မြန်မာ့ မီးရထား
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် |
|
ယခင်အဖွဲ့အစည်း |
|
ဌာနချုပ် | နေပြည်တော် ဘူတာ၊ နေပြည်တော်[၁] |
ဝန်ကြီးများ | ဗိုလ်ချုပ်ကြီး မြထွန်းဦး |
မိခင်အဖွဲ့အစည်း | ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | railways.gov.mm |
မြန်မာ့ မီးရထား (အင်္ဂလိပ်: Myanma Railways)သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]မြန်မာ့မီးရထားသည် အရှေ့တောင်အာရှ၌ အိန္ဒိယပြီးလျှင် အစောဆုံးဟု ဆိုရပေမည်။ မြန်မာ့မီးရထားသည် ဗြိတိန်နိုင်ငံထက်(၅၂)နှစ်၊ အိန္ဒိယနိုင်ငံထက်(၂၄)နှစ် နောက်ကျပြီး ရထားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉နှစ်တွင်(၁၄၂)နှစ် ရှိခဲ့ပြီးဖြစ်သည်။
[၂] အရှေ့တောင်အာရှနိုင်ငံ ရထားလုပ်ငန်းများတွင် သက်တမ်းရင့်သည့် ရထားလုပ်ငန်းတစ်ခု အဖြစ် တည်ရှိသည်။
ရထားလမ်းဖောက်လုပ်ရန် စေ့ဆော်ပေးသည့် အခြေအနေများ
[ပြင်ဆင်ရန်]၁၈၅၂ ခုနှစ်၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး၌ ဗြိတိသျှတို့သည် အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် အကျိုးအမြတ် ရရှိနိုင်ရန် ဆန်စပါး၊ ကျွန်းသစ်၊ ရာဘာနှင့် သယံဇာတ သတ္တုပစ္စည်းများကို တွင်တွင် ကျယ်ကျယ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ခြင်း၊ ၎င်းတို့တိုင်းပြည်မှ သွင်းကုန်များကို တင်သွင်း၍ ရောင်းချခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။ ၁၈၇၂ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၄.၂ သိန်းထိ တင်ပို့ခဲ့ရာတွင် အရပ်ရပ်မှ ဆန်စပါးများ စုစည်းရာ၌ လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး၊ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမားနေသဖြင့် ယင်းကိစ္စကို ဖြေရှင်းရန် စဉ်းစားခဲ့သည်။ တောင်ငူ၌ စပါးတင်း (၁၀၀) လျှင် ရူပီးငွေ (၃၅)ကျပ် ဈေးသာ ရှိနေချိန်တွင် ရန်ကုန်၌ စပါးတင်း (၁၀၀)လျှင် ရူပီးငွေ (၉၅)ကျပ်ရှိနေခဲ့ရာ သယ်ယူပို့ဆောင်ရေးစရိတ် သက်သာ စေရေးအတွက် လမ်းများကိုစတင်ဖောက်လုပ်ခဲ့သည်။ ၁၈၇၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ၌ မြေလမ်း (၈၁၅)မိုင် ကို ဖောက်လုပ်ခဲ့ပြီး ယင်းအနက် ရာသီမရွေး သွားလာနိုင်သည့် ကျောက်ခင်းလမ်း (၂၉၂)မိုင် ပါဝင်ကြောင်း သိရသည်။ အကယ်၍ မီးရထားလမ်းဖောက်လုပ် သယ်ဆောင်နိုင်ပါက ကုန်ကျစရိတ်များစွာ သက်သာပြီး၊ သင်္ဘောတင်ရန် လုံလောက်သည့် ဆန်များကိုလည်း အချိန်တိုအတွင်း စုစည်းနိုင်မည်ဖြစ်ရာ ရထား လမ်းဖောက်လုပ်ရန် စဉ်းစားလာတော့သည်။
အခြားရှုထောင့်များ
[ပြင်ဆင်ရန်]စီးပွားရေးရှုထောင့်အမြင်သာမက ရထားလမ်း ဖောက်လုပ်ပြေးဆွဲခြင်းဖြင့် ဗြိတိသျှအုပ်ချုပ်ရေးကို မြန်မာနိုင်ငံသားများ အထင်ကြီး အားကျလာစေရေး၊ သူ့ကျွန်မခံလိုသော တော်လှန်ရေး အင်အားစုများကို ပြည်သူတို့ထောက်ခံမှု ကျဆင်းစေရေး စသည့် နိုင်ငံရေးအမြင်ရှုထောင့်နှင့် အထက်မြန်မာနိုင်ငံမှ မြန်မာမင်းတို့က ဧရာဝတီမြစ်ကြောင်းမှ စုန်ဆင်းတိုက်နိုင်ပါက ပြည်မြို့သို့ လျင်မြန်စွာ ရောက်ရှိလာမည်ဖြစ်ရာ ယင်းတို့သော အခြေအနေကြုံတွေ့ရပါက ဗြိတိသျှတပ်များနှင့် စစ်လက်နက်၊ ရိက္ခာပစ္စည်းများကို ဖြည့်တင်းနိုင်ရေး ဟူသော စစ်ရေးအမြင် ရှိသည့်အတွက် ရန်ကုန်မှ ပြည်သို့ ရထားလမ်းဖောက်လုပ်ရန် စဉ်းစားတော့သည်။ ရထားလမ်း ဖောက်လုပ်ရန်အတွက် ၁၈၆၈ ခုနှစ်တွင် လမ်းအူကြောင်း ပုံစံနှင့် တကွ ကုန်ကျစရိတ်များကိုပါ တွက်ချက်၍ အောက်မြန်မာနိုင်ငံတော် မဟာမင်းကြီး Sir Ashley Eden က အိန္ဒိယအစိုးရထံ တင်ပြအဆိုပြုခဲ့ရာ ၁၈၇၄ ခုနှစ်တွင် အိန္ဒိယအစိုးရမှ လက်ခံသဖြင့် အထူးလုပ်ငန်းတစ်ရပ်အဖြစ် ချက်ချင်း စတင်အကောင် အထည်ဖော်ရန် ဆုံးဖြတ်ပြီး ကုန်ကျစရိတ်ကိုလည်း အထူးရန်ပုံငွေမှ ကျခံသုံးစွဲရန် ခွင့်ပြုခဲ့သည်။
ရထားလမ်းစတင်ဖောက်လုပ်ခြင်း
