စိုက်ပျိုးရေး သုတေသန ဦးစီးဌာန

ဝီကီပီးဒီးယား မှ


စိုက်ပျိုးရေး သုတေသန ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၂၇ ဇွန် ၁၉၅၄ (စိုက်ပျိုးခြင်းသုတေသနဗိမာန်)
  • ၂၇ ဇန်နဝါရီ ၂၀၀၄ (စိုက်ပျိုးရေးသုတေသန ဦးစီးဌာန)
ယခင်အဖွဲ့အစည်းစိုက်ပျိုးခြင်းသုတေသနဗိမာန်
ဝန်ကြီးများဦးမင်းနောင်
မိခင်အဖွဲ့အစည်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moali.gov.mm

စိုက်ပျိုးရေးသုတေသန ဦးစီးဌာန (အင်္ဂလိပ်: Department of Agricultural Research) သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

စိုက်ပျိုးရေးသုတေသနဌာနကို ၁၉၅၄ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့မှစတင်၍ စိုက်ပျိုးရေး သုတေသနဗိမ္မာန်အဖြစ် ဌာနခွဲ(၅)ခု-အုပ်ချုပ်ရေးဌာနခွဲ၊စိုက်ပျိုးရေးဌာနခွဲ၊စိုက်ပျိုးရေးဓာတုဗေဒဌာနခွဲ၊ပိုးမွှားဌာနခွဲနှင့် အပင်ရောဂါဌာနခွဲတို့ဖြင့် အရာထမ်း (၁၆)ဦး၊ အမှုထမ်း(၉၉)ဦးတို့ဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ဆန်စပါးသုတေသနလုပ်ငန်းများကို သီးနှံဌာနစိတ်မှ ပြည်တွင်း ပြည်ပစပါးမျိုးများ ယှဉ်ပြိုင်ခြင်းနှင့် စိုက်ပျိုးနည်းစနစ်ဆိုင်ရာ စမ်းသပ်မှုများကိုလည်းကောင်း၊ ရုက္ခဗေဒဌာနစိတ်မှ စပါးမျိုးကူးစပ်မွေးမြူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ရာကျော်-၁၊ရာကျော်-၂ နှင့် စီ ၄-၆၃ စပါးမျိုးများသည် ထိုကာလ၏ သုတေသနရလဒ်များပင်ဖြစ်ပါသည်။ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းတွင်စတင်တည်ထောင်ထားသဖြင့် စပါးတစ်မျိုး တည်းကိုသာ သုတေသနပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများက စပါးအပြင်ယာသီးနှံများကိုပါသုတေသနပြုလုပ်သင့်ကြောင်းသဘောပေါက်ကြသဖြင့် အထက်မြန်မာနိုင်ငံတွင် သီးနှံစုံဖြင့် သင့်လျော်မည့်နေရာကိုရွေးချယ်ရာမှ ပထမတွင် ကျောက်ဆည် ခရိုင်အားရည်ရွယ်ခဲ့သော်လည်း အပူပိုင်းဇုံတွင် ကျရောက်နေသဖြင့် အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံ ဆက်စပ်ရာဝန်းကျင် ဖြစ်သော မန္တ​လေးတိုင်း၊ ပျဉ်းမနားမြို့နယ်၊ ရေဆင်းနယ်မြေအား ရွေးချယ်လိုက်ပါသည်။ပထမဦးစွာ ၁၉၇၁ခုနှစ်တွင် ကြို့ကုန်းမှ ရေဆင်းသို့စတင်​ပြောင်းရွေ့ပြီး၊ စတင်ပြောင်းရွေ့သော ၂-၃ နှစ်အတွင်း တစ်ဧကလျှင် စပါး ၂၆-၃၀ တင်းမျှသာထွက်ရှိသည်။၁၉၇၃ ခုနှစ်တွင် ဆန်စပါးဌာနစိတ်ပြောင်းရွေ့လာပြီး စပါးစမ်းသပ်ကွက်များစတင်စိုက် ပျိုးစမ်းသပ်ခဲ့ပါသည်။ဆန်စပါးသုတေသနလုပ်ငန်းများမှာ မျိုးကူးစပ်ခြင်း၊ စိုက်ပျိုးနည်းစနစ်များ စမ်း သပ်ခြင်း၊ ပြည်တွင်းစပါးမျိုးများစုဆောင်းခြင်းနှင့်အခြေခံမျိုးအဆင့်(၁)ပွားများခြင်းလုပ်ငန်းများပါဝင် သည်။ ကြို့ကုန်းတွင်မျိုးကူးစပ်၍ရရှိခဲ့သောသားဆက်လိုင်းများကိုဆက်လက်ရွေးချယ်မှုများပြုလုပ်ခဲ့ရာရွှေဝါထွန်းနှင့် စိန်တလေးစပါးမျိုးများ ရရှိခဲ့ပြီး စတင်ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင်FAO, UNDP အကူအညီဖြင့် စိုက်ပျိုးရေးသုတေသနဌာန တိုးချဲ့ရေးလေးနှစ်စီမံကိန်း(Strengthening of ARI)ဖြင့် သုတေသနလုပ်ငန်းများတိုးချဲ့ရေးများဆောင်ရွက်ခဲ့သည်။ထိုစီမံကိန်းတွင် စပါး၊ ဝါ၊ ဂုန်လျှော်၊ ပဲမျိုးစုံမျိုးကောင်းမျိုးသန့် မွေးမြူရေးလုပ်ငန်းများနှင့်မြေယာပြုပြင်ရေး၊  ဝန်ထမ်းအင်အားတိုးချဲ့ခြင်းများ၊ကျွမ်းကျင်ပညာရှင်များအားပြည်ပမှငှားရမ်းဆောင်ရွက်ခြင်းများ၊လယ်ယာသုံးစက်ကိရိယာနှင့် ဓာတ်ခွဲခန်းပစ္စည်းဝယ်ယူဖြည့်တွင်းရေး၊ ပြည်ပသို့ ပညာသင်များစေလွှတ်ခြင်းများဆောင်ရွက်ခဲ့သည်။

