ဆည်မြောင်း ဦးစီးဌာန

ဝီကီပီးဒီးယား မှ

ဆည်မြောင်းဦးစီးဌာနသည် ယခင်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်သည်။ ယခုအခါတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်​အောက်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအဖြစ် ဖွဲ့စည်းထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာ့ဆည်မြောင်းစီမံကိန်းများသည် ပုဂံအင်ပါယာခေတ်(အေဒီ ၈၄၉-၁၂၉၇) ကာလမှ စတင်ခဲ့သည်ဟု ဆိုကြသည်။ ၁၈၆၁ ခုနှစ်၊ ကိုလိုနီခေတ်တွင် ပြည်သူ့လုပ်ငန်းဌာနအဖြစ် အောက်မြန်မာနိုင်ငံတွင် ဖွဲ့စည်းခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ‘အဆောက်အဦးလမ်းဌာနခွဲ’ နှင့် ‘ဆည်မြောင်းဌာနခွဲ’ အဖြစ် ပြည်သူ့လုပ်ငန်းဌာနအောက် တွင် ခွဲခြားဖွဲ့စည်းခဲ့သည်။ ၁၉၃၀ ခုနှစ်တွင် ဆည်မြောင်း (၉)ခရိုင်အတွင်း ဆည်မြောင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဆည်မြောင်းဦးစီးဌာနကို လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၆၆ ခုနှစ်၊ ဩဂုတ်လ(၇)ရက်နေ့တွင် ဆည်မြောင်းဦးစီးဌာနသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာတွင် ပါဝင်ခဲ့သည်။[၁] ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ( ၁၅ )ရက်တွင်   လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အုပ်ချုပ်မှုအောက်၌ ဆည်မြောင်းဦးစီးဌာနနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ ဌာန (၂) ခုတို့ကို ပူးပေါင်း၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ( ၁ )ရက်နေ့ မှစတင်၍ ယခင် လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအား သမဝါယမဝန်ကြီးဌာန၊ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းလျက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ဝန်ကြီးရုံး(၃)ရုံးအားဝန်ကြီးရုံး(၁)ရုံးအဖြစ် ပြင်ဆင် ဖွဲ့စည်းပြီး ဝန်ကြီးရုံးအောက်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အပါအဝင်ဌာန(၁၂) ခု ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၂]

လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

ဆည်မြောင်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ-

  • ဆည်မြောင်းစီမံကိန်းအသစ်များအား ဒီဇိုင်းရေးဆွဲရန်၊
  • ဆည်မြောင်းစီမံကိန်းအသစ်များအား စီမံကိန်းနှင့် အကောင်အထည်ဖော်ရန်၊
  • တည်ဆောက်ပြီး ရေပေးဝေရေးနှင့် ရေထုတ်စနစ်များအား လုပ်ငန်းလည်ပတ်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်၊
  • နွေစပါးချောင်း/မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်ရန်၊
  • ကျေးရွာတာတမံနှင့် တူးမြောင်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် နည်းပညာကူညီပေးရန်၊
  • ရေပေးတူးမြောင်းတစ်လျှောက်တွင် အသေးစား ရေအားလျှပ်စစ်စက်ရုံများ တပ်ဆင်ပေးရန်၊
  • လယ်ကွက်အတွင်း ရေစီမံခန့်ခွဲမှုသင်တန်းများ ဆောင်ရွက်ပေးရန်၊
  • ဆည်မြောင်းဝန်ထမ်းများအား သင်တန်းပေးရန် နှင့်
  • စက်မှုလယ်ယာထူထောင်နိုင်ရန်အတွက် လယ်ယာမြေပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးရန် တို့ဖြစ်သည်။[၁]

တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးခွဲများ[ပြင်ဆင်ရန်]

ဆည်မြောင်းဦးစီးဌာနလက်အောက်တွင် တိုင်းဒေသကြီး(၉) ခု၊ ပြည်နယ်(၇) ခုနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့တွင် ညွှန်ကြားရေးမှူး(သို့မဟုတ်) ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ အရာရှိများဦးဆောင်လျက် ရှိသည့် ထိန်းသိမ်းရေးရုံး(၁၇)ရုံးမှ တည်ဆောက်ပြီး ဆည်မြောင်းလုပ်ငန်းများ ပြုပြင်ထိန်းသိမ်း၍ ရေပေးဝေခြင်း၊ ရေဘေးကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။ တည်ဆောက်ရေးလုပ်ငန်းများနှင့် သွားလာရလွယ်ကူသည့် အချက်အချာကျသည့် မြို့ကြီး(၉)မြို့၌လည်း ညွှန်ကြားရေးမှူးအဆင့် အုပ်ချုပ်လျက် ရှိသည့် တည်ဆောက်ရေးရုံး (၉)ရုံးရှိပြီး ဆည်မြောင်းစီမံကိန်းအသစ် တည်ဆောက်ခြင်း၊ အကြီးစားပြုပြင်မွမ်းမံခြင်းစသည့် ဆည်မြောင်းလုပ်ငန်းများ ဆောင်ရွက်နေလျက် ရှိသည်။ တည်ဆောက်၊ ထိန်းသိမ်းရေးလုပ်ငန်းများတွင် တည်ဆောက်ရေးဆိုင်ရာ စက်ယန္တယားကြီးများကို အသုံးပြုရသဖြင့် ဆည်မြောင်းဦးစီးဌာနလက်အောက်တွင် စက်မှုဌာနခွဲတစ်ခု ထားရှိပြီး အင်ဂျင်နီယာချုပ်(စက်မှု) မှ ဦးဆောင်လျှက် စက်မှုတိုင်း(၄)ခုဖြင့် နိုင်ငံအနှံ့ ဖြန့်ခွဲဆောင်ရွက်လျက် ရှိသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ နောက်ခံသမိုင်းကြောင်း။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. "ဆည်မြောင်းဦးစီးဌာနနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန"၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။ Archived from the original on 18 April 2019။ 
  3. ဆည်မြောင်းဦးစီးဌာန၏ အဓိကရည်မှန်းချက်များ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]