ရွာငံမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရွာငံနယ်သည် ရှမ်းပြည်တောင်ပိုင်း မြေလတ်ဒေသတွင် မြောက်ဘက်အကျဆုံး တည်ရှိသော နယ်တစ်နယ် ဖြစ်သည်။ မြောက်ဘက်တွင် ဘော်နယ်၊ အရှေ့ဘက်တွင် ရပ်စောက်နယ်နှင့် ပင်းတယနယ်၊ တောင်ဘက်တွင် ပင်းတယနယ်နှင့် မိတ္ထီလာခရိုင်အနောက်ဘက်တွင် မိတ္ထီလာခရိုင်နှင့် ကျောက်ဆည်ခရိုင်တို့ အသီးအသီးရှိကြသည်။ နယ်အကျယ်အဝန်းမှာ ၃၅၆ စတုရန်းမိုင် ရှိ၍ ကျေးရွာ အုပ်စုပေါင်း ၆ဝ ရှိသည်။ လူဦးရေ ၈၆၇၂ (၁၉၃၁)ယောက် ရှိပြီးလျှင် ဗမာဓနုတောင်ရိုးတောင်သူ(ပအိုဝ်းလူမျိုး)၊ ရှမ်းပလောင်နှင့် အခြားတောင်တန်းသားများ နေထိုင်လျက်ရှိကြသည်။ ရွာငံနယ်၏ ရုံးစိုက်မြို့မှာ နယ်၏ မြောက်ပိုင်းရှိ ရွာငံမြို့ ဖြစ်သည်။ ရွာငံနယ် အရှေ့ဘက်ပိုင်းသည် ခြောက်သွေ့၍ လှိုင်းတွန့် ထသကဲ့သို့ မညီမညာ ရှိနေသည်။ အနောက်ဘက်ပိုင်းသည် တောင်ထူထပ်ပြီးလျှင် ပျမ်းမျှခြင်းအားဖြင့် ပေငါးထောင်ကျော် မြင့်သော တောင်တန်းရှိသည်။ ပန်းလောင်မြစ်နှင့် ယင်း၏ လက်တက်များသည် အနောက်ပိုင်းကို ဖြတ်သန်းစီးဆင်းသည်။ ထိုမြစ်သည် ရေစီးသန်သဖြင့် သစ်ဖောင် ဝါးဖောင် မျှောရန် အတွက်သာ အသုံးချနိုင်သည်။ မြစ်စီးဆင်းရာ တစ်လျှောက်တွင် အဖိုးတန်ကျွန်းသစ်တောများ ရှိသည်။ ပန်းလောင်မြစ်ဝှမ်း ဒေသသည် ပူပြင်းသော်လည်း အရှေ့ဘက်ပိုင်း ထက်မိုးများသည်။

သမိုင်း[ပြင်ဆင်ရန်]

ပုဂံပြည်ရှင် အလောင်းစည်သူမင်းသည် ဖောင်စကြာဖြင့် ယခု ရွာငံတည်ရှိရာဒေသသို့ တိုင်းခန်းလှည့်လည် ရောက်ရှိခဲ့ ရာ ထိုဒေသတွင် နောက်ကျကျန်ရစ်သော ဗိုလ်ပါ ပရိသတ်တို့ကို ရပ်ဆိုင်း ငံ့လင့်တော်မူရသောကြောင့် ရပ်ငံ့ဟုတွင်ကြောင်း၊ အလောင်းစည်သူမင်း ရပ်ငံ့တော်မူနေစဉ် ယင်းရွာငံမြို့ မြောက်ဘက် ရွှေပွင့်လင်းစေတီတော်ကို တည်တော်မူသည်။ ထိုအခါ၌ မင်းကြီး၏ ဆင်ဖြူတော်သည် လွှတ်ထားရာမှ ရေမွတ်သိပ်သောကြောင့် အနောက်ဘက်ကုန်းမြင့်ရာ မြေကွက်ကို အစွယ်ဖြင့် ထိုးလျှင် သန့်ရှင်းကြည်လင်သောရေများ ထွက်လာသောကြောင့် ဆင်ဖြူတော်သည် ရေဝလင်စွာ သောက်သုံးရသည်။ ထိုအချင်းအရာကို ဆင်ထိန်းများ တွေ့မြင်၍ ရေကိုခပ်ယူပြီးလျှင် မင်းကြီးထံ ဆက်သလျက် ဆင်ဖြူတော် တူး၍ရသောရေဖြစ်ကြောင်း လျှောက်ထားသည့်အခါ မင်းတရားကြီးလည်း ဝမ်းမြောက်ဝမ်းသာ ထိုရေကို မြည်းစမ်း သုံးဆောင်တော်မူသည်။ ရေအရသာမှာ ခတ်ငန်ငန်ရှိသည်ဟု မိန့်တော်မူသည်။ အစွဲပြု၍ ရေငံသမုတ်ကြပြန်သည်။ ထိုကြောင့် ထိုဒေသကို ရပ်ငံ့၊ ထိုနောက် ရေငံဟု ခေါ်လာခဲ့ရာ မြန်မာတို့က ရွာငံဟုခေါ်ကြသည်ဟု ဆိုသည်။

