သရက်မြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သရက်မြို့
မြန်မာနိုင်ငံရှိ မြို့များ
သရက်မြို့ is located in မြန်မာနိုင်ငံ
သရက်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 19°19′N 95°11′E / 19.317°N 95.183°E / 19.317; 95.183
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး
ခရိုင် သရက်ခရိုင်
လတ္တီကျု (၁၉)ဒီဂရီ၊ (၁၉)မိနစ်
လောင်ဂျီကျု (၉၅)ဒီဂရီ၊ (၁၁)မိနစ်
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

သရက်မြို့ သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးသရက်ခရိုင်၏ ခရိုင်ရုံးနှင့် သရက်မြို့နယ်၏ မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

တိဗက်- မြန်မာအနွယ်ဝင် မွန်ဂိုလွိုက် လူမျိုးစုတွင် ပါဝင်သော ပျူ လူမျိုး တို့သည် အာရှတိုက် အလယ်ပိုင်း ဒေသမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် အခြေချ နေထိုင်လာကြရာ မြေပြန့်ဒေသများဖြစ်သော ဧရာဝတီမြစ် ဝန်းကျင်ဒေသ ရွှေဘိုဒေသမှ ပြည် အထိ ဖြန့်ကျက်နေထိုင်ခဲ့ကြသည်။

ဦးစွာ မြို့ပြနိုင်ငံများအဖြစ် ထူထောင်နိုင်ခဲ့ခြင်း မရှိသေးပဲ ရွာသိမ်၊ ရွာငယ်၊ အစု၊ အဖွဲ့ လေးများအဖြစ် စတင် အခြေချ ဖြန့်ကျက် နေထိုင်ခဲ့ကြရာ ယခု သရက်မြို့ ဖြစ်ပေါ်လာမည့် ဒေသတွင် “တောကျောင်းရွာ” အမည်ဖြင့် ဘော်စတယ်ခံတပ်နေရာ (ယခု ခလရ ၄၄) တွင်၎င်း၊ “ရွှေခဲစုရွာ” အမည်ဖြင့် ယခု “ရွှေသက်လွတ်ဘုရား” တစ်ဝိုက်တွင်၎င်း နေထိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

သရက်မြို့ ဖြစ်ပေါ်လာမည့်ဒေသတွင် “အမ္ဗသီရိန်ပြည်”ဟု ပေါ်ပေါက်ခဲ့ပြီး သရေခေတ္တရာ ပျက်သုန်းချိန်တွင် အမ္ဗသီရိန်၌ ပျူမင်းသား “ဒေဝကံသမင်း” အုပ်ချုပ်နေချိန်ဖြစ်ပြီး ဗေဒင်ပညာရှင်များက “အရှင်မင်းကြီး.. သားတော် မွေးဖွါးလျှင် ၎င်းသားတော်မှ အရှင်မင်းကြီး၏ ဦးခေါင်းကို ဖြတ်လိမ့်မည်” ဟု ဟောပြောသဖြင့် မိဘုရားများအား “သားယောက်ျားလေး မွေးဖွါးလျှင် ချက်ခြင်း သတ်ပစ်ရမည်” ဟု အမိန့်ထုတ်ပြန်ခဲ့ရာ မင်းချင်းတို့ကလည်း မိဘုရားများမှ သားယောက်ျားလေး ဖွါးမြင်တိုင်း ချက်ခြင်းသတ်ပစ်လေသည်။ “ဒေဝကံသမင်း” ၏ တောင်ညာစံ မဟာဒေဝီ မိဘုရားကြီး၌ ပတ္တမြား ရွှေကြုတ် နှုတ်ငုံတော်မူသောအခါ သားတော်ဖွါးမြင်လျှင် ကွပ်မျက်ခံရမည်ကို စိုးရိမ်သဖြင့် ကဝေပညာတတ်ကျွမ်းသော မယ်ဝေအား ပဋိသန္ဓေရက်ခြင်း တူသူ အခြားအမျိုးသမီးတစ်ဦးကို ရှာဖွေထားရန်တာဝန်ပေးအပ်ခဲ့သည်။ မိဘုရားကြီးမှ သားတော် ဖွါးမြင်ချိန်တွင် အကြောင်းတိုက်ဆိုင်စွာပင် မယ်ဝေ အသင့်ရှာဖွေထားသော အမျိုးသမီးမှလည်း သမီးမိန်းကလေးဖွါးမြင်သဖြင့် ၎င်းသမီးကို မိဘုရားကြီးမှ ဖွါးမြင်ကြောင်း ဒေဝကံသမင်း အားလျှောက်ထားစေပြီး သားတော်ကို မယ်ဝေ လက်ထဲ အပ်၍ အသပြာ အလုံအလောက်ပေးပြီး သရက်မြို့ အနောက်ဖက် အရပ်ရှိ တောင်တွင် ပုန်းအောင်းနေစေသည်။ မယ်ဝေ ပုန်းအောင်းသောတောင်ကို “ကဝေတောင်” ဟု ခေါ်သည်။ ကဝေတောင် တွင် နေသော ပန်းစားဘီလူးမသည် သားတော်ကို အလွန်ချစ်မြတ်နိုးသဖြင့် ရင်သွေး ပမာ စောင့်လျှောက်ထားသော်လည်း ဘုရင့်နား ပေါက်ကြားမည်စိုးရိမ်၍ ပိုမိုလုံခြုံသော တောင်စဉ် ခုနှစ် ခရိုင် အရပ်သို့ ပြောင်းရွှေ့ နေထိုင်လေသည်။

