ကျောက်မဲမြို့
ကျောက်မဲမြို့ | |
---|---|
ကျောက်မဲမြို့ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 22°32′21″N 97°1′42″E / 22.53917°N 97.02833°Eကိုဩဒိနိတ်: 22°32′21″N 97°1′42″E / 22.53917°N 97.02833°E | |
နိုင်ငံ | မြန်မာနိုင်ငံ |
ပြည်နယ် | ရှမ်းပြည်နယ် |
ခရိုင် | ကျောက်မဲခရိုင် |
မြို့နယ် | ကျောက်မဲမြို့နယ် |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၅၀၆ ပေ (၇၆၄ မီတာ) |
လူဦးရေ (၂၀၁၄)[၁] | ၃၉,၉၃၀ |
• လူမျိုးများ | ရှမ်း၊ ပလောင်၊ ဗမာ |
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကျောက်မဲမြို့ သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်တွင် တည်ရှိသည်။၂၀၂၄ ခုနှစ် သြဂုတ်လ ၆ ရက် တွင်ကျောက်မဲမြို့ကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းယူခြင်းဖြင့် စစ်ခွေးကင်းစင်ပြီး လွတ်လပ်သော ကျောက်မဲမြို့ဖြစ်လာခဲ့သည်။ [၂]ကျောက်မဲမြို့မှာ ရှမ်းပြည်နယ်မြို့ကြီးများအနက် အရေးပါလှသော မြို့တစ်မြို့ ဖြစ်သည်။ ကျောက်မဲမြို့ဟုခေါ်တွင်ရခြင်းမှာ မြို့နှင့်အတန်ကွာတွင် ရှမ်းဘာသာအားဖြင့် ကုန်းမဟင်လံ မြန်မာဘာသာအားဖြင့် မည်းနက်သောကျောက်ဟု ခေါ်သည့် ကျောက်တောင်တန်းကြီးတစ်ခု တည်ရှိသောကြောင့် ဖြစ်သည်။
ကျောက်မဲမြို့၏ အကျယ်အဝန်း ဧရိယာမှာ စတုရန်း ၂ မိုင်နီးပါးရှိ၏။ မြို့ပေါ်လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၃၉,၉၃၀ ဦး ဖြစ်သည်။[၁] မြို့နေလူများစုမှာ ရှမ်းလူမျိုး ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြသည်။ ထိုမြို့ပေါ်ရှိ ရှမ်း ပြည်နယ်ဆိုင်ရာ အခြားရုံးများမှာ သီပေါနယ်ဆိုင်ရာ နယ်ခြားဝန်ထောက်ရုံး၊ ကျောက်မဲနယ်ဆိုင်ရာ ခရိုင် အင်ဂျင်နီယာရုံး၊ ကျောက်မဲ နယ်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးတို့ ဖြစ်ကြသည်။ မြို့မှာ ခေတ်မှီမြို့တစ်မြို့ ဖြစ်သည့်အတိုင်း အထက်တန်းကျောင်း၊ ပြည်သူ့ဆေးရုံ၊ လယ်ယာစိုက်ပျိုးမှု ဥယျာဉ်တို့လည်း ရှိ၏။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက် တွင် ကျောက်မဲမြို့ကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့သည်။
