ပျူလူမျိုး
| (Pyu people) | |
|---|---|
| အများစု နေထိုင်သည့် နေရာ | |
| ဧရာဝတီမြစ်ဝှမ်း၊ မြန်မာနိုင်ငံ | |
| ဘာသာစကား | |
| ပျူဘာသာစကား (မျိုးသုဉ်းပြီး) | |
| ကိုးကွယ်မှု | |
| ဗုဒ္ဓဘာသာ (ထေရဝါဒနှင့် မဟာယာန)၊ ဟိန္ဒူဘာသာ၊ မြန်မာ့မိရိုးဖလာ နတ်ကိုးကွယ်မှု | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| ဗမာလူမျိုး၊ပိုင်လူမျိုး၊ တိဗက်-ဗမာနွယ်ဖွားများ | |
ပျူလူမျိုးများသည် အေဒီ ၉ ရာစုနောက်ပိုင်းတွင် ဗမာလူမျိုးများနှင့် တဖြည်းဖြည်း ရောနှောကွယ်ပျောက်သွားခဲ့သည်။ |
ပျူလူမျိုး များသည် မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်တစ်လျှောက်တွင် ကျောက်ခေတ်နှောင်းပိုင်း၊ ကြေးခေတ် နှင့် သံခေတ် စသည့် လူသားတို့၏ ဆင့်ကဲဖြစ်တည်မှု ခေတ်အဆက်ဆက်ကို ဖြတ်သန်း၍ အခြေချနေထိုင်ခဲ့ကြသော ဌာနီလူမျိုးများ ဖြစ်ကြသည်။[၁] ပျူတို့သည် တရုတ်-တိဗက်အုပ်စုမှ တိဗက်-ဗမာနွယ်ဖွား (Tibeto-Burman) အုပ်စုဝင်များ ဖြစ်ကြပြီး၊ လူမျိုးခွဲခြားမှုဗေဒအရ မွန်ဂိုလွိုက် (Mongoloid) ခေါ်မျိုးနွယ်စုတွင် ပါဝင်သည်။[၂]
မြန်မာနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာခြင်း
[ပြင်ဆင်ရန်]ပျူလူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ ရှေးဦးစွာ ဝင်ရောက်လာကြသော တိဗက်-ဗမာနွယ်ဖွား အုပ်စုဝင်များ ဖြစ်ကြသည်။ ပျူတို့၏ မူလဇစ်မြစ်မှာ တရုတ်ပြည်အနောက်မြောက်ပိုင်း ချင်းဟိုင်(青海) နှင့် တိဗက်ကုန်းပြင်မြင့် ဒေသများဖြစ်သည်ဟု မျိုးရိုးဗီဇနှင့် ဘာသာစကားဆိုင်ရာ လေ့လာမှုများက ဆိုသည်။[၃]၎င်းတို့သည် ခန့်မှန်းခြေ ဘီစီ (၅) ရာစုဝန်းကျင်တွင် လူဦးရေတိုးပွားလာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် တောင်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြသည်။[၁]

ပျူတို့သည် မြန်မာနိုင်ငံအတွင်းသို့ လမ်းကြောင်းနှစ်သွယ်ဖြင့် ဝင်ရောက်လာနိုင်ကြောင်း သမိုင်းပညာရှင်များက ခန့်မှန်းကြသည်။တရုတ်ပြည် ယူနန်ဒေသမှတစ်ဆင့် တာပိန်မြစ်နှင့် ရွှေလီမြစ်ဝှမ်းများအတိုင်း ဆင်းသက်လာကာ မြန်မာနိုင်ငံအထက်ပိုင်းသို့ ဝင်ရောက်သည့် လမ်းကြောင်းဖြစ်သည်။[၄]ဧရာဝတီမြစ်ဖျားခံရာ ဒေသများမှတစ်ဆင့် မြစ်ကြောင်းအတိုင်း တောင်ဘက်သို့ စုန်ဆင်းလာသည့် လမ်းကြောင်းဖြစ်သည်။မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာသော ပျူတို့သည် အေဒီ ၁ ရာစုမတိုင်မီကပင် မြောက်ဘက်တွင် တကောင်း၊ အလယ်ပိုင်းတွင် ဟန်လင်း၊ ဗိဿနိုး နှင့် တောင်ဘက်တွင် သရေခေတ္တရာ စသည့် မြို့ပြနိုင်ငံများကို အဆင့်ဆင့် တည်ထောင်ခဲ့ကြသည်။[၅]ထိုစဉ်က နေထိုင်နှင့်ပြီးသားဖြစ်သော ဌာနေ ဩစထရိုအေးရှားတစ် (Austroasiatic) နွယ်ဖွားများနှင့်လည်း ယဉ်ကျေးမှုချင်း ထိတွေ့ရောနှောခဲ့ကြသည်။
ပျူမျိုးရိုးဗီဇ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်းများမှ တူးဖော်ရရှိသော အရိုးစုများအား မကြာသေးမီက ရှေးဟောင်းဒီအန်အေ (aDNA) စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပျူတို့သည် တရုတ်-တိဗက် အနွယ်ဝင်များ ဖြစ်ကြောင်း သိပ္ပံနည်းကျ ပိုမိုခိုင်မာလာစေခဲ့သည်။[၃]အဆိုပါ စစ်ဆေးမှုများအရ ပျူတို့၏ မျိုးရိုးဗီဇသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ပိုင်လူမျိုးများ၊ ယီလူမျိုးများနှင့် မျိုးရိုးဗီဇအရ အလွန်နီးစပ်ပြီး ၎င်းတို့အားလုံးသည် လွန်ခဲ့သော နှစ်ပေါင်း ၃,၀၀၀ ကျော်က တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာသော ဘိုးဘွားတစ်ဦးတည်းမှ ပေါက်ဖွားလာသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။[၆]