တောင်စဉ် ခုနှစ်ခရိုင်မှာ

  1. မင်းတုန်း
  2. မင်းတပ်
  3. တိုင်တား
  4. မြို့ဟောင်း
  5. မြို့သစ်
  6. ပန်းတိမ်း
  7. မန်းဖဲ(ယခုငဖဲ)

တို့ဖြစ်ကြောင်း သိရှိရပါသည်။ မင်းသား ပုန်းအောင်း နေရာ အရပ်ကို “မင်းပုန်း” (ယခု မင်းတုန်း) ဟုခေါ်တွင်ကြောင်းသိရှိရပါသည်။

“ဒေဝကံသမင်း” သည် ရှမ်းစော်ဘွားတစ်ဦးမှဆက်သသော သမီးတော် “ရှင်စောဦး” ကို အလွန်ချစ်မြတ်နိုး လေသည်။ “ရှင်စောဦး” ၏နားဋောင်းမှ ဓါတ်တော် ကွန့်မြူးသည်ကို မနာလိုသော အခြားမိဘုရားများမှ “ရှင်စောဦး” သည် စုန်းကဝေ ပညာတတ်မြောက်သူဖြစ်သည်ဟု “ဒေဝကံသမင်း”အား လျှောက်ထားရာ “ဒေဝကံသမင်း” က ယုံကြည်ပြီး နန်းတော်မှ မောင်းထုတ် သဖြင့် ရှင်စောဦး ရှမ်းပြည်သို့ ပြန်လည်ထွက်ခွါခဲ့ရာ ခရီးပမ်းပြီး လမ်းခရီးတွင် ကွယ်လွန်လေသည်။ “ရှင်စောဦး” မကွယ်လွန်မီ ၎င်း၏ ဓါတ်တော် ကွန့်မြူးသောနားဋောင်း ကို အထိန်းတော် ပေါလိယမှတစ်ဆင့် ရသေ့ကြီး “ဝရုဏ” ထံပေးအပ်၍ စေတီ တည်ထားစေခဲ့ရာ “သီဟပဗ္ဗတတောင်ထိပ်” (ယခုထုံးတောင်) တွင် “ဝရုဏစေတီဘွဲ့တော်”ဖြင့် ယခုတိုင် တည်ရှိပါသည်။

အထိန်းတော် “ပေါလိယ” သည် ရှမ်းပြည်သို့ ပြန်ပြီး “ရှင်စောဦး” ကွယ်လွန်ကြောင်း စော်ဘွား ထံ လျှောက်ထားရာ မခံမရပ်နိုင်ဖြစ်သော စော်ဘွားကြီးက စစ်သည်စုဆောင်း၍ ဒေဝကံသမင်း အား စစ်တိုက်ရန် ထွက်ခွါ လာရာ သရက်မြို့ မရောက်မီ စခန်းချနားနေရာ ကို “ရှမ်းတပ်ကြီး” ဟု ခေါ်တွင်ပြီး ယနေ့တိုင် တည်ရှိပါသည်။ ရှမ်းစစ်တပ်ကြီး ချီတက်လာကြောင်း သိရှိသော အသက်အရွယ် ကြီးပြီဖြစ်သည့် ဒေဝကံသမင်းသည် ရှမ်းစစ်တပ်ကို ခုခံနှိမ်နင်းရန် သားတော် မရှိသည်ကို နောင်တရပြီး သားတော်များအား သတ်ဖြတ်ခဲ့သည်မှာ မှားယွင်းကြောင်း ညီးတွားလေသည်ကို အခွင့်ကောင်းယူ၍ မိဘုရားကြီးက ပုန်းအောင်းနေသော သားတော် နှင့် မယ်ဝေကို ပြန်ခေါ်ရန် အမိန့်တောင်းခံခဲ့ရာ “ဒေဝကံသမင်း” က ခွင့်ပြုလေသည်။

သားတော်လည်း စစ်သည်အင်အား စုဆောင်း၍ ရှမ်း စစ်တပ်ကိုခုခံ နှိမ်နင်းရန် ပြန်လည် ချီတက်လာကြောင်း သိရှိသွားသည့်အခါ ရှမ်းစစ်တပ်ကြီးလည်း ပြန်လည်ဆုတ်ခွါ သွားလေသည်။ မင်းသား ပြန်လာရာ လမ်းတွင် ကျောက်ခွက်ကြီးတွေ့သောနေရာကို ကျောက်ကြီးရွာ ဟု၎င်း၊ မင်းသားအား ပန်းကုန်းဖြင့် ကြိုဆိုသောနေရာကို ပန်းကုန်း (ယခုဘန်းကုန်းရွာ) ဟု၎င်း၊ တစ်လနီးပါး စခန်းချခဲ့သောနေရာကို တလပါးရွာ ဟု၎င်း၊ ဒေါင်းများမြူးတူး ပျံသန်းနေသည်ကို တွေ့ရှိရသောနေရာကို ဒေါင်းပျံရွာဟု၎င်း၊ စစ်သည် နှင့် မြင်းများ စားသောက်ရန် ရေနှင့် မြက် ပေါများစွာရရှိသောနေရာကို ရေမျက်ရွာဟု၎င်း၊မင်းသား ခေတ္တတည်းခို နေထိုင်သော နေရာကိုမင်းတည်းရွာဟု၎င်း၊မင်းသားအားမယ်တော်က လေးတိုင်စင်ဆောက်၍ စောင့်မျှော်နေသောနေရာကို လေးတိုင်စင်ရွာ ဟု၎င်း ယနေ့တိုင်တည်ရှိကြောင်း တွေ့ရှိရပါသည်။

သားတော်မင်းသားမြို့တွင်းသို့ဝင်ရောက်လာသောအခါ ဒေဝကံသမင်းသည် ဗေဒင်ပညာရှင်များ၏ ဟောပြောချက်ကို ပြန်လည်သတိရပြီး ရုတ်တရက် ထိတ်လန့် တုန်လှုပ်ပြီး ကံတော်ကုန်ရှာလေသည်။ မင်းသားလည်း ကြီးစွာ စိတ်မကောင်းဖြစ်လေသည်။ သားတော်သည် ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ မင်းလုပ် အုပ်ချုပ်တော်မူပြီး တောကျောင်း အရပ်နှင့် ရွှေခဲ အရပ်ကို ပေါင်း၍ မြို့တော်တည်လေသည်။ မြို့တော်နေ ပြည်သူလူထုတို့က ခမည်းတော်သည် သားတော်များကို သတ်ရက်လေခြင်းဟု ညည်းတွားကြရာမှ မင်းသားတည်သော မြို့တော်ကို သတ်ရက်မြို့ ဟု ခေါ်တွင်လေသည်။ သတ်ရက်မြို့မှ ကာလရွေ့လျောသောအခါ သရက်မြို့ ဟု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပုဂံခေတ်[ပြင်​ဆင်​ရန်​]

