ဟိုပုံးမြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်



ဟိုပုံးမြို့
ဟိုပုံးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဟိုပုံးမြို့
ဟိုပုံးမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°47′N 97°11′E / 20.783°N 97.183°E / 20.783; 97.183ကိုဩဒိနိတ်: 20°47′N 97°11′E / 20.783°N 97.183°E / 20.783; 97.183
နိုင်ငံ  မြန်မာ
ပြည်နယ် ရှမ်းပြည်နယ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
မြို့နယ် ဟိုပုံးမြို့နယ်
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6.30)

ဟိုပုံးမြို့ သည် ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့တော် ဖြစ်သည်။ ရှမ်းပြည်နယ် တောင်ပိုင်း၌ တည်ရှိသည်။ ဟိုပုန်းဟု အရေးကွဲရှိသည်။ ဟိုပုံးမြို့နယ်တွင်ဟိုပုန်းမြို့တည်ရှိသည်။

ဟိုပုန်းမြို့သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဟိုပုန်းမြို့နယ် ၏မြို့ပိုင်ရုံးစိုက်မြို့ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပဒေသရာဇ်ရှမ်းစော်ဘွားများအား အာဏာမစွန့်လွတ်မီက ဟိုပုန်းသည်မြို့စားနယ်တစ်နယ်ဖြစ်ခဲ့ရာ ထိုစဉ်ကဟိုပုန်းမြို့သည် ဟိုပုန်းမြို့စား၏ ရုံးစိုက်မြို့ ဖြစ်လေသည်။ ယင်းသည် ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမှအရှေ့စူးစူး ၁၂ မိုင်အကွာအရပ်၌တည်ရှိလေသည်။ ဟိုပုန်းဟူသော အမည်သည် မြို ့နယ်တည်ရှိရာ ရေမြေကိုအစွဲပြု၍ ခေါ်ဝေါ်ထားခြင်းဖြစ်သည်။ အင်းလေးကန်၏ အရှေ့ဘက်ကမ်းရှိ တောင်တန်းနှင့်ပွန်ချောင်း (နမ့်ပွန်) အရှေ့ဘက်ရှိ လွယ်မယ် (လွယ်မောင်) တောင်တန်းတို ့အကြား အနိမ့်ဆုံးအပိုင်းဖြစ်သည့် တံတက်ချောုင်းကြီးကိုအမှီပြု၍ စိမ့်စမ်းပေါများပြီးလျှင် လယ်ယာလုပ်ခင်းကောင်းမွန်သောတံဘက်လျှိုကြီးရှိရာ ထိုလျှိုမြောင်ကြီးကိုရှမ်းဘာသာဖြင့် ပုင်(ပုန်း)ဟုခေါ်သည်။ ထိုတဘက်လျှိုကြီး၏အစသည်စိမ့်စမ်းများ၏အဦး အထက်ပိုင်း (ရှမ်းဘာသာဖြင့်ဟို)၌တည်ရှိသဖြင့်ထိုလျှိုကြီး၏ အစပိုင်းတည်ရှိသည်ကိုအစွဲပြု၍ဟိုပုန်းဟုခေါ်တွင်ခဲ့ခြင်းဖြစ်လေ သည်။ ရှေးလူကြီးသူမများ၏အဆိုအရအောက်မြန်မာနိုင်ငံတွင် မွန်တို့မြို့ပြနိုင်ငံထူထောင်နေသည့်ခေတ်အခါက ငဆော်ဘန်ဆိုသူ အမှူးပြုသော တောင်သူလယ်သမားတစ်စုတို့သည် ဟိုပုန်းမြို့ဖြစ် လာမည့်နေရာတွင်ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းခုတ်ထွင်ပြီးလျှင်လူနေအိမ်ခြေစတင်တည်ထောင်ရာမှ တစ်စတစ်စနှင့်ရွာကြီးတစ်ရွာအဖြစ် တိုးတက်လာသည်။ ဟိုပုန်းရွာနှင့်မရှေးမနှောင်းပင်ဘန့်ဖာရွာနှင့်နားခါးရွာတို့ကိုလည်း တည်ထောင်ကြသည်။အခြေအနေ တိုးတက်လာသောအခါ ထိုရွာသုံးရွာစုပေါင်း၍ ဘော်သားသုံးပိသာကို နှစ်စဉ်အခွန်ဘဏ္ဍာအဖြစ် မွန်ဘုရင်သို့ဆက်သပြီးလျှင် မွန်ဘုရင်၏ဘုန်းတော်ရိပ်အောက်၌ခိုလှုံကြသည်။ မွန်ဘုရင်ကလည်းထိုရွာများကိုအသိအမှတ်ပြုကာရွာစားနယ်ချုပ်များခန့်ထားအုပ်ချုပ်စေသည်။ နောင်အခါ မြန်မာမင်းများလက် အောက်သို့ကျရောက်၍ ဟိုပုန်းသည်မြို့စားအုပ်ချုပ်သောနယ်တနယ်ဖြစ်လာသည်။ ဗြိတိသျှအစိုးရလက်ထက်၌လည်းကောင်း၊မြန်မာလွတ်လပ်ရေး ခေတ်၌လည်းကောင်း၊ရိုးရာမြို့စားအစဉ်အဆက်တို့အုပ်ချုပ်သော မြို့စားနယ်တစ်နယ်အဖြစ် ဆက်လက်တည်ရှိခဲ့သည်မှာ ပဒေသရာဇ်ရှမ်းစော်ဘွားတို့ အာဏာစွန့်လွတ်သည့် နေ့ရက်တိုင်အောင်ဖြစ်လေသည်။ ယင်းသည့်နောက်တွင် မြန်မာနိုင်ငံပြည်မတွင်ကဲ့သို့အုပ်ချုပ်ရေးစံနစ်ချမှတ်လိုက်သဖြင့် ဟိုပုန်းနယ်သည်မြို့နယ်တစ်နယ်အဖြစ်သို့ ရောက်ရှိခဲ့လေသည်။ ဟိုပုန်းမြို့ပေါ်တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးအစရှိသော မြို့နယ်အဆင့် ဦးစီးဌာနရုံးများ၊ ကော်ပိုရေးရှင်းများ၊ အစိုးရအလယ်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်း များရှိသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၂၁၂ စတုရန်းမိုင်ရှိ၍ လူဦးရေ ( ၁၉၇၂ခုနှစ်) ၆၇ဝဝဝ ယောက်ရှိသည်။ ဗုဒ္ဓဝါဒီရှမ်းလူမျိုးနှင့်ပအိုဝ်းလူမျိုးများ အများအပြားနေထိုင်ကြရာမြို့နယ်ဖြစ်သည်။ ပြောဆိုကြသော ဘာသာစကားမှာရှမ်းနှင့်ပအိုဝ်းစကားတို့မှလွဲလျှင် မြန်မာစကားကို ပြောဆိုလေ့ရှိကြသည်။ မြို့ပေါ်နှင့်မြို့နယ်တွင် ထင်ရှားသော ရွေချမ်းသာ စေတီတော်ကြီးအပြင် ကြည်ညိုဖွယ်ကောင်းသော စေတီပုထိုးနှင့်ဘုန်းကြီးကျောင်းစုစုပေါင်း ၃ဝ ခန့်ရှိလေသည်။ ရှမ်းပြည်၏တန်ခိုးကြီးဘုရားများတွင်တစ်ဆူအပါအဝင်ဖြစ်သော ရွှေချမ်းသာစေတီတော်ကြီးသည်ပုဂံပြည့်ရှင်အလောင်းစည်သူ မင်းတရားတိုင်းခန်းလှည့်လည်စဉ်က