ပျူလူမျိုးတို့၏ မျိုးရိုးဗီဇ ဇာစ်မြစ်ကို DNA သုတေသနပြုချက်များအရ လေ့လာရာတွင် ဖခင်ဘက်မှ ဆင်းသက်သော Y-Chromosome Haplogroup အုပ်စုများမှာ အဓိက အထောက်အထားများ ဖြစ်ကြသည်။[၇] ပျူမြို့ဟောင်းများမှ ရရှိသော ရှေးဟောင်းဒီအန်အေ (aDNA) နမူနာများတွင် Haplogroup O-M122 (ယခုအခေါ် O2, ယခင် O3) သည် အဓိကလွှမ်းမိုးသော မျိုးရိုးဗီဇအမှတ်အသားအဖြစ် တွေ့ရှိရပြီး၊ ဤအမှတ်အသားသည် တရုတ်-တိဗက် အနွယ်ဝင်များ၏ ဝိသေသလက္ခဏာဖြစ်သော အရှေ့အာရှမှ တောင်ဘက်သို့ ရွှေ့ပြောင်းအခြေချမှုလမ်းကြောင်းကို ညွှန်ပြနေသည်။[၈] ထို့ပြင် ပျူတို့တွင် Haplogroup O-M119 နှင့် Haplogroup O-M95 အမှတ်အသားအချို့ကိုလည်း တွေ့ရှိရပြီး ၎င်းသည် ပျူတို့ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ဒေသခံ မွန်-ခမာ (Austroasiatic) အနွယ်ဝင်များနှင့် မျိုးရိုးဗီဇ ရောနှောမှု (Genetic Admixture) ရှိခဲ့ကြောင်း သက်သေပြနေသည်။[၉]ယူနန်ဒေသရှိ ပိုင်လူမျိုးတို့၏ DNA တွင် တွေ့ရှိရသော Haplogroup O-M122 နှင့် O-F444 အမှတ်အသားများသည် ပျူအရိုးစုများမှ ရရှိသော aDNA နမူနာများနှင့် ၉၀%ကျော် တိုက်ရိုက်တူညီနေခြင်းက ၎င်းတို့သည် "ညီအစ်ကိုအရင်း" (Sister groups) ဖြစ်ကြောင်း သက်သေပြနေသည်။[၁၀] အချို့သော သမိုင်းပညာရှင်များနှင့် ဘာသာစကားဗေဒ ပညာရှင်များက ပျူ (Pyu) လူမျိုးတို့အား "ယူနန်ဘက်မှ မြန်မာနိုင်ငံအတွင်းသို့ စောစီးစွာ ဝင်ရောက်လာသော ပိုင်မျိုးနွယ်စုဝင်များ" ဟုပင် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။[၁၁]
ဗမာတို့သည် အေဒီ ၉ ရာစုဝန်းကျင်တွင် မြန်မာနိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာချိန်တွင် ပျူတို့နှင့် မျိုးရိုးဗီဇအရ ပေါင်းစည်းသွားခဲ့ကြသည်။ ရှေးဟောင်းဒီအန်အေ လေ့လာချက်များအရ ယနေ့ခေတ် ဗမာလူမျိုးတို့၏ မျိုးရိုးဗီဇတွင် ပျူတို့၏ aDNA အမှတ်အသားများ သိသိသာသာ ပါဝင်နေပြီး၊ ခေတ်သစ်ဗမာလူမျိုးများတွင် ပျူတို့၏ ဗီဇ အကြွင်းအကျန် များကို ထင်ရှားစွာ တွေ့မြင်နိုင်သည်ဟု ဆိုသည်။[၁၂]
ပျူလူမျိုးတို့၏ ရုပ်သွင်ပြင်လက္ခဏာ
[ပြင်ဆင်ရန်]ပျူလူမျိုးတို့သည် တိဗက်-ဗမာနွယ်ဝင် များဖြစ်ကြပြီး ၎င်းတို့၏ ရုပ်သွင်ပြင်သည် အရှေ့အာရှသားစစ်စစ် ပုံစံရှိသည်။[၁၃] သမိုင်းမှတ်တမ်းများနှင့် ခေတ်သစ်မျိုးရိုးဗီဇဆိုင်ရာ လေ့လာချက်များအရ ပျူတို့၏ ထူးခြားသော မျက်နှာကျလက္ခဏာများမှာ ပါးရိုး မြင့်မားခြင်း (High Cheekbones) နှင့် မေးရိုးတည်ဆောက်ပုံ ပြတ်သားကျစ်လစ်ခြင်းတို့သည် ပျူမျိုးနွယ်တို့၏ အဓိကအမှတ်အသားဖြစ်သည်။[၁၄] အသားအရေမှာ ပါးလွှာကြည်လင်ပြီး အနီဘက် သို့မဟုတ် အဝါဝင်းဝင်းဘက်သို့ သန်းလေ့ရှိသည်။ နေရောင်ခြည်ဒဏ်ထက် အေးမြသောရာသီဥတုနှင့် ပိုမိုကိုက်ညီသော ဗီဇအခံရှိပြီး[၁၅] ခန္ဓာကိုယ်တွင် အမွေးအမှင် ထွက်ရှိမှု အလွန်နည်းပါးပြီး ချွေးထွက်နှုန်း နည်းပါးသည့် ထူးခြားသော မျိုးရိုးဗီဇ (V370A Allele) ပါဝင်သည်။[၁၄]ဆံသား တွင် အရှေ့အာရှသားများကဲ့သို့ ဆံပင်ဖြောင့်စင်းခြင်း သို့မဟုတ် ရှေးဦးမျိုးနွယ်စုများ၏ အမွေအနှစ်ဖြစ်သော လှိုင်းတွန့်ဆံပင် များ ရှိတတ်ကြသည်။
အေဒီ (၉) ရာစုတွင် ပျူမြို့ပြနိုင်ငံများ နိုင်ငံရေးအရ မှေးမှိန်သွားသော်လည်း ပျူလူမျိုးတို့သည် ပျောက်ကွယ်သွားခြင်းမရှိဘဲ ဧရာဝတီမြစ်ဝှမ်းတလျှောက်နှင့် အညာဒေသ ကျေးလက်များတွင် ဆက်လက်ရှင်သန်ခဲ့ကြသည်။ အချို့သော ကျေးရွာများတွင် ယနေ့တိုင် ပျူစစ်စစ် ရုပ်သွင်ပြင်များကို တွေ့ရှိနိုင်ဆဲဖြစ်သည်။အညာဒေသရှိ ရှေးဟောင်းပျူမြို့ဟောင်းများ (ဥပမာ- ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) နှင့် အနီးတဝိုက်ရှိ ကျေးရွာအချို့တွင် "ရွာသားချင်းသာ လက်ထပ်ခြင်း"ကြောင့် ပြင်ပဗီဇများ စိမ့်ဝင်မှုနည်းပါးခဲ့သည်။[၁၆][၁၇]
အမည်အခေါ်အဝေါ်