အသစ်ဖွင့်လှစ်သောဌာနစိတ်များမှာ

  • ပြောင်းဖူး နှင့်အခြားသီးနှံ
  • ကြံဌာနစိတ်
  • ပဲမျိုးစုံ
  • ဂုန်လျှော်နှင့်ဝါ
  • ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဌာနစိတ်

တို့ဖြစ်သည်။၁၉၇၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ စီမံကိန်းကာလအား ဒုတိယအကြိမ်အဖြစ်သီးနှံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Crop Development Project) အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။၁၉၇၆ခုနှစ်တွင် ဓာတုဗေဒဌာနစိတ်ကိုလည်းကောင်း၊ ၁၉၇၇-၁၉၇၈ ခုနှစ်တွင် ကိမိလနှင့်ရုက္ခဗေဒတို့အားလည်းကောင်းပြောင်းရွေ့ခဲ့သည်။၁၉၇၈ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အီရီ-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (IRRI-Burma Cooperative Project) ဖြင့် စပါးမျိုးကောင်းမျိုးသန့် မွေးမြူရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဒုတိယအကြိမ်စီမံကိန်းအား မြန်မာ-အီရီ သီးနှံပုံစံ စိုက် ပျိုးစနစ်သုတေသနစီမံကိန်းအမည်ဖြင့် ဆန်စပါးသုတေသနလုပ်ငန်းအပြင် စပါးအခြေခံသောသီးနှံပုံစံသုတေသနနှင့် အသေးစားလယ်ယာသုံးကိရိယာထုတ်လုပ်ရေးလုပ်ငန်းများပါဝင်သည်။

၁၉၈၇ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ သီးနှံတိရစ္ဆာန်မွေးမြူရေးသုတေသနစီမံကိန်း(Crop-Livestock Farming System)ကိုတတိယ အဆင့်အနေဖြင့်ဆောင်ရွက်ခဲ့သည်။၁၉၉၀ ပြည့်နှစ်တွင် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ဖွဲ့စည်းခဲ့ပြီး စိုက်ပျိုးရေးအင်ဂျင်နီယာဌာန စိတ်နှင့် စိုက်ပျိုးရေးဘောဂဗေဒဌာနစိတ်၊အထက်မြန်မာနိုင်ငံနှင့်အောက်မြန်မာနိုင်ငံတို့တွင်ရှိသော သုတေသနခြံများကိုအုပ်ချုပ်ရန် ဒေသသုတေသနရုံးတို့ကိုလည်းကောင်း စတင် ဖွင့်လှစ်ခဲ့သည်။

၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းခွင့်ရရှိခဲ့သည်။ ယခုအခါ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ သီးနှံဌာနခွဲ (၆)ခုဖြင့် ၎င်းဌာနခွဲ (၆)ခုအောက်တွင် သီးနှံဌာနနှင့်အထောက်အကူပြုဌာန(၁၇)ဌာနနှင့် စီမံခန့်ခွဲ ရေးဌာန၊ ငွေစာရင်းဌာန များဖြင့် ဖွဲ့စည်းထားပါသည်။ ယခုအခါ အပင်မျိုးသစ်များ အကာအကွယ်ပေးရေးလုပ်ငန်းစု၊ ​တောင် သူလယ်သမားရုပ်သံလွင့်လုပ်ငန်းစု၊ စိုက်ပျိုးရေးအဏုဇီဝဗေဒသုတေသနဌာနစု၊စပါးဇီဝဥယျာဉ် လုပ် ငန်းစု၊ ရိတ်သိမ်းချိန်လွန်နည်းပညာသုတေသနလုပ်ငန်းစုစသည့်လုပ်ငန်းစု၊ ဌာနစုအသစ်များဖွဲ့စည်းခဲ့ ပြီး ယခုအခါ  သီးနှံဌာနနှင့်အထောက်အကူပြုဌာန (၂၁)ဌာနဖြင့် ဖွဲ့စည်းထားသည်။[၁]