အမ္ဗသီရိန် မင်းဆက်များဖြစ်သော ဒေဝကံသမင်းဆက် ပျက်သုန်းသွားသော အခါ တစ်ချိန်ကစည်ကားခဲ့သော သရက်မြို့သည် ပုဂံခေတ်ဦးပိုင်း ကာလအထိ ရွာ ကလေးတမျှသာ ရှိခဲ့လေသည်။ ပုဂံခေတ် သက္ကရာဇ် ၆၆၀ ခုနှစ်တွင် ပုဂံမင်းဆက် ကျော်စွာမင်းနန်းကျပြီး ကျော်စွာမင်းနှင့် မိဘုရားဖွါးစောတို့၏ သားတော်အကြီး စောနှစ် ပုဂံမင်းဖြစ်လာပြီး သားတော်အငယ် မင်းရှင်စော အား သရက်မြို့ကို စားစေသည်။ မင်းရှင်စောသည် ရှင်မြတ်လှ နှင့် စုံဖက်၍ သရက်မြို့တွင် နေလေသည်။ သက္ကရာဇ် ၆၆၂ ခုနှစ် တွင် မင်းရှင်စောက သရက်မြို့ကို ဓါးမ ၃၀၀ ၊ ပေါက်တူး ၃၀၀ ၊ ပုဆိန် ၃၀၀ တို့ဖြင့် မြို့ကိုပြုပြင်ပြီး ပြန်လည်တည်ထောင်ခဲ့သဖြင့် သရက်မင်းရှင်စော ဟု အမည်တွင်လေသည်။ ထို့အပြင် အတွင်းစည်းခုံစေတီ (ယခုဆုတောင်းပြည့်ဘုရားဝန်းအတွင်းရှိ စေတီ)၊ အပြင်စည်းခုံ (ယခုရွှေဘုံသာစေတီ)၊ ကျုံး (ယခုပဲ့ထောင်ဆိပ် အတက်လမ်းမှ ရွှေဘုံသာဘုရား မြောက်ဖက်လမ်းသည် ကျုံးကြီးလမ်း ဟုခေါ်တွင်ခဲ့သည်။) ၊ဆင်ချဆိပ် (ယခုပဲ့ထောင် ဆိပ်နေရာ) တို့ကို နန်းမြို့ အင်္ဂါရပ် နှင့် အညီ ပြုပြင် တည်ဆောက် ခဲ့သည်။ ပုဂံတွင် ကျော်စွာမင်းနန်းကျချိန်တွင် စည်းလုံးညီညွတ်မှု ပျက်ပြားသည်ကို သိရှိသော ရခိုင်မင်းသည် သရက်မြို့ကို တိုက်ခိုက်ပြီး မင်းရှင်စောကို သားမယားနှင့် တကွ ရခိုင်သို့ ခေါ်ဆောင်သွားလေသည်။

ထိုစဉ်က မင်းရှင်စောတွင် သားတော်ကြီးမြင်းစိုင်း၊ သားတော်လတ် စောရနောင်၊ သားတော်ငယ် စော်ကဲ ဟူ၍ သား(၃)ယောက်ရှိပါသည်။ သက္ကရာဇ် ၇၂၉ ခုနှစ်တွင် အင်း၀၌ သတိုးမင်း အနိစ္စ ရောက်သောအခါ ရမည်းသင်း မြို့စား သီလဝ ကို မင်းပြုရန် တောင်းပန်သော်လည်း လက်မခံသဖြင့် သီလဝ၏ ယောက်ဖ မင်းရှင်စော၏ သားတော်လက်ရုံးရည်နှလု့းရည်နှင့်ပြည့်ဝသော စော်ကဲကို မင်းမြှောက်ရာ မင်းကြီးစွာစော်ကဲ ဟု အမည်တွင်လေသည်။

စော်ကဲ မင်းအဖြစ်ကိုရောက်ရှိသော် ရခိုင်မင်းသည် သက်တော်ကြီးပြီ ဖြစ်သောမင်းရှင်စောကို ပြန်လွှတ်သဖြင့် သရက်မြို့သို့ ပြန်လည် ရောက်ရှိလာပြီးနောက် ရခိုင်မင်းလက်သို့ရောက်ပြီးမှ အသက်ဘေးမှ ပြန်လွတ်လာရသည်ဟု အောက်မေ့ ပြီး သားတော် စော်ကဲမင်းနှင့်အတူ သရက်မြို့၌ သက်လွတ်ဘုရား ဟုဘွဲ့အမည်ပေးပြီး တည်ထား ကိုးကွယ် လေသည်။ ယခု ဧရာဝတီမြစ်ကမ်းဘေး၌ရှိသော ရွှေသက်လွတ် ဘုရား ဖြစ်ပါသည်။

ထို့နောက် ရှေးကုသိုလ်အကြောင်းအရင်း ကောင်းသောကြောင့်မိမိနန်းမြို့ကို ပြန်လည်ရောက်ရသည်ဟု အောက်မေ့၍ ရွှေသက်လွတ် ဘုရား၏ တောင်ဖက်မြစ်ကမ်းနဖူးယခုမြန်မာရေကြောင်းရုံးအနီးတွင် ရှေးရင်းကောင်း (ရွှေရင်ခေါင်း) စေတီတည်ထားကိုးကွယ် လေသည်။ ရှေးရင်းကောင်းခေါ် ရွှေရင်ခေါင်း စေတီသည် မြစ်ရေတိုက်စားပြီး ပျက်သုန်းသွားပြီ ဖြစ်ပါသည်။

ပုဂံခေတ်နှောင်းပိုင်းမှ ကုန်းဘောင်ခေတ်[ပြင်​ဆင်​ရန်​]

သရက်မြို့သည် ပုဂံခေတ်နောက်ပိုင်း ပင်းယခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် အထိ သရက်မြို့သည် မင်းဆက်ပြတ်ခဲ့ပြီး မြို့စားများနှင့်သာ အုပ်ချုပ်ခဲ့လေသည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် အင်္ဂလိပ်-မြန်မာ ပထမ ကျူးကျော်စစ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယ ကျူးကျော်စစ် ကာလများတွင် စစ်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရပြီး ဒုတိယကျူးကျော်စစ်အပြီးတွင် အင်္ဂလိပ်လက်အောက် စတင်ကျရောက်ခဲ့ကာ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် အင်္ဂလိပ်-မြန်မာ နယ်ခြားမြို့ ဖြစ်ခဲ့သည်။ အင်္ဂလိပ် လက်အောက် စတင် ကျရောက်ချိန်တွင် သရက်မြို့၌ အိမ်ခြေ ၂၁၀ ခန့်သာ ရှိတော့သည်။

ကိုလိုနီခေတ်[ပြင်​ဆင်​ရန်​]

အင်္ဂလိပ် လက်အောက်ကျရောက်ခဲ့ပြီးနောက် နယ်ခြားဈေးမြို့တစ်မြို့ ဖြစ်လာပြီး ကုန်စည်ကူးသန်းရောင်းဝယ်ရာ အဓိကမြို့ဖြစ်လာပြီး ပြန်လည် စည်ကားလာခဲ့သည်။ ထိုစဉ်က နာမည်ကျော်ကြားခဲ့သော သရက်ထည် မှာ အိန္ဒိယ ကုန်သည်များ အိန္ဒိယတောင်ပိုင်းမှ သယ်ဆောင်လာသော ဆေးဆိုးပွင့်ရိုက် အထည်စများကို အထက်မြန်မာပြည်သို့ သရက်မြို့မှတစ်ဆင့် စတင်ဖြန့်ဖြူးခဲ့သဖြင့် သရက်ထည် ဟု ခေါ်တွင်လာခဲ့ခြင်း ဖြစ်ပါသည်။