[ပြင်ဆင်ရန်]ရန်ကုန်-ပြည် ရထားလမ်း စတင်ဖောက်လုပ်ရာတွင် မီတာဂေ့ချ် (သံလမ်းနှစ်ခုကြား တစ်မီတာအကျယ်ရှိ) ရထားလမ်းကို ဖောက်လုပ်ခဲ့သည်။ ရထားလမ်း ဖောက်လုပ်ရာတွင် အခကြေးငွေပေါပေါနှင့် လုပ်ကိုင်နိုင်ကြသော ကုလားလူမျိုးလုပ်သား အများအပြား အသုံးပြုခဲ့ပြီး သုံးနှစ်ကြာ ဖောက်လုပ်ခဲ့ပြီးနောက် ၁၈၇၇ ခုနှစ်တွင် ရထားလမ်းဖောက်လုပ်ပြီးစီးခဲ့သည်။ မြန်မာနိုင်ငံ၌ ပထမဆုံးဖောက်လုပ်ခဲ့သည့် ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ်၊ မေလ (၁) ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ရန်ကုန်နှင့် ဧရာဝတီမြစ်ဝှမ်း အစိုးရ ရထားလုပ်ငန်း (The Rangoon and Irrawaddy Valley State Railway) က ပိုင်ဆိုင်ပြေးဆွဲခဲ့သည်။ ကမ္ဘာ့ပထမဆုံး မီးရထားလမ်းဖြစ်သည့် ဗြိတိန်ရှိ ဒါလင်တန် (Darlington) နှင့် စတော့တန် (Stockton) ရထားလမ်း ဖွင့်လှစ်ပြီးနောက် (၅၂)နှစ် အကြာတွင် လည်းကောင်း အိန္ဒိယနိုင်ငံတွင် ရထား စတင်ပြေးဆွဲပြီးနောက် (၂၄)နှစ် အကြာတွင် လည်းကောင်း မြန်မာနိုင်ငံ၌ ရထားကို စတင်ပြေးဆွဲနိုင်ခြင်း ဖြစ်သည်။
ရထားလုပ်ငန်းမှ အမြတ်ကောင်းစွာ ရရှိနိုင်သည်ကို တွေ့မြင်ပြီးနောက် ရန်ကုန်မှ တောင်ငူသို့ ရထားလမ်းဖောက်လုပ်ရန် ၁၈၈၁ ခုနှစ်တွင် ဆုံးဖြတ်ပြီး လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သည်။ ဗြိတိသျှတို့ ဒုတိယ ဆက်လက် ဖောက်လုပ်ခဲ့သော လမ်းမကြီးမှာ ရန်ကုန်မှ တောင်ငူသို့ဖြစ်ပြီး၊ ရထားလမ်း အရှည်မှာ ၁၆၆ မိုင်ဖြစ်သည်။ (၉၃)မိုင်အရှည်ရှိ ရန်ကုန် - ညောင်လေးပင်လမ်းပိုင်းကို ၁၈၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် လည်းကောင်း၊ (၇၃)မိုင်အရှည်ရှိ ညောင်လေးပင် - တောင်ငူလမ်းပိုင်းကို ၁၈၈၅ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် လည်းကောင်း ဖွင့်လှစ်ခဲ့သည်။
ရထားလမ်းများ တိုးချဲ့ဖောက်လုပ်ခြင်း
[ပြင်ဆင်ရန်]ဗြိတိသျှတို့က အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ရထားလမ်းများ ဆက်လက် ဖောက်လုပ်ခဲ့ရာ (၅၉)မိုင် အရှည်ရှိ တောင်ငူ - ပျဉ်းမနားလမ်းပိုင်းကို ၁၈၈၈ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် လည်းကောင်း၊ (၄၉.၅၁) မိုင်အရှည်ရှိ ပျဉ်းမနား - ရမည်းသင်းလမ်းပိုင်းကို ၁၈၈၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် လည်းကောင်း၊ (၁၁၁)မိုင် အရှည်ရှိ ရမည်းသင်း - မန္တလေးလမ်းပိုင်းကို ၁၈၈၉ ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် လည်းကောင်း ဖွင့်လှစ်ခဲ့သည်။ ရထားလမ်းများ ဆက်လက်ဖောက်လုပ်ခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံမှ ဗြိတသျှတို့ မဆုတ်ခွာမီ ၁၉၄၀-၄၁ ခုနှစ်အထိ ရထားလမ်း သံလမ်းမိုင် (၂၈၅၂)မိုင် ဖောက်လုပ်ခဲ့ပြီး ဖြစ်သည်။
ဗြိတိသျှခေတ် အုပ်ချုပ်ရေးအဖွဲ့များ
[ပြင်ဆင်ရန်]စစ်ကြီးမဖြစ်ပွားမီ နောက်ဆုံးအချိန် ၁၉၄၀-၄၁ ခုနှစ်၌ ရထားဝန်ထမ်း စုစုပေါင်း (၂၁၉၀၁) ယောက် ရှိသည့် အနက် ဝန်ထမ်းခန့်ထားမှုကိုကြည်လျှင် အရာထမ်း ရာထူးများတွင် (၆၂) ရာခိုင်နှုန်းမှာ ဥရောပတိုက်သား၊ (၁၅) ရာခိုင်နှုန်းမှာ အင်္ဂလိပ်-မြန်မာ ကပြားများနှင့် အင်္ဂလိပ်-ကုလား ကပြား၊ (၁၆) ရာခိုင်နှုန်းမှာ မြန်မာလူမျိုးများနှင့် ကျန် (၇)ရာခိုင်နှုန်းမှာ အိန္ဒိယလူမျိုးများ ဖြစ်ကြကြောင်း၊ အမှုထမ်း ရာထူးများတွင် (၀.၁)ရာခိုင်နှုန်းမှာ ဥရောပတိုက်သားများ၊ (၂.၆) ရာခိုင်နှုန်းမှာ အင်္ဂလိပ်-မြန်မာ ကပြားများနှင့် အင်္ဂလိပ်-ကုလား ကပြားများ၊ (၂၁.၁)ရာခိုင်နှုန်းမှာ မြန်မာလူမျိုးများ၊ (၇၄.၈) ရာခိုင်နှုန်းမှာ အိန္ဒိယလူမျိုးများနှင့် (၁.၄)ရာခိုင်နှုန်းမှာ အခြားလူမျိုးများ ဖြစ်ကြကြောင်း သိရသည်။
စစ်အတွင်း မီးရထား
[ပြင်ဆင်ရန်]၁၉၄၂ ခုနှစ်၊ ဗြိတိသျှတို့ ဆုတ်ခွာသွားပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ဂျပန်တပ်များ ဝင်ရောက် လာသည့် ချိန်မှစ၍ မီးရထားဌာနကို ဂျပန်တို့က ဦးစီးအုပ်ချုပ်ခဲ့သည်။ စစ်ဖြစ်နေသည့်အလျောက် စနစ်တကျ မလုပ်နိုင်ဘဲ ရထားများ ပြေးဆွဲနိုင်ရုံသာ အဓိကထား၍ လုပ်ဆောင်ခဲ့ကြသည်။ ဥရောပ တိုက်သားများနှင့် အင်္ဂလိပ်-မြန်မာ ကပြားဝန်ထမ်း ရာခိုင်နှုန်း တော်တော်များများသည် အင်္ဂလိပ်တို့နှင့်အတူ အိန္ဒိယသို့ ထွက်ခွာသွားကြသဖြင့် ၎င်းတို့နေရာများတွင် ဂျပန်နှင့်မြန်မာလူမျိုးများက ဝင်ရောက် တာဝန်ယူ လုပ်ကိုင်ခဲ့ကြသည်။ သို့ရာတွင် ရုံပိုင်၊ ဂါတ်ဗိုလ် (ဝါ) ရထားထိန်း၊ စက်ဗိုလ် (ဝါ) စက်ခေါင်းမောင်း စသည့် အရာထမ်းမဟုတ်သည့် ရာထူးများတွင်မူ အင်္ဂလိပ်-မြန်မာ ကပြားများနှင့် အင်္ဂလိပ်-ကုလား ကပြားများက ဆက်လက် လုပ်ကိုင်ခဲ့ကြသည်။
စစ်အတွင်းတွင်မူ မီးရထားဌာန၏ အလုပ်ရုံများ၊ စက်ခေါင်းရုံများ၊ တံတားများ၊ ယာဒ်ဝင်းများ၊ ဘူတာရုံများ နှင့် နေအိမ်များ၊ အချက်ပြအမှတ်အသားများ၊ စက်ခေါင်းများ၊ လူစီးတွဲများနှင့် ကုန်တွဲများမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ကြသည်။ ဖျက်ဆီးခြင်းခံရသည့် တံတားကြီးများတွင် အင်းဝတံတား၊ ဂုတ်ထိပ်တံတား၊ စစ်တောင်းတံတား၊ ငဝန်တံတား၊ မြစ်ငယ်တံတား၊ သင်္ဃန်းကျွန်းတံတားတို့ ပါဝင်ကြပြီး၊ စက်ခေါင်း ပေါင်း (၃၆၂)လုံး အနက် အလုံး (၃၀၀)၊ လူစီးတွဲပေါင်း (၁၅၃၆)တွဲအနက် (၉၅၇)တွဲ၊ ကုန်တွဲပေါင်း (၉၀၂၁)တွဲ အနက် (၇၁၉၇)တွဲမှာ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
မြန်မာ-ယိုးဒယား မီးရထားလမ်း
[ပြင်ဆင်ရန်]ဒုတိယကမ္ဘာ စစ်ကြီးအတွင်း ဂျပန်တို့သည် မြန်မာနိုင်ငံ၊ သံဖြူဇရပ်မှ ယိုးဒယားနယ်စပ်ရှိ ဘုရားသုံးဆူ တောင်ကြားလမ်းကိုဖြတ်၍ ယိုးဒယားနိုင်ငံ၊ ဘန်ပေါင်း (Ban Pong) ရှိ ဘန်ကောက် - စင်္ကာပူ မီးရထားလမ်းသို့ ဆက်သွယ်နိုင်မည် မီးရထားလမ်း တစ်လမ်းကို ဖောက်လုပ်ခဲ့ကြသည်။ ရည်ရွယ်ချက်မှာ မော်လမြိုင်မြို့မှ ယိုးဒယားကိုဖြတ်၍ တောင်ပိုင်း အင်ဒိုချိုင်းနားသို့ ရထားများ ခုတ်မောင်းရန်၊ ယိုးဒယားနှင့် မလေးရှားမှ ပစ္စည်းများကို မြန်မာနိုင်ငံသို့ လည်းကောင်း၊ မြန်မာနိုင်ငံမှ ပစ္စည်းများကို ထိုတိုင်းပြည်များသို့ လည်းကောင်း ရထားဖြင့် တွင်ကျယ်စွာ သယ်ယူ ပို့ဆောင်ပေးနိုင်ရေးပင်ဖြစ်သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသည့် ၁၉၄၀-၄၁ ခုနှစ်တွင် သံလမ်းမိုင် စုစုပေါင်း(၂၈၅၂)မိုင်ရှိသည့်အနက် ဂျပန်တို့က သံလမ်းမိုင်(၃၀၀) ခန့်ကိုဖြုတ်ယူ၍ မြန်မာ-ယိုးဒယား မီးရထားလမ်း ဖောက်လုပ်ရာတွင် အသုံးပြုခဲ့သည်။ သံလမ်းမိုင် (၁၅၀)မိုင်ခန့်ကို ရန်ကုန်နှင့် တောင်ငူအကြား ဒွေးလမ်းမှလည်းကောင်း၊ ကျန်သံလမ်း (၁၅၀)မိုင်ခန့်ကို တံတားဦး-မြင်းခြံလမ်းပိုင်းနှင့် အခြားလမ်းပိုင်းများမှလည်းကောင်း ဖြုတ်ယူအသုံးပြုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးရထားသမိုင်းတွင် ချွေးတပ်သား အများဆုံးသုံးခဲ့ပြီး၊ လူ့အသက်ပေါင်းများစွာကို စတေး၍ ဖောက်လုပ်ခဲ့သော ရထားလမ်းဖြစ်သဖြင့် သေမင်းတမန် ရထားလမ်းမကြီးဟု အမည်တွင်ခဲ့သည်။
စစ်ပြီးခေတ် မြန်မာ့မီးရထား
[ပြင်ဆင်ရန်]ဂျပန်များကို မြန်မာနိုင်ငံအတွင်းမှ မတိုက်ထုတ်နိုင်မီကာလကပင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ချိန်တွင် ရထားပြေးဆွဲရေးဆောင်ရွက်နိုင်မည့် (၅)နှစ်စီမံကိန်းကို ရေးဆွဲချမှတ်ခဲ့သည်။ စစ်ပြီးလျင်ပြီးချင်း ၁၉၄၅ ခုနှစ်တွင် မပျက်မစီးကျန်ရှိခဲ့သော သံလမ်း (၆၇၄)မိုင်နှင့် ဗြိတိသျှအမှတ်(၁၂) တပ်မတော်မှ ပြန်လည်ပြုပြင် ခင်းကျင်းခဲ့သော ခရီးမိုင် (၂၇)မိုင် စုစုပေါင်း (၇၀၁)မိုင်တွင် ရထားများ စတင် ပြေးဆွဲခဲ့သည်။
လွတ်လပ်ရေးရပြီးခေတ်
[ပြင်ဆင်ရန်]စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်နေစဉ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရရှိချိန်တွင် ဒုတိယကမ္ဘာ စစ်ကြီးမဖြစ်မီက ရှိသည့် သံလမ်းမိုင်အားလုံးနီးပါးမှာ ပြန်လည်ပြင်ဆင်မွမ်းမံ၍ တံတားကြီးပေါင်း (၄၀)ကိုလည်း အခိုင်အခန့် ပြန်လည်ပြုပြင် တည်ဆောက်ပြီးဖြစ်သည်။ ဘူတာရုံအများအပြားကိုလည်း ပြန်လည် တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် စက်ခေါင်း (၈၄)ခေါင်းသာ ကျန်ရှိရာမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန် ၁၉၄၈ ခုနှစ်ဦးတွင် စက်ခေါင်း (၂၅၅)ခေါင်းအထိ တိုးတက်လာခဲ့သည်။ လူစီးတွဲ၊ ကုန်တွဲများ ပြန်လည်ပြုပြင်မှု လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး ဘူတာရုံ၊ ဆက်သွယ်ရေး အချက်ပြ စနစ်များလည်း စစ်ကြို ခေတ်အခြေအနေသို့ ရောက်ရှိခဲ့သည်။
