လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
Ministry of Agriculture and Irrigation | |
ဝန်ကြီးဌာန၏ အမှတ်တံဆိပ် | |
ဝန်ကြီးဌာန အကျဉ်းချုပ် | |
ယခင်အဖွဲ့အစည်း | လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန |
ဌာနချုပ် | နေပြည်တော် |
19°47′11″N 96°06′51″E / 19.7862975°N 96.1141331°E | |
ဌာနခွဲများ | ဝန်ကြီးရုံး စီမံကိန်း ဦးစီးဌာန စိုက်ပျိုးရေး ဦးစီးဌာန စိုက်ပျိုးရေး သုတေသန ဦးစီးဌာန စက်မှုလယ်ယာ ဦးစီးဌာန ဆည်မြောင်း ဦးစီးဌာန ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန စက်မှုသီးနှံဖွံ့ဖြိုးရေးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် |
ဝက်ဘ်ဆိုက် | moali.gov.mm |
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ
- စီမံကိန်း ဦးစီးဌာန
- စိုက်ပျိုးရေး ဦးစီးဌာန
- စိုက်ပျိုးရေး သုတေသန ဦးစီးဌာန
- စက်မှုလယ်ယာ ဦးစီးဌာန
- ဆည်မြောင်း ဦးစီးဌာန
- ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
- ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန
- ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန
- စက်မှုသီးနှံဖွံ့ဖြိုးရေးဌာန
- မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တို့ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် လယ်ယာစိုက်ပျိုးရေးအပေါ်၌သာ အထက်ကျော်ကာရီမှစ၍ ယနေ့တိုင် အားကိုးအားထားပြုနေခဲ့ရသည့်အလျောက် နိုင်ငံ၏ အဓိကဖြစ်သော စိုက်ပျိုးရေးကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိုးရဌာနတစ်ခုအနေဖြင့် ခွဲခြားသတ်မှတ်ထားခဲ့လေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားပြီးသည့်နောက်တွင် ဆန် စပါးတိုးချဲ့စိုက်ပျိုးရေးနှင့် အသီးအနှံမျိုးစုံ ပိုမိုထွက်ရှိရေး လုပ်ငန်းရပ်များတွင် လုပ်ကိုင်ရန် အရေးတကြီး လိုအပ်လာသည်ဖြစ်သောကြောင့် လယ်ယာစိုက်ပျိုးရေးဌာနကို ဌာနခွဲငါးခုထားရှိကာ ၁၉၅၄ ခုနှစ် တွင် ပြန်လည်ဖွဲ့စည်း လုပ်ကိုင်လာခဲ့သည်။ ယင်းဌာနခွဲငါးခုတို့မှာ အုပ်ချုပ်ရေးဌာနခွဲ၊ သုတေသနဌာနခွဲ၊ တိုးချဲ့လုပ်ကိုင်ရေးဌာနခွဲ၊ စက်ယန္တရားဌာနခွဲနှင့် ရောင်းဝယ်ရေးဌာနခွဲတို့ ဖြစ်ကြ၍ ဌာနခွဲတစ်ခုတွင် အကြီးအကဲ အုပ်ချုပ်သူတစ်ဦးစီ ထားရှိလေသည်။
- အုပ်ချုပ်ရေးဌာနခွဲ။ ။ လယ်ယာစိုက်ပျိုးရေးဌာန၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စအဝဝတို့ကို အုပ်ချုပ်ရေးဌာခွဲမှ စီမံခန့်ခွဲ အုပ်ချုပ်သွားလေသည်။ စိုက်ပျိုးရေးဘက်ဆိုင်ရာ ကိစ္စအဝဝတို့ကိုကား သက်ဆိုင်ရာဌာနခွဲအသီးသီးတို့ကတာဝန်ယူဆောင်ရွက်သွားကြသည်။