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]ကျောက်မဲမြို့သည် သိန္နီမြို့၊သီပေါမြို့တို့ကဲ့သို့ မြို့ဟောင်းတစ်ခုမဟုတ်ချေ။ မြို့သစ်တစ်မြို့သာဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်ခန့်က မြန်မာပြည်မဘက်မှ ကုန်သည်များသည် နွားဝန်တင်များ၊ လားဝန်တင်များဖြင့် တောတောင်များကို ကျော်ကာ ရှမ်းပြည်နယ်သို့တက်လာခဲ့ကြသည်။ ထိုလမ်းမှာ လူသွားလမ်းသာဖြစ်လေသည်။ ထိုလားဝန်တင်၊နွားဝန်တင်များသည် ယခုကျောက်မဲမြို့ တောင်ဘက် ဘုရားလေးဆူနှင့် ကျွဲကုန်းရွာကြားတွင် စခန်းချခဲ့ကြသည်။ ထိုဈေးကလေးတွင် ရှမ်းကုန်သည်နှင့် မြန်မာကုန်သည်တို့ ကုန်စည်ဖလှယ်ခြင်း ပြုကြသည်။
၁၂၆၀ ခုနှစ်လောက်အထိ ကျောက်မဲဟူသည့် အမည်သညာကိုမရသေး။ မဟိန်လမ် ခေါ် ကျောက်တုံးမည်းများ တည်ရှိရာ တောင်ကုန်း၏ အရှေ့မြောက်ဘက်တွင် လုံတော၊ ကြိမ်တောကြီးများကို ခုတ်ထွင်ရှင်းလင်းထားသည့် "လုံပိုင်"ဆိုသည့် ရွာလေးတစ်ရွာရှိသည်။ ထိုရွာကလေးနှင့် နမ့်တုံမြို့ကြား ဈေးတည်ရန် နေရာရွေးသောအခါ ကျောက်တုံးအမဲများရှိသည့် ကုန်းကလေးကို ရွေးကြသည်။ ထို့ကြောင့် ထိုနေရာကို ကပ်မဟိန်လမ် ဟု ရှမ်းတို့က ခေါ်ကြသည်။ ရှမ်းဘာသာအားဖြင့် "ကပ်" ဆိုသည်မှာ "ဈေး"ဖြစ်၍ "မဟိန်"ဆိုသည်မှာ "ကျောက်တုံး" ကိုခေါ်ခြင်းဖြစ်ပြီး "လမ်"မှာ "မည်းနက်သည်" ဟု အဓိပ္ပာယ်ထွက်လေသည်။
ကျောက်မဲမြို့ဟု ဖြစ်လာသည်မှာ ခရစ်သက္ကရာဇ် ၁၉၀၂ ခုနှစ်တွင်မှ ဖြစ်လေသည်။ ထိုနှစ် မေလ ၁၄ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၂၆၄ ခု၊ ကဆုန်လဆန်း ၈ ရက်၊ သောကြာနေ့ ၁၂ နာရီတွင် သီပေါစော်ဘွားကြီး ဆာစောချယ်၊ လားရှိုးအရေးပိုင် မစ္စတာသွန်မဆင်၊ ကျွဲကုန်းနယ်ပိုင်ကြီး ဦးခွန်ထွန်း၊ ကျောက်မဲကြီးရွာနယ်ပိုင်ကြီး ဦးဆံမူးတို့ လာရောက်၍ မြို့ကို ပန္နက်ရိုက်ပေးခဲ့သည်ဟု ဆိုသည်။ ထိုမြို့ပိုင်နှစ်ဦးတို့က မြို့သစ်ကို သူ့အပိုင် ကိုယ့်အပိုင်တွင် တည်စေချင်သဖြင့် အငြင်းပွားကြရာမှ နောက်ဆုံးတွင် ထိုမြို့နှစ်မြို့ကြား ဈေးသစ်နေရာကို ရွေးလိုက်ပြီး ယခု ကျောက်မဲမြို့ကို တည်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ နမ့်တုံမြို့ မြောက်ဘက်ရှိ ကပ်မဟိန်လမ်ခေါ် ကျောက်မဲဈေးကို အစွဲပြုကာ ကျောက်မဲမြို့ဟု ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်လေသည်။[၃]