သောင်းကျန်းမှုများ ပေါ်ပေါက်လာခြင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး များမကြာမီအချိန်တွင် ပြည်တွင်းဆူပူ သောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့သည်။ သောင်းကျန်းသူတို့၏ အဓိကလုပ်ငန်းမှာ အဖျက်လုပ်ငန်းဖြစ်ရာ လမ်းပမ်း ဆက်သွယ်ရေးလုပ်ငန်းတွင် အဓိကတာဝန်ယူ လုပ်ဆောင်ပေးနေရသော မီးရထားလုပ်ငန်းမှာ သောင်းကျန်းသူတို့၏ အဓိကပစ်မှတ်ကြီး ဖြစ်ခဲ့ရသည်။ တံတားများ၊ ရထားများကို မိုင်းဗုံးထောင်ခြင်း၊ သံလမ်းများကို ဖျက်ဆီးဖြုတ်ပစ်ခြင်း၊ ဘူတာရုံများကို ဖျက်ဆီးမီးရှို့ခြင်း၊ ဝင်ရောက်လုယက်ခြင်း၊ အချက်ပြနှင့် ကြေးနန်းလုပ်ငန်းများကို ဖျက်ဆီးပစ်ခြင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ လုပ်သားများကို သတ်ပစ်ခြင်း စသော အဖျက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်ခဲ့ရာ စစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်လျက်ရှိသော မီးရထားလုပ်ငန်းကြီးအတွက် များစွာ ထိခိုက်နစ်နာခဲ့ရသည်။ ပြည်တွင်းဆူပူ သောင်းကျန်းမှုများကြောင့် ၁၉၄၈ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့မှစ၍ တစ်နိုင်ငံလုံးတွင် ရထားများ ပြေးဆွဲမှုကို ရပ်နားထားခဲ့ရသည်။ ထိုအချိန်က သောင်းကျန်းသူများ အင်အားနည်းပါးသည့် ရန်ကုန်နှင့် ဝါးနက်ချောင်းကြား၊ ပဲခူးနှင့် ဒိုက်ဦးကြား၊ သာစည်နှင့် မိတ္ထီလာကြား၊ သာစည်နှင့် ရမည်းသင်းကြား၊ မန္တလေးနှင့် ကျောက်ဆည်ကြား၊ မန္တလေးနှင့် အမရပူရ ဆိပ်ကမ်းကြား၊ မန္တလေးနှင့် နောင်ချိုကြား၊ သထုံနှင့် မုတ္တမကြား၊ မြစ်ကြီးနားနှင့် ကောလင်းကြား၊ နဘားနှင့် ကသာကြား၊ ရွှေဘိုနှင့် မဒေါင်းလှကြားတို့တွင်သာလျှင် အပိုင်းလိုက် ခရီးတိုရထားများ ပြေးဆွဲပေးနိုင်ခဲ့သည်။ သောင်းကျန်းမှု အရှိန်အဟုန်မြင့်မားပြီး၊ ရန်ကုန်အစိုးရဟု ခေါ်တွင်နေချိန်တွင်မူ ရန်ကုန်-ကြည့်မြင်တိုင်နှင့် ရန်ကုန်-ဒါးပိန်ကြားတွင်သာ ရထားများ ပြေးဆွဲပေးနိုင်ခဲ့သည်။
နောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ သောင်းကျန်းသူများကို တစ်စတစ်စ ဖြိုခွင်း တိုက်ခိုက်နိုင်ခဲ့သည်နှင့် အမျှရထားများ တိုးချဲ့ပြေးဆွဲနိုင်ခဲ့သည်။ ၁၉၅၂-၅၃ ခုနှစ်ကုန်တွင် အလုံလမ်းခွဲနှင့် တောင်တွင်းကြီး လမ်းခွဲမှအပ အခြားလမ်းများတွင် ရထားများကို မူလ အခြေအနေအတိုင်း ပြန်လည် ပြေးဆွဲပေးနိုင်ခဲ့သည်။ သို့သော် ပြေးဆွဲပေးသော ရထားများတွင် သံချပ်ကာတွဲများဖြင့်အစောင့်များ ထည့်ပေးရခြင်း၊ ရှေ့ပြေးသံချပ်ကာ ရထားများဖြင့် စောင့်ရှောက်ပေးရခြင်းများကြောင့် ရထားများ သွားလာခုတ်မောင်းရာတွင် ခရီးတွင်ကျယ်မှု မရှိသည့်အပြင် စရိတ်လည်း ပိုမိုကုန်ကျခဲ့ရသည်။
ဒီဇယ်စက်ခေါင်းများ အသုံးပြုခြင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် စစ်ကြိုခေတ်နှင့် စစ်အတွင်းက ကျန်ရှိခဲ့သည့် ရေနွေးငွေ့ စက်ခေါင်းများကို ဆက်လက်သုံးစွဲခဲ့ရသည်။ ယင်းစက်ခေါင်းဟောင်းကြီးများမှာ ဆွဲအားကျလျက် မကြာခဏ ပျက်စီး ချို့ယွင်းလာသည့်အလျောက် ရထားများ တွင်ကျယ်စွာ ခုတ်မောင်းရေးကို ထိခိုက်လာသဖြင့် စက်ခေါင်းသစ်များ မှာယူရေးကို စဉ်းစားခဲ့သည်။ ပထမဆုံးအနေဖြင့် ပြင်သစ်နိုင်ငံ၊ အယ်စသွန် (Alsthom) ကုမ္ပဏီမှ ဒီဇယ် လျှပ်စစ်စက်ခေါင်း (၆)ခေါင်းကို ဝယ်ယူခဲ့ပြီး၊ ရန်ကုန်-လက်ပံတန်း-ပြည်၊ ရန်ကုန်-မုတ္တမနှင့် ရန်ကုန်-မန္တလေးအကြား ပြေးဆွဲနေသော အမြန်လူစီးရထားများတွင် ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့မှ စတင် အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် လုပ်ငန်းလိုအပ်ချက်နှင့် ဘဏ္ဍာငွေအကူအညီရရှိမှု အခြေအနေအရ ပြင်သစ်၊ ဂျာမဏီ (ယခင်အနောက်ဂျာမဏီ)၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ ဒီဇယ်စက်ခေါင်းများ ဝယ်ယူခဲ့သည်။ ၂၀၀၈ခုနှစ် ဒီဇင်ဘာလအထိ မြန်မာ့မီးရထားတွင် ဒီဇယ်စက်ခေါင်း (၃၄၅) လုံးရှိနေပြီဖြစ်သည်။
သမိုင်းကြောင်း အချက်အလက်များ
[ပြင်ဆင်ရန်]- ၁.၅.၁၈၇၇ ရက်နေ့တွင် Irrawaddy State Railway အနေဖြင့် ရန်ကုန်-ပြည် (၁၆၁)မိုင်အား A01 ရေနွေးငွေ့စက်ခေါင်းဖြင့် စတင်ပြေးဆွဲပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရထားလမ်းကို စတင် ဖွင့်လှစ်ခဲ့သည်။
- ၁၈၉၆ ခုနှစ်တွင် Irrawaddy State Railway သည် Burma Railway Co.Ltd; သို့ ရထားသွားလာမှုနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ငှားရမ်းခဲ့သည်။ ငှားရမ်းခကာလ ကုန်ဆုံးသည့် ၃၁.၁၂.၁၉၂၈ ရက်နေ့မှစ၍ Indian Railway Board လက်အောက်သို့ လွှဲပြောင်းပေးခဲ့သည်။
- ၁၉၃၇ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ခွဲထွက်ခွင့်ရရှိသည်နှင့်အညီ မြန်မာနိုင်ငံအစိုးရသည် Burma Railway Board ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
- ၁၉၄၂ ခုနှစ်တွင် British Governor သည် Burma Railway Board ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား Chief Railway Commissioner သို့ လွှဲပြောင်းပေးခဲ့သည်။
- ၄.၁.၁၉၄၈ ရက်နေ့ လွတ်လပ်ရေးရရှိပြီးနောက် ငွေစာရင်းမင်းကြီးအား (Financial Commissioner, Lands and Rural Development) Railway Board ၏ ဥက္ကဋ္ဌ (Chairman)အဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။
- ၁.၁၂.၁၉၅၁ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ အက်ဥပဒေ ပြဋ္ဌာန်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ (Union of Burma Railway) အား ဖွဲ့စည်း၍ အချိန်ပြည့် ဥက္ကဋ္ဌကို ခန့်အပ်တာဝန်ပေးခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌသည် Chief Executive Officer တာဝန်ကိုပါ ထမ်းဆောင်ရသည်။
- ၁၉၇၂ ခုနှစ်တွင် မြန်မာ့မီးရထားကော်ပိုရေးရှင်း (Burma Railway Corporation) အမည်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဦးဆောင်၍ စီမံခန့်ခွဲရေးကော်မတီဖြင့် စီမံအုပ်ချုပ်စေခဲ့သည်။
- ၁၈.၈.၁၉၈၈ ရက်နေ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်းရယူခဲ့ပြီးနောက် ၁.၄.၁၉၈၉ ရက်နေ့တွင် မြန်မာ့မီးရထားဟု ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၂]
ရန်ကုန်မြို့ပတ်ရထားလမ်း
[ပြင်ဆင်ရန်]ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးဒေသများရှိ ပြည်သူအများ ဆက်သွယ်သွားလာရာ၌ လွယ်ကူသက်သာစေရန်၊ ရန်ကုန်မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းတစ်ခုကို ဒုတိယကမ္ဘာစစ် မဖြစ်ပွားမီကပင် ရှိခဲ့သော်လည်း ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသဖြင့် ထိုစီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိပါ။ အိမ်စောင့်အစိုးရ လက်ထက်မှသာ မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်း စတင်၍ ၁၉၅၉ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ပြီးစီးခဲ့သည်။
ယနေ့ခေတ် မြန်မာ့မီးရထား
[ပြင်ဆင်ရန်]၎င်းနောက် အစိုးရအဆက်ဆက် မှ ရထားလမ်းများကို ဆက်လက်ဖောက်လုပ်ခဲ့ရာ ၁၉၈၈ခုနှစ် မတိုင်မီ ရထားသံလမ်းမိုင် (၂၇၉၃)မိုင် ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလအထိ ရထားသံလမ်းမိုင် (၄၂၈၈)မိုင် အထိ ဖောက်လုပ် ပြီးစီးခဲ့ပြီး ဖြစ်သည်။ ယခုအခါ ရထားလမ်းသစ်များကိုလည်း National Railway Network အဖြစ် စီမံကိန်းချမှတ်၍ တိုးချဲ့ ဖောက်လုပ်လျက်ရှိသည်။ လက်ရှိအချိန်တွင် မြန်မာ့မီးရထားကို အရာထမ်း (၄၃၁) ဦးနှင့် အမှုထမ်း (၃၁၄၆၉)ဦး၊ စုစုပေါင်း (၃၁၉၀၀) ဦးဖြင့် ဖွဲ့စည်းထားခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်၍ စီမံခန့်ခွဲရေးအဖွဲ့ဝင် အထွေထွေ မန်နေဂျာ (၁၃) ဦးဖြင့် စီမံခန့်ခွဲလျက်ရှိသည်။[၃]
အောက်ပါ ဇယားသည် မြန်မာမီးရထားမှ ပြေးဆွဲနေသော ခရီးစဉ်များ ဖြစ်သည်။ ကိုဗစ်ကာလအခြေအနေများနှင့် ၂၀၂၁ခုနှစ်နောက်ပိုင်း နိုင်ငံရေးအခြေအနေများကြောင့် အဓိကလမ်းပိုင်းများသာ ပြေးဆွဲနိုင်ခဲ့ပြီး တချို့သော လမ်းပိုင်းများမှာ ရပ်နားခဲ့ရသည်။
လူစီးရထား ခရီးစဉ်များ
[ပြင်ဆင်ရန်]ရထားအမှတ် | ရထား အမျိုးအစား | ခရီးစဉ် လမ်းပိုင်း | ပြေးဆွဲမှု | မှတ်ချက် |
---|---|---|---|---|
အမှတ်(၁) အဆန် | စာပို့ရထား | ရန်ကုန် - မန္တလေး | Yes | |
အမှတ်(၂) အစုန် | စာပို့ရထား | မန္တလေး - ရန်ကုန် | Yes | |
အမှတ်(၃) အဆန် | အမြန်ရထား | ရန်ကုန် - မန္တလေး | Yes | |
အမှတ်(၄) အစုန် | အမြန်ရထား | မန္တလေး - ရန်ကုန် | Yes | |
အမှတ်(၅) အဆန် | အမြန်ရထား | ရန်ကုန် - မန္တလေး | Yes | လေအိတ်(အဲကွန်း) ရထား |
အမှတ်(၆) အစုန် | အမြန်ရထား | မန္တလေး - ရန်ကုန် | Yes | လေအိတ်(အဲကွန်း) ရထား |
အမှတ်(၇) အဆန် | အမြန်ရထား | ရန်ကုန် - နေပြည်တော် | No | |
အမှတ်(၈) အစုန် | အမြန်ရထား | နေပြည်တော် - ရန်ကုန် | No | |
အမှတ်(၉) အဆန် | စာပို့ရထား | ရန်ကုန် - သာစည် | No | |
အမှတ်(၁၀) အစုန် | စာပို့ရထား | သာစည် - ရန်ကုန် | No | |
အမှတ်(၁၁) အဆန် | အမြန်ရထား | ရန်ကုန် - မန္တလေး | No | |
အမှတ်(၁၂) အစုန် | အမြန်ရထား | မန္တလေး - ရန်ကုန် | No | |
အမှတ်(၁၃) အဆန် | လူစီးကုန်တင်ရထား | ရန်ကုန် - ပဲခူး | Yes | |
အမှတ်(၁၄) အစုန် | လူစီးကုန်တင်ရထား | ပဲခူး - ရန်ကုန် | Yes | |
အမှတ်(၁၅) | အမြန်ရထား | နေပြည်တော် - မော်လမြိုင် | No | |
အမှတ်(၁၆) | အမြန်ရထား | နေပြည်တော် - မော်လမြိုင် | No | |
အမှတ်(၁၇) | အမြန်ရထား | မော်လမြိုင် - နေပြည်တော် | No | |
အမှတ်(၁၈) | အမြန်ရထား | မော်လမြိုင် - နေပြည်တော် | No | |
အမှတ်(၁၉) အဆန် | လူစီးကုန်တင်ရထား | သင်္ကန်းကျွန်း - တောင်ငူ | No | |
အမှတ်(၂၀) အစုန် | လူစီးကုန်တင်ရထား | တောင်ငူ - သင်္ကန်းကျွန်း | No | |
အမှတ်(၂၁) အဆန် | လူစီးကုန်တင်ရထား | တောင်ငူ - သာစည် | No | |
အမှတ်(၂၂) အစုန် | လူစီးကုန်တင်ရထား | သာစည် - တောင်ငူ | No | |
အမှတ်(၂၃) အဆန် | လူစီးကုန်တင်ရထား | သာစည် - မြို့ဟောင်း | No | |
အမှတ်(၂၄) အစုန် | လူစီးကုန်တင်ရထား | မြို့ဟောင်း - သာစည် | No | |
အမှတ်(၂၅) အဆန် | အမြန်ရထား | နေပြည်တော် - မန္တလေး | No | ၂၀၀၉ ခုနှစ် မှ ၂၀၁၂ခုနှစ် အတွင်း ဂျပန်နိုင်ငံမှ Kiha 182 ရထားများဖြင့် အစုန်အဆန် ပြေးဆွဲခဲ့။ |
အမှတ်(၂၆) အစုန် | အမြန်ရထား | မန္တလေး - နေပြည်တော် | No | |
အမှတ်(၃၁) အဆန် | အမြန်ရထား | ရန်ကုန် - နေပြည်တော် | No | |
အမှတ်(၃၂) အစုန် | အမြန်ရထား | နေပြည်တော် - ရန်ကုန် | No | |
အမှတ်(၃၅) အဆန် | အမြန်ရထား | ရန်ကုန် - မော်လမြိုင် | No | |
အမှတ်(၃၆) အစုန် | အမြန်ရထား | မော်လမြိုင် - ရန်ကုန် | No | |
အမှတ်(၃၇) အဆန် | အမြန်ရထား | မန္တလေး - မြစ်ကြီးနား | No | |
အမှတ်(၃၈) အစုန် | အမြန်ရထား | မြစ်ကြီးနား - မန္တလေး | No | |
အမှတ်(၃၉) အဆန် | လူစီးကုန်တင်ရထား | ရွှေဘို - မိုးညှင်း | No | |
အမှတ်(၄၀) အစုန် | လူစီးကုန်တင်ရထား | မိုးညှင်း - ရွှေဘို | No | |
အမှတ်(၄၁) အဆန် | စာပို့ရထား | မန္တလေး - မြစ်ကြီးနား | No | |
အမှတ်(၄၂) အစုန် | စာပို့ရထား | မြစ်ကြီးနား - မန္တလေး | No | |
အမှတ်(၄၅) အဆန် | လူစီးကုန်တင်ရထား | ရွာထောင် - ကောလင်း | No | |
အမှတ်(၄၆) အစုန် | လူစီးကုန်တင်ရထား | ကောလင်း - ရွာထောင် | No | |
အမှတ်(၄၇) အဆန် | လူစီးကုန်တင်ရထား | မန္တလေး - နဘား | No | |
အမှတ်(၄၈) အစုန် | လူစီးကုန်တင်ရထား | နဘား - မန္တလေး | No | |
အမှတ်(၄၉) အဆန် | လူစီးကုန်တင်ရထား | မြစ်ကြီးနား - နဘား | No | |
အမှတ်(၅၀) အစုန် | လူစီးကုန်တင်ရထား | နဘား - မြစ်ကြီးနား | No | |
အမှတ်(၅၁) အဆန် | လူစီးကုန်တင်ရထား | နဘား - ကသာ(တောင်) | No | |
အမှတ်(၅၂) အစုန် | လူစီးကုန်တင်ရထား | ကသာ(တောင်) - နဘား | No | |
အမှတ်(၅၃) အဆန် | အမြန်ရထား | မန္တလေး - ကောလင်း | No | |
အမှတ်(၅၄) အစုန် | အမြန်ရထား | ကောလင်း - မန္တလေး | No | |
အမှတ်(၅၅) အဆန် | အမြန်ရထား | မန္တလေး - မြစ်ကြီးနား | No | |
အမှတ်(၅၆) အစုန် | အမြန်ရထား | မြစ်ကြီးနား- မန္တလေး | No | |
အမှတ်(၅၇) အဆန် | အမြန်ရထား | မန္တလေး - မြစ်ကြီးနား | No | |
အမှတ်(၅၈) အစုန် | အမြန်ရထား | မြစ်ကြီးနား- မန္တလေး | No | |
အမှတ်(၅၉) အဆန် | လူစီးကုန်တင်ရထား | မုံရွာ - ခင်ဦး | No | |
အမှတ်(၆၀) အစုန် | လူစီးကုန်တင်ရထား | ခင်ဦး - မုံရွာ | No | |
အမှတ်(၆၁) အဆန် | အမြန်ရထား | ရန်ကုန် - ပုဂံ | Yes | |
အမှတ်(၆၂) အစုန် | အမြန်ရထား | ပုဂံ - ရန်ကုန် | Yes | |
အမှတ်(၆၃) အဆန် | စာပို့ရထား | ကြည့်မြင်တိုင် - ပြည် | Yes | |
အမှတ်(၆၄) အစုန် | စာပို့ရထား | ပြည် - ကြည့်မြင်တိုင် | Yes | |
အမှတ်(၆၅) အဆန် | စာပို့ရထား | ရန်ကုန် - ဥက္ကံ | No | |
အမှတ်(၆၆) အစုန် | စာပို့ရထား | ဥက္ကံ - ရန်ကုန် | No | |
အမှတ်(၆၉) အဆန် | စာပို့ရထား | ကြည့်မြင်တိုင် - သာရဝေါ | No | |
အမှတ်(၇၀) အစုန် | စာပို့ရထား | သာရဝေါ - ကြည့်မြင်တိုင် | No | |
အမှတ်(၇၁) အဆန် | အမြန်ရထား | ရန်ကုန် - ပြည် | Yes | လေအိတ်(အဲကွန်း) ရထား |
အမှတ်(၇၂) အစုန် | အမြန်ရထား | ပြည် - ရန်ကုန် | Yes | လေအိတ်(အဲကွန်း) ရထား |
အမှတ်(၈၁) အဆန် | အမြန်ရထား | ရန်ကုန် - မော်လမြိုင် | No | လေအိတ်(အဲကွန်း) ရထား |
အမှတ်(၈၂) အစုန် | အမြန်ရထား | မော်လမြိုင် - ရန်ကုန် | No | လေအိတ်(အဲကွန်း) ရထား |
အမှတ်(၈၅) အဆန် | လူစီးကုန်တင်ရထား | ပဲခူး - မော်လမြိုင် | No | |
အမှတ်(၈၆) အစုန် | လူစီးကုန်တင်ရထား | မော်လမြိုင် - ပဲခူး | No | |
အမှတ်(၈၉) အဆန် | အမြန်ရထား | ရန်ကုန် - မော်လမြိုင် | Yes | လေအိတ်(အဲကွန်း) ရထား |
အမှတ်(၉၀) အစုန် | အမြန်ရထား | မော်လမြိုင် - ရန်ကုန် | Yes | လေအိတ်(အဲကွန်း) ရထား |
အမှတ်(၁၀၁) အဆန် | စာပို့ရထား | နေပြည်တော် - ချောက် | No | |
အမှတ်(၁၀၂) အစုန် | စာပို့ရထား | ချောက် - နေပြည်တော် | No | |
အမှတ်(၁၀၃) အဆန် | လူစီးကုန်တင်ရထား | ပျဉ်းမနား - တောင်တွင်းကြီး | Yes | |
အမှတ်(၁၀၄) အစုန် | လူစီးကုန်တင်ရထား | တောင်တွင်းကြီး - ပျဉ်းမနား | Yes | |
အမှတ်(၁၀၅) အဆန် | လူစီးကုန်တင်ရထား | တောင်တွင်းကြီး - ကျောက်ပန်းတောင်း | No | |
အမှတ်(၁၀၆) အစုန် | လူစီးကုန်တင်ရထား | ကျောက်ပန်းတောင်း - တောင်တွင်းကြီး | No | |
အမှတ်(၁၀၇) အဆန် | အမြန်ရထား | နေပြည်တော် - ပခုက္ကူ | No | |
အမှတ်(၁၀၈) အစုန် | အမြန်ရထား | ပခုက္ကူ - နေပြည်တော် | No | |
အမှတ်(၁၀၉) အဆန် | အမြန်ရထား | နေပြည်တော် - ပြည် | No | |
အမှတ်(၁၁၀) အစုန် | အမြန်ရထား | ပြည် - နေပြည်တော် | No | |
အမှတ်(၁၁၁) အဆန် | လူစီးကုန်တင်ရထား | သာစည် - မြင်းခြံ | No | |
အမှတ်(၁၁၂) အစုန် | လူစီးကုန်တင်ရထား | မြင်းခြံ - သာစည် | No | |
အမှတ်(၁၁၅) အဆန် | စာပို့ရထား | မြင်းခြံ - မြို့သာ | No | |
အမှတ်(၁၁၆) အစုန် | စာပို့ရထား | မြို့သာ - မြင်းခြံ | No | |
အမှတ်(၁၁၉) အဆန် | အမြန်ရထား | မန္တလေး - ပုဂံ | No | |
အမှတ်(၁၂၀) အစုန် | အမြန်ရထား | ပုဂံ - မန္တလေး | No | |
အမှတ်(၁၂၁) အဆန် | လူစီးကုန်တင်ရထား | မုံရွာ - ချောင်းဦး - ပခုက္ကူ | No | |
အမှတ်(၁၂၂) အစုန် | လူစီးကုန်တင်ရထား | ပခုက္ကူ - ချောင်းဦး - မုံရွာ | No | |
အမှတ်(၁၂၃) အဆန် | စာပို့ရထား | မန္တလေး - မုံရွာ | No | |
အမှတ်(၁၂၄) အစုန် | စာပို့ရထား | မုံရွာ - မန္တလေး | ||
အမှတ်(၁၂၅) အဆန် | လူစီးကုန်တင်ရထား | မုံရွာ - ချောင်းဦး - ပခုက္ကူ | ||
အမှတ်(၁၂၆) အစုန် | လူစီးကုန်တင်ရထား | ပခုက္ကူ - ချောင်းဦး - မုံရွာ | ||
အမှတ်(၁၂၉) အဆန် | လူစီးကုန်တင်ရထား | ပခုက္ကူ - ကျော | ||
အမှတ်(၁၃၀) အစုန် | လူစီးကုန်တင်ရထား | ကျော - ပခုက္ကူ | ||
အမှတ်(၁၃၁) အဆန် | စာပို့ရထား | မန္တလေး - လာရှိူး | Yes | ၂၀၂၂ ခုနှစ်တွင် ပြင်ဦးလွင် - ဂုတ်ထိပ်လမ်းပိုင်းသာ ပြေးဆွဲနိုင် |
အမှတ်(၁၃၂) အစုန် | စာပို့ရထား | လာရှိုး - မန္တလေး | Yes | ၂၀၂၂ ခုနှစ်တွင် ပြင်ဦးလွင် - ဂုတ်ထိပ်လမ်းပိုင်းသာ ပြေးဆွဲနိုင် |
အမှတ်(၁၃၅) အဆန် | လူစီးကုန်တင်ရထား | မန္တလေး - ပခုက္ကူ | No | |
အမှတ်(၁၃၆) အစုန် | လူစီးကုန်တင်ရထား | ပခုက္ကူ - မန္တလေး | No | |
အမှတ်(၁၃၉) အဆန် | လူစီးကုန်တင်ရထား | ဂန့်ဂေါ - ဟံသာဝတီ(ချင်း) | No | |
အမှတ်(၁၄၀) အစုန် | လူစီးကုန်တင်ရထား | ဟံသာဝတီ(ချင်း) - ဂန့်ဂေါ | No | |
အမှတ်(၁၄၁) အဆန် | စာပို့ရထား | သာစည် - ရပ်စောက် | Yes | လမ်းပိုင်းပြုပြင်နေခြင်းကြောင့် သာစည် - ရွှေညောင်အထိသာ ပြေးဆွဲနိုင် |
အမှတ်(၁၄၂) အစုန် | စာပို့ရထား | ရပ်စောက် - သာစည် | Yes | လမ်းပိုင်းပြုပြင်နေခြင်းကြောင့် ရွှေညောင် - သာစည်အထိသာ ပြေးဆွဲနိုင် |
အမှတ်(၁၄၇) အဆန် | စာပို့ရထား | သာစည် - လွိုင်ကော် | No | |
အမှတ်(၁၄၈) အစုန် | စာပို့ရထား | လွိုင်ကော် - သာစည် | No | |
အမှတ်(၁၅၃) အဆန် | လူစီးကုန်တင်ရထား | တောင်ကြီး - ဆိုက်ခေါင်း | Yes | |
အမှတ်(၁၅၄) အစုန် | လူစီးကုန်တင်ရထား | ဆိုက်ခေါင်း - တောင်ကြီး | Yes | |
အမှတ်(၁၇၁) အဆန် | အမြန်ရထား | မော်လမြိုင် - ရေး | No | |
အမှတ်(၁၇၂) အစုန် | အမြန်ရထား | ရေး - မော်လမြိုင် | No | |
အမှတ်(၁၇၅) အဆန် | အမြန်ရထား | ရန်ကုန် - ထားဝယ် | No | |
အမှတ်(၁၇၆) အစုန် | အမြန်ရထား | ထားဝယ် - ရန်ကုန် | No | |
အမှတ်(၁၈၁) အဆန် | အမြန်ရထား | ပုသိမ် - ကြံခင်း | Yes | |
အမှတ်(၁၈၂) အစုန် | အမြန်ရထား | ကြံခင်း - ပုသိမ် | Yes | |
အမှတ်(၁၈၇) အဆန် | လူစီးကုန်တင်ရထား | ပုသိမ် - ဟင်္ဿတ | No | |
အမှတ်(၁၈၈) အစုန် | လူစီးကုန်တင်ရထား | ဟင်္ဿတ - ပုသိမ် | No | |
အမှတ်(၁၈၉) အဆန် | လူစီးကုန်တင်ရထား | ဟင်္ဿတ - ကြံခင်း | No | |
အမှတ်(၁၉၀) အစုန် | လူစီးကုန်တင်ရထား | ကြံခင်း - ဟင်္ဿတ | No | |
အမှတ်(၁၉၁) အဆန် | လူစီးကုန်တင်ရထား | တောင်တွင်းကြီး - မကွေး | No | |
အမှတ်(၁၉၂) အစုန် | လူစီးကုန်တင်ရထား | မကွေး - တောင်တွင်းကြီး | No | |
အမှတ်(၁၉၃) အဆန် | စာပို့ရထား | တောင်တွင်းကြီး - မင်းလှ | No | |
အမှတ်(၁၉၄) အစုန် | စာပို့ရထား | မင်းလှ - တောင်တွင်းကြီး | No | |
အမှတ်(၁၉၅) အဆန် | လူစီးကုန်တင်ရထား | လက်ပံတန်း - သာရဝေါ | Yes | |
အမှတ်(၁၉၆) အစုန် | လူစီးကုန်တင်ရထား | သာရဝေါ- လက်ပံတန်း | Yes | |
မိုးညှင်း(၁)/(၂) | စာပို့ရထား | မိုးညှင်း - မြစ်ကြီးနား - မိုးညှင်း | No | |
မုံရွာ (၁)/(၂) | စာပို့ရထား | အလုံ - ဗောဓိတထောင် - အလုံ | No | |
ပြည်တော်သာ (၁)/(၂)/(၃)/(၄) | စာပို့ရထား | ပြည်တော်သာ - ရေချမ်းပြင် - ပြည်တော်သာ | Yes | |
မိုးကောင်း (၁)/(၂) | စာပို့ရထား | မိုးကောင်း - မြစ်ကြီးနား - မိုးကောင်း | No | |
နတ်မော်(၁)/(၂) | စာပို့ရထား | ဟင်္ဿတ - နည်းပညာတက္ကသိုလ် - ဟင်္ဿတ | No | |
ပုသိမ်(၁)/(၂) | စာပို့ရထား | ပုသိမ် - တကုန်းကြီး - ပုသိမ် | No | |
ကောလင်း(၁)/(၂) | စာပို့ရထား | နမ်းခမ်း - ကောလင်း - နမ်းခမ်း | No | |
အိမ်မဲ(၁)/(၂) | စာပို့ရထား | အိမ်မဲ - ပုသိမ်(ဘဲဂရက်) - အိမ်မဲ | No | |
မင်းဘူး(၁)/(၂) | စာပို့ရထား | သရက် - မင်းဘူး - သရက် | No | |
ဆိပ်ဖြူ(၁)/(၂) | စာပို့ရထား | ဆိပ်ဖြူ - ပခုက္ကူ - ဆိပ်ဖြူ | No | |
ကွမ်းတောင်(၁)/(၂)/(၃)/(၄) | စာပို့ရထား | ကွမ်းတောင် - ကျောက်တော် - ကွမ်းတောင် | No | |
ပျော်ဘွယ်(၁)/(၂)/(၃)/(၄) | စာပို့ရထား | နတ်မောက်ဘူတာသစ် - ပျော်ဘွယ် - နတ်မောက်ဘူတာသစ် | No | |
မကွေး(၁)/(၂) | စာပို့ရထား | မကွေး - ကန်ပြား - မကွေး | No | |
မန္တလေး မြို့ပတ်ရထားများ | မန္တလေး - သူရဲဈေး - မန္တလေး | Yes | ||
ရန်ကုန် မြို့ပတ်ရထားများ | ရန်ကုန် - အင်းစိန် - မင်္ဂလာဒုံ - ရန်ကုန် | Yes | လက်ဝဲရစ် / လက်ယာရစ် |
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]မြန်မာ့မီးရထား၏ လက်အောက်ရှိ ဌာနခွဲများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာန
- စစ်ဆေးရေးဌာန
- သွားလာပို့ဆောင်ရေးဌာန
- စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန
- စက်ခေါင်းစက်ရုံ (အင်းစိန်)
- ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)
- လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)
- RBE (Rail Bus Engine) အကြီးတန်းပြင်စက်ရုံ(ရန်ကုန်)
- စက်ခေါင်းစက်ရုံ(ပုဇွန်တောင်)(ခရီးတိုကားရထားစက်ရုံ)
- စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)
- လူစီးတွဲသစ်တည်ဆောက်ရေးစက်ရုံ(မြစ်ငယ်)
- မြို့အင်ဂျင်နီယာဌာန
- မြို့ပြအင်ဂျင်နီယာဌနတွင် အောပါအတိုငငးဖွဲ့စည်းထားပါသည်။
- အင်ဂျင်နီယာချုပ်(CE)အထွေထွေမန်နေဂျာ
- ဒုတိယအထွေထွမန်နေဂျာ (၅ )ောက်
- စီးပွားရေးဌာန
- ဘဏ္ဍာရေးဌာန
- ထောက်ပံ့ဌာန
- ဆေးဌာန
- အထက်မြန်မာပြည်အုပ်ချုပ်ရေးဌာန
- အောက်မြန်မာပြည်အုပ်ချုပ်ရေးဌာန
ကိုးကား
[ပြင်ဆင်ရန်]- ↑ "ဆက်သွယ်ရန်"၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန။
- ↑ ၂.၀ ၂.၁ မြန်မာ့မီးရထားအကြောင်း။ Myanma Railways။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။
- ↑ http://www.ministryofrailtransportation.com/myanma_railways.html