ရွာငံနယ်သည် ရှေးအခါက ငွေခွန်မှူး အုပ်ချုပ်ရသော နယ်ဖြစ်သည်။ နောင်အခါတွင် ရွာငံနယ်ကို နယ်ရှင်မြို့စားစော်ဘွားအစဉ်အဆက်တို့က အုပ်ချုပ်လာခဲ့လေသည်။ အင်္ဂလိပ်အစိုးရလက်ထက်က ရှမ်းပြည်နယ် ဒေသကို ပဒေသရာဇ်ရှမ်းပြည်ဟု ခေါ်တွင်စေလျက် မြန်မာပြည်ဘုရင်ခံ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင် ထားရှိခဲ့သည်။ နယ်ရှင်မြို့စား၊ စော်ဘွားတို့ကလည်း မိမိတို့ဆိုင်ရာ နယ်ပယ်များကို အစဉ်အလာ ဥပဒေအရ အုပ်ချုပ်ခဲ့ကြလေသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည်လွတ်လပ်ရေးရသောအခါ ရှမ်းပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ပြည်နယ် တစ်နယ်အဖြစ် ပါဝင်ခဲ့သည်။ သို့ရာတွင် နောင်အခါ ရှမ်းပြည်နယ်ဒေသမှ စော်ဘွားကြီးတို့သည် မိမိတို့၏ အုပ်ချုပ်ရေး အာဏာများကို ပြည်သူလူထုလက်သို့ ပြန်လည်အပ်နှင်းရန် ဆုံးဖြတ်ခဲ့ကြလေသည်။ ထိုသို့အားဖြင့် ၁၉၅၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ် ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ချ အခမ်းအနားကို တောင်ကြီးမြို့၌ ကျင်းပခဲ့လေသည်။ ရွာငံ နယ်ရှင် စော်ဘွားကြီး စဝ်ခွန်ရီသည်လည်း မိမိနယ် အုပ်ချုပ်ရေးအာဏာများကို ရှမ်းပြည်နယ်အစိုးရလက်သို့ လွှဲအပ်ပေးခဲ့လေသည်။

စော်ဘွားများ အုပ်ချုပ်ရေးအာဏာ စွန့်လွှတ်ပြီးနောက် ရှမ်းပြည်နယ်တွင် ပြည်မကဲ့သို့ အုပ်ချုပ်ရေးစံနစ်ကို တီထွင်လိုက်သည့်အခါ ရွာငံနယ်သည် ရှမ်းပြည်တောင်ပိုင်းတိုင်း၊ တောင်ကြီးခရိုင်တွင် ပါဝင်သော မြို့နယ်တစ်ခု ဖြစ်လာလေသည်။[၁]

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ[ပြင်ဆင်ရန်]

ယခုအခါ ရွာငံ၊ ပင်းတယနှင့် ပွေးလှမြို့နယ်တို့ကိုပူးပေါင်း၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တည်ထောင်ထားပေးပြီး ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)