စိုက်ပျိုးရေးသုတေသနဦးစီးဌာန သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ "စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး" ဦးတည်ချက်ကို အကောင်အထည်ဖော်နိုင် ရန်အတွက် မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အဓိက သီးနှံများအတွက် မျိုးနှင့်နည်းပညာများကို ဖော်ထုတ်ရန် စိုက်ပျိုးရေး သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျှော်မှန်းချက်၊ တာဝန်နှင့် ရည်ရွယ်ချက်များ သတ်မှတ်၍ ဆောင်ရွက်လျှက်ရှိသည်။ [၂]

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဒေသအလိုက်သင့်တော်သည့် အထွက်ကောင်းမျိုးများနှင့် စပ်မျိုး(Hybrid Variety) များ ဖော်ထုတ်ရန်။
  • သီးနှံအလိုက်၊ ဒေသအလိုက်၊ အကျိုးအမြတ် အများဆုံးရရှိ၍ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်မည့် စိုက်ပျိုးနည်းစနစ်များ၊ သီးနှံဗီဇမျိုးကွဲများ ထိန်းသိမ်းအသုံးချရန်နှင့် သီးနှံပုံစံများ ဖော်ထုတ်ရန်။
  • အဆင့်မြင့်သိပ္ပံ နည်းပညာများနှင့် အပင်ဇီဝနည်းပညာ သုတေသန လုပ်ငန်း (Biotechnology Research)များ ဖွံ့ဖြိုးရန်။
  • ဖော်ထုတ်ရရှိသော မျိုးနှင့် နည်းပညာများကို စိုက်ပျိုးသူများ လက်ဝယ်သို့ရောက်ရှိရေး ဆောင်ရွက်ရန်။
  • လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ လက်အောက်ရှိ ဌာနခွဲများနှင့် ဌာနစုများမှာ အောက်ပါအတိုင်းဖြစ်သည်။[၃]

  • စပါးနှင့်နှံစားသီးနှံဌာနခွဲ
    • စပါးသီးနှံဌာနစု
    • နှံစားသီးနှံဌာနစု
  • ဆီထွက်သီးနှံနှင့်ပဲမျိုးစုံဌာနခွဲ
    • ဆီထွက်သီးနှံဌာနစု
    • ပဲမျိုးစုံဌာနစု
  • စက်မှုကုန်ကြမ်းနှင့်ဟင်းသီးဟင်းရွက်သစ်သီးဝလံဌာနခွဲ
    • စက်မှုကုန်ကြမ်းသီးနှံဌာနစု
    • ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံဌာနစု
  • မြေဆီလွှာ၊ ရေအသုံးချရေးနှင့်စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲ
    • မြေဆီလွှာဌာနစု
    • ရေအသုံးချရေးသုတေသနဌာနစု
    • စိုက်ပျိုးရေးအင်ဂျင်နီယာဌာနစု
  • သီးနှံစိုက်ပျိုးရေးနှင့်လယ်ယာစီးပွားသုတေသနဌာနခွဲ
    • သီးနှံစိုက်ပျိုးရေးစနစ်ဌာနစု
    • လယ်ယာစီးပွားဌာနစု
    • စာရင်းအင်းဌာနစု
  • ဇီဝနည်းပညာ၊ မျိုးစေ့ဘဏ်နှင့်သီးနှံကာကွယ်ရေးသုတေသနဌာနခွဲ
    • ဇီဝနည်းပညာဌာနစု
    • မျိုးစေ့ဘဏ်ဌာနစု
    • ပိုးမွှားဌာနစု
    • အပင်ရောဂါဌာနစု
  • စီမံခန့်ခွဲရေးနှင့်ငွေစာရင်းဌာနခွဲ
    • စီမံခန့်ခွဲရေးဌာနစု
    • ငွေစာရင်းဌာနစု
    • ပြည်ပဆက်သွယ်ရေးနှင့်စီမံကိန်းလုပ်ငန်းဌာနစု
    • ဒေသသုတေသနဌာနစု

ကိုးကား[ပြင်ဆင်ရန်]

  1. "စိုက်ပျိုးရေးသုတေသန ဦးစီးဌာန"၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။ Archived from the original on 24 September 2020။ 
  2. စိုက်ပျိုးရေးသုတေသနဦးစီးဌာန။ ၂၉ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မတ်လ ၂၀၁၂ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဌာနခွဲနှင့် ဌာနစုများ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]