မိုင်းမောမြို့ဟောင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မိုင်းမောမြို့ဟောင်း ကိုတွေ့ရှိခြင်းမှာ၊ မိုင်းမောကို ဦးတည်ရှာဖွေ၍ တွေ့ခဲ့ရခြင်းမဟုတ်။ ၁၉၆၅ ခုလောက်က ကျောက်ဆည်လွင်ပြင်တစ်ဝိုက်တွင်ရှိသည့် မြို့ဟောင်းနေရာများကို ကောင်းကင် ဓာတ်ပုံထဲ၌ ကြည့်ရှုဖော်ထုတ်လေ့လာရင်း (မြင်စိုင်း၊ မြင်းခုံတိုင်နှင့် မက္ခရာ(၁) ပင်လယ်မြို့များ) ပင်လယ်မြို့၏အနောက်ဘက် တောင်ခြေရင်း၌ ယိုယွင်းပွန်းတီးနေပြီဖြစ်သော မြို့ဟောင်းရာကြီးတစ် ခုကို ကောင်းကင်ဓာတ်ပုံထဲ၌ တွေ့ရှိခဲ့ခြင်းဖြစ်ပေသည်။

ကျောက်ဆည်လွင်ပြင်သည် သမိုင်းသုတေသီတို့ မြေပြင်ပေါ်၌ အထပ်ထပ်လေ့လာကြည့်ရှုခဲ့ ကြပြီးဖြစ်သည့် ဒေသတစ်ခုလည်းဖြစ်သည်။ ရှေးဟောင်းသမိုင်းစာပေနှင့် ကျောက်စာအထောက် အထားများအရလည်း စိတ်ဝင်စားဖွယ်ဒေသတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း ကျောက်ဆည်လွင်ပြင် ကို သမိုင်းသုတေသီတို့စိတ်ဝင်စားကြခြင်းဖြစ်သည်။ (၁၉၅၆)ခုနှစ်လောက်တွင် သမိုင်းသုတေသီတို့ ကျောက်ဆည်လွင်ပြင်ရှိ မြစ်သား(၁၁)ခရိုင်မြို့ဟောင်းများကို ရှာဖွေစူးစမ်းရာတွင် ဤမိုင်းမောမြို့ ဟောင်းနေရာကိုလည်း တွေ့ရှိခဲ့ဖူးသည်ဟု သိရသည်။ သို့ရာတွင် တစ်စွန်းတစ်စကိုသာတွေ့ရှိပြီး ပုံသဏ္ဌာန်ကိုမဖော်နိုင်ခဲ့။ မြို့ဟောင်းပင်မထင်ခဲ့ကြပေ။

၁၉၂၅ခု ကျောက်ဆည်ဒီးစတြိတ်ဂေဇက်တီးယားတွင် မိုင်းမောအကြောင်းတစ်စိတ်တစ်ဒေသ ပါရှိနေသည်ကို တွေ့ရသည်။ ကျောက်ဆည်ဒေသသည် ရှေးကပင်ဆည်မြောင်းတာတမံများ ထွန်းကားခဲ့သည်။ ရှေးမြို့ဟောင်းများ၊ အများအပြားတည်ရှိခဲ့ဖူးသည်။ မက္ခရာ၊ မြင်းစိုင်း၊ မြင်းခုံတိုင်၊ ပင်လယ်၊ ညောင်လှနှင့် မိုင်းမောတို့တည်ရှိသဖြင့် သမိုင်းကြောင်းကြယ်သော ဒေသတစ်ခုဖြစ်သည်ဟု မိုင်းမောအမည်ကိုပင်တစ်နေရာတွင် ဖော်ညွှန်းထားသည်။ (ဂေဇက်တီးယား-စာမျက်နှာ-၁)။

တစ်ဖန်မိုင်းမောဟူသော ကျယ်ဝန်းပြီး တံတိုင်းအကာအရံရှိသည့် ခံတပ်မြို့တစ်ခုလည်း ကျောက်ဆည်ဒီးစတြိတ်၏တောင်ပိုင်း၌ရှိသည်။ မှန်နန်းရာဇဝင်၊ ကုန်းဘောင်ရာဇဝင်များ၌ မိုင်းမော အကြောင်းပါရှိခြင်းမတွေ့ရ။ သို့ရာတွင် မရေမရာသည့် အရပ်ပြောအရ၊ ရှမ်းမင်းတစ်ပါးအုပ်ချုပ်ခဲ့ဖူး သည်ဟု မိုင်းမောနှင့်ပတ်သက်၍ ဖော်ပြထားချက်တစ်ခုကိုထပ်မံတွေ့ရှိရပြန်သည်။ (ဂေဇက်တီးယား-စာမျက်နှာ-၂၅)

ကျောက်ဆည်ဒေသတွင် ရှမ်းများနေထိုင်မှုကို ဖော်ညွှန်းရာ၌ တစ်ဖန်ဤသို့တွေ့ရှိရပြန်သည်။ မိုင်းမော၊ မိုင်းပန်-စသည့်အမည်များမှာ ရှမ်းအမည်များဖြစ်ဟန်ရှိသည်။ ရှမ်းပြည်နှင့်ကျောက်ဆည် ဒေသမှာဆက်သွယ်မှုရှိပေသည်။ ၁၄ရာစုနှစ်တွင် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်မြို့များ၌ ရှမ်းမင်းများ ရှိနေကြခြင်းနှင့် ၁၈ရာစုနှစ်တွင်လည်း မိုင်းမောရှိနေသည်ဟုဖော်ပြထားပြန်သည်။ (ဂေဇက်တီးယား-၃၃)

(၁၈)ရာစု နှစ်ပိုင်းထက်စော၍ (၁၄)ရာစုက တည်ရှိခဲ့သည့် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်မြို့ များ၏အကြောင်းများမှာ မြန်မာ့သမိုင်းမှတ်တမ်းများ၌ ပါရှိနေသည်ကိုတွေ့ရှိရပေသည်။ ဖော်ပြပါ မြို့များအားလုံးထက် ကြီးသည့်ပို၍ခိုင်ခံ့သည့် မိုင်းမောအကြောင်း တစ်လုံးတစ်ပါဒမျှ မပါရှိခြင်းမှာ အံ့ဩဖွံယ်ဖြစ်နေသည်။ သို့ဖြစ်၍ မိုင်းမောသည် အထက်ဖော်ပြပါ မက္ခရာ၊ ပင်လယ်၊ မြင်စိုင်း၊ မြင်းခုံတိုင်တို့ထက်စောသည်ဟုပင် ဆိုချင်ပါသည်။ သို့ရာတွင်မိုင်းမောကို သေချာစွာ စနစ်တကျတူး ဖော်ခြင်းပြုပြီးမှသာ အခိုင်အမာပြောဆိုနိုင်ကြပေမည်။

ရှင်းရှင်းဆိုရလျှင် မိုင်းမောမြို့ဟောင်းသို့မဟုတ် အရာဟောင်းကြီးရှိခဲ့ဖူးသည်ကို သိရှိကြပြီး ဖြစ်သည်။ သို့ရာတွင် ဤမိုင်းမောမြို့ဟောင်းအကြောင်းနှင့် ပတ်သက်၍မူ မည်သည့်သုတေသီတို့မှ အထောက်အထားရှာဖွေ၍ မှတ်တမ်းတစ်စောင်တစ်ဖွဲ့ ပြုစုထားခဲ့သည်ကို မတွေ့ရသေးပေ။ မည်သို့ သောပုံသဏ္ဌာန်ရှိသည် စသည်ဖြင့် ဖော်ညွှန်းခဲ့ခြင်းမတွေ့ရပေ။

သုတေသီများအနေဖြင့်လည်း ဤဒေသ၌ ပိုမို၍ထင်ရှားစွာတွေ့နိုင်သည့် မြင်စိုင်း၊ မြင်းခုံတိုင်၊ ပင်လယ်(မက္ခရာ-၁)မြို့ဟောင်းများကို စူးစမ်းခြင်း၊ ပုံထုတ်တိုင်းတာမှတ်တမ်းတင်ခြင်း စသည်ဖြင့် လေ့လာစေ့ငုရန် စိတ်စောနေကြ၍လော မပြောတတ်ပေ။ မိုင်းမောကိုစာရေးသူသည် မြန်မာ့မြို့ ဟောင်းရာများကို ကောင်းကင်ဓာတ်ပုံများမှ လေ့လာခြင်း၁၉၆၈ခု၊ စာတမ်းအမှတ်(၁)တွင်စတင် တင်ပြခဲ့ပါသည်။ ပုံသဏ္ဌာန်မြေပုံမျှဖြင့်သာ ဖော်ပြပြီး မြို့ရိုး၊ ကျုံးများ၏လက်ရှိအခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ မြို့ဟောင်းဝန်းကျင်နှင့်ပတ်သက်၍လည်းကောင်း၊ ဓာတ်ပုံထဲ၌ တွေ့ရှိ ချက်မှန်သမျှကို လုံလောက်ပြည့်စုံစွာ မဖော်ပြမိခဲ့သဖြင့် ဟာကွက်ရှိနေပေသည်။

မိုင်းမောဆိုသည့်အမည်နာမ[ပြင်ဆင်ရန်]

သမိုင်းမှတ်တမ်းများတွင် မိုင်းမောဆိုသည့်အမည်ပါရှိသည့် ခေတ်ကြီးတစ်ခေတ်ရှိခဲ့သည် မဟုတ်ပေ။ သို့ရာတွင် ဤမိုင်းမောမြို့ဟောင်း အရာကြီးမှာ ဧရိယာပမာဏအနေဖြင့်လည်း ရှေးဟောင်းခေတ်ပိုင်းပို၍ ကျသည့် အဝိုင်းပုံသဏ္ဌာန်မျိုးဖြစ်နေခြင်းနှင့် ပွန်းတီးယိုယွင်းမှု အခြေ အနေမှာလည်း နှစ်ပရိစ္ဆေရှည်ကြာမှုကို ထောက်ကူနေခြင်းကြောင့် အလွန်စိတ်ဝင်စားခဲ့ရပေသည်။

မိုင်းမောဆိုသည့်အမည်မှာ ၎င်းမြို့ဟောင်းအရာ၏အတွင်း၌ လုံးလုံးလျားလျားတည်ရှိသည့် ဥန္နဲပုတ်နှင့် မိုင်းမောဟူသောကျေးရွာနျစ်ခုအနက်ပို၍ မြို့ဟောင်းအတွင်းပိုင်း၊ ဗဟိုကျသည့်မိုင်းမော ရွာကလေးကိုအမှီပြုပြီး မိုင်းမောမြို့ဟောင်း- ဟူ၍ပင် မှည့်ခေါ်ထားခြင်းဖြစ်ပေသည်။ သမိုင်းလာ အမည်ကား မဟုတ်ပါချေ။

မိုင်းမော၏ဝန်းကျင်၌ နတ်လွှဲ၊ မြနဒီ၊ ထီးလိုင်၊ ထားဝယ်အင်း၊ ရွှေလောင်း၊ ရခိုင်ကြီး၊ မြို့တွင်း၊ တောင်တော်စသည့် ကျေးရွာများရှိလေသည်။

၎င်းဒေသတွင်သမိုင်းလာအမည်နှင့် အနီးစပ်ဆုံးသော ကျေးရွာအမည်မှာ ထီးလိုင်ရွာဖြစ် သည်။ ထီးလိုင်သည် မိုင်းမောမြို့ဟောင်း၏အရှေ့ဘက်စူးစူး(၁၀)မိုင်ခန့်တွင်ရှိသည်။ လမ်းအတိုင်း သွားလျှင်(၁၂)မိုင် (၁၃)မိုင်ခန့်သွားရသည်။

ထီးလိုင်သည် ပေပေါင်း ၅၃၀ဝကျော်ရှိသည့် ဝါးဘိုးတောင်ခြေရင်းတွင်ရှိသည်။ ဝါးဘိုးတောင် နှင့် ၎င်း၏အနောက်ဘက်ရှိပေ ၂၀ဝ၀ကျော်ခန့်မြင့်သည့် အခြားတောင်တန်းတစ်ခုတို့၏ အကြားရှိ ချိုင့်ဝှမ်းထဲ၌တည်ရှိသည်။ ပြန့်ပျူးကျယ်ဝန်းသည့် အနေအထားမရှိ။ သို့ဖြစ်၍ မြို့ဟောင်းအရာနှင့် အနီးဆုံးဖြစ်ပြီး မြို့ဟောင်းရာ၏ဗဟိုချက်တွင် တည်ရှိနေသည့် မိုင်းမောရွာကလေးကိုအမှီပြုပြီး မိုင်းမောမြို့ဟောင်းဟူ၍ပင် မှည့်ခေါ်ထားခြင်းဖြစ်ပေသည်။ သမိုင်းလာအမည်ကား မဟုတ်ပါချေ။

မြို့ဟောင်း၏ပုံသဏ္ဌာန်နှင့်လက်ရှိအခြေအနေ[ပြင်ဆင်ရန်]

အဝိုင်းပုံသဏ္ဌာန်[ပြင်ဆင်ရန်]

မိုင်းမောမြို့ဟောင်းသည် အဝိုင်းပုံသဏ္ဌာန်ရှိသည်။ ဓာတ်ပုံများပေါ်၍တွေ့ရှိပြီးသည့် မြို့ဟောင်းများအားလုံးတွင် (ဝတီးမြို့ဟောင်မှအပ) အဝိုင်းပုံသဏ္ဌာန်အဖြစ်နှင့် အလွန်ပီပြင်သည့်မြို့ ဟောင်းတစ်ခုဖြစ်သည်။ သရေခေတ္တရာမြို့ဟောင်းထက်လည်း ပို၍ဝိုင်းသည်။ ဝေသာလီ၊ ဓညဝတီ (မဟာမုနိ)သာဂရ(ထားဝယ်)တို့ထက်လည်း ပို၍ဝိုင်းသည်။ ဝတီးပင်လျှင် အဝိုင်းဆုံးဖြစ်သည်ဟု ဆိုစေကာမူ၊ အရှေ့မြောက်ဘက်တွင် အနည်းငယ်ချွန်းလျက် ရှိချေသေးသည်။

သရေခေတ္တရာမြို့ဟောင်းသည် မြောက်ဘက်၌ကားပြီး တောင်ဘက်၌အနည်းငယ်ရှူးသွား သည်။ အလွန်သိသာသည်။ သို့ရာတွင်မိုင်းမောမှာ ထိုသို့မဟုတ်၊ အရှေ့၊ အနောက်အချင်းမှာ အနည်းငယ်ရှည်ပြီး၊ တောင်နှင့်မြောက်အချင်းမှာ အနည်းငယ်တိုသည်။ သို့ရာတွင် ပီပြင်သောအဝိုင်း ပုံသဏ္ဌာန်ကိုဆောင်သည်။

ကောင်းကင်ဓာတ်မှ ဖတ်ရှုထောက်ကူမှုမပါဘဲ မြေပြင်ပေါ်၌သာ အရာဟောင်းကိုဦးတိုက်ရှာ ဖွေမည်ဆိုပါက အချိန်တိုတိုအတွင်း ဤမျှခရီးရောက် လွယ်ကူနိုင်မည်မဟုတ်ပေ။ စိတ်ဝင်စားဖွယ် ရာအကောင်းဆုံးအချက်မှာ မြို့ရိုးသုံးထပ်ဖြစ်နေခြင်းပင်ဖြစ်သည်။ အပြင်ထပ်မြို့ရိုးဝိုင်းကြီးအတွင်း၌ စဂုဂံတစ်ထပ်အတွင်းဆုံးတွင် အဝိုင်းပုံသဏ္ဌာန်မြို့ရိုးတစ်ထပ်ရှိ နေခြင်းတို့ပင်ဖြစ်သည်။ စတုဂံ၏ (အလယ်)ထပ်မှာ များစွာမထင်ရှားလှ၊ သို့ရာတွင်အတွင်းဆုံးနှင့် အပြင်းဆုံးအပိုင်း၂ထပ်မှာ အလွန် ထင်ရှားပေသည်။ အလယ်စတုဂံထပ်မှာရေးရေးသာ ကျန်တော့သည်။

မိုင်းမောမြို့ဟောင်းကို ဓာတ်ပုံ၌ဖတ်ရှုဖော်ထုတ်နိုင်ခဲ့စေကာမူ ဆက်လက်၍မြေပြင်၌ စူးစမ်း မှုမပြုနိုင်ခဲ့။ စာရေးသူမန္တလေးသို့ တာဝန်အရပြောင်းရွှေ့ရသည့်အခါ ၁၉၇၇ခုနှစ်မှပင် အခွင့်ကြုံ ကြိုက်သဖြင့် သွားရောက်စူးစမ်းလေ့လာခဲ့ရသည်။ စိတ်ထဲဝယ် မဖော်ပြနိုင်သည့် အံ့ဩမှု၊ ဝမ်းမြောက်ကြည်နူးမှုဖြစ်ခဲ့ရသည်။ အဝိုင်းပုံသဏ္ဌာန်မြို့ကြီးမှာ နေရာအနှံ့အပြားပြိုပျက်ယိုယွင်း လျက်ရှိစေကာမူ ကျန်အပိုင်းများ၌ မြို့ရိုးအုတ်များ အများအပြားကျန်နေဆဲရှိနေသည်ကို တွေ့ရသော ကြောင့်ပင်ဖြစ်သည်။ မူလက ကောင်းကင်ဓာတ်ပုံများဖတ်ရှုပြီး ဤမြို့ရိုး၏ ပုံသဏ္ဌာန်ကို မြင်တွေ့ ထားခဲ့ခြင်းမရှိဘဲ၊ ဓာတ်ပုံဖြင့် မဟုတ်ဘဲ၊ မြေပြင်၌တကောက်ကောက်လျှောက်၍ ရှာဖွေပါက အကွက်စေ့အောင် မြို့ရိုးဟောင်းရာကို ဖော်ထုတ်နိုင်အံ့ မထင်ပါ။ ဓာတ်ပုံထဲ၌လေ့လာပြီး (၁၀)နှစ် ကျော်ကြာမှပင် မြေပြင်ကွင်းဆင်းလေ့လာနိုင်ပေသည်။

မိုင်းမော၏တည်နေရာ[ပြင်ဆင်ရန်]

မိုင်းမောမြို့ဟောင်းသည် မြောက်ဘက်လတ္တီတွဒ်(၂၁)ဒီဂရီနှင့် (၁၇)မိနစ်ခန့်နှင့် အရှေ့ဘက် လောင်ဂျီတွဒ် (၉၆)ဒီဂရီ (၁၂)မိနစ်ခန့်တွင် တည်ရှိသည်။ မြစ်သားမြို့နယ် တွင် ပါဝင်သည်။ ကားလမ်းဖြင့်သွားလျှင် ရန်ကုန်မန္တလေးကားလမ်းဘေးရှိ ကူမဲမြို့မှ ပန်းလောင်ချောင်းကို မြှောင်၍ အရှေ့တောင်ဘက်သို့(၅)မိုင်ခွဲခန့် လိုက်သွားလျှင် နတ်လွှဲတူးမြောင်းအနီးရှိ မိုင်းမောရွာသို့ ရောက်နိုင်ပေသည်။ ယခင်က ကားဖြင့်သွားရန် မလွယ်ကူလှ။ ယခုမူ ဆည်စီမံကိန်းဒေသအတွင်း ကျရောက်လျက်ရှိနေသဖြင့် လမ်းကောင်းသွားပေသည်။

ခရီးစဉ်[ပြင်ဆင်ရန်]

မန္တလေးမြို့တောင်ဘက်မိုင်(၅၀)ကွာဝေးသည့် ကူမဲမြို့မှ အရှေ့တောင်ဘက်သို့ဝင်ရသည်။ ထိုစဉ်ကနွေရာသီ၌ လှည်းလမး်ကြောင်းအတိုင်း ကားဖြင့်သွားရောက်နိုင်သည်။ ကားဖြင့်သွားရောက် နိုင်သည်ဆိုစေကာမူ လမ်းကြမ်းခရီးဖြစ်၍ ဘီး(၄)ဘီးစလုံး၏အားဖြင့် (၄တ့နနူ ီမငလန)အသုံးပြုနိုင် သည့်ခရီးကြမ်းသုံးဂျစ်ကား၊ လင်းရိုဘာကားမျိုး၊ သို့မဟုတ် ခရီးကြမ်းသွား ကားမျိုးဖြင့်သာသွားသင့် သည်။

သွားသည့်အခါတွင် လှည်းလမ်းကြောင်းအလယ်၌ မို့မောက်နေသည့် မြေများကိုလိုအပ်လျှင် ဖြိုနိုင်ရန် ပေါက်တူး၊ ဂေါ်ပြားစသည်များကိုလည်း ယူသွားသင့်ပေသည်။ ထိုစဉ်ကနွေရာသီဆိုစေကာ မူ တချို့နေရာများ၌ တူးမြောင်းများမှ အခါမလပ် လယ်များသို့ ရေသွင်းစိုက်ပျိုးလျက်ရှိသည့် ဆည်ရေသောက်ဒေသများဖြစ်သဖြင့် လမ်းပေါ်၌ ဗွက်ပေါက်လျက်ရှိသော နေရာတချို့ရှိပေသည်။ တချို့ဗွက်များမှာ ကားပင်မရုန်းနိုင်။ စာရေးသူသွားစဉ် တစ်ခါတုန်းက ကားနစ်သဖြင့် အနီးအနားရှိ ထွန်စက်တစ်စီးကဆွဲတင်ပေးရသည်။ ထွန်စက်အခန့်သင့်မတွေ့လျှင် ဒုက္ခ။

ကားဖြင့်သွား၍မဖြစ်နိုင်လျှင် လှည်းဖြင့်ဖြစ်စေ၊ ခြေကျင်ဖြစ်စေ သွားရောက်နိုင်သည်။ မိုးတွင်း၌မူကား ဗွက်ထူသဖြင့် ကားဖြင့်လုံးဝသွား၍ မဖြစ်နိုင်တော့ပေ။ စာရေးသူအနေဖြင့် ကားဖြင့် လည်းကောင်း၊ ခြေကျင်ဖြင့်လညး်ကောင်း၊ မိုင်းမောမြို့ဟောင်းကို စူးစမ်းရန်သွားရောက်ခဲ့ဖူး၏။ ခြေကျင်သွားလျှင်မိုင်းမော၌ ညအိပ်ပြီး မြို့ဟောင်းကိုစူးစမ်းလေ့လာဖို့ လိုပေသည်။

ဝန်းကျင်ကျေးရွာများ[ပြင်ဆင်ရန်]

ကူမဲမှထွက်လျှင် တစ်မိုင်သာသာမျှလောက်တွင် ကဆွန်ရွာကလေးသို့ရောက်ရှိသည်။ ထိုမှ တစ်ဖန်တစ်မိုင်သာသာခန့်သွားလျှင် မယ်ဇလီပင်သာရွာသို့ ရောက်သည်။ ထိုမှတစ်ဆင့် ခရုတုတ်ရွာ ကိုဖြတ်ကျော်၍ လှည်းလမ်းကြမ်းအတိုင်း သွားရသည်။ ခရုတုတ်ကျေးရွာမှ အရှေ့တောင်ဘက်သို့ သွားလျှင် လှည်းလမ်းသည် မိုင်းမောမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုးကိုဖောက်၍ဝင်သည်။ (မြေပုံ။ အမှတ်(၇)ပြထားသည့်နေရာရှု)။

စာရေးသူသွားစဉ်အခါက မြောက်ဘက်မြို့ရိုးမှ ဖောက်ဝင်ခဲ့သည်ကိုမသိလိုက်ပါချေ။ မြို့ဟောင်းရာ အတွင်းရှိ ဥန္နဲပုတ်ရွာနှင့် မဝေးလှသည့် မိုင်းမောရွာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက် တော့မှပင်၊ မိုင်းမောမြို့ဟောင်းထဲရောက်နေနှင့်ပြီ ဖြစ်ကြောင်းသိရတော့သည်။ အပြန်ခရီးကျမှပင် အလာတုန်းက လမ်းမှဖြတ်ဝင်ခဲ့သည့် မိုင်းမော၏မြောက်ဘက်မြို့ရိုးကို ထပ်မံလေ့လာခဲ့ရပေသည်။

ယခုအခါမိုင်းမောမြို့ဟောင်းသို့ သွားရေးလာရေးခရီးလမ်းမှာ ဖြောင့်ဖြူးလျက်ရှိလေပြီ။ လမ်းဟောင်းမှမဟုတ်ဘဲ ကူမဲ၏တောင်ဘက်ကင်းတားဆည်လမ်းမှတစ်ဆင့် ဝင်လျှင်မိုင်းမောသို့ လွယ်ကာူ ဝင်နိုင်ပေပြီ။

မြို့ဟောင်းအတွင်းမှကျေးရွာများ[ပြင်ဆင်ရန်]

မိုင်းမောမြို့ဟောင်းအတွင်း လုံးလုံးလျားလျားကျရောက်သည့်ကျေးရွာ ၂ရွာမှာ ဥန္နဲပုတ်ရွာနှင့် မိုင်းမောရွာတို့ဖြစ်သည်။ ဥန္နဲပုတ်မှာ အိမ်ခြေ(၁၀၃)ခန့်ရှိပြီး မိုင်းမောမှာ အိမ်ခြေ(၂၆)မျှသာ ရှိသည့် ရွာငယ်ကလေးဖြစ်သည်။ မိုင်းမောရွာကလေးမှာ မန်ကျည်းပင်များနှင့် အရိပ်အာဝါသကောင်းသည်။ အိမ်ခြေကျဲသည်။ ဥန္နဲပုတ်နှင့်မိုင်းမောရွာ ၂ရွာမှာ နီးကပ်သော်လည်း နတ်လွှဲမြောင်းက ခြားလျက်ရှိ သည်။ နတ်လွှဲမြောင်းတွင်လှည်းနှင့်ကားကောင်းစွာ သွားနိုင်သည့်ခိုင်ခန့်သော အုတ်တံတား တစ်ခုဖြတ်ကူးထားသဖြင့် လွယ်ကူစွာသွားနိုင်ပေသည်။

မိုင်းမောမြို့ဟောင်း၏ အရှေ့မြောက်ဘက်တွင် ကန်ဆွယ်ရွာရှိသည်။ ကန်ဆွယ်ရွာမှာ မြို့ရိုး ကိုဖြို၍အတွင်းတစ်ဝက်၊ အပြင်တစ်ဝက်ဖြတ်၍ တည်ထားသည့်ရွာဖြစ်သည်။ သို့ဖြစ်၍ မြို့ဟောင်း အတွင်းလုံးလုံးလျားလျား ကျရောက်သည့်ကျေးရွာအဖြစ် ဖော်ပြမထားခြင်းဖြစ်သည်။ ကန်ဆွယ်ရွာ သည်မြို့ဟောင်းအတွင်း၌ ကျရောက်သည့်အပိုင်းထက် မြို့အပြင်၌ ကျရောက်သည့်အပိုင်းက ပို၍စည်ပင်ပြီး အိမ်ခြေလည်းများသည်။ (အရှေ့ကန်ဆွယ်အိမ်ခြေ (၇၅)-အနောက်ကန်ဆွယ် အိမ်ခြေ၂၄)။

မိုင်းမောမြို့ဟောင်း၏ တောင်ဘက်မြို့ရိုး၏ အနောက်ဘက်ပိုင်းတွင် ညောင်ပင်သာရွာ ကလေးနှင့် တောတွင်းရွာတို့ရှိကြသည်။ ရွာ၂ရွာမှာ ဆက်မည်ဖြစ်နေ၍ တောတွင်ညောင်ပင်သာဟု ခေါ်သည်။ ဤရွာများမှ လှည်းလမ်းအတိုင်း ၃ မိုင်ခန့်သွားလျှင် မြို့တွင်းရွာသို့ ရောက်နိုင်သည်။ မြို့တွင်းရွာမှာ အမည်နှင့်လိုက်အောက်ပင် ပင်လယ်မြို့ဟောင်း၏ မြို့ရိုးခွင်အတွင်း၌ တည်ရှိသည့် ရွာကလေးပင်တည်း။

ကူမဲမှ မိုင်းမောသို့ သွားသောလမ်းဟောင်းခရီးတလျှောက်၌ ရှေးဟောင်းဘုရားပုထိုးပျက်များ အဆောက်အအုံအပျက်အစီးများ မတွေ့ခဲ့ရပေ။ မိုင်းမောမြို့ဟောင်း၏ အလယ်ဗဟိုခန့်လောက်တွင် နန်းတော်ရာ ဘုရားစုနှင့်သိမ်တော်ကြီးဘုရားတို့ရှိကြ၏။ မိုင်းမောရွာနှင့်မနီးမဝေးတွင်ဖြစ်သည်။

မိုင်းမောမြို့ဟောင်းပုံသဏ္ဌာန်။[ပြင်ဆင်ရန်]

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ မြို့ရိုးအဝိုင်းကြီးသည် ကြီးမားထည်ဝါလှပြီး၊ အရွယ်အစား ပမာဏမှာ မန္တလေးကျုံး၊ မြို့ရိုးပမာဏခန့်ပင်ရှိသည်။ မိုင်းမောသည် အဝိုင်းပုံသဏ္ဌာန်ရှိသည့် မြို့ကြီးဖြစ်သည်။ အဝိုင်းပုံသဏ္ဌာန်မြို့ရိုးကြီးမှာ အပြင်ဆုံးထပ်ဖြစ်သည်။ အတွင်း၌လည်း အဝိုင်း ပုံသဏ္ဌာန်မြို့ရိုးခွင်တစ်တပ်ရှိသေးသည်။ ဤအဝိုင်း ၂ထပ်ကြားတွင်၊ စတုဂံပုံသဏ္ဌာန်ကဲ့သို့သော အရာဟောင်းတစ်ခုရှိနေသေးသည်။ မြို့ရိုးအဝိုင်းထပ်များကဲ့သို့ ပီပြင်ထင်ရှားမှုမရှိတော့ စေကာမူ အရာဟောင်းကို ဓာတ်ပုံထဲ၌တွေ့ရသေးသည်။ စတုဂံအရာဟောင်း၏ တောင်ဘက်သည် အထင်ရှား ဆုံးဖြစ်ပြီး ကျန်အပိုင်းများ၌ကောင်းစွာမထင်ရှားတော့ပေ။

အပြင်ဆုံးထပ်မြို့ရိုးဝိုင်းကြီး[ပြင်ဆင်ရန်]

မိုင်းမောမြို့ဟောင်း၏ မြို့ရိုးမှာအုတ်မြို့ရိုးဖြစ်သည်။ အုတ်မြို့ရိုးကိုအောက်ခြေ၌ မြေဖို့ပြီး ပို၍ခိုင်ခံ့အောင် အားဖြည့်ထားဟန်ရှိသည်။ တချို့နေရာများ၌ မြို့ရိုးပိုင်းများ နိမ့်လျှောလျက်၊ မြေပြင် နှင့်တပြေးတည်းဖြစ်နေစေကာမူ မြို့ရိုးအုတ်ရိုးကျန်သည့်နေရာများ၌ ယခုတိုင်အမြင့်၁၂ပေ (၃.၅မီတာ)မျှရှိသည့် နေရာများတွေ့ရသေးသည်။

အုတ်စီထားသည့် မြို့ရိုးမှာ အဝိုင်းကြီးတစ်ပတ်လုံးလုံးဖြစ်သည်။ မြို့ရိုး၏ နေရာအနှံ့အပြား ၌ မြို့ရိုးအုတ်များကို တူးဖော်ထုတ်ယူ၍ ရောင်းစားလျက် ရှိနေကြသည်။ ဤသို့ပြုလုပ်နေသည်မှာ ကြာပြီဟုလည်းသိရပေသည်။

၁း၂၄,ဝ၀ဝ စကေးဓာတ်ပုံထဲ၌ တိုင်းတာခန့်မှန်းချက်များအရ၊ အပြင်ဆုံးအထိပ်အပိုင်း ပုံသဏ္ဌာန်မြို့ရိုးကြီးမှာ၊ အရှေ့မှအနောက်သို့ အချင်း(၁.၈)မိုင်ကျော်ရှိသည်။ ၂မိုင်နီးပါးခန့်တည်း။ အရှေ့နှင့်မြောက်အချင်းမှာ အနည်းငယ်တိုလေသည်။ (၁.၆)မိုင်သာသာရှိသဖြင့် တစ်မိုင်ခွဲကျော်ရှိ လေသည်။

မြို့ရိုးတစ်ပတ် တစ်လျှောက်လုံး၏အလျားမှာ ၅မိုင်ခွဲခန့်ရှိလေသည်။ (၉ကီလိုမီတာနီးပါးပင်)။ မြို့ဟောင်း၏ဧရိယာ အကျယ်အဝန်းမှာ အစက်ချ ဇယားဖြင့်တိုင်းတာမှုအရ ၁၉၆၂ဧက သို့မဟုတ် (၂.၆)စတုရန်းမိုင်ခန့်မျှရှိလေသည်။ (၆၇၂ဟက်တာခွဲခန့်မျှ ဧရိယာပမာဏရှိ၏။)

တူးဖော်ဖျက်ဆီးမှု[ပြင်ဆင်ရန်]

စာရေးသူရောက်ရှိပြီး စူးစမ်းလေ့လာခဲ့သည့် မိုင်းမောနေရာအနှံ့၌ပင် အုတ်များကိုတူးဖော် ထားကြသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပေသည်။ အုတ်ချပ်များမှာ ပျမ်းမျှအလျား ၁၇-လက်မခွဲ၊ အနံ၈-လေးပိုင်းသုံးလက်မနှင့် ထု-နှစ်လက်မခွဲခန့်ရှိကြသည်။ (၄၅x၂၀x၆)စင်တီမီတာခန့်ရှိသည်ကို တွေ့ရသည်။

တူးဖော်ထားသည့်နေရာတစ်ခုနှစ်ခုကို တိုင်းတာကြည့်ရာ၊ အနက်၅ပေမျှတူးဖော်ပြီး အုတ်များ ကိုထုတ်ယူခဲ့ပြီး အောက်ခြေ၌အုတ်ချပ်များမကုန်သေးသည်ကိုတွေ့ရ၏။ အုတ်တူးထားသည့်နေရာ များအနက် တစ်နေရာတွင်၊ အလျားပေ ၃၀၊ အနံ ၁၂ပေနှင့် အနက် ၆ပေခန့်တူးဖော်ထားသည်ကို တွေ့ရှိရပြီး တူးဖော်သည့် အုတ်များမှာ မကုန်သေး။ တွေ့ရဆဲပင် ရှိသေးသဖြင့်၊ အုတ်စီထားသည့်မြို့ ရိုး၏ထုထည်ပမာဏမှာ သာမန်အသေးအဖွဲမြို့တံတိုင်း၊ အရံအတားမျှ မဟုတ်ကြောင်းသိရှိနိုင်ပေ သည်။ မြို့ရိုးတစ်လျှောက် ဤသို့တူးဖော်ထားသည့်နေရာများ၊ အနှံ့အပြားရှိနေ၏။ ပြတ်တောင်း ပြတ်တောင်းအုတ်များကို တူးဖော်ထုတ်ယူခဲ့ပြီးဖြစ်သည်ကို တွေ့ရသည်။ ထုတ်ယူတူးဖော်ခဲ့ပြီးသည့် အုတ်ကျင်းဟောင်း တချို့မှာ၊ အတွင်း၌ချုံနွယ်ပိတ်ပေါင်းများပင် ပြတ်သိပ်ပေါက်ရောက်လျက်ရှိပြီး၊ အုတ်ကြေ-အုတ်ကျိုးများသည်လည်းပြန့်ပြန့်ကြဲမျှရှိနေပေသည်။ မည်သို့ပင်ဖြစ်စေ၊ ထုထည်ကောင်း ကောင်းဖြင့် အခိုင်အခံ့တည်ဆောက်ထားသည့်အမြင့်ဆုံး မြို့ရိုးကြီးမျာ ယခုတိုင်ပင်လျှင် ထင်ထင်ရှား ရှားပင် ရှာဖွေတွေ့ရှိနိုင်ပေသေးသည်။ မြို့ရိုးတစ်လျှောက်မြေပြင်ပေါ်၌ လျှောက်၍ကြည့်ရှုလေ့လာရာ တွင် အုတ်တူးထားသည့် ကျင်းများနေရာ အနှံ့ရှိနေသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်ရပေသည်။ တစ်နေ့တွင် ဤရှေးဟောင်းအမွေအနှစ်မြို့ဟောင်းကြီးတစ်ခု သုတေသနတူးဖော်လေ့လာမှုများ မပြုလုပ်နိုင်မီတွင်ပင် ပျက်စီးဆုံးရှုံးတော့အံ့လောဟု စိုးရွံ့ဖွယ် တွေ့ကြုံခံစားရပါသည်။ (ယခုမူဤတူး ဖော်မှု ရပ်ဆိုင်းတားနိုင်ခဲ့ပြီ၊ တားမြစ်ထားပြီဖြစ်သည်။)


အတွင်းစတုဂံပုံသဏ္ဌာန်ရှိအရာဟောင်း[ပြင်ဆင်ရန်]

အတွင်းဘက်အရာဟောင်းမှာ အပြင်မြို့ရိုးကဲ့သို့ ထင်ရှားစွာမတွေ့ရတော့ပါ။ အပြင်ဘက်မြို့ ရိုးကဲ့သို့ ထုထည်ပမာဏကြီးမားဟန်မတူပါ။ အရာဟောင်းကို ကောင်းကင်ဓာတ်ပုံ၌ တွေ့ရှိနိုင်သေး သည်။ မြေပြင်ပေါ်၌မူတံတိုင်းအနေဖြင့် ထင်ထင်ရှားရှားမရှိတော့ပေ။ မိုးရာသီကာလအတွင်း မိုးရွာ ပြီးစအချိန်လောက်တွင် လှည်းလမ်းဖြတ်သည့် နေရာများ၌ အုတ်ရိုးနေရာသည် ကြေမွ၍အမှုန့်ဖြစ် နေသည့်အုတ်များကြောင့် မြေနီရောင်အစင်းထင်နေသည်ကို တွေ့ရတတ်ပေသည်။

ဓာတ်ပုံထဲ၌ စတုဂံပုံရှိသည့်အရာဟောင်းကို ရိုးတိုးရိပ်တိတ်မျှ တွေ့မြင်နိုင်သည်။ တချို့နေရာ ပိုင်းမျှသာ ထင်ရှားတော့သည်။ စတုဂံသည် အရှေ့နှင့်အနောက်အနည်းငယ် အလျားရှည်သည်။ ပို၍ ထင်ရှားသည့် တောင်ဘက်တံတိုင်းသည် ကိုက် ၁၁၈၀ခန့်မျှရှိသည်။ တောင်ဘက်တံတိုင်းတစ်ခုမှ အပ ကျန်တံတိုင်းနေရာများ မြေပြင်ပေါ်၌ ကောင်းစွာမတွေ့နိုင်တော့ပေ။ (ကောင်းစွာမထင်ရှားတော့ သည့် နေရာများကို မြေပုံထဲ၌အစက်ချမျဉ်းဖြင့် ဖော်ပြထားသည်။) စာရေးသူကိုယ်တိုင်မြေပြင်ပေါ်၌ လက်တွေ့ရှုမြင်ရသည့် အခြေအနေမှာတံတိုင်းအနေဖြင့် ထင်ထင်ရှားရှားမရှိတော့ခြင်း ဖြစ်ပါသည်။


အတွင်းဆုံးထပ်မြို့ရိုးဝိုင်း[ပြင်ဆင်ရန်]

အတွင်းဆုံးထပ်ဖြစ်သည့် အဝိုင်းပုံသဏ္ဌာန်ရှိသည့် တံတိုင်းမှာ အလပ်ထပ်စတုဂံတံတိုင်းထက် ပို၍ထင်ရှားပီပြင်လျက်ရှိသေးသည်။ အရာဟောင်းကိုလည်း ကောင်းစွာတွေ့မြင်နိုင်သေးသည်။ သို့ရာတွင်မြေပြင်ပေါ်၌ မားမားမတ်မတ်မရှိတော့ပြီ။ တချို့နေရာများတွင် အစပျောက်လျက် တချို့ နေရာများတွင် အုတ်ကျိုးအုတ်ပဲ့များဖြင့် ပြန့်ကြဲလျက် တွေ့မြင်နိုင်သေးသည်။

နဂိုမူလကပင်လျှင် အမြင့်ဆုံးအထပ်မြို့ရိုးကြီးကဲ့သို့ ထုထည်ပမာဏအားဖြင့် ကြီးမားခိုင်ခဲ့ ဟန်မတူပါ။ အတွင်းထပ် မြို့ရိုးမှာ၊ အဆက်ဆက်ရွာခံလူများက၊ ယခုမျက်မှောက်တွင် ပြုနေကြသလို အုတ်များကိုတူးဖော်အသုံးပြုခဲ့ကြ၍လော၊ သို့မဟုတ် လယ်ယာမြေများဖော်ထုတ်လုပ်ကိုင်ရန် ဖြိုဖျက် တူးဖော်လိုက်ကြသလော မပြောနိုင်ပါ။ မြေပြင်ပေါ်၌ ထင်ထင်ရှားရှား မဟုတ်စေကာမူ တချို့နေရာ များ၌ အုတ်ရိုးနေရာများကျန်ရှိသေးသည်။ မြေအောက်တွင်လည်း အုတ်ရိုးများကျန်ရှိနေမည်ကို ယုံမှားဖွယ်မရှိပါ။ မြေပြင်ပေါ်၌စူးစမ်းလေ့လာရာတွင် ကောင်းစွာတွေ့ရှိခဲ့ရပေသည်။

ထင်ရှားသည့် သာဓကများမှာ မြို့ရိုးထပ်များကိုဖြတ်၍ ဖော်လုပ်ထားသည့် လှည့်လမ်းများ၌ တံတိုင်းကိုဖြတ်ကျော်သည့် နေရာတိုင်းတွင် အုတ်ကျိုးများပြန့်ကြဲလျက်ရှိနေသည်ကို တွေ့ရခြင်းဖြစ် သည်။

ဥန္နဲပုတ်ရွာနှင့် မိုင်းမောရွာအကြား နတ်လွှဲမြောင်းကိုဖြတ်ကျော်ရန် ပြုလုပ်ထားသည့် တံတား အနီးလှည်းလမ်းဘေး တစ်နေရာတွင် ယခုတိုင်အုတ်စီ၍ တည်ဆောက်ထားသည့် တံတိုင်း၏တစ်စိတ် တစ်ဒေသကို မြေအောက်၌ တွေ့ရှိနိုင်သေးသည်။ မြေပေါ်၌လည်း မိုင်းမောရွာတစ်ဝိုက်တွင် တွေ့မြင် ရသေးသည်။ မိုင်းမောရွာနှင့် ရွာ၏မြောက်ဘက်လယ်စပ်တစ်လျှောက်တွင် အုတ်ရိုးသည် တူးဖော် ဖြိုဖျက်ပြီးအုတ်များကို အသုံးပြုခဲ့ပြီဖြစ်၍၊ မြေပြင်ပေါ်၌ အုတ်ရိုးတံတိုင်းမရှိတော့ပါ။ သို့ရာတွင် ရွာ၏မြောက်ဘက်လယ်စပ်တစ်လျှောက်လုံး အုတ်ကြိုးများ ပြန့်ကြဲလျက်ရှိသည်။ အုတ်ရိုးအရာ လက်စလက်နများ ရှိနေသေးသည်ကို တွေ့ရှိခဲ့ရပေသည်။

မိုင်းမောရွာကလေးသည် အတွင်းဆုံးထပ်ဖြစ်သော မြို့ရိုးအဝိုင်း၏မြောက်ဘက်တွင် ကပ်မြှောင်လျက်တည်ရှိ၏။ (မြေပုံတွင်ရှု)။

အတွင်းဆုံးထပ်တံတိုင်းအရာသည် မြေပြင်ပေါ်၌ကောင်းစွာ ရှာဖွေနိုင်၊ တွေ့ရှိဖော်ထုတ်နိုင် ဦးမည့်အခြေအနေရှိသည်။ အလယ်ထပ်ဖြစ်သည်။ စတုဂံတံတိုင်းထက်ပို၍ လွယ်ကူစွာရှာဖွေ ဖော်ထုတ်နိုင်မည်ဖြစ်ပေသည်။

ထူးခြားသည့် အခြားအရာဟောင်းတစ်ခု[ပြင်ဆင်ရန်]

မိုင်းမောမြို့ဟောင်း၏ တောင်ဘက်အစွန်းခပ်ကျကျတွင် အနောက်မှအရှေ့သို့ ဖြောင့်စင်း သည့်အရာဟောင်းတစ်ခုကို ကောင်းကင်ဓာတ်ပုံထဲ၌ ထင်ရှားစွာတွေ့မြင်ရပေသည်။ ဤအရာ ဟောင်းမှာ မြို့ဟောင်းနှင့်ပတ်သက်သည့် အရာဟောင်းမျိုးလည်းဖြစ်ဟန်မရှိပါ။ တယ်လီဖုန်းလိုင်း၊ လျှပ်စစ်ဓာတ်အားလိုင်းစသည်တို့၏ အရာများပေလောဟု သံသယဖြစ်ခဲ့ပါသေးသည်။

တချို့နေရာများ၌ မြေမျက်နှာပြင်ထက်အနည်းငယ်မြင့်မောက်နေသဖြင့် တယ်လီဖုန်းလိုင်း လျှပ်စစ်ဓာတ်အားလိုင်းစသည်တို့လည်း ဖြစ်နိုင်ဖွယ်မရှိပါ။ သို့ဖြစ်၍ မြေပြင်ပေါ်၌ရောက်ရှိစဉ် စူးစမ်းလေ့လာရာတွင် အဆိုပါအရာမှာမီးရထားလမ်းငယ် (ြမေမသတ ါကေါန)အရာဟောင်း တစ်ခု ဖြစ်ကြောင်းရွာသားများထံမှ သိရှိခဲ့ပေသည်။ (မြေပုံတွင် အမှတ်၈ နေရာရှု)။

