လောက်ကိုင်မြို့
| လောက်ကိုင်မြို့ ကိုးကန့်/တရုတ်: 老街 (Lǎojiē) | |
|---|---|
| မြို့ | |
| Laukkai | |
လောက်ကိုင်မြို့ မြင်ကွင်းတစ်ခု | |
| မြန်မာနိုင်ငံမြေပုံအတွင်း လောက်ကိုင်မြို့ တည်ရှိရာနေရာ | |
| ကိုဩဒိနိတ်: 23°41′41″N 98°45′52″E / 23.69472°N 98.76444°Eကိုဩဒိနိတ်: 23°41′41″N 98°45′52″E / 23.69472°N 98.76444°E | |
| နိုင်ငံ | |
| ပြည်နယ် | ရှမ်းပြည်နယ် |
| ခရိုင် | လောက်ကိုင်ခရိုင် |
| မြို့နယ် | လောက်ကိုင်မြို့နယ် |
| ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ | ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ |
| ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်မြို့နယ်ရုံးစိုက်ရာမြို့ | လောက်ကိုင်မြို့ |
| ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၀၀၀ မီတာ (၃၂၈၀ ပေ) |
| လူဦးရေ (၂၀၁၄) | |
| • စုစုပေါင်း | ၂၃၄၃၅ |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+၆:၃၀) |
လောက်ကိုင်မြို့ (老街) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်လည်း ဖြစ်သည်။[၁][၂]
လောက်ကိုင်မြို့သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ တရားမဝင်လောင်းကစားလုပ်ငန်း၊ ပြည့်တန်ဆာလုပ်ငန်း၊ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြတ်) လုပ်ငန်းဝင်းများ အခြေစိုက်ရာ နာမည်ဆိုးဖြင့် ကျော်ကြားသော နယ်စပ်မြို့တစ်မြို့ ဖြစ်လာခဲ့သည်။[၃][၄]
ပထဝီဝင် အနေအထား
[ပြင်ဆင်ရန်]လောက်ကိုင်မြို့သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်၏ မြောက်ပိုင်း၊ သံလွင်မြစ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ အဆိုပါမြစ်သည် ၎င်း၏ မြစ်ဖျားပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်-မြန်မာ နယ်နိမိတ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိသည်။ လောက်ကိုင်မြို့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ နန်ဆန်မြို့ (南傘) နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသော နယ်စပ်မြို့ဖြစ်သည်။[၅] ၎င်း၏ နှစ်စဉ်မိုးရေချိန်မှာ လက်မ ၄၀ ကျော် ဖြစ်သည်။[၆]
ဒေသတွင်းတွင် အနောက်တောင်ပိုင်း မန်ဒရင်တရုတ်စကားနှင့် တရုတ်စာလုံးများကို ကျယ်ပြန့်စွာ အသုံးပြုကြပြီး တရုတ်ယွမ်ငွေကိုလည်း အဓိက သုံးစွဲကြသည်။ လားရှိုးမြို့မှ ၁၁၇ မိုင်နှင့် ကုန်းကြမ်းမြို့မှ ၄၂ မိုင်ခန့် ကွာဝေးသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပြလူဦးရေမှာ ၂၃,၄၃၅ ဦး ရှိသည်။[၇]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]သမိုင်းအရ ဤဒေသတွင် တော်နီယို သို့မဟုတ် မာလီပါ (麻栗壩) ဟုခေါ်သော လူနေထိုင်ရာ ရပ်ရွာတစ်ခု တည်ရှိခဲ့ဖူးသည်။ ၎င်းသည် ကိုးကန့်နယ်၏ အဓိကဈေးဖြစ်ခဲ့ပြီး ထိုနယ်၏ တစ်ခုတည်းသော မြေပြန့်လွင်ပြင်ဒေသတွင် တည်ရှိခဲ့သည်။[၈][၉]
ဩဂုတ် ၂၀၀၉ ကိုးကန့်ဖြစ်စဉ်