- သုတေသနဌာနခွဲ။ ။ စပါးမျိုးကောင်းမျိုးသန့်ရရှိရေးအတွက် သုတေသနလုပ်ငန်းကို စစ်တွေ၊ မှော်ဘီး၊မြောင်းမြ၊ မန္တလေး၊ မုဒုံတို့တွင် လုပ်ကိုင်လာခဲ့ရာ နောက်ထပ်တွေ့ရသော စပါးမျိုးသစ်များမှာ လက်ရှိအသက်တူ စပါးများထက် အထွက်ကောင်းမွန်ကြောင်းတွေ့ခဲ့ရသည်။ ထို့ပြင် မှော်ဘီဥယျာဉ်တွင် မြန်မာစပါးမျိုးများထက် ဆန်ရည်ဆန်သားကောင်းမွန်ပြီး အထွက်သာသည့် မြန်မာ - ဂျပန်စပ်များကို တွေ့ရှိသည်မှာ အားရဖွယ်ဖြစ်သည်။ မြန်မာစပါးမျိုးထဲမှ ရသေ့စပါးမျိုးကို သုတေသနလုပ်ရာတွင် ယင်းသည် ဂျပန် စပါးမျိုးများကဲ့သို့ မြေဩဇာကို ကောင်းစွာစားသုံးနိုင်သည့်ပြင် အကျိုးရှိစွာ စားသုံးနိုင်ကြောင်း တွေ့ရသည်။ ထို့အတူ ဝါ၊ မြေပဲ၊ ကြံ တို့ကိုလည်း သုတေသနပြုလုပ်ကြသည်။ ထိုလုပ်ငန်းများအပြင် နှမ်း၊ ပဲ၊ ပဲငပိ၊ ကုလားပဲ၊ ပြောင်းဖူး၊ ကြက်သွန်၊ ဂျုံ စသောသီးနှံတို့ မျိုးရွေးချယ်ခြင်းလုပ်ငန်း၊ ကောက်ပဲသီးနှံများအတွက် သင့်တော်မည့် မြေဩဇာမျိုးနှင့် အသုံးပြုနည်း၊ သီးထပ် သီးည|ပ်အလှည့်ကျ စိုက်ပျိုးနည်းများ၊ ကောက်ပဲသီးနှံများ၏ ရောဂါနှိမ်နင်းကာကွယ်ရေး၊ သီးနှံတို့၏ ဗီဇပင်ကိုသတ္တိ ပြောင်းလဲရေး၊ မြေ၊ မြေဩဇာ၊ ကောက်ပဲသီးနှံတို့ကို ဓာတ်ခွဲလေ့လာခြင်း၊ နိုင်ငံခြားသို့တင်ပို့သော ဆန်၊ အာလူး၊ ပဲနှင့် အခြားသီးနှံများအတွက် ရောဂါပိုးစစ်ဆေး၍ လက်မှတ်ထုတ်ပေးခြင်း၊ နိုင်ငံခြားမှ တင်သွင်းသော သီးနှံ၊ ကာဖီစေ့ပန်းပင်များတွင်ရောဂါပိုးများ ရှိ/မရှိ စစ်ဆေးခြင်းစသော သုတေသနလုပ်ငန်းအရပ်ရပ်တို့ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
- တိုးချဲ့လုပ်ကိုင်ရေး ဌာနခွဲ။ ။ ဤဌာနခွဲလက်အောက်တွင် စိုက်ပျိုးတိုင်း ကိုးတိုင်းခွဲ၍ တစ်တိုင်းစီတစ်တိုင်းစီ၌ တိုင်းစိုက်ပျိုးရေးဝန် တစ်ဦးစီ လုံးဝ တာဝန်ယူကာ အုပ်ချုပ်စေခဲ့သည်။ သုတေသနမှ ထွက်ပေါ်လာသည့် လယ်ယာစိုက်ပျိုးမှု တိုးချဲ့လုပ်ကိုင်ရေးကို ခေတ်နှင့်တန်းတူလိုက်နိုင်အောင် စနစ်တကျဆောင်ရွက်လျက် ရှိလေသည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီက မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စိုက်ပျိုးလုပ်ကိုင်နိုင်သော လယ်မြေဧရိယာမှာ ဧက ၁၂ သန်းရှိရာ စစ်ပြီးနောက် ဤဌာနမှ ထိုလယ်မြေ ဧရိယာအားလုံးကို မျိုးကောင်းမျိုးသန့် စပါးများဖြင့် ပြည့်ဝအောင် စိုက်ပျိုးနိုင်ရန် လုပ်ကိုင်လျက်ရှိ၏။ အထက်ပါ သီးနှံများအပြင် ဗာဂျီနီးယားစီးကရက်ဆေး စိုက်ပျိုးထုတ်လုပ်ရေး၊ အုန်းစီမံကိန်း၊ ငါးမွေးမြူရေး၊ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးစသည့် စီမံကိန်းများကို ဤဌာခွဲမှ မြေယာကျေးလက်ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်းနှင့် ပူးပေါင်းကာ အကောင်အထည်ဖော်သွားလေသည်။
