ပျူလူမျိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သဘာဝ အရိုင်းသက်သက် မျှသာရှိသေးသည့် မြန်မာနိုင်ငံတွင်းသို့ ပထမဦးဆုံး တိုးဝှေ့ဝင်ရောက်လာသည်မှာ အနောက်တိဗက် အနွယ်ဝင် ပျူလူမျိုးများဖြစ်သည်။ ပျူ နှင့် အနွယ်တူ ရှေးဟောင်းလူမျိုးများသည် အိန္ဒိယပြည် အရှေ့ဘက် ဒေသများမှ အစုစုကွဲကာ ဧရာဝတီမြစ်ဝှမ်း ဒေသတဝိုက်သို့ ပြန့်နှံ့ သွားကြဟန်ရှိသည်။ ရခိုင်ကမ်း ရိုးတန်းဒေသသို့လည်း ဝင်ရောက်သွားကြသည်ဟု ယူဆရသည်။ ဧရာဝတီမြစ်ဝှမ်း ဒေသတဝိုက်တွင် ပျူလူမျိုးများနှင့် သက်ဆိုင်သည့် ရှေးဟောင်းမြို့ပျက်များ၊ အသုံးအဆောင်များအား ရှာဖွေတူးဖေါ် တွေ့ရှိချက်အရ ရှေးဟောင်းပျူလူမျိုးများသည် မြန်မာနိုင်ငံ အထက်ပိုင်း ရွှေဘိုမုံရွာအလောင်းတော် ကဿဖဖိုလ်ဝင်တောင်‎ဟန်လင်းကြီးတကောင်းမြင်းခြံပုဂံပုပ္ပားမကွေးမင်းဘူးသရက်တောင်တွင်းကြီးရမည်းသင်းညောင်လွန်ပြည်မှော်ဇာနယ်များတွင် မြို့ပြပြည်ရွာများ ထူထောင်ခဲ့ကြသည်ဟု အထောက် အထား အခိုင်အမာ တွေ့ရှိရသည်။

သရေခေတ္တရာမြို့ဟောင်းအား တူးဖေါ်သည့်အခါ ဝိကရာမနှင့် ဝါရမမင်းဆက်များ၏ အရိုးအိုးများကို ရှာဖွေတွေ့ရှိရသည်။ ဝိကရာမ နှင့် ဝါရမမင်းဆက်များသည် (၇) ရာစုခန့်လောက်က သရေခေတ္တရာတွင် စိုးစံခဲ့ကြောင်း အရိုးအိုးများပေါ်တွင် ကမ္ဗည်း ထိုးထားသည့် စာတမ်းများက အခိုင်အမာသက်သေခံ လျက်ရှိသည်။ ယင်း အနောက် တိဗက်အနွယ်ဝင် ပျူလူမျိုးများနှင့် အနွယ်တူလူမျိုး များသည် အိန္ဒိယအရှေ့ပိုင်းဒေသသို့ ရောက်နှင့်နေကြသော အင်ဒိုအာရိယန်များနှင့် နှစ်ကာလ အတန်ကြာ နေထိုင်လာခဲ့သောကြောင့် အင်ဒိုအာရိယန်များထံမှ ကုန်ထုတ်လုပ်မှု အတွေ့အကြုံနှင့် ယဉ်ကျေးမှုများကို ဆက်ခံ ရရှိ လာဖွယ်ရှိသည်။

တူးဖေါ်တွေ့ရှိရသည့် ကိုးကွယ်မှုဆိုင်ရာ ဘုရားပုထိုးများ၊ ရုပ်ထုဆင်းထုများ ကိုကြည့်၍၊ ဗြဟ္မဏ၊ မဟာယန ထေရဝါဒ ဗုဒ္ဓဘာသာ စသည်ဖြင့် ရောထွေးနေကြောင်း ထင်ရှားစွာ တွေ့ရသည်။ ပျူတို့၏ ဗိသုကာနည်းမှာ အိန္ဒိယပြည် ဂုတ္တခေတ် သို့ နွယ် နေပြီး သက္ကတ နှင့် ပါဠိစာပေများကိုသုံးစွဲ ကြောင်းသိရသည်။ အက္ခရာ အရေး အသား မှာ အိန္ဒိယနိုင်ငံ သုံးဗြဟ္ဓီသို့နွယ်သည့် ကဒမ္ဘ အက္ခရာမျိုးနှင့် ဆင်တူလေသည်။