[ပြင်ဆင်ရန်]လောက်ကိုင်သည် ၂၀၀၉ ခုနှစ် ဩဂုတ်လ ကိုးကန့်ဖြစ်စဉ်အတွင်း တိုက်ပွဲများ၏ ဗဟိုချက်ဖြစ်ခဲ့သည်။[၁၀] ဩဂုတ်လ ၂၄ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရတပ်မတော်က မြို့ကို သိမ်းပိုက်ခဲ့ပြီး ဖုန်ကြားရှင်၏ ကိုးကန့်တပ်မတော် (MNDAA) ကို မောင်းထုတ်ခဲ့သည်။[၁]
မြန်မာအစိုးရနှင့် ပြည်သူ့စစ်အုပ်ချုပ်မှုခေတ်
[ပြင်ဆင်ရန်]၂၀၀၉ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံမှ လောက်ကိုင်မြို့ကို သိမ်းပိုက်ပြီးနောက်၊ တပ်မတော်သည် စစ်အစိုးရလိုလားသော ကိုးကန့်ပြည်သူ့စစ်အဖွဲ့ (အဓိက မျိုးနွယ်စုကြီး လေးစု) ကို အာဏာလွှဲအပ်ခဲ့သည်။ ထို့နောက် အဆိုပါအဖွဲ့များသည် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် တရုတ်ခရီးသွားဧည့်သည်များကို ပစ်မှတ်ထားသည့် လောင်းကစားကာစီနိုလုပ်ငန်း၊ ပြည့်တန်ဆာလုပ်ငန်းများနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းဝင်း (ကျားဖြတ်) များမှတစ်ဆင့် အလွန်အမင်း ချမ်းသာကြွယ်ဝလာခဲ့သည်။ ဤအခြေအနေသည် အဓိကအားဖြင့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံခြားသား လူကုန်ကူးခံရသူများကို ပိတ်လှောင်စေခိုင်းရာ နေရာကြီး ဖြစ်လာခဲ့သည်။ The Straits Times သတင်းစာက ၂၀၂၃ ခုနှစ်တွင် လောက်ကိုင်မြို့ဝန်းကျင်၌ လိမ်လည်မှုလုပ်ငန်းဝင်းပေါင်း ၄၀ ခန့် လည်ပတ်နေနိုင်ကြောင်း ဖော်ပြခဲ့သည်။[၃]
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က အစိုးရတပ်များနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အကြား ဖြစ်ပွားသော ကနဦးတိုက်ပွဲများကို တုံ့ပြန်သည့်အနေဖြင့် ကိုးကန့်ဒေသတွင် သုံးလကြာ စစ်အုပ်ချုပ်ရေး (Martial Law) ကို ကြေညာခဲ့သည်။[၁၁] အဆိုပါ ညမထွက်ရအမိန့်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့အထိ ကာလရှည် သက်တမ်းတိုးခဲ့ရသည်။[၁၂]
၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့တွင် MNDAA မှ တပ်ဖွဲ့ဝင်များသည် လောက်ကိုင်မြို့ရှိ ဖူလီလိုက်၊ ကျိန်ဖု နှင့် ကျိန်ကျန့် ကာစီနိုများကို ဝင်ရောက်စီးနင်းခဲ့သည်။ အဆိုပါ ကာစီနိုသုံးခုကို ပြိုင်ဘက်ဖြစ်သော ကိုးကန့်နယ်ခြားစောင့်တပ် (BGF) က ပိုင်ဆိုင်သည်။ ထိုစီးနင်းမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ဒေါ်လာ သန်းပေါင်းများစွာကို သိမ်းဆည်းရမိခဲ့သည်။[၁၃]
၁၀၂၀ ဖြစ်စဉ် (၂၀၂၃ ခုနှစ်)
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်စောစောပိုင်းတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် မင်ရွှဲ့ချန်း၏ Crouching Tiger (臥虎山莊) ဗီလာတွင် အဓမ္မစေခိုင်းခံနေရသော တရုတ်နိုင်ငံသားများကို ကယ်တင်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါလုပ်ငန်းဝင်းမှ ထွက်ပြေးရန်ကြိုးစားစဉ် တရုတ်ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင် လူအများအပြားကို အစောင့်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း တရုတ်မီဒီယာများနှင့် စုံစမ်းစစ်ဆေးမှုများ၌ ပေါ်ထွက်လာခဲ့သည်။ ဤ "၁၀၂၀ ဖြစ်စဉ်" သည် တရုတ်အစိုးရ၏ စိတ်ရှည်မှုကို ကုန်ဆုံးစေခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ဖွဲ့များအား ၁၀၂၇ စစ်ဆင်ရေး စတင်ရန် တရုတ်နိုင်ငံက ခွင့်ပြုစေခဲ့သည့် အဓိက တွန်းအားဖြစ်သည်ဟု ယူဆကြသည်။[၁၄][၁၅][၁၆] ဧရာဝတီသတင်းဌာနက ဖော်ပြချက်အရ မင်မိသားစုသည် လောက်ကိုင်ကို အုပ်စိုးသော မျိုးနွယ်စုကြီး လေးခုထဲမှ တစ်ခုအတွက် အလုပ်လုပ်ပေးခဲ့သော ရာဇဝတ်ဂိုဏ်းကြီး ဖြစ်သည်။[၁၇]
၁၀၂၇ စစ်ဆင်ရေးနှင့် မြို့သိမ်းတိုက်ပွဲ
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော်ကို ထိုးစစ်ကြီးတစ်ခု စတင်ခဲ့သည်။ အဆိုပါထိုးစစ်တွင် MNDAA သည် ၂၀၀၉ ခုနှစ်တွင် လက်လွှတ်ဆုံးရှုံးခဲ့ရသော လောက်ကိုင်မြို့ကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းချက်ဖြင့် ကိုးကန့်ဒေသအတွင်း ထိုးစစ်ဆင်ခဲ့သည်။ နိုဝင်ဘာလ ၁၁ နှင့် ၁၂ ရက်နေ့များတွင် MNDAA သည် လောက်ကိုင်မြို့ကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး[၄] နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြို့ကို ဝန်းရံထားနိုင်ခဲ့သည်။[၃] နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ခြေလျင်တပ်ရင်း ၁၂၉ မှ တပ်ဖွဲ့ဝင် ၁၂၇ ဦးလုံးသည် ၎င်းတို့၏ မိသားစုများနှင့်အတူ ကုန်းကြမ်းမြို့အနီးတွင် MNDAA ထံသို့ လက်နက်ချခဲ့သည်။[၁၈]
MNDAA သည် လောက်ကိုင်မြို့သို့ တဖြည်းဖြည်း ချဉ်းကပ်လာသည့်အချိန်မှစ၍ မြို့အတွင်းမှ လူအများအပြား အစုလိုက်အပြုံလိုက် ထွက်ခွာခဲ့ကြသည်။[၄] ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းတွင် MNDAA သည် လောက်ကိုင်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် လောက်ကိုင်နှင့် ကွမ်းလုံမြို့နယ်များ၊ ဝပြည်နယ်တို့ကို ဖြတ်သန်း၍ လားရှိုးမြို့သို့ ထွက်ပြေးနိုင်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် ကိုးကန့်လူမျိုးအများအပြားသည် တရုတ်နယ်စပ်သို့ ထွက်ပြေးခဲ့ကြသော်လည်း တရုတ်အာဏာပိုင်များ၏ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရသည်။[၁၉]
ဒီဇင်ဘာလ ၆ ရက်နေ့တွင် MNDAA သည် တပ်မတော်နှင့် သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် မဟာဗျူဟာကျသော ဘုရားလေးဆူကုန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါနေရာသည် လောက်ကိုင်မြို့ကို အပေါ်စီးမှ မြင်နိုင်သော ကုန်းတစ်ခုပေါ်တွင် တည်ရှိပြီး လောက်ကိုင်မြို့မတိုင်မီ စစ်အကူတပ်များ၏ နောက်ဆုံးခံစစ်စခန်း ဖြစ်ခဲ့သည်။[၂၀][၂၁]
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံသည် ကူမင်းမြို့၌ တပ်မတော်နှင့် MNDAA ကြား ယာယီအပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့သော်လည်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး ပြန်လည်ပျက်ပြယ်ခဲ့သည်။[၂၂] ထို့နောက် MNDAA သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် လောက်ကိုင်မြို့မြောက်ဘက် တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို သိမ်းပိုက်ခဲ့သည်။[၂၃]