- စက်ယန္တရားဌာနခွဲ။ ။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးတိုင်းပြည်ဖြစ်သည်အားလျော်စွာ ကျွဲ၊ နွားများကိုသာလုံးဝ အမှီပြု၍ စေခိုင်းခဲ့ရသည်။ သို့သော် ကမ္ဘာစစ်ကြောင့် ကျွဲနွားနည်းပါးမှုပြဿနာကို ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့်ပင် အချို့အသီးအနှံများကို စစ်မဖြစ်မီ ဧရိယာအထိ မစိုက်ပျိုးနိုင်ခဲ့ခြင်း၊ ပြည်တွင်း၌ မဖူလုံသော သီးနှံများ တိုးချဲ့စိုက်ပျိုးရာ၌ ဖင့်နွဲ့ ခက်ခဲလျက်ရှိခြင်း၊ တစ်ပြည်လုံးတွင် စိုက်ပျိုးနိုင်လျက် မစိုက်ပျိုးရသေးသော မြေရိုင်းဧက အများအပြား ကျန်ရှိနေသေးခြင်းများ ရှိနေပေသည်။ တစ်ဖန် စက်မှုလုပ်ငန်းများ တိုးချဲ့လာသည့်အတိုင်း တောင်သူလယ်သမားများသည် စက်မှုလုပ်ငန်းဘက်သို့ တဖြည်းဖြည်းကူးပြောင်းလျက် ရှိကြသည့်အလျောက် လယ်ယာလုပ်ငန်းများအတွက် လိုအပ်သော အလုပ်သမားများ တစ်စတစ်စမလုံမလောက် ဖြစ်လာလေသည်။ အထက်ပါပြဿနာကြီးနှစ်ရပ်ကို ပိုင်နိုင်စွာဖြေရှင်းနိုင်ရန် စိုက်ပျိုးရေးဌာနက စက်မှုလယ်ယာလုပ်ငန်းဖြစ်သည့် စက်ယန္တရားဌာနခွဲကို တီထွင်ဖွင့်လှစ်ခဲ့လေသည်၊ ထို့ကြောင့် ဤဌာနက ၁၉၄၈ ခုနှစ်မှစ၍ လယ်ထွန်စက် အနည်းငယ်ကိုဝယ်ယူပြီး စမ်းသပ်ခဲ့သည်။ အောင်မြင်သည့် အလျောက် ၁၉၅၃ ခုနှစ်တွင် နောက်ထပ် လယ်ထွန်စက် ၉၃ စီးနှင့် ထွန်ထယ်ကိရိယာများကို ဝယ်ယူခဲ့ရာ ၁၉၅၄ ခုနှစ်၌မူ စုစုပေါင်း စက် ၁၁၇ စီးဖြင့် လုပ်ကိုင်ခဲ့ရသည်။ ထိုကြောင့်လည်း ထို့နှစ်တွင် လယ်မြေဧကပေါင်း ၃၂ဝဝဝ အထိ စက်ဖြင့် ထွန်ယက်လုပ်ကိုင် ပေးနိုင်ခဲ့လေသည်။ နောက်ထပ် ထွန်စက်များနှင့် ထွန်ထယ်ကိရိယာများကို ဝယ်ပေးခဲ့ရာ ထွန်စက်အင်အားမှာ ၅၁၅၁ (၁၉၆၇) ဖြစ်လာသည်။ နောင်တွင် လယ်ယာလုပ်ငန်းကို စက်ဖြင့် တည်ဆောက်သွားနိုင်လိမ့်မည်ဟု ယူဆရသည်။
- ရောင်းဝယ်ရေးဌာနခွဲ။ ။ ဤဌာနခွဲမှ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ကိုယ်စား မျိုးကောင်း မျိုးသန့်စပါးများ ရရှိနိုင်ရန် ဝယ်ယူရသည်။ ဤသို့ ဝယ်ယူရာ၌ မျိုးသန့်စပါးများကို ပထမတန်းအစား၊ ဒုတိယတန်းအစား ခွဲခြား၍ ဝယ်ယူရသည်။ ဤဌာနခွဲ၏ အခြားတာဝန်ဝတ္တရားများမှာ သီးနှံတစ်မျိုးစီ တစ်မျိုးစီအတွက် စိုက်ဧက၊ ပြည်တွင်းအတွက် ထွက်ကုန်ဝင်ကုန်စာရင်းအင်းများ အစရှိသည့် အခြေခံအကြောင်းအရာများကို စုဆောင်းပေးရခြင်း၊ ကောက်ပဲသီးနှံရောင်း ဝယ်ရေး စာစောင်ထုတ်ဝေခြင်း၊ အလေးတင်း တောင်းများ စံထားစနစ်ထား ရှိရေး၊ သီးနှံကုန်ပစ္စည်းအမျိုးအစား စံထားစနစ်အားဖြင့် ခွဲခြားသတ်မှတ်ခြင်းတို့ ဖြစ်လေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)