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]ကျောက်မဲမြို့မှာ မန္တလေးလားရှိုး မီးရထားလမ်းပေါ်တွင် အရေးကြီးသော မီးရထားလမ်းမြို့ တစ်မြို့ ဖြစ်၏။ သက္ကရာဇ် ၁၂၆ဝ ပြည့်နှစ်တွင် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ မီးရထား လမ်း စတင်ဖောက်လုပ်ရာ၊ ၁၂၆၂ ခုနှစ်တွင် ပြီးစီးသည်။ ၇၅ မိုင်ဝေးသော မိုးကုတ်မြို့နှင့်လည်းကောင်း၊ ၇၅ မိုင်မျှ ဝေးသော နမ့်ဆမ် မြို့နှင့်လည်းကောင်း၊ ၆၃ မိုင်ဝေးသော လားရှိုးမြို့နှင့်လည်းကောင်း မော်တော်ကားလမ်း အဆက်အသွယ်များ ရှိသည်။ အထက်ပါဆက်သွယ်မှု အနေအထားများကို ထောက်ထားခြင်းအားဖြင့် ကျောက်မဲမြို့တည်နေရာမှာ စီးပွားကုန်သွယ်မှု အတွက် အလွန်အရေးပါသော နေရာဖြစ်ကြောင်း ထင်ရှားသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် လက်ဖက် အများဆုံးထွက်သော မြောက်ပိုင်းနယ်မှာ ကျောက်မဲမြို့၏ ကျောထောက် နောက်ခံဒေသ ဖြစ်သည်။ ထိုမှတစ်ပါး မြန်မာပြည်မမှလာသော ကုန်ပစ္စည်းများကိုလည်း ကျောက်မဲမြို့မှ၊ ကျောက်မဲနယ်၊ သီပေါနယ်၊ မိုင်းလုံးနယ် မိုင်းငေါ့နယ် များသို့ ဖြန့်ဖြူးရာ ဗဟိုဒေသလည်း ဖြစ်ပေသည်။
ထင်ရှားသော နေရာများ
[ပြင်ဆင်ရန်]မြို့ပတ်ဝန်းကျင်တွင်မူ စပါးစိုက်ပျိုးကြ၏။ မြို့ပေါ်တွင်ထင်ရှားသောစေတီ ၃ ဆူရှိရာ၊ မီးရထားဘူတာ ရုံအနီး၌ ဘိုးဘိုးအောင်ဘုရား၊ မြို့အရှေ့ဘက်၌ ထုံးဘိုတောင်ဘုရားနှင့် အနောက်ဘက်၌ တောင်ပေါ်ဘုရားခေါ် စေတီတော်များ ဖြစ်ကြသည်။ စော်ဘွားကြီးစောကြာဆိုင် ကိုယ်တိုင် စိန်ဖူးတင်လှူသော ပြည်လုံးချမ်းသာ စေတီလည်း အထင်အရှားရှိသေးသည်။ ထို့ပြင် တစ်မြို့လုံးကိုးကွယ်သော ကိုးမြို့ရှင်နတ်ကွန်းကန္နားကြီးလည်း ရှိသေးသည်။[၄]
ထင်ရှားကျော်ကြားသောဘုရားများ
[ပြင်ဆင်ရန်]- ပြည်လုံးချမ်းသာစေတီ
- မကုဋစေတီ
- စိန္တာမုနိစေတီ
- ရန်အောင်မြင်စေတီ
- အင်ကြင်းတောင်စေတီ
- ရွှေနတ်တောင်စေတီ
- အောင်မြေသာယာငြိမ်းချမ်းရေးကုန်းဘုရား
ထင်ရှားကျော်ကြားသောနေရာများ
[ပြင်ဆင်ရန်]- စခန်းသာဟော်
ဒေသထွက်စိုက်ပျိုးရေးထွက်ကုန်များ
[ပြင်ဆင်ရန်]- လက်ဖက်စို / လက်ဖက်ခြောက် / ပြောင်း
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၄။
- ↑ တော်လှန်ရေး
- ↑ လွမ်းမောဖွယ်ကမ္ဘောဇ သို့မဟုတ် သံလွင်၊ ဒုဋ္ဌဝတီ၊ ရွှေလီရုပ်ပုံလွှာ။ Unknown parameter
|athor=
ignored (|author=
suggested) (အကူအညီ) - ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)