သရက်မြို့ကို အင်္ဂလိပ်တို့ သိမ်းပိုက်ချိန်တွင် သရက်မြို့၌ မြို့စား မောင်သိုင်းနှင့်ဇနီးမဦးဒေါ်မြတို့ ရှိပြီးအင်္ဂလိပ် တို့က မောင်သိုင်းကို မြို့ဝန် အဖြစ် တာဝန်ပေးခန့်ထားရာ ယခုဝါစက်ရုံ အရှေ့ဖက်ရှိ အိမ်ကြီးတွင် နေထိုင်ခဲ့သည်။ ယခု ပဆငဧည့်ရိပ်သာတည်ရှိရာနေရာဖြစ်သည်။ ဧည့်ရိပ်သာ မဆောက်မီက ပျဉ်ထောင်အိမ်အိုကြီး တစ်လုံးရှိခဲ့ပြီး ဆရာဝန်များ နေခဲ့ဘူးသည်။ ၎င်းအိမ်ဘေးရှိ ကန်မှာ မြို့ဝန်မောင်သိုင်း မိချောင်း မွေးမြူခဲ့သော ကန်ဖြစ်ပြီး ယခုအကျဉ်းဦးစီးဌာနမှ ငါးမွေးမြူလျှက် ရှိပါသည်။

မြို့ဝန်ဦးသိုင်းမိသားစုမှ ရွှေသက်လွတ်ဘုရားအနီးယခုနှစ်စဉ် ညောင်ရေသွန်းပွဲတော်ကျင်းပရာ ဗောဓိပင်ကြီး၏ အရှေ့ဖက်တွင် မြချမ်းသာ စေတီတော် တည်ထားကိုးကွယ်ခဲ့ပါသည်။ ၁၈၅၂ခုနှစ်ခန့်တွင် ထိုနေရာ၌ အင်္ဂလိပ်တို့က အရေးပိုင်ရုံးတည်ဆောက်လိုသဖြင့် လျှောက်လွှာစာရေးဦးဘိုးချက်အားကန်ထရိုက်ပေး၍ ရွှေ့ပြောင်းစေရာ မြချမ်းသာ စေတီ ဌာပနာအတွင်းမှ ဆီစိမ်ထားသော ဆံတော် အခွေ တစ်ခုရရှိပြီး ၎င်းဆံတော်ကို ဌာပနာ၍ ယခု သတ္တဌာနဘုရားဝန်း ယဉ်ကျေးမှုကဇာတ်ရုံ အရှေ့ဖက်တွင် မြချမ်းသာစေတီ ကို တည်ထားခဲ့ရာ ယခုတိုင် ဖူးမြော်နိုင်ပါသည်။ မြချမ်းသာဘုရားတည်ရှိခဲ့သော နေရာတွင် ခြင်္သေ့ရုပ်များရှိပြီး ယခုအခါ ၎င်းခြင်္သေ့ရုပ်များကို ညောင်ပင်များက ဝါးမြိုထားသည်ကို တွေ့ရှိရပါသည်။

သရက်မြို့ကို ၁၈၇ဝခုနှစ်တွင် ခရိုင်ရုံးစိုက်ရာမြို့အဖြစ်သတ်မှတ်ခဲ့သည်။ ခရိုင်ဝန်ရုံးနှင့် လက်အောက်ခံရုံးများ၊ တရားရုံးတို့မှာ ရွှေသက်လွတ်ဘုရား အနီးဖြစ်ပြီး ယခုအခါ အဆောက်အဦးများ မရှိတော့ပဲ ဖေါင်ဒေးရှင်း အုတ်ခုံများ သာ ကျန်ရှိပါသည်။ ၎င်းနေရာအနီးတွင် လယ်ဝန်ရုံး (ယခုမြေစာရင်းရုံး)နှင့် တည်းခိုရန် ဘန်ဂလို (ယခု ဆောက်လုပ်ရေး ဘန်ဂလို)တို့သာ ကျန်ရှိပါသည်။ ယခုရွှေရင်အေး ဘုရားအဝင်တွင်ရှိသော သံတဲမှာ ပြည်မြို့တွင် ရုံးထိုင်သော စက်ရှင် တရားသူကြီးက တစ်လလျှင် (၁) ကြိမ်မှ (၂)ကြိမ်ခန့်အထိ လာရောက်ရုံးထိုင်၍ သေဒဏ်၊ ကျွန်းဒဏ်နှင့် (၇)နှစ် အထက် အမှုကြီးများ စစ်ဆေးသော စက်ရှင်တရားရုံးဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ သရက်မြို့ရှိ သက်ကြီးပုဂ္ဂိုလ်များက အင်္ဂလိပ်အစိုးရနှင့်တွေ့ဆုံရန် ကုန်းဘောင်မင်းဆက်၏ သံတမန်များ လာရောက်သည့်အခါ တွေ့ဆုံရာ တည်းခိုရာဖြစ်၍ သံတဲဟု ခေါ်သည်ဟု ပြောဆိုကြသော်လည်း ခိုင်မာသောအထောက်အထားမတွေ့ရပါ။

၁၈၅၇ (မူကွဲ ၁၈၅၄) ခုနှစ်တွင် အင်္ဂလိပ်တို့က သရက်မြို့၌ ခံတပ်တစ်ခု တည်ဆောက်ခဲ့ ပါသည်။ ၎င်းခံတပ်ကို ၁၉၅၇ ခုနှစ်တွင် လူငယ်များစာရိတ္တ ပြုပြင်ရေးကျောင်း(ကလေးထောင်) ဖွင့်လှစ်ခဲ့ပြီး ပထမဦးဆုံးကျောင်းအုပ်မှာ ဦးငြိမ်းဟန် ဖြစ်ပါသည်။ ၁၉၇၃-၇၄တွင် ၎င်းကျောင်းကို ကော့မှူးမြို့နယ် ငှက်အော်စမ်း သို့ ပြောင်းရွှေ့ဖွင်လှစ်ခဲ့သဖြင့် ၎င်းကျောင်းနေရာတွင် ခလ၇(၄၄)မှ အခြေစိုက်ခဲ့ရာ ယနေ့ထိဖြစ်ပါသည်။

၁၈၈၄ခုနှစ်တွင် SPG (St. Paul Gaspel)သာသနာပြုအဖွဲ့၏ အထောက်အပံ့ခံ (၄)တန်းအထိ ပညာသင်ကျောင်းကို ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းထောင့် (ယခု စည်ပင်ရုံး) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပထမဦးဆုံး ကျောင်းအုပ်ဆရာကြီးမှာ မစ္စတာခရစ်ရှနား ဖြစ်ပြီး နောင်တွင် (၇)တန်းအထိ တိုးမြင့်ဖွင့်လှစ်ခဲ့ပါသည်။ သရက်မြို့၏ ပထမဆုံး စာသင်ကျောင်း ဖြစ်ပါသည်။

မြန်မာအစိုးရပိုင် အထက်မြန်မာပြည်နှင့် အင်္ဂလိပ်အစိုးရပိုင် အောက်မြန်မာပြည်ကို သရက်မြို့ဖြင့် ပိုင်းခြား သတ်မှတ်ပြီး နယ်ခြားမှတ်တိုင်မှာ ရွှေဟသာၤကျွန်းအနီးတွင်ရှိပါသည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင်သရက်မြို့သည် တပ်မြို့ဖြစ်ပြီး ဂေါ်ရာစစ်သားအများအပြားထားရှိရာတပ်မြေသည်မြို့မြေနီးပါးကျယ်ဝန်းခဲ့ပါသည်။ ဂေါ်ရာစစ်သားအချို့ သည် သရက်မြို့မှ အမျိုးသမီးများကို လိုက်လံ နှောင့်ယှက်တတ်သဖြင့်စစ်သားများကိုမြို့အတွင်းသို့မသွားရောက်စေပဲ စစ်သားများအတွက် ဈေးတစ်ခုဖွင့်လှစ်ပေးရာယင်းဈေးနေရာကို ဂေါ်ရာဈေးရပ်ကွက်ဟု ခေါ်ပြီး၁၉၉၂မှစတင်၍ ပြည်တော်အေးရပ်ကွက်အဖြစ် ပြောင်းလဲခဲ့ပါသည်။