သမိုင်းဝင် တရုတ်နန်းတွင်း မှတ်တမ်းများနှင့် တရုတ်စာပေများ၌ မြန်မာနိုင်ငံ ပျူလူမျိုးများသည် (၄) ရာစုလောက်ကတည်းက တိုးတက်ယဉ်ကျေးလျက်ရှိသည့် လူမျိုးအဖြစ်ဖေါ်ပြထားသည်။ (၈) ရာစုလောက်တွင် ပျူလူမျိုးများတွင် ကြီးကျယ်ခမ်းနားပြီး အံ့ဩလောက်ဖွယ်ရာ မြို့ကြီး ၅ မြို့နှင့် ပြည်နယ်ကလေးများ (၁၈) နယ် မျှရှိကြောင်း ပျူမင်းသား အရှင်သခင်များတွင် အချွေအရံများ ကျေးကျွန် သင်းပင်းများ ရှိကြောင်း ယူနန်နယ် နန်ချိုဘုရင်သည် ပီကင်းတရုတ်ဧကရာဇ်ဘုရင်ထံ အဖူးအမျှော် လာရောက်သည့်အခါ သံအဖွဲ့နှင့်အတူ ပျူမင်းသားအကြီးအကဲ နှင့် ကချေသည် အဖွဲ့တဖွဲ့လည်း ပါလာကြောင်း ဖေါ်ပြမှတ်တမ်းတင်ထားသည်။

ပျူတို့၏ ယဉ်ကျေးမှု[ပြင်ဆင်ရန်]

၈ ရာစုနှစ်များအတွင်း ပျူလူမျိုးတို့ ရရှိပြီးဖြစ်သော ယဉ်ကျေးမှု အဆင့်အတန်းသည် အံ့ဖွယ်ကောင်းလောက်အောင် မြင့်လှသည်။ လက်မှုပညာ၊ စာရေးသားမှု၊ ကိုးကွယ်ယုံကြည်မှု၊ လူမှုဆက်ဆံရေး စသည့်အချက်အလက်တို့၌ အထက်တန်းကျလေသည်။ ပျူလက်မှုပညာသည်တို့သည် ပန်းထိမ်၊ ပန်းပု၊ ကျောက်ဆစ်ပညာရပ်၌ ပုဂံခေတ် လက်မှုပညာသည်တို့ထက် သာလွန်သည်ကို တွေ့ရသည်။ တူးဖော်တွေ့ရှိရသော ဗုဒ္ဓဘုရား၏ ဆင်းတုတော်တို့မှာ ရွှေ၊ ငွေ၊ ငွေရည်စိမ်၊ ကြေးနီ၊ ခဲတို့ဖြင့် ပြီး၍ သပ္ပာယ်လှသည်။

ခြင်္သေ့ရုပ်၊ မကန်းရုပ်များကို ရုပ်လုံးဝက် ဖောင်းကြွဖော်ထားသော တကဲများနှင့် ရောင်ခြည်တော် လွှတ်ပုံများကိုလည်း တွေ့ရသည်။ စက်ဝိုင်းပုံ၊ လခြမ်းပုံ၊ ဘဲဥပုံ ရှိသော ရွှေပန်းကန်၊ ငွေပန်းကန်များ လေးထောင့်အံစာပုံ ရှိသော၊ ကတော့ပုံရှိသော၊ ပြွန်ချောင်းပုံရှိသော ရွှေကြုတ်၊ ငွေကြုတ်များ၊ ငွေလှေငယ် ကျောက်စိမ်းဖြင့် ပြီးသော ဆင်ရုပ်၊ ဖလ်ကျောက် မကန်းရုပ်၊ မဟူရာဖြူ လိပ်ရုပ်၊ ဝမ်းဘဲရုပ်၊ သမင်ရုပ်၊ လိပ်ပြာရုပ်များ၊ ငွေခြင်းလုံး၊ ရွှေနန်းကြိုး၊ ကြေးနီနန်ကြိုး၊ သံနန်းကြိုး၊ ကျောက်မျက်တို့ဖြင့် တန်ဆာဆင်ထားသော ရွှေကြာပန်း၊ ငွေကြာပန်း၊ ဂေါဒန်၊ မဟူရာနီ၊ ဂေါ်မိတ်တို့ဖြင့်ပြီးသော စိတ်ပုတီးများ၊ နီလာ၊ ကျောက်နီ၊ ကြောင်၊ မဟူရာ ဥဿဖရားတို့ဖြင့် ပြုလုပ်ထားသော အလှပစ္စည်းများသည် ပျူတို့၏ ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ရှားစွာ ဖော်ပြနေသည်။ ပုဂံနှင့် မန္တလေးမြို့ရိုးများထက် ထုထည်ပိုမိုကြီးမားခိုင်ခံ့၍ စက်ဝိုင်းပုံသဏ္ဌာန်ရှိ ပျူနေပြည်တော်၏ မြို့ရိုး (မှော်ဇာ)၊ ရှေးကျလှသော ဘုရားကြီး၊ ဘုရားမနှင့် ဘောဘောကြီး စေတီတော်တို့သည် ထိုခေတ်က ဗိသုကာပညာ မည်မျှ ထွန်းကားလက်မြောက်သည်ကို ဖော်ပြနေသည်။ ထို့အပြင် ဂုတ္တနှင့် မထုရာ သုခုမပညာတို့၏ အရိပ်အရောင် မကင်းသော ကျောက်ဆစ်၊ ကျောက်ပန်းပု လုပ်ငန်း အများကိုလည်း တွေ့ရသေးသည်။

