စီမှ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။ ထိုကြောင့် ကျောင်းသား၊ အရပ်သား၊ သံဃာတော် ကိုယ်စားလှယ်များ၏ သဘောတူညီမှုအရ ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်း (၁၉၆၂ ခု၊ ဇူလိုင်လ (၇) ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း အစိုးရမှ မိုင်းထောင်၍ ဖြိုချဖျက်စီးပစ်ခဲ့သည်) နေရာကို ရှင်းလင်းပြီး ဦးသန့်အတွက် အုတ်ဂူတည်ဆောက် သင်္ဂြိုဟ်မည် ဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပင် ငြိမ်းချမ်းရေး ဂူဗိမာန်ကိုလည်း တည်ဆောက်မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် ကျောင်းသားများသာမက အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသားများလည်း သမဂ္ဂအဆောက်အဦး နေရာဟောင်းကို ရှင်းလင်းရာ၌ လာရောက် လုပ်အားပေးကြသည်။ အုတ်ဂူနှင့် ယာယီဂူဗိမာန်အတွက် ပုံဆွဲခြင်းနှင့် တည်ဆောက်ခြင်းကို စက်မှုတက္ကသိုလ် ဗိသုကာဌာနနှင့် မြို့ပြဌာနကျောင်းသားများမှ တာဝန်ယူ လုပ်ဆောင်ခဲ့ကြသည်။

ရန်ကုန်တိုင်း ပြည်သူ့ကောင်စီမှ ထုတ်ပြန်စာ[ပြင်ဆင်ရန်]

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၇)၊ ည (၇) နာရီအချိန်တွင် ရန်ကုန်တိုင်း ပြည်သူ့ကောင်စီမှ ထုတ်ပြန်စာရ၍ မန္တလေးဆောင်၌ အရေးပေါ် အစည်းအဝေး ပြုလုပ်ကြသည်။ ထို အစည်းအဝေးတွင် ကျောင်းသား၊ သံဃာနှင့် ဦးသန့်မိသားစုတို့မှ စုစုပေါင်း (၁၁) ဦး တက်ရောက်ကြသည်။ ဦးသန့်၏ညီ ဦးသောင်းမှ အစိုးရထုတ်ပြန်စာကို တင်ပြဆွေးနွေးခဲ့သည်။ ဦးသန့် ကိစ္စနှင့် ပတ်သက်၍ အုတ်ဂူတည်ဆောက်ရေးနှင့် ဂူဗိမာန် တည်ဆောက်ရန် ကန်တော်မင်ပန်းခြံတွင် နေရာပေးမည် ဖြစ်ကြောင်း၊ ကျောင်းသားများကိုလည်း အရေးယူ ဖမ်းဆီးမည် မဟုတ်ကြောင်း ပါရှိလေသည်။ ဦးသောင်း အနေဖြင့် ဦးသန့်ရုပ်ကလာပ်ကို အမြန်ဆုံး သင်္ဂြိုဟ်လိုက်ချင်ပြီ ဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၈) ရက် နေ့ (၁၂) နာရီအချိန်၌ သင်္ဂြိုဟ်ရေး အစီအစဉ် စတင်လိုကြောင်း ကိုယ်စားလှယ်များအား ပြောကြားသည်။

