မိုးနဲမြို့

ဝီကီပီးဒီးယား မှ
မိုးနဲမြို့
မိုးနဲမြို့ ပြည်သူ့ဆေးရုံ (၂၀၁၃)
မိုးနဲမြို့ ပြည်သူ့ဆေးရုံ (၂၀၁၃)
မိုးနဲမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိုးနဲမြို့
မိုးနဲမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°31′N 97°52′E / 20.517°N 97.867°E / 20.517; 97.867ကိုဩဒိနိတ်: 20°31′N 97°52′E / 20.517°N 97.867°E / 20.517; 97.867
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်နမ့်စန်ခရိုင်
မြို့နယ်မိုးနဲမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မိုးနဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ လွယ်လင်-မိုင်းပန်သွားလမ်း ၄၆ မိုင်တွင် တည်ရှိသည်။ ပင်လယ်မျက်နှာပြင်အထက် ၃,၁၇၉ ပေမြင့်သည်။ မိုးနဲဟူသည်မှာ ရှမ်းဘာသာစကားဖြင့် မိုင်းခင်း = အဖွားမြို့ ဟူ၍ ဖြစ်၏။ မိုးနဲမြို့၏အရှေ့ဘက်တွင် နောင်ကျော့အင်းနှင့် နောင်ကျော့ချောင်း ရှိပြီးလျှင်၊ အနောက်တောင်ဘက်နှင့် မြောက်ဘက်တွင် မြို့ရိုးပျက်များ ရှိသည်။ မြို့၏ အနောက်ဘက်တွင် တံခွန်တောင်၊ မြတောင်၊ ငွေတောင်စသည့် တောင်ကုန်း တောင်စွယ်များ ရှိ၏။ ထိုတောင်များပေါ်တွင် စေတီတစ်ဆူကျ တည်ထားလေသည်။


မိုးနဲမြို့ တည်နေပုံမှာ ဆင်ခြေလျှော ဖြစ်ရာ၊ အနောက်ဘက်တွင် မြင့်ပြီးလျှင် အရှေ့ဘက်သို့ နိမ့်ဆင်းသွားသည်။ မြို့၏ အလယ်ဗဟိုတွင် ယခင်နယ်ရှင် စော်ဘွားကြီး၏ ဟော်နန်း ရှိသည်။ မြို့၏ အနောက်တောင်ထောင့်တွင် မြို့သူမြို့သားများ အမြဲ သုံးစွဲနေသည့် နောင်မိုရေကန် ရှိသည်။ မိုးနဲမြို့သည် အရှေ့နှင့်အနောက် ၃/၄ မိုင်ခန့်၊ တောင်နှင့်မြောက် ၁/၄ မိုင်ခန့် ရှိ၏။ ခန့်မှန်းခြေ အကျယ်အဝန်းမှာ စတုရန်းမိုင် တစ်ဝက်ခန့် ဖြစ်သည်။ မိုးနဲမြို့တွင် အိမ်ခြေပေါင်း ၆၁၄ ခန့်ရှိပြီးလျှင် လူဦးရေ ၂၄၇၂ ယောက်ခန့် ရှိ၏။


မိုးနဲမြို့နှင့် မြို့နယ်အတွင်း ရှမ်းလူမျိုး အများအပြား နေထိုင်ကြသည်။ မြို့ပေါ်တွင် မြန်မာ၊ ကုလားနှင့် တရုတ်လူမျိုး အနည်းအကျဉ်း ရှိ၍၊ မြို့နယ်အတွင်း လီရှော၊ ယင်းနက်၊ ယင်းကျားနှင့် ပလောင်လူမျိုး အနည်းအပါး နေထိုင်ကြလေသည်။ မိုးနဲမြို့နှင့် မြို့နယ်အတွင်း နေထိုင်ကြသူများသည် များသောအားဖြင့် ဗုဒ္ဓဘာသာဝင်များသာ ဖြစ်၏။ ထို့ပြင် လယ်ယာခြံ လုပ်ကိုင် စားသောက်ကြသူများသာ များလေသည်။ မိုးနဲမြို့၏ အဓိက ထွက်ကုန်မှာ ဆန်စပါးဖြစ်၍၊ သစ်စေး၊ အင်တွဲ၊ ရှမ်းဆီ၊ ချိပ် စသည်တို့ လည်း အများအပြား ထွက်သည်။


မိုးနဲမြို့တွင် ဗုဒ္ဓအယူဝါဒီ များပြားသည့်အလျောက် မြို့နှင့်မလိုက်အောင်ပင် ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း ရှိသည်။ မိုးနဲမြို့နယ်တွင် စေတီပုထိုးများလည်း အလွန် များပြား၏။ မြန်မာမင်းများလက်ထက်က ရှမ်းပြည်တွင် မိုးနဲမြို့ကို အချက်အချာထား၍ အုပ်ချုပ်ခဲ့သည်။ မိုးနဲမြို့နယ်အတွင်း ထင်ရှားသော စေတီပုထိုးများမှာ နှစ်ကျိပ်ရှစ်ဆူ စေတီ၊ ဦးရွှေအောင်စေတီနှင့် ဆင်တောင်စေတီတို့ ဖြစ်သည်။


မိုးနဲမြို့သည် ရှမ်းပြည်တောင်ပိုင်းတိုင်း၊ လွယ်လင်ခရိုင်၊ မိုးနဲနယ်၏ ရုံးစိုက်မြို့ ဖြစ်သည့်အတိုင်း၊ နယ်ပိုင်ရုံး၊ မြို့ပိုင်ရုံး၊ လမ်းဝန်ထောက်ရုံး၊ အမျိုးသားမှတ်ပုံတင်ရုံး၊ ရဲဌာန၊ တိရစ္ဆာန်ဆေးကုဌာန စသည်ဖြင့် အစိုးရအဆောက်အအုံများ ရှိသည်။ အစိုးရအထက်တန်းေကျာင်း ၁ ကျောင်းနှင့် မူလတန်းကျောင်းများလည်းရှိသည်။ မိုးနဲမြို့သည် လွယ်လင်၊ မိုင်းပန်၊ မန္တလေး၊ ကျိုင်းတောင်း၊ လင်းခေး စသည့် မြို့များနှင့် လမ်းပန်းအဆက်အသွယ် ရှိလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)