[ပြင်ဆင်ရန်]အေဒီလေးရာစုခန့်တွင် တရုတ်ပြည်၌ ချူကျူရေးသော ခေတ်သည်သရေခေတ္တရာခေတ်မှဗုဒ္ဓဘာသာဆိုင်ရာနဲ့စာပေများကိုတိုက်ရိုက်ဆက်ခံခဲ့လေရာပုဂံခေတ်ဟန်ဖြစ်လာလေသည်။ရေခေတ္တရာရေခေတ္တရာဟွာယန်ကောကျိ(The History of The State of Hua-Yang) တွင် ဖျောက် (သို့) ဖျောင်း ဟုခေါ်သော ပျူလူမျိုးများကို စတင်ရေးခဲ့သည်ဟုယူဆကြောင်း၊ ပျူကို တရုတ်တို့က ဖျောက်ဟုခေါ်၍ ၎င်းတို့ကိုယ်တိုင်က ထုလော်ကျူဟု ခေါ်တွင်ကာ ဂျာဗားအမျိုးသားတို့က တုလီချူ ဟု ခေါ်ဆိုကြောင်း ဒေါက်တာသန်းထွန်းမှ သုံးသပ်သည်။[၁၈]
မြန်မာ-တရုတ်သမိုင်းပညာရပ်သုတေသီ နှင့် မြန်မာ့သမိုင်းကော်မရှင် အဖွဲ့ဝင် ဖြစ်သော ဦးရည်စိန်မှ ယခုလို သုံးသပ်ထား၏။ ခရစ်နှစ်သုံးရာစုနောက်ပိုင်းနှင့် လေးရာစုအလယ်ပိုင်းတွင် ပျူတို့တည်နေရာကို အတိအကျမှတ်တမ်းတင်ထားသော ရှေးတရုတ်မှတ်တမ်း လေးကျမ်းရှိ၏။ ထိုကျမ်းများသည်
- ဝေ့ပြည်ထောင်သမိုင်းအကျဉ်း (An Outline History of The Wei State - AD 220-25)
- အနောက်တောင်ဘက်ဒေသ ဦးဆောင်းကျမ်း (The Gazetteer of The South West Region)
- နန်းကျွန်းဒေသ အုပ်ချုပ်ရေးနယ်ရှစ်နယ်ဦးဆောင်းကျမ်း (The Gazetteer of The Eight Prefectures of Nan Chung or Present day Szechwan Yunnan and Kueichow Border Region)
- ဟွာယန်ဒေသသမိုင်း (The History of The State of Hua-Yang) တို့ဖြစ်ကြသည်။
ယခုအခါ ဟွာယန်ဒေသသမိုင်း တစ်ခုပင်ကျန်ရှိ၍ အခြားသုံးကျမ်းမှာ ပျောက်ဆုံးနေပြီဖြစ်သည်။ သမိုင်းကျမ်းများအချို့နှင့် ရှေးဟောင်းစွယ်စုံကျမ်းများတွင် ကောက်နှုတ်ချက်အတိုအထွာများကိုတွေ့ရှိထားခြင်းကြောင့် ထိုကျမ်းများသည် လွန်ခဲ့သောအခါ၌ ရှိခဲ့ကြောင်းကို သိနိုင်သည်။
ဤကျမ်းသုံးကျမ်းများအနက် ပျူတို့ဒေသအမည်ကို ထူးခြားစွာဖော်ပြထားသောကျမ်းသည် ဝေ့ပြည်ထောင်သမိုင်းအကျဉ်း ဖြစ်၏။ သမိုင်းပညာရှင်ဖေယင်း (Fei Yin) သည်” သုံးပြည်ထောင်ခေတ်သမိုင်း (The Annals of The Epoch of The Three Kingdoms - AD 220-80) ကိုမှတ်စုပေးခဲ့သည်။ မှတ်စုထည့်သွင်းပြီးစီးသည့်နှစ်သည် ခရစ်နှစ် ၄၂၉-ခုနှစ်ဖြစ်သည်။ ထို့ကြောင့် ခရစ်နှစ် ၄၂၉-ခုနှစ်၌ ဝေ့ပြည်ထောင်သမိုင်းအကျဉ်း သည်ထင်ရှားသောကျမ်းတကျမ်း ဖြစ်နေသေး၍ မပျောက်ဆုံးသေးကြောင်းသိသာသည်။ ဖေယင်းသည် သုံးပြည်ထောင်ခေတ်သမိုင်းမှ ဝေ့ပြည်ထောင်သမိုင်း ၏အဆုံး ဝေ့ပြည်ထောင်အကျဉ်း ၌ အနောက်ဘက်မျိုးနွယ်စုအခန်းကို ထုတ်နှုတ်၍ မှတ်စုသွင်းပေးခဲ့သည်။
Section of the His Jung (Xi Rong) in the Wei Lueh (Wei Lue) ၌ "ရှေးတရုတ်နိုင်ငံ (စိန့်တိုင်း) အနောက်ဘက်တခွင်ရှိ နိုင်ငံများအကြောင်းဖြစ်သည်။ ထိုနိုင်ငံများအကြောင်းများထဲ၌ ဖန်းယွယ့် (P'an-Yueh) နိုင်ငံရှိ၏။ ထီးယဲန်ကျူနိုင်ငံ (T 'ien Chu or Tian Zhu Kingdom) ၏အရှေ့တောင်ဘက်လီပေါင်း သုံးလေးငါးထောင်အကွာတွင်တည်ရှိသည်။ ယီပု (I-Pu orYi Bu) နှင့်နီးကပ်၏။ ထိုဒေသ (ဖန်ယွယ့်နိုင်ငံ) မှလူတို့သည် အရပ်ပု၍ စိန့်တိုင်းသားတို့နှင့်တူညီသည်။ ရှူနယ် (Shu State) မှကုန်သည်များသည် ထိုဒေသသို့ရောက်ခဲ့နိုင်သည်။" ဟုထူးထူးခြားခြားဖော်ပြထားသည်ကိုတွေ့ရသည်။
ထီး-ယဲန်ကျူ (Ti 'en Chu or Tian Zhu) ဟူသည် ဟိန္ဒူကိုအသံလှယ်ထားခြင်းဖြစ်၏။ ထိုတရုတ်စာလုံးနှစ်လုံး၏ ရှေးဟောင်းအသံထွက်သည် Hindu နှင့်ခပ်ဆင်ဆင်ဖြစ်သည်။ ယခုအိန္ဒိယနိုင်ငံကိုဆိုလိုသည်။ ယီပုမှာ ယူနန်နယ်ကို ဆိုလိုသည်။ ဤနည်းအားဖြင့် အိန္ဒိယနိုင်ငံ၏ အရှေ့တောင်ဘက် ယူနန်နှင့် နီးကပ်သည့် ဖန်းယွယ့်သည် ရှေးဟောင်းမြန်မာ သို့ ပျူနိုင်ငံ ဖြစ်သည်မှာထင်ရှား၏။ ဝေ့ပြည်ထောင်သမိုင်းအကျဉ်း၌ ပါသောစာပိုဒ်တွင် ဖန်ယွယ့် နိုင်ငံကို ဖန်ယွယ့်ဝမ်(င်) ဟူ၍လည်း ခေါ်၏။ ဟန့်ယိုယ့်မော်(င်) ဟူသည် ဟန့်လွယ့်မင်း ဟုအနက်ရှိ၏။ သို့ရာတွင်ဤသို့အနက်အဓိပ္ပာယ်ကောက်ယူခြင်းသည်အဖြေမှန်မရနိုင်ချေ။ 