မောက်မယ်မြို့

ဝီကီပီးဒီးယား မှ
မောက်မယ်မြို့
ဝဵင်းမွၵ်ႇမႆႇ
ဝေင်ꩻမောက်ꩻမုဲင်ႏ
မောက်မယ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မောက်မယ်မြို့
မောက်မယ်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°14′N 97°44′E / 20.233°N 97.733°E / 20.233; 97.733ကိုဩဒိနိတ်: 20°14′N 97°44′E / 20.233°N 97.733°E / 20.233; 97.733
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်လင်းခေးခရိုင်
မြို့နယ်မောက်မယ်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မောက်မယ်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ မောက်မယ်နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ပင်လယ်မျက်နှာပြင်အထက် ပေပေါင်း ၁,၆၃ဝ မြင့်ပြီးလျှင်၊ တောင်များ ဝန်းရံလျက်ရှိ၏။ မြို့၏အရှေ့ဘက်တွင် မြောက်မှတောင်သို့ နမ့်ယွန်းချောင်း စီးဆင်းလျက်ရှိသည်။ တောင်ဘက်တွင် နန်းဖတ်ခုံစေတီ၊ နှစ်ကျိပ်ရှစ်ဆူ စေတီနှင့် ဆုတောင်းပြည့်စေတီများ တည်ရှိပြီးလျှင်၊ မြို့၏မြောက်ဘက် မြို့၏အဝင်ဝတွင် မြို့ဦး မဟာမုနိ စေတီ တည်ရှိသည်။ ထိုစေတီ၏ တောင်ဘက်တွင်ကပ်လျက် မြို့ဦးဂိုဏ်းချုပ် ဆရာတော်ကြီး၏ ကျောင်းတိုက် တည်ရှိလေသည်။ မောက်မယ်မြို့ဟု တွင်သည်မှာ ရှမ်းဘာသာအခေါ်မောက်မိုင်၊ မြန်မာအခေါ် ခေါင်ရမ်းပန်းကို အစွဲပြု၍ တွင်ကြောင်းဆိုသည်။

မောက်မယ်မြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁,၂ဝဝ ခန့် ရှိ၏။ နောက်ဆုံး သန်းခေါင်စာရင်းအရ လူဦးရေမှာ ၁၉,၅ဝဝ ခန့် ရှိ၏။ မောက်မယ်မြို့နယ်အတွင်း၌ ရှမ်းပအိုဝ်းကယား စသည့်လူမျိုးများ နေထိုင်ကြသည်။ နတ်ကိုးကွယ်သော ကယားလူမျိုးများမှ အပ၊ ရှမ်းနှင့် ပအိုး လူမျိုးတို့သည် ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြလေသည်။ မြို့နယ်အတွင်း နေထိုင်သူတို့၏ အလုပ်အကိုင်များမှာ လယ်လုပ်ခြင်း၊ တောင်ယာခုတ်ခြင်းနှင့် ကူးသန်းရောင်းဝယ်ခြင်း စသည်တို့ဖြစ်၏။ မြို့နယ်၏ ထွက်ကုန်များမှာ အင်တွဲ၊ ချိပ်၊ သစ်စေး၊ ကွမ်းရွက်၊ ဆေးရွက်၊ ဆန်စပါး၊ နှမ်းဆီ၊ မြေပဲဆီ စသည်တို့ ဖြစ်လေသည်။

ခရီးလမ်းပန်း ဆက်သွယ်ရေးတွင် မောက်မယ်မြို့သည် ကားလမ်းဆုံး ဖြစ်ပြီးလျှင်၊ မောက်မယ်မှ တိုက်နယ်အတွင်းသို့ လှည်း၊ နွားဝန်တင်၊ အထမ်းအပိုးတို့ဖြင့်သာ ကူးသန်းသွားလာကြသည်။ မောက်မယ်မှ တန့်ဟတ်သို့သွားသော ကားလမ်းသည် နွေရာသီအတွင်း၌သာ အသုံးပြုနိုင်သည်။

မောက်မယ်မြို့တွင် ထင်ရှားသော အဆောက်အအုံမှာ ယခင် နယ်ရှင်စော်ဘွားကြီး၏ ဟော်ကြီးဖြစ်၏။ ထင်ရှားသော စေတီပုထိုးများမှာ နန်းဖတ်ခုံ စေတီတော်ကြီးနှင့် မြို့၏အရှေ့ဘက်တောထဲတွင် တည်ရှိသည့် မြို့နံစေတီဖြစ်သော နောင်အိုင်စေတီတို့ဖြစ်သည်။ နန်းဖတ်ခုံစေတီတော်ကြီး၏ ဘုရားပွဲတော် များကို နှစ်စဉ် တန်ဆောင်မုန်းလနှင့် တပေါင်းလများတွင် ကျင်းပလေ့ ရှိလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)