မြို့ပေါ်နေရာဒေသများ[ပြင်​ဆင်​ရန်​]

သရက်မြို့တွင် ၁၈၆၉ ခုနှစ်တွင်ဆောက်လုပ်သည့် အကျဉ်းထောင်ကြီးလည်းရှိသည်။ အစိုးရအထက်တန်းကျောင်းတစ်ကျောင်းအပြင် အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများလည်း ရှိလေသည်။ သရက်မြို့ရှိ မြန်မာနိုင်ငံ၏ ပထမဆုံးဘိလပ်မြေစက်ကြီးကို ၁၉၃ဝ ပြည့်အကျော်တွင်ဆောက်လုပ်ခဲ့သည်။

မြို့ပေါ်ရှိ အဓိကစေတီပုထိုးများတွင် ရွှေသက်လွတ်စေတီသည် အပါအဝင်ဖြစ်သည်။ ထိုစေတီကို အင်းဝပြည့်ရှင် မင်းကြီးစွာစော်ကဲသည် သက္ကရာဇ် ၇၃၄ ခုနှစ်ခန့်တွင်တည်ခဲ့သည်။ မင်းကြီးစွာစော်ကဲ ငယ်စဉ်က ရခိုင်ဘုရင် မင်းထီးသည် သရက်မြို့ကို လာရောက်တိုက်ခိုက်၍ မင်းရှင်စောနှင့်တကွ သားမယားတို့ကိုရခိုင်သို့ ဖမ်းဆီးခေါ်ဆောင်သွားရာ မင်းကြီးစွာစော်ကဲသည်လည်း ခမည်းတော် မယ်တော်တို့နှင့်အတူ ရခိုင်သို့ပါခဲ့ဘူးသည်။ နောင်အင်းဝ၌ မင်းအဖြစ်ကို ရရှိပြီးနောက်တွင် ထိုစဉ်ကရခိုင်သို့ပါခဲ့ရသော်လည်း အသက်မသေ။ ချမ်းသာလွတ်ကင်းရသည်ကို အကြောင်း ပြု၍ မိမိ၏ဇာတိဖြစ်သော သရက်မြို့တွင် ဘုရားစေတီတဆူတည်ကာ ရွှေသက်လွတ်ဟူ၍ ဘွဲ့နာမံသတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ အခြားထင်ရှားသောစေတီပုထိုးများမှာ အိန္ဒိယနိုင်ငံ၊ မာဂဓတိုင်းရှင်အသောကမင်းကြီး၏ ကောင်းမှုစေတီတစ်ဆူ ဟုဆိုကြသော ရွှေမုဋ္ဌောစေတီနှင့်ရတနာမာန်အောင်စေတီ တို့ဖြစ်ကြသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်​ဆင်​ရန်​]

သရက်မြို့သည် ဧရာဝတီမြစ်ကမ်းပေါ်၌ တည်ရှိသော်လည်း မိုးရာသီအခါ၌သာ မန္တလေးအစုံအဆန်သင်္ဘော ကြီးများဆိုက်ကပ်နိုင်သည်။ နွေရာသီတွင် မြစ်အတွင်း သောင်များထွန်းသဖြင့် သင်္ဘောဆိပ်ကို ဘိလပ်မြေစက်ကြီးဆိပ်ကမ်းတွင် လည်းကောင်း၊ ဗော့စတယ်ကလေး အကျဉ်းထောင်အနီးသို့ လည်းကောင်း ပြောင်းရွှေ့ဆိုက်ကပ်ရလေသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. Burma Gazzette ThaYetMyo Vol.a Page .65
  3. သရက်မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ မြို့နယ်သမိုင်း မှတ်တမ်း (၁၉၉၂)
  4. မှန်နန်းရာဇဝင်
  5. ရှေးဟောင်းမြန်မာရာဇဝင်နှင့် ယဉ်ကျေးမှုသုတေသန