'ဟန့်' ဟူသောစာလုံးသည် 'ဖျောင်း' (P'iao)(ပျူ) ဟူသောစာလုံးနှင့် ဆင်တူယိုးမှားဖြစ်သဖြင့် စာမူအဆင့်ဆင့်ရေးကူးရာ၌ မှားယွင်းခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ်လေးရာစုအလယ်တွင် ပြုစုပြီးစီးသော ဟွာယန်ဒေသသမိုင်းတွင် ‘ဖျောက်ယွယ့်” ဟုရေးသည်။ ဖျောင်းယွယ့် သို့မဟုတ် ဖျောက်ယွယ့် သည် ပျူဝတ် ကိုအသံလှယ်ထားခြင်းဖြစ်သည်။[၁၉]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ၏ မြစ်ဝှမ်းလွင်ပြင်ဒေသများသို့ ရှေးဦးစွာ ဝင်ရောက်အခြေချလာသူများမှာ တိဗက်-ဗမာအနွယ်ဝင် များဖြစ်ကြသည့် ပျူလူမျိုးများ ဖြစ်ကြသည်ဟု သမိုင်းပညာရှင်များက ယူဆကြသည်။[၁] ပျူနှင့် အနွယ်တူ ရှေးဟောင်းတိဗက်-ဗမာစကားပြော လူမျိုးစုများသည် အရှေ့တောင်အာရှနှင့် အိန္ဒိယနိုင်ငံ အရှေ့ဘက်ဒေသများအထိ ပျံ့နှံ့သွားခဲ့ကြပြီး ဧရာဝတီမြစ်ဝှမ်းနှင့် ရခိုင်ကမ်းရိုးတန်း ဒေသများတွင် အခြေချခဲ့ကြသည်။[၄]ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရှေးဟောင်းမြို့ပျက်များနှင့် အသုံးအဆောင်ပစ္စည်းများကို တူးဖော်တွေ့ရှိချက်များအရ ပျူလူမျိုးများသည် မြန်မာနိုင်ငံတစ်ဝန်း မြို့ပြပြည်ရွာများ ထူထောင်ခဲ့ကြောင်း အထောက်အထားခိုင်မာစွာ တွေ့ရှိရသည်။ တကောင်း၊ ဟန်လင်း (ရွှေဘို)၊ မုံရွာ၊ ဖိုလ်ဝင်တောင် နှင့် မြင်းခြံ ဒေသများ။[၂၀]ပုဂံ၊ ပုပ္ပား၊ မကွေး၊ မင်းဘူး၊ ဆင်ဖြူကျွန်း (ကျပင်းမြို့ဟောင်း)၊ တောင်တွင်းကြီး နှင့် ရမည်းသင်း ဒေသများ နှင့် အောက်မြန်မာပြည်ရှိ ပြည်၊ မှော်ဇာ (သရေခေတ္တရာ)၊ ထားဝယ် ဒေသများ တွင် ရှေးဟောင်းမြို့ပျက်များ၊ အသုံးအဆောင်များအား ရှာဖွေတူးဖော်ရရှိသည်။ [၂၁]ဤသို့ မြစ်ဝှမ်းတစ်လျှောက် မြို့ပြများ တည်ထောင်နိုင်ခြင်းမှာ ပျူတို့၏ အဆင့်မြင့်မားသော ဆည်မြောင်းတာတမံ နည်းပညာနှင့် စိုက်ပျိုးရေးစနစ် ထွန်းကားမှုကြောင့် ဖြစ်သည်။
သရေခေတ္တရာမြို့ဟောင်းကိုရှေးဟောင်း သုတေသနပြု တူးဖော်သည့်အခါ ဝိကရာမ (Vikrama) နှင့် ဝါရမ (Varman) မင်းဆက်များ၏ အရိုးအိုးများကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းအရိုးအိုးများပေါ်ရှိ ကမ္ဗည်းစာတမ်းများအရ ၎င်းမင်းဆက်များသည် အေဒီ (၇) ရာစုခန့်တွင် သရေခေတ္တရာ၌ စိုးစံခဲ့ကြောင်း အခိုင်အမာ သက်သေထူလျက်ရှိသည်။[၁] တိဗက်-ဗမာနွယ်ဖွား ပျူလူမျိုးများသည် အိန္ဒိယအရှေ့ပိုင်းဒေသသို့ ရောက်ရှိနှင့်နေသော အင်ဒို-အာရိယန် (Indo-Aryan) များနှင့် နှစ်ကာလရှည်ကြာ ထိတွေ့ဆက်ဆံခဲ့သဖြင့် ၎င်းတို့ထံမှ ကုန်ထုတ်လုပ်မှု အတွေ့အကြုံနှင့် ယဉ်ကျေးမှုများကို ဆက်ခံရရှိခဲ့ဖွယ် ရှိသည်ဟု သမိုင်းပညာရှင်များက သုံးသပ်ကြသည်။[၄]
တူးဖော်တွေ့ရှိရသော ဘုရားပုထိုးများနှင့် ရုပ်တုဆင်းထုများအရ ပျူတို့၏ ကိုးကွယ်ယုံကြည်မှုတွင် ဗြဟ္မဏဟိန္ဒူဘာသာ၊ မဟာယာနဗုဒ္ဓဘာသာနှင့် ထေရဝါဒဗုဒ္ဓဘာသာတို့ ရောထွေးနေကြောင်း ထင်ရှားသည်။ ပျူတို့၏ ဗိသုကာပညာမှာ အိန္ဒိယနိုင်ငံဂုတ္တခေတ်(Gupta period) လက်ရာများနှင့် ဆက်နွှယ်နေပြီး သက္ကတ နှင့် ပါဠိ စာပေများကို အသုံးပြုခဲ့ကြသည်။[၂၂] အက္ခရာအရေးအသားမှာ အိန္ဒိယတောင်ပိုင်းသုံး ဗြဟ္မီအက္ခရာ အနွယ်ဝင် ကဒမ္ဘအက္ခရာ မျိုးနှင့် ဆင်တူလေသည်။
တရုတ်နန်းတွင်းမှတ်တမ်းများ (တန်မင်းဆက်မှတ်တမ်းဟောင်း "旧唐书") တွင် မြန်မာနိုင်ငံရှိ ပျူလူမျိုးများကို အေဒီ (၄) ရာစုကတည်းက ယဉ်ကျေးမှု ထွန်းကားနေသည့် လူမျိုးအဖြစ် ဖော်ပြထားသည်။[၂၃] အေဒီ (၈) ရာစုခန့်တွင် ပျူတို့၌ ကြီးကျယ်ခမ်းနားသော မြို့ကြီး (၅) မြို့နှင့် လက်အောက်ခံ ပြည်နယ်ငယ် (၁၈) နယ်ရှိခဲ့သည်။အေဒီ (၈၀၂) ခန့်တွင် နန်ကျောက် (Nanzhao) ဘုရင်သည် တရုတ်ဧကရာဇ်ထံ သံအဖွဲ့စေလွှတ်သည့်အခါ ပျူမင်းသားဦးဆောင်သော ကချေသည်အဖွဲ့လည်း ချစ်ကြည်ရေးအတွက် လိုက်ပါသွားခဲ့သည့် မှတ်တမ်းများရှိသည်။ ယင်းခရီးစဉ်သည် ပျူတို့၏ ဂီတနှင့် အနုပညာ အဆင့်အတန်း မြင့်မားမှုကို တရုတ်နန်းတွင်းက အသိအမှတ်ပြုခဲ့သော သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်သည်။[၂၄]