နယ်သူနယ်သားများကိုးကွယ်ရန်မိမိပင့်ဆောင်လာသော ဗုဒ္ဓရှင်တော်ဘုရား၏ ဓာတ်တော်စစ်ကို အဓိဌာန်ပြု၍ ပွားလာသည့်ဓာတ်တော်ပွားအား ဌာပနာပြီးလျှင် တည်ထားပေးခဲ့သောစေတီဟုဆိုကြသည်။ဓာတ်တော်မွေတော်ကို ဌာပနာ၍တည်ထားသဖြင့် ထိုစေတီကိုမွေတော်ဟု ခေါ်ဝေါ်ကြသည်။မူလက ဉာဏ်တော် ၁၂ တောင်မျှသာရှိရာ အမရပူရမြို့တည်နန်းတည်ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက်တွင် ဟိုပုန်းမြို့စားကြီး ခွန်ကြားသည် မူလစေတီကိုငုံလျက် ဉာဏ်တော်အတောင် ၈ဝ ရှိသော စေတီတော်အဖြစ် ပြုပြင်မွမ်းမံ တည်ဆောက်၍ အတောင် ၂ဝဝ ပတ်လည်ရှိ မဟာရံတံတိုင်းကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဗြိတိသျှအစိုးရလက်ထက် ရှမ်းပြည်ကို ပဒေသရာဇ်ရှမ်းပြည်နယ်အဖွဲ့ဟူ၍ ဖွဲ့စည်းပြီးနောက် ခရစ် ၁၉၂၃ ခုနှစ်တွင် ရဟန်းရှင်လူများစုဝေး၍ ထိုစေတီတော်ကို နယ်၏ကောင်းကျိုး နိမိတ်ကို ဆောင်စေရန်သီရီမဂ်လာ ရွှေချမ်းသာစေတီဟု ဘွဲ့တော်သစ်ဖြင့်သမုတ်ခဲ့ကြလေသည်။ နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်နေ့တွင်တစ်ကြိမ်၊ တပေါင်းလပြည့်ကျော် ၆ ရက်နေ့တွင်တစ်ကြိမ် ဘုရားပွဲတော်ကျင်းပလေ့ရှိသည်။ မြို့နယ်အတွင်းရှိ အမြင့်ပေ ၉ဝဝဝ နီးပါးရှိသောလွယ်မယ်(လွယ်မောင်) တောင်ကြီးသည် လည်းကောင်း၊ သာယာလှပသော ထန့်စန့်လိုဏ်ဂူကြီးသည် လည်းကောင်း၊ သောက်သုံးရေအတွက် ဟိုပုန်းနယ်လူထုတို့မှီခို အားထားနေရသော ဟိုပုန်းရေထွက်ကြီးသည်လည်းကောင်း၊ ဟိုပုန်းမြို ့နယ်၏ထင်ရှားသော ရှုခင်းသာ များဖြစ်ကြလေသည်။ သနပ်ဖက်လုပ်ငန်းသည် ဟိုပုန်းမြို့နယ်၏ အဓိကလုပ်ငန်းဖြစ်၍ မြို့နယ်၏ အခြားထွက် ကုန်များမှာ အာလူး၊ ကြက်သွန်ဖြူ၊ ငရုတ်၊ ဂျုံ၊ မြေပဲ၊ စပါး၊ ကော်ဖီစေ့၊ လိမ္မော်သီးတို့ဖြစ်ကြသည်။ ဟိုပုန်းမြို့သည် မိတ္တိလာ•ကျိုင်းတုံ (ယိုးဒယားနယ်စပ်) မော်တော်ကားလမ်းမကြီးပေါ်၌တည်ရှိသည်။ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်သို့လည်း မော်တော်ကားလမ်းတည်ရှိရာ ၈၅ မိုင်ရှည်သည်။သယ်ယူပို့ဆောင်ရေးအတွက်ထိုမော်တော်ကားလမ်း များ၊ နွားလားဝန်တင်လှည်းလမ်းကြောင်းများကိုအသုံးပြုကြရ၍ မြို့နယ်အတွင်း လေကြောင်း၊ ရေကြောင်းခရီးလမ်းများ မရှိချေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)