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လောက်ကိုင်မြို့၏ နေရာအများစုသည် MNDAA ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။[၂၄] ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ နောက်ဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဗိုလ်မှူးချုပ်များ အစုလိုက်အပြုံလိုက် လက်နက်ချခဲ့ပြီးနောက် MNDAA သည် လောက်ကိုင်မြို့တစ်မြို့လုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။[၂၅]
MNDAA ၏ ထိန်းချုပ်မှုခေတ်
[ပြင်ဆင်ရန်]MNDAA က လောက်ကိုင်ကို ပြန်လည်အုပ်ချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးအတွက် အများပြည်သူရှေ့မှောက်တွင် ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ခိုးယူထားသော လက်နက်များကို ရောင်းချခြင်း၊ ငွေညှစ်ခြင်း၊ လူကုန်ကူးမှုနှင့် လူသတ်မှုများ ကျူးလွန်ခဲ့သည့် တရားခံ ဆယ်ဦး (MNDAA တပ်ဖွဲ့ဝင် ၇၀% ပါဝင်) ကို ပြစ်ဒဏ်စီရင်ခဲ့ပြီး ၎င်းတို့အနက် တရားခံ သုံးဦးကို လူထုရှေ့မှောက်တွင် သေဒဏ်ပေး ကွပ်မျက်ခဲ့သည်။[၂၆]
အုပ်ချုပ်ရေးဌာနခွဲများ
[ပြင်ဆင်ရန်]MNDAA သည် လောက်ကိုင်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးလွယ်ကူစေရန် မြို့ကို ရပ်ကွက် (ခရိုင်ခွဲ) သုံးခုအဖြစ် ပိုင်းခြားပြင်ဆင်ခဲ့သည်-
ဓာတ်ပုံများ
[ပြင်ဆင်ရန်]- ၁၀တန်ဂိတ်အလွန် လောက်ကိုင်မြို့ဝင်ဆိုင်းဘုတ်။
- ရန်လုံကျိုင်း နယ်စပ်ဂိတ် မြင်ကွင်း (၂၀၁၉)
- မြို့တွင်းရှိ ကိုးကန့်ငြိမ်းချမ်းရေးအထိမ်းအမှတ် ကျောက်တိုင်
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Saw Yan Naing (28 August 2009)။ Burmese Cease Fire Breaks Down။ The Irrawaddy။ 30 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2009 တွင် ပြန်စစ်ပြီး။
- ↑ Myanmar military moves to crush Kokang Chinese။ Earth Times (27 August 2009)။ 13 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2009 တွင် ပြန်စစ်ပြီး။
- 1 2 3 "Myanmar scam town Laukkai empties out as war approaches" (in en)၊ The Straits Times၊ 2023-11-16။
- 1 2 3 Fishbein၊ Emily။ 'Fighting is all around': Myanmar faces deepening humanitarian crisis (in en)။ 2023-12-15 တွင် ပြန်စစ်ပြီး။
- ↑ Tour။ 11 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2009 တွင် ပြန်စစ်ပြီး။
- ↑ MG 2 October 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ Myanmar: Regions, States, Major Cities & Towns - Population Statistics, Maps, Charts, Weather and Web Information။ 2021-04-02 တွင် ပြန်စစ်ပြီး။
- ↑ Scott and Hardiman (1900). Gazetteer of Upper Burma and the Shan States. Pt. 2, Vol. 1, pp. 464–468
- ↑ Mindat.org။ 2025-07-05 တွင် ပြန်စစ်ပြီး။
- ↑ Junta's ploy: Push Kokang to shoot first။ Shan Herald (14 August 2009)။ 1 September 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2009 တွင် ပြန်စစ်ပြီး။
- ↑ Soe Zeya Tun (17 February 2015)။ Myanmar declares martial law in troubled Kokang region။ Reuters။ 18 February 2015 တွင် ပြန်စစ်ပြီး။
- ↑ Mann၊ Zarni (10 September 2019)။ Curfew Continues in Northern Myanmar's Kokang Over Concerns About Armed Conflict။ 20 December 2023 တွင် ပြန်စစ်ပြီး။
- ↑ Nanda (2020-07-23)။ The Kokang casino dream (in en-US)။ 2023-12-20 တွင် ပြန်စစ်ပြီး။
- ↑ Head၊ Jonathan။ "The Chinese mafia's downfall in a lawless casino town"၊ BBC News၊ BBC၊ 23 November 2023။ Archived from the original on February 14, 2024။
- ↑ "A turning point in Myanmar as army suffers big losses"၊ BBC News၊ BBC၊ 9 November 2023။
- ↑ Gan၊ Nectar။ "How online scam warlords have made China start to lose patience with Myanmar's junta"၊ CNN၊ WarnerMedia၊ 19 December 2023။
- ↑ The Irrawaddy (September 30, 2025)။ China Sentences 16 Kokang Crime Syndicate Members to Death (in en-US)။ 2025-09-30 တွင် ပြန်စစ်ပြီး။
- ↑ Entire infantry battalion surrenders in Laukkai: MNDAA – Myanmar Now (in en-US) (15 November 2023)။ 2023-12-18 တွင် ပြန်စစ်ပြီး။
- ↑ Htoo Zan၊ Hein (28 November 2023)။ Exodus: Tens of Thousands Flee as Myanmar Junta Troops Face Last Stand in Kokang။ 17 December 2023 တွင် ပြန်စစ်ပြီး။
- ↑ "Laukkai is a notorious den of online scams — and the prize in one family's 14-year quest for revenge" (in en-AU)၊ ABC News၊ 2023-12-08။
- ↑ Ethnic Army Battles to Seize Another Base From Myanmar Junta Near Border With China (5 December 2023)။ 2023-12-20 တွင် ပြန်စစ်ပြီး။
- ↑ Fighting Resumes in Myanmar's Kokang Region Ending Brief Pause That Followed China Peace Talks (20 December 2023)။ 2023-12-20 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Resistance Forces Seize Another China Border Crossing (in en-US)။ 2023-12-20 တွင် ပြန်စစ်ပြီး။
- ↑ Most of Laukkai now under MNDAA control (28 December 2023)။ 30 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2025 တွင် ပြန်စစ်ပြီး။
- ↑ MNDAA captures military command centre outside Laukkai, taking full control of city (5 January 2024)။
- ↑ Ethnic Army Executes Three Men After Public Trial in Northern Myanmar. April 25, 2024. The Irrawaddy
- ↑ 缅甸联邦第一特区老街市东城区召开群众大会 (in zh)။ 果敢资讯网 (2024-06-12)။
- ↑ 老街市人民政府在老街区召开群众大会 (in zh)။ 果敢资讯网 (2024-06-13)။
- ↑ 老街市工作组召开金象城区群众大会 (in zh)။ 果敢资讯网 (2024-06-14)။