တောင်ခြေရှိမိုင်း(သတ္တုတွင်း)တစ်ခုသို့ သွားရန် ဖောက်လုပ်ထားခဲ့ဖူးသော ရထားလမ်း ဟောင်းကလေးတစ်ခု ဖြစ်ကြောင်းသိရှိခဲ့ရပါသည်။ လမ်းပေါ်၌ သံလမ်းများမရှိတော့ပါ။ ဖြောင့်တန်း ပီပြင်သည့် ၎င်းလမ်းအရာတစ်ခုမှာ ယခုတိုင်ထင်ရှားကျန်ရှိနေဆဲဖြစ်ပါသည်။ ဤအရာဟောင်းမှာ မြို့ဟောင်း၏အရာနှင့်ပတ်သက်ခြင်းမရှိပါ။ အချိန်ကာလများစွာကြာညောင်းပြီးမှ ဖောက်လုပ်သည့် မီးရထားလမ်းတစ်ခုသာဖြစ်လေသည်။ မိုင်းမောနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ်တင်ပြချက်များ

အမည်နှင့်ပတ်သက်၍ပြောရလျှင်

မိုင်းမော ဟူသောအမည်နာမနှင့် ပတ်သက်၍ သမိုင်း၌တွေ့ရှိရသည့်အကြောင်းအချက်များ ကို စေ့ငုသုံးသပ်ကြည့်လျှင် ယခုတွေ့ရှိသည့် မိုင်းမောဟုအမည်မှည့်ခေါ်ထားသည့် မိုင်းမောမြို့ ဟောင်းကြီးမှာ သမိုင်းအလာ မိုင်းမောနှင့် လုံးဝပတ်သက်မှုရှိဟန်မတွေ့ရပါ။

မြန်မာရာဇဝင်များ၊ ကုန်းဘောင်သီပေါရာဇဝင်များအရဆိုလျှင် ““ရှမ်းမင်းအစ ဘိန္နက””ဟု ရှမ်းပြည်ကိုစတင်တည်ထောင်ခဲ့ရာ ဘိန္နကရာဇာမင်းဖြစ်ကြောင်း ဖွင့်ဆိုရေးသားကြသည်ကို တွေ့ရ ပေသည်။ ဘိန္နကရာဇာသည် ရွှေလီမြစ်အထက်ပိုင်း လက်ယာဘက်ကမ်းခြေ မိုင်းမောဒေသ၌ အခြေချကာ ရှမ်းတစ်ဆယ့်ကိုးခရိုင်ကိုစတင်တည်ထောင်ခဲ့သည်ဟု အဆိုရှိ၏။ ထို့ကြောင့် ရှမ်းပြည်ထောင်အစ မိုင်းမောကဟူ၍ အဆိုရှိကြောင်းလည်း သိရပေသည်။

အဆိုပါမိုင်းမောမှာ နယ်ချဲ့ခေတ်ကတည်းကပင်လျှင် ရွှေလီမြစ်တစ်ဖက်ကမ်း၊ နမ်းခမ်း၏ အရှေ့မြောက်ဘက် ယွန်းယွန်း တရုတ်ပြည့်သူ့သမ္ဓတနိုင်ငံထဲ၌ ကျရောက်လျက်ရှိလေပြီ။ ပုဂံခေတ် အနော်ရထာလက်ထက်ပိုင်းက မိုင်းမောသည်ပုဂံသို့ လက်ဆောင်ပဏ္ဍာဆက်သည့် သစ္စာခံနယ်တစ်ခု ဖြစ်၏။

ပုဂံခေတ်အင်အားပျော့ညံ့လာသည့် (၁၃)ရာစုပိုင်းလောက်တွင်မူကား စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်းစသည်တို့ကို ရှမ်းမြို့စားညီနောင်များ သိမ်းပိုက်လျက် မြန်မာနိုင်ငံအလယ်ပိုင်းကို ကြီးစိုးခဲ့ပေ သည်။

အင်းဝခေတ်ဆင်ဖြူရှင်၏ရွှေဘို ““ဘုံစံလွတ်ကျောင်း””ကျောက်စာ၌ ဖော်ပြပါရှိသည့် မြန်မာ လက်နက်နိုင်ငံတော်အဝှမ်း၌ မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လာသာ၊ မိုးနား၊ စန္ဒ္ဒား၊ မိုဝန်း စသည့် ရှမ်းတရုတ်များနေထိုင်ရာ မြို့ကြီး(၉)မြို့ကို မောရိယတိုင်းဟု ခေါ်တွင်ပါရှိကြောင်းလည်း သိရှိရပေ သည်။

တစ်ဖန်အင်းဝဘုရင် သာလွန်မင်းတရားကြီးလက်ထက် ရခိုင်ဘုရင်သီရိသုဓမ္ဓရာဇာနှင့် ချစ်ကြည်ရင်းနှီးစွာ သံတမန်၊ လက်ဆောင်ပဏ္ဍာများနှင့် စာချွန်များအပြန်အလှန်ဆက်ကြပုံကို ရခိုင်ရာဇဝင်သစ်ကျမ်း ပဉ္စမတွဲ၌ မြန်မာဘုရင်ပိုင်နက်ရှမ်းပြည်နယ်များစာရင်း၌ မိုင်းမောပြည်ဟု ပါဝင်နေသည်ကို အောက်ပါအတိုင်း တွေ့ရှိရပြန်သည်။

““...ဇင်းမယ်ပြည်၊ ကျိုင်းသည်ပြည်၊ ကျိုင်းတုံပြည်၊ အနန်းပြည်၊ ကျိုင်းရုံးပြည်၊ ငသည်စီ ပြည်၊ မိုးမိတ်ပြည်၊ သီပေါပြည်၊ မိုးနဲပြည်၊ ညောင်ရွှေပြည်၊ ဗန်းမောပြည်၊ မိုးကောင်းပြည်၊ မိုးညှင်း ပြည်၊ ကလေးပြည်၊ မိုင်းလျည်းပြည်၊ ကိုင်းမားပြည်၊ မိုင်းမောပြည် တိုင်းကြီးများအပေါင်းနှင့်တကွ ပြည်ကြီးများအပေါင်းကိုအစိုးရသော....””အစရှိသဖြင့် တွေ့ရှိရပေသည်။

တောင်ငူခေတ်ဘုရင့်နောင်လက်ထက်တွင်လည်း မြန်မာနိုင်ငံတော်ကို ထပ်မံတည်ဆောက်နိုင် ခဲ့ရာ တရုတ်နယ်စပ်ရောက်နေသည့် ရှမ်းနယ်များဖြစ်သော ကိုင်းမား၊ စန္ဒါး၊ မိုးဝန်း၊ မိုးနား၊ ဟိုသာ၊ လာသာ၊ မိုင်းမော၊ ငစည်ခွင်စသည့် မြောက်ပိုင်းရှမ်း၊ ရှမ်းပြည်နယ်များတွင်လည်း ဘုရင့်နောင်၏ မြန်မာ့ရဲမက်များ ပျံ့နှံ့ခဲ့ကြောင်း သိရှိရပေသည်။

ဤကား မိုင်းမော ဟူသော အမည်နှင့် တွေ့ရှိခဲ့ရသမျှသာဖြစ်ပေသည်။ တွေ့ရသမျှ မှတ်တမ်းများအရ ယခုဖော်ပြသည့် မိုင်းမောနှင့် ပတ်သက်မှုရှိနိုင်ဖွယ် မတွေ့ရပေ။ ယိုးဒယားမြန်မာ နယ်စပ်၌ ၁၉၇၇ခု ဗမာ့တပ်မတော်ကနှိမ်နင်းခဲ့ရသည့် ဘိန်းဖြူစခန်းဖြစ်သော မိုင်းလင်း မိုင်းမော စသည့်နေရာများမှာလည်း ပတ်သက်စရာမရှိပါ။

ထို့ကြောင့် ယခုဤစာအုပ်၌ ဖော်ပြထားသည့် မိုင်းမောဟူသော အမည်မှာ သမိုင်းအလာ အမည်မဟုတ်မူဘဲ မြို့ဟောင်း၏ ဗဟိုတွင်တွေ့ရှိရသည့် ကျေးရွာကလေးတစ်ခု၏ နာမည်ဖြင့် မှည့် ခေါ်ထားခြင်းမျှသာဖြစ်ကြောင်း အတန်တန်ဆိုခဲ့ရခြင်းဖြစ်ပေသည်။

လယ်ယာမြေများ

မြို့ဟောင်းအတွင်း၌ လယ်ယာများဖြင့် ပြည့်လျက်ရှိသည်။ အထူးသဖြင့်လယ်များမှာ မြို့ဟောင်းမြောက်ဖက်ပိုင်း နတ်လွှဲမြောင်း ရေသောက်ဒေသများ၌ ပိုမိုတွေ့ရသည်။ အရှေ့နှင့်တောင် ပိုင်းတွင်မူကား ယာကွက်များပိုမိုများပြားသည်။ ကျုံးဟောင်းနေရာများအတွင်း၌ပင် စိုက်ပျိုးလုပ်ကိုင် လျက်ရှိသည်ကို တွေ့ရပေသည်။

မိုင်းမောမြို့ဟောင်းမှာ ယခုအခါတွင်မှ မဟုတ်ရှေးယခင်ကတည်းကပင် သရေခေတ္တရာ၊ ရွှေဘို စသည့်မြို့များကဲ့သို့ မြို့ရိုးအရံအတားအတွင်း၌ လယ်ယာစိုက်ပျိုးလုပ်ကိုင်မှုထွန်းကားစည်ပင် ခဲ့ဟန်လက္ခဏာရှိသည်။

ဘုရားပုထိုးဟောင်းများ

သိမ်ကြီးဘုရား

မိုင်းမောရွာနှင့်ကပ်လျက်ရွာ၏ အနောက်ဘက်တောင်ဘက်တွင် သိမ်ကြီးဘုရားဟုယခုခေါ် တွင်လျက်ရှိသော ဘုရားစုရှိသည်။ ရွာမှအမြဲပြုပြင်မွမ်းမံထားသည့် ဘုရားစုဖြစ်သည်။ စေတီ(၄)ဆူ နှင့် ဘုရားသိမ်တစ်ခုရှိသည်။ သိမ်တော်အတွင်း၌ ဘုရား(၁၅)ဆူတည်ရှိသည်။ သိမ်တော်၏အမိုးမှာ ပြိုပျက်ယိုယွင်းလျက်ရှိပြီ။ ၎င်းသိမ်တော်အတွင်း ဂူနံရံများပေါ်၌ ဆေးရေးပန်းချီရုပ်များရှိသည်။ တချို့လည်း ပျက်စီးကုန်ပြီ။ တည်ဆောက်မှုကိုကြည့်ရခြင်းအားဖြင့် မိုင်းမောမြို့ဟောင်းလွန်ပြီးနောက် ကာလအတန်ကြာမှတည်သည့် ဘုရားများဖြစ်ဟန်ရှိသည်။

မူလဘုရားဟောင်းများဖြစ်လျှင်လည်း အထပ်ထပ်ပြုပြင်မွမ်းမံမှုများကြောင့် မူရင်းပုံစံမရှိတော့ ဟု ထင်မြင်ပါသည်။ စေတီများမှာ ထုံးသင်္ကန်းဖွေးဖွေးနှင့်ပင်ရှိကြသည်။

နန်းတော်ရာဘုရား

မိုင်းမောမြို့ဟောင်းအတွင်းရှိ ရှေးဟောင်းဘုရားတစ်ဆူမှာ ယခုရွာခံလူများက ““နန်းတော်ရာ ဘုရား””ဟု ခေါ်နေကြသည့် ရှေးဘုရားတစ်ဆူဖြစ်သည်။ အဘယ့်ကြောင့် နန်းတော်ရာဘုရားဟု ခေါ်သနည်းဟု ရွာခံလူများက မပြောတတ်။ အစဉ်အဆက် ဤအမည်ဖြင့်ပင် ခေါ်ဝေါ်သမှုပြုလာခဲ့ ကြကြောင်း ဖြေကြသည်။