ပျူတို့၏ဇာတ်သိမ်း
[ပြင်ဆင်ရန်]အေဒီ ၉ ရာစုအစောပိုင်းတွင် ယူနန်ဒေသမှ နန်ကျောက် တို့သည် ပျူမြို့ပြနိုင်ငံများကို အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်ခဲ့ကြသည်။ အေဒီ ၈၃၂ တွင် နန်ကျောက်တို့သည် ဟန်လင်းမြို့ကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ပျူလူမျိုးအမြောက်အမြားကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းကြောင့် ပျူတို့၏ နိုင်ငံရေးအာဏာနှင့် မြို့ပြယဉ်ကျေးမှုမှာ အလွန်အမင်း ဆုတ်ယုတ်သွားခဲ့သည်။[၁]
ပျူတို့ အင်အားနည်းသွားချိန်တွင် မြောက်ဘက်မှ အလုံးအရင်းနှင့် ဝင်ရောက်လာသော တိဗက်-ဗမာနွယ်ဖွား ရှေးပြေးဗမာဘိုးဘေး တို့နှင့် ပေါင်းစီးခဲ့ကြပြီး တိဗက်-ဗမာ မျိုးနွယ်တူများ ဖြစ်ကြသည့်အလျောက် ရာစုနှစ်အနည်းငယ်အတွင်း ဗမာတို့သည် ပျူတို့၏ စာပေ၊ ဗိသုကာနှင့် ကိုးကွယ်ယုံကြည်မှုများကို ဆက်ခံခဲ့ကြသည်။[၄]သမိုင်းပညာရှင်များက "ပျူ" ဆိုသည်မှာ ရှေးဦးဗမာတို့၏ အမည်ကွဲတစ်ခုဖြစ်ပြီး၊၉ရာစုအတွင်း ယူနန်နယ်မှ ဝင်ရောက်လာသော အနွယ်တူ တိဗက်-ဗမာလူမျိုးများနှင့် ရောနှောကာ ဗမာလူမျိုးဟူသော အမည်သစ်ဖြင့် ဆက်လက်ရပ်တည်နေခြင်းဖြစ်သည်ဟုလည်း ယူဆကြသည်။[၂၅]
ပျူစာပေနှင့် ဘာသာစကားသည် အေဒီ ၁၂ ရာစုအထိ ဆက်လက်တည်ရှိခဲ့ကြောင်း အထောက်အထားတွေ့ရသည်။ အေဒီ ၁၁၁၃ တွင် ရာဇကုမာရ် ရေးထိုးခဲ့သည့် မြစေတီကျောက်စာ (ရာဇကုမာရ်ကျောက်စာ) သည် ပျူဘာသာဖြင့် ရေးထိုးထားသော နောက်ဆုံးသော သမိုင်းဝင်အထောက်အထား ဖြစ်သည်။[၂၆] ယင်းနောက်ပိုင်းတွင် ပျူစာပေအသုံးပြုမှု ကွယ်ပျောက်သွားပြီး မြန်မာစာပေက အစားထိုး နေရာယူလာခဲ့သည်။
ခေတ်အဆက်ဆက် ခမ်းနားထည်ဝါခဲ့သော ပျူမြို့ပြနိုင်ငံများသည် အချိန်တန်သောအခါ ဧရာဝတီမြစ်ရိုးတစ်လျှောက် စုန်ဆင်းလာသော ယဉ်ကျေးမှုရေစီးကြောင်းသစ်များထဲတွင် တဖြည်းဖြည်းချင်း ပျော်ဝင်သွားခဲ့ကြသည်။ သီးခြားလူမျိုးတစ်မျိုးအနေဖြင့် ကွယ်ပျောက်သွားခဲ့သော်လည်း သူတို့တည်ဆောက်ခဲ့သည့် အုတ်နီခဲများ၊ သူတို့ရေးထိုးခဲ့သည့် အက္ခရာများနှင့် သူတို့ယုံကြည်ခဲ့သည့် ဘာသာတရားများကို မြန်မာတို့၏ လက်ထဲသို့ အမွေအဖြစ် သိမ်မွေ့စွာ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ပျူတို့၏ နေဝင်ချိန်သည် အမှောင်ထုထဲသို့ ရောက်သွားခြင်းမဟုတ်ဘဲ ပိုမိုနက်ရှိုင်းသော မြန်မာ့လူမျိုးစု သမိုင်းကြောင်းကြီးအတွင်းသို့ တစ်သားတည်း ပေါင်းစည်းသွားခဲ့ခြင်းသာ ဖြစ်ပါတော့သည်။ ယနေ့တိုင် မြစေတီကျောက်စာတိုင်၏ ပျူစာကြောင်းများထဲတွင်လည်းကောင်း၊ ပုဂံစေတီပုထိုးများ၏ အုတ်စီလက်ရာများထဲတွင်လည်းကောင်း ပျူတို့၏ နှလုံးသွေးများသည် မြန်မာတို့၏ သွေးကြောထဲ၌ စီးဆင်းလျက်ရှိနေဆဲဖြစ်သည်။
ယဉ်ကျေးမှု
[ပြင်ဆင်ရန်]၈ ရာစုနှစ်များအတွင်း ပျူလူမျိုးတို့ ရရှိပြီးဖြစ်သော ယဉ်ကျေးမှု အဆင့်အတန်းသည် အံ့ဖွယ်ကောင်းလောက်အောင် မြင့်လှသည်။ လက်မှုပညာ၊ စာရေးသားမှု၊ ကိုးကွယ်ယုံကြည်မှု၊ လူမှုဆက်ဆံရေး စသည့်အချက်အလက်တို့၌ အထက်တန်းကျလေသည်။ ပျူလက်မှုပညာသည်တို့သည် ပန်းထိမ်၊ ပန်းပု၊ ကျောက်ဆစ်ပညာရပ်၌ ပုဂံခေတ် လက်မှုပညာသည်တို့ထက် သာလွန်သည်ကို တွေ့ရသည်။ တူးဖော်တွေ့ရှိရသော ဗုဒ္ဓဘုရား၏ ဆင်းတုတော်တို့မှာ ရွှေ၊ ငွေ၊ ငွေရည်စိမ်၊ ကြေးနီ၊ ခဲတို့ဖြင့် ပြီး၍ သပ္ပာယ်လှသည်။