ပျူတို့၏ မိမိတို့ပိုင် အက္ခရာနှင့် စာရေးသားမှုရှိသည်။ ပျူစာအပြင် နာဂရီအက္ခရာနှင့် ရေးသားသော သက္ကတစာလည်း ရှိခဲ့သည်။ ကြီးမားလှသော အုတ်ချပ်များ၊ မြေအိုးကြီးများ၊ ကျောက်ပြားများ၊ ဆင်းတုတော်ပလ္လင် ဘေးပတ်လည်တွင် ရေးသားခဲ့သော အထက်ပါစာများမှာ ယနေ့တိုင်ပင် ရှိနေသေးသည်။ ထို့အပြင် ပါဠိဘာသာနှင့် ရေးသားထားသော ရွှေပြားများ၊ကျောက်စာများနှင့် ရွှေပုရပိုက်များလည်း တွေ့ရသည်။ ရွှေရွက်ရေ ၂၀ ရှိသော ရွှေပုရပိုက်တွင် ပိဋကတ် ၃ ပုံမှ ကောက်နုတ်ချက်များကို ဖော်ပြထားသည်။

ရေးသားထားသော အက္ခရာမှာ တသမတ်တည်း မရှိပေ။ အကြမ်းအားဖြင့် အိန္ဒိယပြည် ကနရာနယ် မြောက်ပိုင်းတွင် ၅ ရာစုနှစ်များက သုံးစွဲခဲ့သော ကဒမ္ဗအက္ခရာများနှင့်လည်းကောင်း၊ ပမ္ဖဝတို့၏ ကဉ္ဇီပုရ အက္ခရာတို့နှင့်လည်းကောင်း ဆင်တူယိုးမှားရှိသည်။ ယခုအခါ ပျူစာကို အသုံးမရှိကြသော်လည်း မြစေတီကျောက်စာကို မှီငြမ်းပြု၍ ယခုခေတ် သုတေသန ပညာရှင်များသည် ပျူစာကို ဖတ်ရှုနားလည် နိုင်ကြသည်။

ပျူတို့၏ အယူဝါဒ[ပြင်ဆင်ရန်]

တွေ့ရှိရသော စေတီ၊ ဆင်းတုတော်များနှင့် အယူဝါဒရေးဆိုင်ရာ ပစ္စည်းတို့ကို ထောက်ရှုခြင်းအားဖြင့် ပျူတို့ ကိုးကွယ်ယုံကြည်သော အဓိက အယူဝါဒမှာ ဟိနယာနဗုဒ္ဓ အယူဝါဒ ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ထိုခေတ် အရှေ့တောင် အာရှနိုင်ငံတို့မှာ ကဲ့သို့ အခြားကိုးကွယ်ယုံကြည်မှုမျိုးစုံ မိရိုးဖလာ ယုံကြည်မှုလည်း တွေ့ရသည်။

ဗိဿနိုးနတ်ကျောက်ရုပ်များကို တွေ့ရှိရခြင်းဖြင့် ထိုနတ်ကို ကိုးကွယ်သော ဗိဿနိုးအယူဝါဒ ရှိခဲ့ကြောင်း သိရသည်။ အဝ လောကီတေသွာရနှင့် ဗောဓိသတ္တတို့၏ ဆင်းတုငယ်များ ရှိနေခြင်းကလည်း မဟာယာန ဗုဒ္ဓအယူဝါဒ ရှိခဲ့ကြောင်း ဖော်ပြနေသည်။