ရှေးရှေးကနန်းတော်နေရာတွင် တည်ထားသည့်ဘုရားဟုလည်း တချို့ကပြောကြသည်။ မည်သို့ပင်ရှိစေ၊ နန်းတော်ရာဘုရားသည် ရှေးဘုရားတစ်ဆူဖြစ်သည်မှာကား သံသယရှိဖွယ်မလိုပါ။ နန်းတော်ရာဘုရားကို ယခင်နန်းတော်ဟောင်းရှိဖူးသည့် နေရာဟောင်း၌ တည်ထားခြင်းဖြစ်ပါသည် ဟူ၍ တချို့က ပြောဆိုကြသည်။ အကယ်၍ ဘုရား၏လက်ရှိနေရာသည် နန်းတော်ရာအမှန်ပင် ဖြစ်သည်ဆိုအံ့။ ဤနေရာသည် မြို့ဟောင်း၏ဗဟိုချက်တည့်တည့်တွင် ကျရောက်နေသည့်နေရာ ဖြစ်သဖြင့် များစွာယုတ္တိရှိပေသည်။

နန်းတော်ရာဘုရားသည် မိုင်းမောမြို့ကြီး ဖွံ့ဖြိုးစည်ပင်ကတည်းကပင် တည်ထားခဲ့ဖူးသည့် ဘုရားဖြစ်ဟန်မတူပါ။ နောက်ပိုင်းမှ တည်ဟန်ရှိသည်။ သို့သော်လည်း ၎င်း၏တည်ဆောက်မှုမှာ သိမ်ကြီးဘုရားထက် ပို၍စောဟန်လက္ခဏာရှိပေသည်။

နန်းတော်ရာဘုရားစု၌ စေတီ(၉)ဆူပါဝင်သည်။ စေတီများမှာ ခေါင်းလောင်းပုံအထက်ကြာ မှောက်ကြာလှန် ငှက်ပျောဖူးပိုင်းများ ကျိုးကျပျက်စီးလျက်ရှိချေပြီ။ ထီးတော်များလည်း မရှိတော့ပြီ။ တချို့သောဘုရားစေတီများမှာ ဂူဘုရားများဖြစ်၍ ဂူတွင်း၌ ဘုရားဆင်းတုများရှိသည်။ တချို့ဘုရား များ၌မူ ဆင်းတုပင်မရှိတော့ပေ။ (ဆင်းတုတော် ၅ဆူတွေ့ရ၏။)

တချို့ဂူများ ပြိုအက်လျက်ရှိပြီး အင်္ဂတေပန်းတမော့များ ဖော်မွမ်းထားသည့်ပန်းပြောက်ပန်း နွယ်များ တချို့ကျန်ရှိသေးသည်။ ထိုဘုရားစုကို ရင်ဆို့သာသာမျှအမြင့်ရှိသည့် တံတိုင်းဖြင့်ကာရံထား သည်။ အုတ်ချပ်တစ်ခုကို တိုင်းတာကြည့်ရာတွင် အလျား၁၅လက်မ၊ အနံ၈လက်မနှင့် ထု၁လက်မခွဲ ရှိသည်ကို တွေ့ရှိရ၏။

သိမ်ကြီးဘုရားကို ရွာကပြုပြင်မွမ်းမံလေ့ရှိကြသော်လည်း နန်းတော်ရာဘုရားစုကို မွမ်းမံပြုပြင် ရန် ရွာကမတတ်နိုင်ကြဟန်တူပါသည်။ ရံဖန်ရံခါ ထုံးသင်္ကန်းကပ်လှူကြောင်းသာ ကြားသိရပေသည်။ နန်းတော်ရာဘုရားစု၏ လက်ရှိအခြေအနေမှာ ထုံးသင်္ကန်းပင်မရှိပါချေ။ ဘုရားဖြစ်၍အုတ်များကို ဖြိုဖျက်ယူငင်ကြခြင်းမရှိသောကြောင့် တော်ပါသေး၏။ ရှေးဟောင်းဘုရားများဖြစ်သည့် နန်းတော်ရာ ဘုရားစုကိုလည်း ထိန်းသိမ်းထားသင့်သည်ဟု သဘောရပါသည်။

အခြားဘုရားဟောင်းများ

မြို့ဟောင်းရာ၏အတွင်း၌ ဖော်ပြခဲ့ပြီးသည့် သိမ်ကြီးဘုရားနှင့် နန်းတော်ရာဘုရားစုတို့မှအပ အခြားပုထိုးဟောင်း၊ ဘုရားပျက်များကို မတွေ့ခဲ့ရပါ။

မြို့ဟောင်းတောင်ဘက်၊ မြို့ရိုး၏အပြင်ဘက်တွင် ပျက်စီးယိုယွင်းနေပြီဖြစ်သည့် ဘုရားစေတီ တစ်ဆူကိုတွေ့ရှိရသည်။ ဤစေတီကို ယခုအခါ ဖိုးကြာပင်ဘုရားဟူသောအမည်ဖြင့် ရွာသားများက သုံးနှုန်းခေါ်ဝေါ်လျက်ရှိကြသည်။ စေတီဟောင်းမှာ မိုင်းမောမြို့ဟောင်း၏တောင်ဘက်တောတွင် ရွာ၏တောင်ဘက်ယွန်းယွန်းမိုင်ဝက်ခန့်လောက်တွင်ရှိသည်။ စေတီမှာ ယိုယွင်းလျက်ရှိပြီး အထက်ပိုင်းပြိုပျက်လျက် ဌာပနာဖောက်ထားသည်။

မိုင်းမောမြို့ဟောင်း၏တောင်ဘက် မြို့ရိုးအပြင်ဘက်၌ ကြေမွပျက်စီးလျက်ရှိသည့်အုတ်ပုံများ နေရာအနှံ့ရှိနေသည်။ သို့ရာတွင်မြေနှင့်တပြေးညီစွာ ပြန့်ကြဲလျက်ရှိနေပြီဖြစ်၍ ဂူပုထိုးဟောင်းများမှ အုတ်များလော၊ အဆောက်အအုံဟောင်းများမှ အုတ်များလောဟု တူးဖော်မကြည့်ဘဲ ပြောရန်ခက် ချေသည်။

ဖိုးကြာပင်ဘုရား၏ မြောက်ဘက်ခပ်ကျကျ နတ်လွှဲမြောင်း၏တစ်ဘက်ကမ်းတွင် လုံးတော် ကြီးဘုရားဟုထွင်သည့် စေတီကြီးတစ်ဆူရှိသည်။ ရှေးရှေးက လုံးတော်နီဘုရားဟုခေါ်ပြီး ယခုလုံးတော်ကြီးဘုရားဟု ခေါ်ကြကြောင်းသိရသည်။

မိုင်းမောမြို့ဟောင်း၌တွေ့ရှိရသည့် ရှေးဟောင်းပစ္စည်းတချို့

မြို့ဟောင်းကို စူးစမ်းလေ့လာသည့်အခါ ဝန်းကျင်၌နေထိုင်ကြသည့် ဒေသခံရွာသားများ ကောက်ရတွေ့ရှိတတ်သည့် ပစ္စည်းများကိုစူးစမ်းရသည်။ တချို့လည်း ရရှိသည့်ပစ္စည်းများကို ရှေး ဟောင်းပစ္စည်းများဟု မထင်မှတ်ကြ။ တချို့မှာကောက်ယူရရှိခဲ့ဖူးသော်လည်း ယခုလက်ဝယ်၌မရှိကြ။ မပြနိုင်တော့။

တွေ့ရှိကြသည့် ပစ္စည်းများဆိုရာ၌ ရေတွင်းတူးဖော်ရင်းရသည်။ အိမ်တိုင်အတွက်တွင်းတူးရင်း ရသည်။ ချောင်းကမ်းပါးပြို၍ရသည်။ လယ်ထွန်ရင်းရသည်။ သွားရင်းလာရင်းကောက်ရသည် စသည် ဖြင့် အမျိုးမျိုးရှိရာ အထူးသဖြင့် ရေစားမြေပြို၍လည်းကောင်း၊ တခြားကိစ္စအတွက် တူးဆွ၍ရသည့် ပစ္စည်းများကို အဓိကထား၍လေ့လာမှုပြုရပေသည်။ မိုင်းမော၌တွေ့ရသည့် ပစ္စည်းများထဲတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးပစ္စည်းသုံးရပ်မှာ (၁)ချင်းပုတီး၊ (၂)ဒင်္ဂါးနှင့် (၃)အရေးအစင်းပါသည့် မြို့ရိုးအုတ်ချပ်များပင်ဖြစ်သည်။

ချင်းပုတီးများ

ချင်းပုတီးဟူသည့်ဝေါဟာရမှာ ချင်းတိုင်းရင်းသားများ အလွန်မြတ်နိုးစုံမက်ကြသည့် ပုတီးများ ဖြစ်၍ ချင်းပုတီးဟုခေါ်ကြသည်။ ဤပုတီးမျိုးမှာ အလုံးပုံ၊ ဗုံတိုပုံ၊ ဗုံရှည်ပုံသဏ္ဌာန်နှင့်လေးထောင့် အပြားပုံသဏ္ဌာန်အစရှိသဖြင့် အနက်ခံပေါ်တွင် အဖြူရောင်အရေးအစင်း ဒီဇိုင်းမျိုးစုံကိုဖော်ထား သည့်ပုတီးများဖြစ်သည်။ အလွန်နှစ်လိုဖွယ်ရာကောင်းသဖြင့် တောင်ပေါ်သားများအထူးသဖြင့် ချင်းအမျိုးသားအမျိုးသမီးများ ကြိုက်နှစ်သက်ကြသဖြင့် ချင်းပုတီးဟုပင် ခေါ်တွင်ကြခြင်းဖြစ်သည်။

ချင်းအမျိုးသားများက တန်းဖိုးများစွာပေး၍ ဝယ်ယူဆင်မြန်းကြသည်ဟုလည်း သိရပေသည်။ ဤချင်းပုတီးများအရောင်းသွက်၊ ဈေးကောင်းလှသဖြင့် စစ်မဖြစ်မီကာလကပင် မိုင်းမောမြို့ဟောင်း ဒေသအတွင်း၌ ရှာဖွေတူးဖော်ပြီးရောင်းဝယ်ဖောက်ကားမှု ရှိခဲ့သည်။

ချင်းပုတီးရှာဖွေတူးဖော်သူများလှသဖြင့် ဈေးဆိုင်တန်းများပင် လာရောင်ဖွင့်လှစ်ရောင်းချကြ သည်။ ဈေးဆိုင်ကန္နားစည်ကားလှသည်။ တူးဖော်ရသူများပြားပြီး အလုအယက်တူးဖော်ကြသဖြင့် အချင်းများကြမည်စိုး၍ အစိုးရက ပိတ်ပင်တားဆီးခဲ့သည်။ တူးဖော်မှုကို တားမြစ်ခဲ့သည်ဟုသိရ၏။ ရှာဖွေတူးဖော်မှုများပြားခြင်းကြောင့် ချင်းပုတီးများလည်း ရှားပါးလာသည်ဟုဆိုကြ၏။

ဒင်္ဂါးများ

မိုင်းမော၌ စာရေးသူလေ့လာစဉ်က ဒဂါ်းလေးပြားတွေ့ရှိခဲ့ရသည်။ တစ်ပြားမှအပက ကျန်ဒင်္ဂါးများမှာ သရေခေတ္တရာနှင့် ဟန်လင်းမြို့ဟောင်းတို့၌ တွေ့ရှိရသည့်ဒဂါ်းများနှင့် တထေရာ တည်းတူညီမှုရှိပေသည်။ မိုင်းမောဒင်္ဂါးများမှာ အဓိကအားဖြင့် သုံးမျိုးသုံးစားတွေ့ရသည်။ မျက်နှာ ဘက်အခြမ်း၌ သိရိဝစ္ဆပုံသည် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး၊ ပျုမြို့ဟောင်းများတွင်တွေ့ရသည့် သီရိဝစ္ဆပုံအတိုင်းပင်ဖြစ်သည်။ ကျောဘက်၌မူ ရောင်ခြည်ခြောက်သွယ်ပါရှိသည့်နေဝန်း၊ အောက်ပိုင်း ၌လည်း ရောင်ခြည်ခြောက်သွယ်ဖြင့် ထပ်တူရောင်ပြန်ဟပ်နေသည့်အသွင်ဖြင့်လည်းကောင်း၊ ရောင်ခြည်တစ်ခုနှင့် တစ်ခုအကြားတွင် ဗိန္ဓုပြောက်တစ်ခုစီ ပေါင်းဗိန္ဓုပြောက် ၁၄=ခုဖြင့်လည်း ကောင်းတွေ့ရသည်။

ဒုတိယအမျိုးအစားတွင် မျက်နှာဘက်၌ သီရိဝစ္ဆနှင့် ၎င်း သီရိဝစ္ဆ၏အတွင်း၌ ခရုသင်းပုံပါရှိ သည်။ ကျောဘက်၌ဗဒ္ဓဌပုံပါရှိသည်။ ဟန်လင်းမြို့ဟောင်းတူးဖော်စဉ်က တွေ့ရသည့်ဒင်္ဂါးတစ်ခုနှင့် တထေရာတည်းတူညီလှပေသည်။

တတိယအမျိုးအစားမှာ မျက်နှာဘက်ခြမ်း၌ရှိသည့် သီရိဝစ္ဆပုံမှာထူးခြားသည်။ သီရိဝစ္ဆ၏ အောက်ခြေမှာ ကျဉ်းလှသည်။ ပွန်းတီးနေသဖြင့်သီရိဝစ္ဆအတွင်း၌ မည်သည့်ပုံပါရှိသည်ကိုမသိရ။ တခြားထူးခြားချက်တစ်ရပ်မှာ သီရိဝစ္ဆဘေး၌ ပါရှိတတ်သည့် ဗဒ္ဓပီဌအသေးကလေးမှာ သုံးခုပေါင်း၍ ဆင့်ထားသည့် ဗဒ္ဓပီဌပုံကလေးဖြစ်နေသည်။ အခြား၌တွေ့ရသည့်ဒင်္ဂါးများ၌ မတွေ့ဖူးပေ။ အများ အားဖြင့် ဗဒ္ဓ္ဓပီဌအသေးကလေးတစ်ခုတည်း သို့မဟုတ် တစ်ခါတစ်ရံ ဗဒ္ဓပီဌအသေး ၂-ခုဆင့်လည်း ရှိတတ်သည်။ မိုင်းမောဒင်္ဂါးကဲ့သို့ ဗဒ္ဓ္ဓပီဌအသေးကလေးသုံးခုဆင့်ရှိသည်ကို မတွေ့ရပေ။ ဒင်္ဂါးများမှာ ချောင်းကမ်းပါးမြေပြိုရာမှလည်းကောင်း၊ လယ်ထွန်ရာမှလည်းကောင်း၊ ရရှိကြသည်ဟု တင်ပြကြသည်။ ပလာစတာပုံတူများ သွန်းလုပ်ကူးယူခြင်းနှင့် ပုံတူရေးဆွဲကူးယူခြင်းကို ပြုလုပ်နိုင်ခဲ့ သည်။

မြို့ရိုးအုတ်ချပ်များ

စိတ်ဝင်စားဖွယ်ရာကောင်းသည်မှာ မြို့ရိုးအုတ်ခဲခပ်များများတွင် အရေးအစင်းများပါရှိနေခြင်း ပင်ဖြစ်သည်။ မြို့ဟောင်းများမှ မြို့ရိုးအုတ်များကို ဖြိုဖျက်မှုမပြုဘဲ များများစားစားတွေ့ရခဲသည်။ အထူးသဖြင့် မြို့ရိုးများကိုဖြိုဖျက်၍ အုတ်ခဲများကိုအသုံးပြုရန် တူးဖော်ယူနေကြသည့်နေရာများတွင် သာ အုတ်ခဲများများစားစားတွေ့လေ့ရှိသည်။ မိုင်းမောတွင် ထိုစဉ်ကရွာသားအချို့က မြို့ရိုးအုတ်များ ကို ဖော်ယူ၍ ရောင်းဝယ်ဖောက်ကားမှုပြုနေကြပေရာ အုတ်ခဲဖော်ယူသည့်နေရာများ၌ အုတ်ကျိုး အုတ်ချပ်များတွင် အရေးအစင်းများပါရှိနေသည်ကို တွေ့ခဲ့ရ၏။

မြို့ရိုးကိုဖျက်ဆီးခြင်း၊ အုတ်များရောင်းဝယ်ဖောက်ကားခြင်း မပြုကြရန်လည်း မေတ္တာရပ်ခဲ့ရ သည်။ မြို့ဟောင်းအုတ်များ၌ပါရှိသည့် အရေးအစင်းဆိုရာ၌ အနည်းငယ်ရှင်းလင်းဖို့လိုပါသည်။ အုတ်များကို ပြုလုပ်စဉ်အခါက အုတ်များမခြောက်သွေ့မီ အုတ်ခဲပေါ်တွင် လက်ချောင်းများဖြင့် အစင်းများရေးဆွဲထားကြခြင်းဖြစ်သည်။

အရေးအစင်းများစုံလှ၏။ တစ်ကြောင်း၊ နှစ်ကြောင်း၊ သုံးကြောင်းစသည်ဖြင့် လက်နှင့်ခြစ် ထားသည့်အစင်းများတည်း။ မျဉ်းဖြောင့်အစင်းများ မျဉ်းကွေးအစင်းများ၊ ထောင့်သန်း၊ ကန့်လန့်ဖြတ် အရေးအစင်းများစုံလှပေသည်။(ပုံတွင်ရှု)

မိုင်းမောသို့ ထပ်၍လေ့လာရေးသွားသည့် ခရီးတစ်ခေါက်တွင် မန်းတက္ကသိုလ်၊ သမိုင်းပါ မောက္ခ၊ ဒေါက်တာသန်းထွန်း၊ နိုင်ငံ့သမိုင်းသုတေသနဌာန အကြံပေးပုဂ္ဂိုလ် ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)နှင့် တမ္ပဝတီကိုဝင်းမောင်တို့လည်း လိုက်ပါလာကြသည်။ ဤတစ်ခေါက်တွင် လာရိုးလမ်း အတိုင်းမဟုတ်ဘဲ သပြေတောင်းဘက်မှ လှည့်၍ဝင်ခဲ့သည်။ သပြေတောင်းမှ နှမ်းခင်ရွာ၊ ၎င်းမှ တစ်ဆင့် ပင်လယ်မြို့ဟောင်း၊ ထိုမှတစ်ဆင့် မိုင်းမောသို့သွားကြသည်။ နှမ်းခင်၌ ကျောက်စာတစ်ချပ် ကိုဝင်ကြည့်ပြီး ဒေါက်တာသန်းထွန်းတို့ဖတ်ရှုလေ့လာကြသည်။

နှမ်းခင်မှအထွက်မော်တော်ကားဗွက်နှစ်သဖြင့် ခြေကျင်လျှောက်ခဲ့ရသည်။ ပင်လယ်မြို့ ဟောင်းကို ခဏမျှကြည့်ရှုပြီး မိုင်းမောသို့ခရီးဆက်ကြသည်။ မိုင်းမောသို့ မှောင်ရီပျိုးမှပင် ရောက်ရှိ ကြသည်။ ရောက်သည့်အခိုက် မိုင်းမောရွာဝန်းကျင်အတွင်း မြို့ရိုးပိုင်းကို ကြည့်ရှုကြပြီး ညောင်ပင် သာရွာ အိမ်တစ်ဆောင်တွင် နားကြသည်။

ကျယ်ကျယ်ဝန်းဝန်းနွားတင်းကပ်ကြီးပင်တည်း။ ဤဝင်းခြံအတွင်း၌ပင် လက်ရေးစင်းပါ အုတ်ချပ်အများအစား အပုံလိုက်တွေ့ရှိရသည်။ ထိုအုတ်ချပ်များအထဲမှ အရေးအစင်းပီပြင်ထင်ရှား သည့်အုတ်များကို ရွေးကြသည်။ ထိုအထဲမှ အရေးအစင်းမတူသည့်အုတ်ချပ်များကို ကူးဆွဲကြသည်။ မှင်စာကူးယူကြသည်။

မှောင်လာသဖြင့် ဖယောင်းတိုင်ထွန်း၍ ပုံနှိပ်ယူခြင်းပြုကြသည်။ ညဉ့်နက်လာသည်ပင် မပြီး ကြသေး။ တစ်နေ့လုံးလမ်းလျှောက်ရခြင်း၊ ညောင်းညာခြင်းကြောင့် တင်းကုပ်ထဲမှကွပ်ပျစ်နှင့် ခုံတန်း ရှည်တွင် ခါးဆန့်အနားယူကြသည်။ မိုင်းမောနှင့် ပတ်သက်သည့် ယူဆချက်များကိုလည်း နှီးနှောကြ ရင်း အိပ်လိုက်ကြသည်။ ခြင်ကလည်း ကိုက်လိုက်သည့်ဖြစ်ခြင်း အိပ်၍မရ။ မှေးရင်းပင် ဝေလီဝေလင်းရောင်နီပေါ်လာလေသည်။

မိုင်းမောမြို့ရိုးကို ကားဖြင့်သွားနိုင်သည့်နေရာများသို့ ဟိုတစ်ဖြတ် သည်တစ်ဖြတ်သွားကြည့် ကြသည်။ မြို့ရိုးတူးဖော်ထားသည့်နေရာများသို့လည်း ရောက်ခဲ့ကြသည်။ ခြေကျင်လည်းလျှောက် ကြည့်ကြသည်။

မိုင်းမောတွေ့အုတ်ချပ်များမှာ အရေးအစင်းများကြောင့် တစ်မူထူးနေပေသည်။ တခြားမြို့ ဟောင်းများ၏ မြို့ရိုးအုတ်များ၌ ဤအရေးအစင်းပါမပါကိုမူ မည်သူမျှ သတိမမူမိခဲ့ကြ။ သို့ဖြစ်၍ တခြားသော မြို့ဟောင်းများမှအုတ်များတွင် အရေးအစင်းပါမပါ လေ့လာမှုပြုရန် စိတ်အားထက်သန် လာသည်။ ဗိဿနိုးအုတ်၊ သရေခေတ္တရာအုတ်၊ ဟန်လင်းအုတ်တို့၌ အလားတူအရေးအစင်းများရှိ သလောဟု သိလိုစိတ်ပြင်းထန်လာသည်။

မကွေးကောလိပ်သို့ ပြင်ပစာစစ်အဖွဲ့ဝင်တစ်ဦးအဖြစ်နှင့် သွားရောက်ရသည့်ဆရာဥိးမောင် မောင်တင် အလျဉ်းသင့်သဖြင့် မေတ္တာရပ်ခံရသည်။ ဦးမောင်မောင်တင်အပြန်တွင် ဗိဿနိုးအုတ်ခဲ များတွင်လည်း အရေးအစင်းပါအုတ်ချပ် အများအစားပါရှိနေသည်ကို တွေ့ခဲ့ရကြောင်း သတင်းကောင်းကြားရတော့သည်။

တူးဖော်စမ်းသပ်သင့်သည့်မိုင်းမော[ပြင်ဆင်ရန်]

၁၉၇၇-တွင် မိုင်းမောမြို့ဟောင်းနှင့်ပတ်သက်သည့် ပဏာမစူးစမ်းလေ့လာမှုများ စာတမ်း တစ်စောင်ကို စာရေးသူ ရေးသားဖော်ပြခဲ့သည်။ ထိုစဉ်ကပင် မိုင်းမောကို စူးစမ်းတူးဖော်သင့်ပြီဖြစ် ကြောင်း ခိုင်မာသည့်အောက်ဖော်ပြချက် (၁၀)ချက်ဖြင့် တင်ပြခဲ့ဖူးပေသည်။

၁။ မိုင်းမော၏ ပီပြင်လှသည့် အဝိုင်းပုံသဏ္ဌာန်အရလည်းကောင်း၊ အတွင်းစတုဂံထပ်နှင့် အလယ်ဗဟိုအဝိုင်းတစ်ထပ်တည်းရှိခြင်းစသည့် တည်ဆောက်မှုများကြောင့်လည်းကောင်း ထူးခြား စိတ်ဝင်စားဖွယ်ကောင်းလှသည်။

၂။ ကျောက်ဆည်လွင်ပြင်ထဲ၌ တွေ့မြင်ရသည့် မြင်းစိုင်း၊ မြင်းခုံတိုင်နှင့် ပင်လယ်မြို့များထက် မိုင်းမောအရာဟောင်း၏ ပွန်းတီးမှုမှာ ပို၍ပွန်းတီးယိုယွင်းမှုရှိသည်ကို ကောင်းစွာတွေ့မြင်နေရပေ သည်။ ထို့ကြောင့် ၎င်းဖော်ပြပါမြို့ဟောင်းများထက် စောဖွယ်ရှိသည်။

၃။ မိုင်းမောမြို့ဟောင်းနှင့် လက်တစ်ကမ်းတွင် အနီးဆုံးတွေ့ရသည့် ပင်လယ်မြို့ရှိနေခြင်း၊ ပင်လယ်မြို့ဟောင်း၏ မိုင်းမောသည် ပင်လယ်မြို့ဟောင်းနှင့် ခေတ်ပြိုင်မဖြစ်နိုင်။ ပင်လယ်မြို့မပေါ်မီ ကပင်လယ်ထက်ပို၍စောပြီး တည်ခဲ့ဖူးသည့်မြို့ဟောင်း ဖြစ်ဟန်ရှိသည်။

၄။ မိုင်းမော၏တည်နေရာမှာ နတ်ထိပ်တောင်ခြေရင်းနှင့် အနီးဆုံးဖြစ်သည်။ ကျောက်ဆည် လွင်ပြင်ထဲ၌ တွေ့ရှိရသည့် မြို့ဟောင်းများအထဲတွင် နတ်ထိပ်တောင်ကြားလမ်းနှင့် အနီးဆုံးဖြစ်ခြင်း သည်လည်း စိတ်ဝင်စားဖွယ်ရာပင် ဖြစ်နေလေသည်။ သို့ဖြစ်၍ ရှမ်းကုန်းမြေပြင်မှ ကျောက်ဆည် လွင်ပြင်ထဲသို့ ဆင်းရာလမ်းကြောင်းပေါ်၌ ထိန်းချုပ်နိုင်သည့်အချက်အချာနေရာတွင် တည်ရှိနေခြင်း မှာအလွန်စိတ်ဝင်စားဖွယ်ဖြစ်သည်။

၅။ မိုင်းမောသည် ပုံသဏ္ဌာန်အနေဖြင့်သော်လည်းကောင်း၊ တည်ဆောက်မှုအနေဖြင့်သော် လည်းကောင်း ခြားနားထူးခြားသည့်အပြင် အရွယ်အစားပမာဏအနေဖြင့် မြို့ကွက်မြို့ရာ အလွန်ကြီး မားသည်ကို ကွက်ကွက်ကွင်းကွင်းတွေ့ရသည်။

၆။ သမိုင်းခေတ်များတွင် ရှေ့ပိုင်းကျသည့် ဟန်လင်း၊ ဝေသာလီ၊ ဓညဝတီ၊ ဟံသာဝတီ(ပဲခူး) နှင့် ပုဂံစသည့် မြို့ဟောင်းများထက်ကြီးသည်။ အချို့သာ မိုင်းမောနှင့် မတိမ်းမယိမ်းရှိကြသည်။ သရေခေတ္တရာမြို့ဟောင်းကြီးတစ်ခုသာ မိုင်းမောထက် ပြတ်ပြတ်သားသားကြီးသည်ကို တွေ့ရခြင်း မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။

၇။ နောက်ပိုင်းတွင် တည်ထောင်ထားသည့် ရွှေဘိုမြို့ဟောင်းထက်ငယ်သည်ဟုဆိုသော်လည်း ရွှေဘိုမြို့ဟောင်းထက် အနည်းငယ်သာသေးသည်။ အင်းဝမြို့ဟောင်း (အပြင်မြို့ရိုးအပါအဝင်)ပင် လျှင် မိုင်းမောထက် ပြောပလောက်အောင် မကြီးချေ။ မန္တလေးနန်းမြို့(ကျုံးနှင့်မြို့ရိုး)သည်ပင်လျှင် မိုင်းမောနှင့် မတိမ်းမယိမ်းရှိသည်ကို အံ့ဩဖွယ်တွေ့ရှိရပါသည်။

၈။ မိုင်းမောကို ယခုအခါ တူးဖော်လျှင်နောက်မကျသေးဟု ယူဆသည်။ ထို့ထက်နောက်ကျ ဖင့်နှေးနေလျှင် လူဖျက်ဆီးမှု၊ အုတ်များတူးဖော်ဖြိုဖျက်မှုများကြောင့် မဆုံးရှုံးသင့်သည့် သမိုင်းကွင်း ဆက်များဆုံးရှုံးသွားစရာရှိသည်။

၉။ သရေခေတ္တရာခေတ် ဆိတ်သုဉ်းသွားပြီးနောက် သရေခေတ္တရာကဲ့သို့ ကြီးမားထည်ဝါ သည့် အဝိုင်းသဏ္ဌာန်မြို့ဟောင်းမျိုး တခြားနေရာ၌ထပ်မတွေ့ရသေး။ မိုင်းမောသည် သရေခေတ္တရာ မှလွဲ၍ ကြီးမားထည်ဝါလှသည့် အဝိုင်းသဏ္ဌာန်မြို့ဟောင်းကြီးတစ်ခုဖြစ်သဖြင့် ယဉ်းကျေးမှုချင်း နိးစပ်မှုရှိမရှိကိုလည်း ဖော်ထုတ်စောကြောသင့်ပြီ ဖြစ်ပေသည်။

၁၀။ မိုင်းမောသည် သွားရေးလာရေးလွယ်ကူပြီး ရန်ကုန်မန္တလေးလမ်းမကြီး၊ မီးရထားလမ်း မကြီးများနှင့် လက်တစ်ကမ်းရှိနေသည့်အပြင် ကူမဲ၊ သပြေတောင်း စသည့်မြို့များမှတစ်ဆင့် ခရီး ပေါက်နိုင်သဖြင့် စူးစမ်းလေ့လာရန်မဝေးသည့်နေရာ၌ တည်ရှိသည်။

အထက်ဖော်ပြပါ အထောက်အထား(၁၀)ချက်အရ မိုင်းမောကို လျစ်လျူရှုမထားဘဲ စူးစမ်း ဖော်ထုတ်ရန် တူးဖော်လေ့လာဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း၊ မြန်မာ့သမိုင်းကြောင်းကို တုတ်ထမ်း မပြောဘဲ ပေါက်တူးထမ်း၍ပြောကြပါစို့ဟု မိုင်းမောပဏာမစူးစမ်းလေ့လာချက်စာတမ်း၌ စာရေးသူ တင်ပြခဲ့ဖူးသည်။

မိုင်းမော၌ တွေ့ရသည့် ရှေးဟောင်းပစ္စည်းများမှာလည်း ပျူမြို့ဟောင်းများ၌ တွေ့ရသည့် ပစ္စည်းများနှင့် ထပ်တူထပ်မျှဖြစ်နေသဖြင့် ပျူမြို့ဟောင်းတစ်ခုပင်ဖြစ်နိုင်ကြောင်းကို စာရေးသူတင်ပြ ခဲ့ဖူးပေသည်။ တူးဖော်သုတေသနပြုနိုင်ပါစေဟုလည်း စိတ်ထဲ၌ ဆန္ဒပြုမိခဲ့သည်။

မိုင်းမောကို ၁၉၆၄-ခု ရိုက်ကူးသည့်ကောင်းကင်ဓာတ်ပုံထဲ၌ ဖတ်ရှုတွေ့ရှိခဲ့ရသည်။ မြို့ဟောင်းအရာများထဲတွင် အဝိုင်းပုံသဏ္ဌာန်ကြောင့် သတိပြုမိခဲ့သည်။ ၁၉၆၈-ခု ““မြန်မာ့မြို့ဟောင်းများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာခြင်း””စာတမ်း၌ ရေးသားဖော်ပြခဲ့ဖူး သည်။ သို့ရာတွင် ကွင်းဆင်းလေ့လာမှုကို မပြုနိုင်ခဲ့ပေ။ နောင်(၁၀)နှစ်ခန့်ကြာတော့မှပင် ကွင်းဆင်း လေ့လာမှုပြုနိုင်ခဲ့သည်။ မန္တလေးတိုင်းသို့ တာဝန်အရပြောင်းရွှေ့ရစဉ်ကာလဖြစ်ချေသည်။

မိုင်းမောသို့ ကွင်းဆင်းလေ့လာမှု အကြိမ်ကြိမ်ပြုပြီးနောက် မိုင်းမောနှင့် ပတ်သက်သည့် ပဏာမစူးစမ်းလေ့လာမှု စာတမ်းတစ်စောင်ကို စာရေးသူ ၁၉၇၇-ခု၊ ဧပြီလတွင် ရေးသားတင်ပြခဲ့ သည်။ ဆုတောင်းပြည့်၍လောမပြောတတ်။ မိုင်းမောကို ၁၉၇၈-၇၉ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလတွင် ရှေးဟောင်းသုတေသနဦးစီးဌာနက စ၍တူးဖော်ခဲ့လေသည်။ စတူး၍ ရက်သတ္တတစ်ပတ်မကြာမီပင် ဗဒ္မပီဌ အမှတ်အသားပါသည့်အိုးကွဲအပိုင်းအစတစ်ခုကို တူးဖော်ရရှိခဲ့ပေသည်။

ပျူခေတ်ဒင်္ဂါးများ၊ ပျူခေတ်သုံးပုတီးစေ့များနှင့် အခြားအထောက်အထားများကို တူးဖော် တွေ့ရှိခဲ့လေသည်။ (၁၄-၃-၇၉ နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်၊ ကြေးမုံ၊ မြန်မာ့အလင်းသတင်း စာများ)။ မိုင်းမောသည် ပျူခေတ်မြို့ဟောင်းကြီးတစ်ခု ဖြစ်ဖွယ်ရှိကြောင်း ဖော်ပြခဲ့ပေသည်။ မိုင်းမောကို ဆက်လက်တူးဖော်ဦးမည်လည်း ဖြစ်ချေသည်။

ကိုးကား[ပြင်ဆင်ရန်]