ခြင်္သေ့ရုပ်၊ မကန်းရုပ်များကို ရုပ်လုံးဝက် ဖောင်းကြွဖော်ထားသော တကဲများနှင့် ရောင်ခြည်တော် လွှတ်ပုံများကိုလည်း တွေ့ရသည်။ စက်ဝိုင်းပုံ၊ လခြမ်းပုံ၊ ဘဲဥပုံ ရှိသော ရွှေပန်းကန်၊ ငွေပန်းကန်များ လေးထောင့်အံစာပုံ ရှိသော၊ ကတော့ပုံရှိသော၊ ပြွန်ချောင်းပုံရှိသော ရွှေကြုတ်၊ ငွေကြုတ်များ၊ ငွေလှေငယ် ကျောက်စိမ်းဖြင့် ပြီးသော ဆင်ရုပ်၊ ဖလ်ကျောက် မကန်းရုပ်၊ မဟူရာဖြူ လိပ်ရုပ်၊ ဝမ်းဘဲရုပ်၊ သမင်ရုပ်၊ လိပ်ပြာရုပ်များ၊ ငွေခြင်းလုံး၊ ရွှေနန်းကြိုး၊ ကြေးနီနန်ကြိုး၊ သံနန်းကြိုး၊ ကျောက်မျက်တို့ဖြင့် တန်ဆာဆင်ထားသော ရွှေကြာပန်း၊ ငွေကြာပန်း၊ ဂေါဒန်၊ မဟူရာနီ၊ ဂေါ်မိတ်တို့ဖြင့်ပြီးသော စိတ်ပုတီးများ၊ နီလာ၊ ကျောက်နီ၊ ကြောင်၊ မဟူရာ ဥဿဖရားတို့ဖြင့် ပြုလုပ်ထားသော အလှပစ္စည်းများသည် ပျူတို့၏ ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ရှားစွာ ဖော်ပြနေသည်။ ပုဂံနှင့် မန္တလေးမြို့ရိုးများထက် ထုထည်ပိုမိုကြီးမားခိုင်ခံ့၍ စက်ဝိုင်းပုံသဏ္ဌာန်ရှိ ပျူနေပြည်တော်၏ မြို့ရိုး (မှော်ဇာ)၊ ရှေးကျလှသော ဘုရားကြီး၊ ဘုရားမနှင့် ဘောဘောကြီး စေတီတော်တို့သည် ထိုခေတ်က ဗိသုကာပညာ မည်မျှ ထွန်းကားလက်မြောက်သည်ကို ဖော်ပြနေသည်။ ထို့အပြင် ဂုတ္တနှင့် မထုရာ သုခုမပညာတို့၏ အရိပ်အရောင် မကင်းသော ကျောက်ဆစ်၊ ကျောက်ပန်းပု လုပ်ငန်း အများကိုလည်း တွေ့ရသေးသည်။
ပျူတို့၏ မိမိတို့ပိုင် အက္ခရာနှင့် စာရေးသားမှုရှိသည်။ ပျူစာအပြင် နာဂရီအက္ခရာနှင့် ရေးသားသော သက္ကတစာလည်း ရှိခဲ့သည်။ ကြီးမားလှသော အုတ်ချပ်များ၊ မြေအိုးကြီးများ၊ ကျောက်ပြားများ၊ ဆင်းတုတော်ပလ္လင် ဘေးပတ်လည်တွင် ရေးသားခဲ့သော အထက်ပါစာများမှာ ယနေ့တိုင်ပင် ရှိနေသေးသည်။ ထို့အပြင် ပါဠိဘာသာနှင့် ရေးသားထားသော ရွှေပြားများ၊ကျောက်စာများနှင့် ရွှေပုရပိုက်များလည်း တွေ့ရသည်။ ရွှေရွက်ရေ ၂၀ ရှိသော ရွှေပုရပိုက်တွင် ပိဋကတ် ၃ ပုံမှ ကောက်နုတ်ချက်များကို ဖော်ပြထားသည်။
ရေးသားထားသော အက္ခရာမှာ တသမတ်တည်း မရှိပေ။ အကြမ်းအားဖြင့် အိန္ဒိယပြည် ကနရာနယ် မြောက်ပိုင်းတွင် ၅ ရာစုနှစ်များက သုံးစွဲခဲ့သော ကဒမ္ဗအက္ခရာများနှင့်လည်းကောင်း၊ ပမ္ဖဝတို့၏ ကဉ္ဇီပုရ အက္ခရာတို့နှင့်လည်းကောင်း ဆင်တူယိုးမှားရှိသည်။ ယခုအခါ ပျူစာကို အသုံးမရှိကြသော်လည်း မြစေတီကျောက်စာကို မှီငြမ်းပြု၍ ယခုခေတ် သုတေသန ပညာရှင်များသည် ပျူစာကို ဖတ်ရှုနားလည် နိုင်ကြသည်။
ပျူတို့၏ အနုပညာနှင့် ဝတ်စားဆင်ယင်မှု
[ပြင်ဆင်ရန်]ပျူလူမျိုးများသည် အမျိုးမျိုးသော ဂီတတူရိယာများကို ကိုယ်ပိုင်ဟန်ဖြင့် တီထွင်ဖန်တီးနိုင်ခဲ့ကြသည်။ အေဒီ ၈၀၂ ခုနှစ်တွင် ပျူမင်းသား ဦးဆောင်သော ဂီတနှင့် အကအဖွဲ့တစ်ဖွဲ့သည် တရုတ်ဧကရာဇ်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သို့ သွားရောက်ဖျော်ဖြေခဲ့ကြသည်။ ယင်းခရီးစဉ်တွင် ပျူတို့၏ တူရိယာပစ္စည်း ၁၂ မျိုးနှင့် သီချင်းများကို တရုတ်နန်းတွင်း၌ တင်ဆက်ခဲ့ရာ ပျူတို့၏ ဂီတအနုပညာ မြင့်မားမှုကို တရုတ်မှတ်တမ်းများတွင် အံ့ဩချီးကျူးစွာ ဖော်ပြခြင်းခံခဲ့ရသည်။[၂၇]
ဝတ်စားဆင်ယင်မှုနှင့် အလှပြင်ဓလေ့
[ပြင်ဆင်ရန်]ရှေးဟောင်းတရုတ် ထန်ရာဇဝင် နှင့် တူးဖော်တွေ့ရှိရသော ပျူရုပ်တုများအရ ပျူတို့၏ ဝတ်စားဆင်ယင်မှုမှာ ပျူရုပ်တုများရှိ အမျိုးသားများသည် ခန္ဓာကိုယ်အထက်ပိုင်းတွင် အဝတ်အစားမပါဘဲ ဗလာကျင်းထားလေ့ရှိပြီး အောက်ပိုင်းတွင်မူ ချည်ထည်စကို စနစ်တကျ ပတ်နှောင်ဝတ်ဆင်ကြသည်။ တရုတ်မှတ်တမ်းများအရ အမျိုးသားများသည် ခေါင်းတွင် ပန်းရောင်ဖျဉ်စကို ပေါင်းထားပြီး ပန်းများနှင့် ငှက်တောင်များကို စိုက်ထူ၍ အလှဆင်လေ့ရှိကြသည်။[၂၇]
အမျိုးသမီးများသည် ယနေ့ခေတ် ဗမာအမျိုးသမီးများကဲ့သို့ပင် ပန်းရောင်ပုဝါရှည်များကို လက်တွင်စုံချ၍ ကိုင်ဆောင်လေ့ရှိပြီး ယပ်တောင်များကိုလည်း အသုံးပြုကြသည်။ အိမ်ထောင်သည် အမျိုးသမီးများသည် ဆံပင်ကို သျှောင်ထုံး ထုံးဖွဲ့ထားကြသည်။ ပျူလူမျိုးများသည် ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားသော လက်ကောက်များနှင့် ပုတီးစေ့များကို အမြတ်တနိုး ဝတ်ဆင်ကြသူများ ဖြစ်ကြသည်။[၂၇]