ထူးခြားချက်တရပ်မှာ သရေခေတ္တရာ၌ တိရစ္ဆာန်ငှက်မျိုးစုံတို့၏ အရိုးများကို စုပေါင်းသိုလှောင်ထားသောအုတ်၊ အဆောက်အဦးတစ်ခုကို တွေ့ရခြင်းဖြစ်သည်။ ကိုးကွယ်ယုံကြည်မှုနှင့် မည်သို့ သက်ဆိုင်သည်ကိုမူ မသိရသေးပေ။

ပျူတို့၏ဇာတ်သိမ်း[ပြင်ဆင်ရန်]

ပျူလူမျိုးတို့၏ဇာတ်သိမ်းကို ရေရာစွာမသိရသော်လည်း ပျူမြို့ပြနိုင်ငံများကို နန်ချိုတို့က တိုက်ခိုက်ဖျက်ဆီးခဲ့ကြပြီးနောက်တွင် အခြား တိဘက်မြန်မာ အနွယ်များဖြစ်သည့် ဗမာ၊ ချင်း၊ ကမ်းယံတို့အပြင် ကရင်၊ မွန် အစရှိသည့် လူမျိုးများနှင့် ရောနှောကာ ပျောက်ကွယ်သွားခဲ့သည်ဟု အကြမ်းဖျင်း ယူဆကြသည်။

[၁] [၂] [၃] [၄]

ပျူလူမျိုးများသည် တိဘက်မြန်မာအနွယ်ဝင်များ ထဲမှ မြန်မာနိုင်ငံအတွင်းသို့အစောဆုံးရောက်ရှိအခြေချခဲ့သည့်လူမျိုးများအနက်မှ အုပ်စုတစ်ခုဖြစ်သည် ဟုမှန်းဆရပါသည်။ဧရာဝတီမြစ်ရိုးအနောက်ဖက်တစ်လျှောက် မြို့ပြနိုင်ငံများထူထောင်ကာနေထိုင်ခဲ့ကြသည်။အေဒီ ၄ရာစုနှင့် ၅ ရာစုများတွင် ပျူတို့အထွတ်အထိပ်ရောက်ချိန်ဖြစ်ပြီး သရေခေတ္တရာ၊ ဗိဿနိုး နှင့် ဟန်လင်းမြို့များကိုထူထောင်ခဲ့ကြသည်။ နောင် ၈ရာစု အစောပိုင်းလောက်တွင် နန်ကျောက်တို့၏ရန်စစ်ကို ခံရကာ အင်အားနည်းသွားရပြီး ဗမာအပါအဝင် ကျန်ကရင်မွန် အစရှိသည့်လူမျိုးအုပ်စုကြီးများအတွင်း ရောနှောပျောက်ကွယ်သွားရသည်။ ပျူဘာသာဖြင့်နောက်ဆုံးတွေ့ရသည်ကျောက်စာမှာ ရာဇကုမာရ် ရေးထိုးသည့် မြစေတီကျောက်စာ ဖြစ်သည်။

ရှေးဟောင်း ပျူမြို့တော်[ပြင်ဆင်ရန်]

သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်အကွာတွင်ရှိသည်။ အုတ်မြို့ရိုးကိုကျုံးပတ်လည် ဝိုင်းထားသည်။ စက်ဝိုင်းပုံ မကျတကျဖြစ်ပြီးတောင် မြောက် နှစ်မိုင်ခွဲ၊ အရှေ့အနောက် နှစ်မိုင်ခန့် ကျယ်ဝန်းသည်။ ပြည်-ပေါက်ခေါင်း သွား ကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှ ဖြတ်လျက်တည်ဆောက်ထားသည်။ မှော်ဇာဘူတာသည် မြို့ဟောင်း၏ ဗဟိုနေရာ အရှေ့မြောက်ဘက် ယွန်းယွန်းတွင် တည်ရှိသည်။ ပျူခေတ်ရှေးဟောင်း အဆောက်အအုံများ နေရာအနှံ့ တွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။ စတုဂံအုတ်ရိုး ကာရံထားသည်။ တောင်ဘက်မြို့ရိုး အပြင်ဘက်၌ အရှေ့ပျူတိုက်၊ အနောက်ပျူတိုက်နှင့် ဗိဿနိုး သင်္ချိုင်း ကျန်ရှိသေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
  2. ဒေါက်တာသန်းထွန်း ၏ “ပျူတွေဘယ်ပျောက်သွားသလဲ”
  3. အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
  4. ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )