မြန်မာ့စာတိုက် လုပ်ငန်း

ဝီကီပီးဒီးယား မှ
မြန်မာ့စာတိုက် လုပ်ငန်း
 မြန်မာအစိုးရအဖွဲ့အစည်း
Myanmar Post
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၈၈၅ (မြန်မာနိုင်ငံ စာတိုက်နှင့် ကြေးနန်းဌာန -အိန္ဒိယအစိုးရ)
ဌာနချုပ်​နေပြည်​တော်ဗဟိုစာတိုက်ကြီး
ဝန်ကြီးများဗိုလ်ချုပ်ကြီး မြထွန်းဦး
မိခင်အဖွဲ့အစည်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်myanmarpost.com.mm

မြန်မာ့စာတိုက် လုပ်ငန်း (အင်္ဂလိပ်: Myanmar Post) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာတိုက်လုပ်ငန်း ကို သမိုင်းများအရ၊ စစ်တွေစာတိုက် ကို ၁၈၂၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ၏ စာတိုက်လုပ်ငန်းကို စတင်ခဲ့သည်ဟု သိရှိခဲ့ရသည်။

မြန်မာမင်းများ လက်ထက်တွင် မြင်းလျင်တော်၊ ခြေလျင်တော်၊ လှေလျင်တော်တို့သည် ဘုရင့်စာချွန်တော်များကို လက်ဆင့်ကမ်းစနစ်ဖြင့်လည်းကောင်း၊ တောက်လျှောက်သယ်ယူ၍ လည်းကောင်းပို့ဆောင်ရသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များ စတင်ဝင်ရောက်ပြီးနောက် မှတ်တမ်းများအရ ၁၈၂၇ ခုနှစ်တွင် စစ်တွေစာတိုက်ကိုလည်းကောင်း၊ ၁၈၅၂ ခုနှစ်တွင် ပဲခူးစာတိုက်ကိုလည်းကောင်း၊ ၁၈၅၄ ခုနှစ်တွင် ရန်ကုန်စာတိုက်ကြီး ကိုလည်းကောင်းဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။ ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်များ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကိုသိမ်းယူပြီးနောက် စာတိုက်နှင့် ကြေးနန်းလုပ်ငန်းနှစ်ခုကိုပူးတွဲ၍ အုပ်ချုပ်ခဲ့သည်။၁၈၈၅ ခုနှစ် မှ ၁၉၃၇ ခုနှစ်၊ မတ်လ၃၁ရက်နေ့အထိ မြန်မာနိုင်ငံစာတိုက်နှင့် ကြေးနန်းဌာန ကို အိန္ဒိယစာတိုက်နှင့် ကြေးနန်း လက်အောက်တွင် ထားရှိခဲ့သည်။

မြန်မာပြည်စစ်ပြေးအစိုးရသည် ဆင်းမလားစီမံကိန်းရေးဆွဲစဉ်ကပင် စာတိုက်နှင့်ကြေးနန်းဌာနကို ခွဲခြားပြီး ဌာနကြီးမှူးတစ်ဦးစီ၏ လက်အောက်တွင် ထားရှိရန် စီစဉ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဌာနကြီးမှူး(၂)ဦးသည် အရည်အချင်းပြည့် မြန်မာဌာနအကြီးအကဲများဖြစ်ရမည်ဟု သတ်မှတ်ထားရှိကြောင်း သိရသည်။ ထိုသို့ စီစဉ်ထားရှိသည့်အတိုင်း ၁၉၄၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ စာတိုက်ဌာနကို စာတိုက်လုပ်ငန်းများ အုပ်ချုပ်ရေးအရာရှိလက်အောက်တွင်လည်းကောင်း၊ ကြေးနန်းဌာနကို ဆက်သွယ်ရေး ညွှန်ကြားရေးမှူး လက်အောက်တွင်လည်းကောင်း ထားရှိခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ၂၄ ရက်နေ့မှစ၍ စာတိုက်မင်းကြီးရာထူးကို စာတိုက်ဌာနတွင်လည်းကောင်း၊ အင်ဂျင်နီယာချုပ်ကို ကြေးနန်းဌာနတွင်လည်းကောင်း တီထွင်ထားရှိခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၄-၁-၁၉၄၈ ရက်နေ့မှစ၍ စာတိုက်မင်းကြီးကို စာတိုက် ညွှန်ကြားရေးဝန်၊ အင်ဂျင်နီယာချုပ်ကိုကြေးနန်းညွှန်ကြားရေးဝန်အဖြစ် ပြောင်းလဲ ခေါ်တွင် ခဲ့သည်။