စာပေနှင့် ကိုးကွယ်ယုံကြည်မှု
[ပြင်ဆင်ရန်]ပျူလူမျိုးသည် ကိုယ်ပိုင်ပျူစာပေကိုတီထွင်ခဲ့သည်။ ထိုစာပေများကို ကျောက်စာအဖြစ် ရေးထိုးခဲ့သည်။ ထိုကျောက်စာများမှ အချို့သော ကျောက်စာများသည် ပျူလူမျိုးတို့၏ ကုသိုလ်ကောင်းမှုပြုရာတွင် မှတ်တမ်းအဖြစ် ရေထိုးခဲ့ကြသည်။ ပျူလူမျိုးများသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်ခဲ့ကြသည်။ ပျူလူမျိုးတို့၏ အကြီးမားဆုံး သမိုင်အထောက်အထားမှာ ဘော်ဘော်ကြီးဘုရားဖြစ်သည်။ ပျူဘာသာဖြင့် နောက်ဆုံးတွေ့ရသည် ကျောက်စာမှာ ရာဇကုမာရ် ရေးထိုးသည့် မြစေတီကျောက်စာ ဖြစ်သည်။
ပျူတို့၏ အယူဝါဒ
[ပြင်ဆင်ရန်]တွေ့ရှိရသော စေတီ၊ ဆင်းတုတော်များနှင့် အယူဝါဒရေးဆိုင်ရာ ပစ္စည်းတို့ကို ထောက်ရှုခြင်းအားဖြင့် ပျူတို့ ကိုးကွယ်ယုံကြည်သော အဓိက အယူဝါဒမှာ ထေရဝါဒဗုဒ္ဓ အယူဝါဒ ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ထိုခေတ် အရှေ့တောင် အာရှနိုင်ငံတို့မှာ ကဲ့သို့ အခြားကိုးကွယ်ယုံကြည်မှုမျိုးစုံ မိရိုးဖလာ ယုံကြည်မှုလည်း တွေ့ရသည်။
ဗိဿနိုးနတ်ကျောက်ရုပ်များကို တွေ့ရှိရခြင်းဖြင့် ထိုနတ်ကို ကိုးကွယ်သော ဗိဿနိုးအယူဝါဒ ရှိခဲ့ကြောင်း သိရသည်။ အဝ လောကီတေသွာရနှင့် ဗောဓိသတ္တတို့၏ ဆင်းတုငယ်များ ရှိနေခြင်းကလည်း မဟာယာန ဗုဒ္ဓအယူဝါဒ ရှိခဲ့ကြောင်း ဖော်ပြနေသည်။
ထူးခြားချက်တရပ်မှာ သရေခေတ္တရာ၌ တိရစ္ဆာန်ငှက်မျိုးစုံတို့၏ အရိုးများကို စုပေါင်းသိုလှောင်ထားသောအုတ်၊ အဆောက်အဦးတစ်ခုကို တွေ့ရခြင်းဖြစ်သည်။ ကိုးကွယ်ယုံကြည်မှုနှင့် မည်သို့ သက်ဆိုင်သည်ကိုမူ မသိရသေးပေ။
ရှေးဟောင်း ပျူမြို့တော်
[ပြင်ဆင်ရန်]သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်အကွာတွင်ရှိသည်။ အုတ်မြို့ရိုးကိုကျုံးပတ်လည် ဝိုင်းထားသည်။ စက်ဝိုင်းပုံမကျတကျဖြစ်ပြီးတောင် မြောက်နှစ်မိုင်ခွဲ၊ အရှေ့အနောက်နှစ်မိုင်ခန့်ကျယ်ဝန်းသည်။ ပြည်ပေါက်ခေါင်းသွားကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှ ဖြတ်လျက်တည်ဆောက်ထားသည်။ မှော်ဇာဘူတာသည်မြို့ဟောင်း၏ ဗဟိုနေရာအရှေ့မြောက်ဘက်ယွန်းယွန်းတွင် တည်ရှိသည်။ ပျူခေတ်ရှေးဟောင်း အဆောက်အအုံများနေရာအနှံတွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။ စတုဂံအုတ်ရိုး ကာရံထားသည်။ တောင်ဘက်မြို့ရိုးအပြင်ဘက်၌ အရှေ့ပျူတိုက်၊ အနောက်ပျူတိုက်နှင့် ဗိဿနိုး သင်္ချိုင်းကျန်ရှိသေးသည်။
သရေခေတ္တရာ နေဝင်ချိန်နှင့် ပြည်တွင်းစစ်
[ပြင်ဆင်ရန်]ပျူမြို့ပြနိုင်ငံများအနက် အစည်ကားဆုံးဖြစ်သော သရေခေတ္တရာသည် အေဒီ ၄ ရာစုနှင့် ၅ ရာစုခန့်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သို့သော် ရာဇဝင်အဆိုအရ သရေခေတ္တရာ မင်းဆက်၏ နောက်ဆုံးကာလတွင် နန်းလုပွဲများနှင့် ပြည်တွင်းစစ်များကြောင့် အင်အားချည့်နဲ့လာခဲ့သည်။
သုပညာနဂရဆိန္ဒမင်းနှင့် ပြည်ပြိုကွဲခြင်း
[ပြင်ဆင်ရန်]သရေခေတ္တရာ မင်းဆက်၏ (၂၆) ဆက်မြောက်မင်းဖြစ်သော အတိတျာမင်းသည် သက္ကရာဇ် (၂) ခုနှစ်တွင် နန်းတက်ခဲ့သော်လည်း နန်းသက် ၃ နှစ်အကြာ သက္ကရာဇ် (၅) ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။[၂၈] ထိုအခါ အတိတျာမင်း၏ သားတော်နှင့် ညီတော်ဖြစ်သူ ဂြိဇတြ တတဗံး (ခေါ်) သုပညာ တို့ နန်းလုကြရာမှ ပြည်တွင်းစစ် မီးစတင်ခဲ့သည်။ ညီတော်ဖြစ်သူ သုပညာသည် သက္ကရာဇ် (၅) ခုနှစ်တွင် နန်းတက်နိုင်ခဲ့သော်လည်း ၎င်း၏ နန်းစံ (၁၁) နှစ်တာ ကာလအတွင်း မင်းအချင်းချင်း ပုန်ကန်ခြားနားခြင်း၊ စစ်ထိုးခြင်းများဖြင့်သာ အချိန်ကုန်ခဲ့ရသည်။[၂၉] ယင်းကဲ့သို့ မင်းနှင့်တကွ ပြည်သူများ အချင်းချင်း စိတ်ဝမ်းကွဲကာ သရေခေတ္တရာပြည်ကြီး ပြိုကွဲပျက်စီးခြင်းကို အစွဲပြု၍ ဂြိဇတြ တတဗံးမင်းကို "သုပညာနဂရဆိန္ဒမင်း" (မြို့ပြကို ဖျက်ဆီးသောမင်း) ဟု ခေါ်တွင်ခဲ့ကြခြင်း ဖြစ်သည်။[၃၀]