ဒေါက်တာတင်မြင့်ဦး (ဦးသန့်၏ သားမက်) ကလည်း ကိုယ်တိုင် ပုံစံထုတ် ရေးဆွဲထားသော ဦးသန့်၏ အုတ်ဂူဗိမာန်ကို ကန်တော်မင်ပန်းခြံတွင် ဆောက်လုပ်ပြီး သင်္ဂြိုဟ်ရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း၊ ကျောင်းသားနှင့် သံဃာတော်များအား အမြန်ဆုံး စီစဉ်ပေးစေလိုကြောင်း ပန်ကြားခဲ့သည်။ အစည်းအဝေး ဆုံးဖြတ်ချက်ကို တစ်ဦးတစ်ယောက်၏ သဘောဆန္ဒအတိုင်း မဆုံးဖြတ်ဘဲ တစ်ဦးချင်းစီ၏ ဆန္ဒခံယူမည် ဖြစ်ကြောင်း အားလုံး သဘောတူညီကြလေသည်။ ပထမဆုံး ဦးသန့် ရုပ်ကလာပ် သင်္ဂြိုဟ်ရေး အစီအစဉ်ကို ဒီဇင်ဘာလ (၈) ရက်နေ့၊ နေ့ (၁၂) နာရီတွင် စတင် ကျင်းပရန် အားလုံး သဘောတူညီကြလေသည်။ ဆွေးနွေးတိုင်ပင်မှုအရ ဆက်လက်၍ အောက်ပါ အချက်နှစ်ချက်ကို မဲခွဲ ဆုံးဖြတ်ကြရမည် ဖြစ်သည်။

  • (က) ဦးသန့်၏ ရုပ်ကလာပ်ကို ဘွဲ့နှင်းသဘင် ခန်းမမှ ကျောင်းသားသမဂ္ဂနေရာ၊ ကျောင်းသားများ ဆောက်လုပ်ထားသော ဦးသန့်အုတ်ဂူပေါ်တွင် တင်၍ ပရိသတ်မှ နောက်ဆုံး ဂါရဝပြုပြီး ကန်တော်မင်ပန်းခြံသို့ သယ်ဆောင်ရန်။
  • (ခ) ဦးသန့်၏ ရုပ်ကလာပ်ကို ကျောင်းသားနှင့် ပြည်သူတို့၏ ချွေးဖြင့် တည်ဆောက်နေသည့် အုတ်ဂူတွင် သင်္ဂြိုဟ်ပြီး ဦးသန့်ဂူဗိမာန်ကို ကျောင်းသားများ အသက်သွေး စတေးခဲ့သည့် ကျောင်းသားသမဂ္ဂနေရာတွင် တည်ဆောက်ရန်။

တစ်ဦးချင်း ဆန္ဒမဲ ခံယူလိုက်သောအခါ (၇) မဲ (၄) မဲဖြင့် ပထမအဆိုကို အတည်ပြုခဲ့ကြသည်။ (၇) မဲထဲတွင် ဦးသောင်း၊ ဒေါက်တာတင်မြင့်ဦး၊ သံဃာတော်နှစ်ပါးနှင့် ကျောင်းသားကိုယ်စားလှယ် (၃) ဦး ပါဝင်သည်။ ကျန် (၄) မဲတွင် စက်မှုတက္ကသိုလ် ကျောင်းသား (၃) ဦးနှင့် ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦး။ ဤတွင် (၇) မဲ (၄) မဲ ဖြင့် ဆုံးဖြတ်ပြီး ကန်တော်မင်ပန်းခြံတွင် သင်္ဂြိုဟ်မည် ဖြစ်သည်။ မြန်မာအသံလွှင့်ဌာန ရေဒီယိုမှလည်း (၈-၁၂-၁၉၇၄။ နေ့ ၁၂ နာရီအချိန်တွင် ဈာပန အခမ်းအနားကို စတင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကျောင်းသား၊ သံဃာ ကိုယ်စားလှယ်များအကြား သဘောထား ကွဲလွဲ[ပြင်ဆင်ရန်]

သမဂ္ဂ အဆောက်အဦး နေရာတွင် လုပ်အားပေးနေကြသော ကျောင်းသားပြည်သူများ၊ ဘွဲ့နှင်းသဘင် ခန်းမအတွင်း ဦးသန့်၏ ရုပ်ကလာပ်ကို စောင့်ရှောက်နေကြသော ကျောင်းသားများ၊ အဓိပတိလမ်းမပေါ်တွင် အလှူငွေ ကောက်ခံပေးနေကြသော ကျောင်းသားပြည်သူများ၏ လိုအင်ဆန္ဒသည် အုတ်ချပ်များကို တစ်ယောက်တစ်လက်နှင့် လက်ဆင့်ကမ်းသယ်ယူ တည်ဆောက်လျက် ရှိသည့် အုတ်ဂူတွင် ရုပ်ကလာပ်ကို သင်္ဂြိုဟ်ပြီး ဆက်လက်၍ ဂူဗိမာန် တည်ဆောက်ကြရန် ဖြစ်သည်။ ဤသို့ဖြင့် မန္တလေးဆောင် (၁၁) ဦး ဈာပနကော်မတီ အစည်းအဝေး ပြီးသည်နှင့် ကျောင်းသားများ အုပ်စုကွဲသွားတော့သည်။

စက်မှုတက္ကသိုလ်မှ ကျောင်းသား (၃) ဦးသည် နောက်ထပ် ကျင်းပကြသော ဈာပန အစီအစဉ် အစည်းအဝေးသို့ ဆက်လက် မတက်ရောက်တော့ဘဲ ကန့်ကွက်ဆန္ဒပြတော့သည်။ မိမိတို့ ချွေးဖြင့် တည်ဆောက်ထားသော အုတ်ဂူ၌ပင် သင်္ဂြိုဟ်ရန် စက်မှုတက္ကသိုလ် ကျောင်းသားများ အုပ်စုမှ တိတ်တဆိတ် ဆုံးဖြတ်ခဲ့ကြသည်။ သမဂ္ဂဟောင်း ဝန်းကျင်တစ်ခုလုံးကို စက်မှုတက္ကသိုလ် ကျောင်းသားများ နေရာယူ စောင့်ကြပ်လိုက်ကြသည်။ ရုပ်ကလာပ်ကို အုတ်ဂူပေါ်တွင် နောက်ဆုံး ဂါရဝ ပြုပြီးပြီးချင်း ဂူပိတ်သင်္ဂြိုဟ်နိုင်ရန် ဘိလပ်မြေနှင့် ပန်းရံဆရာတို့ကို အဆင်သင့် ပြင်ဆင်ထားကြသည်။ ဘွဲ့နှင်းသဘင် ခန်းမတွင်လည်း ဦးသန့်ရုပ်ကလာပ်ကို အသက်သွေးဖြင့် ကာကွယ်စောင့်ရှောက်မည့် အသေခံ ကျောင်းသား (၁၂) ဦးသည် ခွပ်ဒေါင်း ခေါင်းစီးနီများ ဦးထိပ်တွင် စီး၍ ခြံရံစောင့်ကြပ်လျက်ရှိသည်။

နောက်ဆုံးအနေဖြင့် ဂါရဝပြုခြင်း[ပြင်ဆင်ရန်]

ဘွဲ့နှင်းသဘင် ခန်းမဝန်းကျင်နှင့် တက္ကသိုလ်နယ်မြေ အဓိပတိ လမ်းတစ်လျောက်လုံးတွင် ဦးသန့်၏ ရုပ်ကလာပ်အား လာရောက် ဂါရဝပြုကြသော ပြည်သူပရိသတ်များဖြင့် ပြည့်လျှံနေတော့သည်။ ၁၉၇၄ခု၊ ဒီဇင်ဘာလ (၈) ရက်၊ မွန်းတည့် (၁၂) နာရီတွင် ဦးသန့်၏ ရုပ်ကလာပ်အား များပြားလှသည့် ပရိသတ်အကြားမှ ခဲရာခဲဆစ် ထုတ်ယူသယ်ဆောင်ခဲ့ရသည်။ ဦးသန့်၏ ရုပ်ပုံ ပန်းချီကားချပ်နှင့် အတူ အလံတော် သုံးခုကိုလည်း လွှင့်ထူထားကြသည်။ သာသနာ့အလံတော်၊ ကုလသမဂ္ဂအလံနှင့် ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတို့ ဖြစ်ကြသည်။

ဦးသန့်၏ ရုပ်ကလာပ်ကို ကျောင်းသားများ တည်ဆောက်သော အုတ်ဂူအရှေ့ စားပွဲပေါ်တွင် တင်၍ သံဃာတော်များ၊ ဦးသန့်၏ မိသားစုဝင်များ၊ နိုင်ငံခြား သံတမန်များ၊ ကျောင်းသားပြည်သူများသည် နောက်ဆုံးအကြိမ်အဖြစ် ဂါရဝပြုကြသည်။ အစီအစဉ်အရ ရုပ်ကလာပ်ကို ကန်တော်မင်ပန်းခြံသို့ သယ်ယူမည်ဟု ကြေညာလိုက်သည်နှင့် "ဦးသန့်ရုပ်ကလာပ်ကို သမဂ္ဂဝင်းအတွင်းကနေ ဘယ်ကိုမှ မထုတ်ရဘူး" ဟူသော ကြွေးကြော်သံများ တခဲနက် ဆူညံသွားတော့သည်။ ဦးခန့်သည် မန္တလေးဆောင် ခန်းမ အသံချဲ့စက်မှ ကျောင်းသားပြည်သူများထံ မေတ္တာရပ်ခံစကား ပြောကြားခဲ့သော်လည်း ဤအုတ်ဂူတွင်သာ ထာဝရ သင်္ဂြိုဟ်ရန် ကြွေးကြော်သံများ ဆူညံသည်ထက် ဆူညံလာသည်။

နောက်ဆုံး ကျောင်းသားကိုယ်စားလှယ်များမှ ဝင်ရောက်ထိန်းသိမ်း၍ ဤအုတ်ဂူတွင်သာ ထာဝရ သင်္ဂြိုဟ်မည် ဖြစ်ကြောင်း ကြေညာလိုက်ရသည်။ ကြေညာပြီးသည်နှင့် အသင့်ပြင်၍ စောင့်နေသော ပန်းရံဆရာမှ အုတ်ဂူကို ထာဝရ ပိတ်လိုက်ပါတော့သည်။ "အောင်ပြီ။ အောင်ပြီ။ အောင်ပြီ။" ဟူသော ကြွေးကြော်သံများ မိုးကွဲလုမတတ် မြည်ဟိန်းသွားသည်။ သံဃာတော်များ၏ ပရိတ်တရားတော်များ နာကြားပြီး အသေခံ ကျောင်းသားတပ်ဖွဲ့က ကမ္ဘာ့ကုလသမဂ္ဂ အလံကို ကိုင်ဆောင်၍ အုတ်ဂူကို လက်ျာရစ် သုံးပတ် ပတ်ပြီး အလေးပြုကြသည်။ ထိုနောက် ကုလသမဂ္ဂ အလံကို အုတ်ဂူထက်တွင် လွှမ်းခြုံလိုက်ပါသည်။

စစ်အစိုးရမှ အကြမ်းဖက် ကိုင်တွယ်[ပြင်ဆင်ရန်]

ကျောင်းသားများသည် ဦးသန့်မိသားစု၏ ဆန္ဒကို ငြင်းပယ်၍ မိမိတို့ တည်ဆောက်ထားသည့် အုတ်ဂူတွင် ဦးသန့်၏ ရုပ်ကလာပ်ကို သင်္ဂြိုဟ်ကြောင်း၊ စာကြည့်တိုက် အဆောက်အဦးအတွက် ထားသော ဆောက်လုပ်ရေး ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ပြီး အုတ်ဂူဆောက်သည့်အတွက် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူပေးပါရန် ရန်ကုန်တိုင်း ဆောက်လုပ်ရေး ကော်ပိုရေးရှင်းမှ စာပို့ကြောင်းတို့ကို ထိုနေ့ညဘက်တွင် မြန်မာ့အသံမှတဆင့် ကြေညာခဲ့သည်။

ကျောင်းသားများမှာလည်း ပိုမို စည်းလုံးညီညွတ်စွာ ဂူဗိမာန်ကို ဆက်လက် တည်ဆောက်ကြပြီး အသေခံတပ်ဖွဲ့ ဖွဲ့ကာ အုတ်ဂူကို နေ့ညမပြတ် စောင့်ရှောက်နေခဲ့ကြသည်။ ပါဝင် ကူညီနေကြသော သံဃာတော်များ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူတို့ကို အစိုးရ၏ သတင်းစာများနှင့် ရေဒီယိုတို့မှ အမျိုးမျိုး ရှုတ်ချ ဝေဖန်ခဲ့သည်။

ဂူပိတ်ပြီး သုံရက်မြောက်နေ့ ဖြစ်သော ၁၉၇၄ ခု ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျောင်းသားများကို နှိမ်နင်းရန် စစ်တပ်မှ တိတ်တဆိတ် စီမံတော့သည်။ ၁၉၇၄ ခု ဒီဇင်ဘာလ (၁၁) ရက် နံနက် (၂) နာရီတွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် နယ်မြေ၏ ဝင်ပေါက်ထွက်ပေါက်များကို ပိတ်စို့ထားလိုက်သည်။ ဆန္ဒပြသူများ အိပ်မောကျချိန်တွင် အဓိပတိလမ်းရှိ အဓိက ပင်မဝင်ပေါက်တံခါးကြီးအား ကရိန်းကြီးဖြင့် တွန်းလှန်ဖျက်ဆီး၍ ကျောင်းဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးကြသည်။ ထိုသို့ ဝင်ရောက်ရာတွင် ဘွဲ့နှင်းသဘင် ခန်းမနေရာ မြေကွက်လပ်အား မီးမောင်းများ ထိုးပြီး ရဲများက ဒိုင်းကာများ၊ လက်ကိုင်တုတ်များဖြင့် စတင် ဝင်ရောက်သည်။ မျက်ရေယိုဗုံးများ၊ မြေကော်စက်များ၊ မော်တော်ကားများ အသုံးပြုပြီး လက်နက်မဲ့ ဆန္ဒပြသူများအား ရိုက်နှက် လူစုခွဲကာ ဦးသန့်အုတ်ဂူအားလည်း ဖြိုချပစ်လိုက်သည်။ ရုပ်ကလာပ်အား ပြန်လည်ဖော်ယူ၍ ရွှေတိဂုံစေတီအနီး ကန်တော်မင်ပန်းခြံဘေးရှိ သခင်ကိုယ်တော်မှိုင်း၏ အုတ်ဂူဘေးနေရာသို့ ညတွင်းချင်းပင် ပြောင်းရွှေ့မြှုပ်နှံခဲ့သည်။

ထိုသို့ ကြမ်းတမ်းစွာ ရိုက်နှက်ဖမ်းဆီးသည့်အတွက် ကျောင်းသားတချို့ သေဆုံးခဲ့ကြရသည်။ တချို့မှာလည်း ခေါင်းကွဲသူကွဲ၊ အရိုးကျိုးသူကျိုးနှင့် အချုပ်ကားပေါ်သို့ အတင်းအဓမ္မ ဖမ်းဆီးတင်ဆောင်၍ ညတွင်းချင်း အင်းစိန်အကျဉ်းထောင်သို့ ပို့ခဲ့သည်။ ရဟန်းသံဃာပါ မချန် ကျောင်းသားများကို နံနက် (၂) နာရီမှ စတင် ဖမ်းဆီးရာ နံနက် (၈) နာရီ အချိန်အထိပင် ဖြစ်သည်။ ဤ ရင်နင့်ဖွယ်ရာ မြင်ကွင်းကို မြင်တွေ့ကြရသော ပြည်သူလူထု တစ်ရပ်လုံးမှာ ရင်သပ်၍ လက်ပိုက်ကြည့်နေရုံ သက်သက်သာ ဖြစ်နေတော့သည်။

ပြည်သူလူထုမှ လက်တုံ့ပြန်[ပြင်ဆင်ရန်]

ထိုသို့ လက်နက်မဲ့ သံဃာတော်များ၊ ကျောင်းသားကျောင်းသူများကို ရက်ရက်စက်စက် သတ်ဖြတ်ဖမ်းဆီးသည် ဆိုသည့် သတင်းကို ကြားသိရသော ပြည်သူလူထုကြီးမှာ စစ်အစိုးရ၏ လုပ်ရပ်ကို လက်ခံနိုင်စွမ်း မရှိသည့်အဆုံး နံနက် (၈) နာရီခွဲ အချိန်လောက်တွင် ရန်ကုန်မြို့ရှိ အစိုးရနှင့် သက်ဆိုင်သည့် မြန်မာ့ဆိုရှယ်လစ်ပါတီ ယူနစ်ရုံးများ၊ ရဲစခန်းများ၊ ရုပ်ရှင်ရုံတချို့ကို မီးရှို့ဖျက်ဆီး၍ တန်ပြန် အကြမ်းဖက် ဆန္ဒပြကြသည်။

မကြာခင်တွင် စစ်တပ်များ ရောက်လာပြီး ပြည်သူတို့အား ချိန်ရွယ်၍ သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းပါတော့သည်။ ရန်ကုန်မြို့အတွင်း သေနတ်သံများ ဖုံးလွှမ်းသွားပြီး လူပေါင်းမြောက်မြားစွာ သွေးမြေကျခဲ့ရသည်။ ရန်ကုန်မြို့တွင်းဝယ် စစ်မြေပြင်ကဲ့သို့ တင့်ကားကြီးများ လှည့်လည်လျက် ဂျီသရီး သေနတ်ကြီးများဖြင့် ပစ်ခတ်နေတော့သည်။ ရန်ကုန်မြို့ကိုလည်း စစ်အုပ်ချုပ်ရေး ဒေသအဖြစ် သက်မှတ်ပြီး ညမထွက်ရ အမိန့်များ ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးရမိသည့် ပြည်သူများကို ပြည်သူပိုင်ပစ္စည်း ချိုးဖောက်ဖျက်ဆီးမှုဖြင့် ထောင် (၃) နှစ်မှ (၅) နှစ် ချခဲ့သည်။ ထိုနောက် စစ်ထောက်လှမ်းရေး MI ၏ အကူအညီဖြင့် ဈာပနကိစ္စတွင် ပါဝင်သော သံဃာတော်နှင့် ကျောင်းသား ပြည်သူများကို နေအိမ်များတွင် လိုက်လံဖမ်းဆီးခဲ့သည်။ နုနယ် ငယ်ရွယ်လှသော ကျောင်းသားကလေးများပင် မချန်ဘဲ အင်းစိန်ထောင်ထဲ သွင်းထားသည်။

ဦးသန့် အရေးအခင်းတွင် ရာပေါင်းများစွာသော ကျောင်းသားပြည်သူနှင့် ရဟန်းသံဃာများ အသက်ဆုံးရှုံးခဲ့ကြသည်။ ထောင်ပေါင်းများစွာသော ကျောင်းသားပြည်သူတို့ကို ထောင်ချထားခဲ့သည်။ ကျန်ကျောင်းသားများမှာ အိုးပစ်အိမ်ပစ် ပညာရေး ဆုံးရှုံးခံပြီး ဖမ်းဆီးမှုမှ ရှောင်တိမ်းနေကြရသည်။ ရှောင်တိမ်းနေရသော ကျောင်းသားတချို့သည် တောတွင်း တော်လှန်ရေး အဖွဲ့အစည်းများသို့ ရောက်ရှိသွားကြသည်။ တချို့လည်း နိုင်ငံခြားတိုင်းပြည်များသို့ ခိုးထွက် ပုန်းရှောင်နေကြရသည်။

ကိုးကား[ပြင်ဆင်ရန်]

  • ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလထုတ် သူရိယဂျာနယ်မှ စက်မှုတက္ကသိုလ်စိုးဝင်းရေးသားသော ဦးသန့်အရေးခင်းဆောင်းပါးအား အနည်းငယ်ပြုပြင်ရေးသားဖော်ပြပါသည်။