၄-၁၀-၁၉၄၉ ရက်နေ့တွင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂအဖွဲ့ဝင် ဖြစ်ခဲ့သည်။၅-၅-၁၉၅၆ နေ့တွင် နိုင်ငံခြားစာပို့တိုက်ဌာနကိုစတင်တည်ထောင်ခဲ့သည်။ ၁၉၅၉ ခုနှစ်မှစ၍ ကျေးရွာအရောက် စာပို့ဆက်သွယ်ရေး၊ စာဆက်သွယ်ရေး မှန်မှန်နှင့် မြန်မြန်ရောက်ရှိရေး၊ တိုးတက်ဖွံ့ဖြိုးရေး စသည့် စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခဲ့ကြောင်းသိရသည်။၂၀-၁-၁၉၆၀ နေ့တွင် စာတိုက်နှင့်ကြေးနန်းဌာနတို့ကို ပြန်လည်ပေါင်းစည်းပြီး ညွှန်ကြားရေးမှူးချုပ်၏ လက်အောက်တွင် ထားရှိ အုပ်ချုပ်စေခဲ့သည်။ စစ်မဖြစ်မီက မြန်မာပြည်အနှံအပြားတွင် စာတိုက်ကြီး/ငယ်ပေါင်း(၆၂၅) ခုရှိခဲ့ရာ၊ ၁၉၅၉-၁၉၆၀ ခုနှစ်တွင် စာတိုက်ကြီး/ငယ်ပေါင်း(၆၀၁) ခုထိရှိခဲ့ကြောင်းသိရသည်။ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ဆက်သွယ်ရေးလုပ်ငန်းများကိုစီးပွားရေးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ရာစာတိုက်လုပ်ငန်းကိုလည်း ၎င်းအချိန်မှစ၍ စီးပွားရေးဆန်ဆန် ဆောင်ရွက်ခဲ့သည်။ စာတိုက် စုစုပေါင်း အရေအတွက်မှာ ၁၉၆၂ ခုနှစ်၊ မတ်လတွင် (၆၈၆) ရုံး ရှိခဲ့ရာမှ ၁၉၇၅ ခုနှစ်၊ မတ်လတွင် (၁၀၉၄) ရုံး သို့လည်းကောင်း၊ ၁၉၈၇ ခုနှစ်၊ မတ်လတွင် (၁,၁၁၃) ရုံး သို့လည်းကောင်း တိုးတက်ခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်တွင် စာတိုက်စုစုပေါင်းအရေအတွက်မှာ (၁,၁၁၅) ရုံးရှိခဲ့ရာမှ ၂၀၁၇ခုနှစ်၊ ဇွန် (၃၀) ရက်နေ့တွင် လုပ်ငန်းပြည့် (၇၈၂) ရုံး၊ စာတိုက်ခွဲ (၂၀၈) ရုံး၊ ကျေးရွာကိုယ်စားလှယ် (၃၉၁) ရုံး၊ စုစုပေါင်း (၁,၃၈၁) ရုံး သို့ လည်းကောင်း တိုးတက်ခဲ့သည်။ အမြန်ငွေပို့လွှာလုပ်ငန်း ကို ၁၉၈၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။ ယနေ့အထိရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် မြို့ပေါင်း (၄၁၀) မြို့သို့ ပေးပို့ဆောင်ရွက်လျက် ရှိသည်။

အမြန်ချောပို့လုပ်ငန်း ကို ၁၉၉၂ခုနှစ်၊ဧပြီလ ၁ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။ ယနေ့အထိနေပြည်တော်နှင့် မြို့ပေါင်း(၁၂၃)မြို့၊ ရန်ကုန်နှင့် မြို့ပေါင်း(၁၅၁)မြို့ နှင့် မန္တလေးနှင့် မြို့ပေါင်း(၁၀၀)မြို့ စုစုပေါင်း ပြည်တွင်းအမြန်ချောပို့ မြို့ပေါင်း (၁၅၅)မြို့ဖြင့် ပေးပို့ ဆောင်ရွက်လျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာအမြန်စာပို့လုပ်ငန်း (EMS International) ကို ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ စင်္ကာပူနိုင်ငံနှင့် စတင်ဆောင်ရွက်ခဲ့သည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာအမြန် စာပို့လုပ်ငန်း (EMS International)ကို Singapore Post ဖြင့် Mail Network ချိတ်ဆက်၍ နိုင်ငံပေါင်း (၁၀၂) နိုင်ငံ အထိ တိုးချဲ့၍ အပြန်အလှန် ပေးပို့ ဆောင်ရွက်လျက် ရှိသည်။

MYANMAR DHL LIMITED (အပြည်ပြည်ဆိုင်ရာအမြန်ချောပို့လုပ်ငန်း) ကို ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံပေါင်း (၂၂၇) နိုင်ငံ သို့ ပြည်ပအမြန်ချောပို့လုပ်ငန်းများချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး၏လမ်းညွှန်ချက်အရ DEMS (Domestic Express Mail Service) ပြည်တွင်းအမြန်ချောခြေရာခံထောက်လှမ်းစနစ် Track & Trace System အား ပြည်တွင်းအမြန်ချောပို့လုပ်ငန်းဆောင်ရွက်လျက်ရှိသော မြို့များနှင့် (၁.၄.၂၀၀၉) ရက်နေ့မှ စ၍ ဆောင်ရွက်ခဲ့သည်။

၁-၁-၂၀၁၇) ရက်နေ့မှစတင်၍ ပို့ဆောင်မှုစနစ်အား အချိန်နှင့်တပြေးညီ ကြည့်ရှု့စစ်ဆေးနိုင်သော (Delivery Monitering System) ကို စတင်အသုံးပြုခဲ့သည်။ (၂၁-၁-၂၀၁၇) ခုနှစ်မှစတင်၍ မြန်မာ့စာတိုက်လုပ်ငန်အား နည်းပညာဖြင့်ချိတ်ဆက်၍ အသုံးပြုနိုင်သော ePost System စနစ်ကို အင်တာနက်ကွက်ယက်ဈေးရောင်းသူ (OnlineShop)များ အသုံးပြုနိုင်ရန်အတွက် ဇ အင်ဖော်မေးရှင်းတက်ဂ်နယ်လယ်ဂျီ[၁] ကုမ္ပဏီ နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။

(၂၅-၂-၂၀၁၈) ရက်နေ့တွင် အွန်လိုင်းဈေးရုံစနစ်တစ်ခုဖြစ်သည့် Marketplace by Myanmar Post ကို စတင်အသုံးပြုခဲ့ပြီး ဈေးရောင်းလိုသူများမှာ မြန်မာ့စာတိုက်လုပ်ငန်းလုပ်ငန်းတွင် ကိုယ်တိုင်လာရောက်မှတ်ပုံတင်၍ အတည်ပြုချက်ရယူကာ‌ဈေးရောင်းချနိုင်သည့် စနစ်ဖြစ်သည်။[၂]

၁.၄.၂၀၁၀ ရက်နေ့မှစ၍ Postal Data Information System Project ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိစာတိုက်တစ်ခုချင်းစီ၏ အချက်အလက်များနှင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Online မှတစ်ဆင့် နေ့စဉ်ချိတ်ဆက် တင်သွင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးမန်နေဂျာများနှင့် ရုံးချုပ်တာဝန်ရှိသူများမှသုံးသပ် ကြီးကြပ်ကွပ်ကဲနိုင်မည် ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ် (၂/ ၂၀၁၅) အရဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉/ ၂၀၁၅ ဖြင့် မြန်မာ့စာတိုက်လုပ်ငန်းဖွဲ့စည်းပုံအသစ် အား ၁ - ၄ -၂၀၁၅ ရက်နေ့မှစ၍ အတည်ပြု ဖွဲ့စည်းခွင့် ရရှိခဲ့သည်။ [၃]

ဝန်ဆောင်မှုလုပ်ငန်းများ[ပြင်ဆင်ရန်]

  • တံဆိပ်ခေါင်းရောင်းချခြင်း
  • ပြည်တွင်း / ပြည်ပ မှတ်ပုံတင်စာ လက်ခံ / ပေးဝေခြင်း
  • ပြည်တွင်း / ပြည်ပ မှတ်ပုံတင်ချောထုပ် လက်ခံ / ပေးဝေခြင်း
  • ပြည်တွင်း / ပြည်ပ ရိုးရိုးစာ လက်ခံ / ပေးဝေခြင်း
  • ပြည်တွင်း ရိုးရိုးငွေပို့လွှာ လက်ခံ / ပေးဝေခြင်း
  • ပြည်တွင်း အမြန်ငွေပို့လွှာ လက်ခံ / ပေးဝေခြင်း
  • ပြည်တွင်း အမြန်ချောပို့ လက်ခံ / ပေးဝေခြင်း
  • စာတိုက်သေတ္တာငှားရမ်းခြင်း
  • ပြည်တွင်း တန်ဖိုးပေးရွေးချောပစ္စည်းလုပ်ငန်း
  • အပြည်ပြည်ဆိုင်ရာ အမြန်စာပို့လုပ်ငန်း
  • Myanmar – DHL ဖက်စပ်လုပ်ငန်း
  • Online Shop များအတွက် ePost စနစ်လုပ်ငန်း

ကိုးကား[ပြင်ဆင်ရန်]