သမိုင်းအမြင်နှင့် သုံးသပ်ချက်
[ပြင်ဆင်ရန်]ရာဇဝင်လာ သက္ကရာဇ်များသည် ခေတ်သစ်သမိုင်း သက္ကရာဇ်များနှင့် ကွဲလွဲမှုအချို့ ရှိနိုင်သော်လည်း ရှေးဟောင်းသုတေသန အထောက်အထားများအရ အေဒီ ၉ ရာစုဝန်းကျင်တွင် သရေခေတ္တရာသည် နိုင်ငံရေးအရ အင်အားချည့်နဲ့သွားခဲ့ကြောင်း တွေ့ရှိရသည်။[၄]ပြည်တွင်းရေး မငြိမ်မသက်ဖြစ်မှုနှင့်အတူ မြောက်ဘက်မှ နန်ချို တို့၏ ကျူးကျော်မှုများ ပေါင်းစပ်ကာ သရေခေတ္တရာ၏ ခမ်းနားသော နေ့ရက်များ ကုန်ဆုံးခဲ့ရခြင်း ဖြစ်သည်။
ရည်ညွှန်းကိုးကား
[ပြင်ဆင်ရန်]- 1 2 3 4 5 Luce, G.H. (1985). Phases of Pre-Pagan Burma. Oxford University Press.
- ↑ Summerer, M., et al. (2011). "The genetic distinctness of the Burmese people." Human Genetics.
- 1 2 Posth, C., et al. (2022). "The genetic history of Southeast Asia." Nature Communications.
- 1 2 3 4 5 Moore, E.H. (2007). "Early Landscapes of Myanmar." River Books.
- ↑ Aung-Thwin, M. (2005). "The Mists of Rāmañña." University of Hawai'i Press.
- ↑ Wang, C.C. et al., "Genomic Insights into the Ancestry of Tibeto-Burman Populations", Science Advances (2021).
- ↑ Kutanan, W. et al., "Genetic structure of the Tibeto-Burman populations in Northern Thailand and Myanmar", Human Genetics (2020).
- ↑ Zhang, X. et al., "The genetic history of the Tibeto-Burman speaking populations", BMC Evolutionary Biology (2015).
- ↑ "The genomic formation of human populations in East Asia", Nature (2021).
- ↑ Liu, D. et al., "Ancient Genomes from Myanmar and the Origin of Tibeto-Burman Speakers", Current Biology (2023).
- ↑ Luce, G.H., "The Ancient Pyu", Journal of the Burma Research Society (1960).
- ↑ Gronau, I. et al., "The genetic history of Admixture in Myanmar Populations", PLOS Genetics (2021).
- ↑ Luce, G.H. (1985). Phases of Pre-Pagan Burma. Oxford University Press.
- 1 2 Tun, Aung Thwin. (2005). The Mists of Ramanna. University of Hawaii Press.
- ↑ မောင်ကြည်သန့်၊ မြန်မာ့သမိုင်းဝင် လူမျိုးစုများနှင့် မျိုးနွယ်စုများ၊ ၂၀၀၆။
- ↑ Hudson, Bob. (2004). The Origins of Bagan. PhD Thesis, University of Sydney.
- ↑ Moore, Elizabeth. (2007). Early Landscapes of Myanmar. River Books.
- ↑ ဒေါက်တာသန်းထွန်း - ခေတ်ဟောင်းမြန်မာရာဇဝင်(တအကြိမ်)၊ p.61
- ↑ ရည်စိန် - ပျူနိုင်ငံ၊ p.167-178၊ ဉာဏ်လင်းဓမ္မစာပဒေသာ၊ ၁၉၈၄-ခုနှစ်၊ ဒီဇင်ဘာလထုတ်
- ↑ သန်းထွန်း၊ "ခေတ်ဟောင်းမြန်မာရာဇဝင်" (၂၀၀၂)။
- ↑ Aung-Thwin, M. (2005). The Mists of Rāmañña. University of Hawai'i Press.
- ↑ Aung-Thwin, M. (2005). The Mists of Rāmañña. University of Hawai'i Press.
- ↑ Backus, C. (1981). The Nan-chao Kingdom and Ch'ien-p'i. Cambridge University Press.
- ↑ သန်းထွန်း၊ "ခေတ်ဟောင်းမြန်မာရာဇဝင်" (၂၀၀၂)။
- ↑ သန်းထွန်း၊ "ခေတ်ဟောင်းမြန်မာရာဇဝင်" (၂၀၀၂)။
- ↑ Aung-Thwin, M. (2005). The Mists of Rāmañña. University of Hawai'i Press.
- 1 2 3 ဒေါက်တာသန်းထွန်း၊ "ပျူတွေဘယ်ရောက်သွားသလဲ"၊ သီရိဆွေစာအုပ်တိုက်၊ စာ-၂၀၅-၂၀၆။
- ↑ မှန်နန်းရာဇဝင်တော်ကြီး (ပထမတွဲ)။
- ↑ မှန်နန်းရာဇဝင်၊ သရေခေတ္တရာမင်းဆက်ကဏ္ဍ။
- ↑ ဦးကုလား၊ "မဟာရာဇဝင်ကြီး"။
| ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |