မာတိကာသို့ ခုန်သွားရန်

ကလောမြို့

ဝီကီပီးဒီးယား မှ
ကလောမြို့
ၵၢတ်ႇလေႃႉ (ၵလေႃး)
ဝေင်ꩻကလော်ꩻ
ကလောမြို့
ကလောမြို့
ကလောမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကလောမြို့
ကလောမြို့
ကလောမြို့တည်နေရာ
ကိုဩဒိနိတ်: 20°38′N 96°34′E / 20.633°N 96.567°E / 20.633; 96.567ကိုဩဒိနိတ်: 20°38′N 96°34′E / 20.633°N 96.567°E / 20.633; 96.567
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကလောခရိုင်
မြို့နယ်ကလောမြို့နယ်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၄၂၉၇ ပေ (၁၃၁၀ မီတာ)
လူဦးရေ (၂၀၁၄)၉၃၀၃၂[]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ကလောမြို့သည် မြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ကမ္ဘာကျော် တောင်ပေါ်အပန်းဖြေ စခန်းမြို့တစ်မြို့ ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄,၂၉၇ ပေ (၁,၃၁၀ မီတာ) မြင့်သော ရှမ်းရိုးမတောင်တန်းများ၏ ပခုံးထက်တွင် တည်ရှိပြီး၊ ရှမ်းကုန်းပြင်မြင့်မှ မြန်မာနိုင်ငံအလယ်ပိုင်း ပြည်မဒေသသို့ ဆင်းသက်ရာ "ပင်မဝင်ပေါက် တံခါးကြီး" သဖွယ် တည်ရှိနေသည်။ မြို့အရှေ့ဘက်တွင် တောင်တန်းများမှရေများ စီးဆင်းရာ ကလောချောင်းရှိပြီး ၎င်းချောင်းသည် အင်းလေးကန်အတွင်းသို့ စီးဝင်သည်။

ကလောမြို့၏ သမိုင်းကြောင်းသည် ရှေးမြန်မာဘုရင်များလက်ထက်က ရှမ်းပြည်နယ်သို့ လာရာလမ်းတလျောက် နားခိုရာ စခန်းရွာငယ်တစ်ခုမျှသာ ဖြစ်ခဲ့သော်လည်း၊ ကိုလိုနီခေတ်တွင် အင်္ဂလိပ်လူမျိုးများက အေးချမ်းလှသော ရာသီဥတုကို သဘောကျနှစ်ခြိုက်သဖြင့် နွေရာသီအပန်းဖြေမြို့ (Hill Station) အဖြစ် မြို့အင်္ဂါရပ်နှင့်ညီအောင် စနစ်တကျ ဖွဲ့စည်းတည်ဆောက် နေထိုင်ခဲ့ကြသည်။

အမည်ရင်းမြစ်

[ပြင်ဆင်ရန်]

ကလောဟူသော အမည်ရင်းမြစ်နှင့် ပတ်သက်၍ အကြမ်းဖျဉ်းအားဖြင့် ကွဲပြားသည့် ယူဆချက် နှစ်မျိုးရှိသည်။

ပလောင်ရင်းမြစ်

[ပြင်ဆင်ရန်]

ကလောဟူသော အမည်သည် ဒေသခံ ဌာနေလူမျိုးများဖြစ်ကြသော ပလောင်လူမျိုးများ၏ "ကလောက်" ဟူသော အသံထွက်မှ ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။ ပလောင်စကားအရ "ကလောက်" သည် ဒယ်အိုး သို့မဟုတ် ဇလုံ ဟု အဓိပ္ပာယ်ရသည်။ ကလောမြို့အား အရပ်လေးမျက်နှာ တောင်တန်းများက ဝန်းရံထားပုံမှာ ဒယ်အိုးပုံစံသဏ္ဌာန် ရှိသောကြောင့် ထိုသို့ တင်စားခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။[]

ရှမ်းရင်းမြစ်

[ပြင်ဆင်ရန်]

အခြားယူဆချက်တစ်ခုမှာ ကလောဟူသော အမည်သည် ရှမ်းစကားမှ ဆင်းသက်လာသည်ဟူ၍ ဖြစ်သည်။ ကိုလိုနီခေတ် မြို့ပြအင်္ဂါရပ်များနှင့်အညီ ရှမ်းစော်ဘွားများက ဈေးနေ့သတ်မှတ်ပေးခဲ့ရာ အနီးအနားရှိ ကျေးရွာများမှ ဈေးနေ့တွင် နွားလှည်းများဖြင့် လာရောက်ရောင်းချကြသဖြင့် ရှမ်းဘာသာဖြင့် "ၵၢတ်ႇလေႃႉ" (လှည်းဈေး) ဟု ခေါ်ဆိုခဲ့ကြရာမှ အချိန်ကာလ ကြာမြင့်လာသောအခါ "ၵလေႃး" (ကလော) ဟူ၍ အသံပြောင်းလဲ ခေါ်ဝေါ်လာကြခြင်း ဖြစ်သည်။[]

လူဦးရေနှင့် လူမျိုးစုများ

[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ် တရားဝင် သန်းခေါင်စာရင်း အချက်အလက်များအရ ကလောမြို့နယ်၏ လူဦးရေမှာ ၉၃,၀၃၂ ဦး ရှိသည်။[] ယခင်က ကလောမြို့တွင် နေထိုင်သူအများစုမှာ ရှမ်းလူမျိုးဓနုလူမျိုးတောင်ရိုးလူမျိုးပလောင်လူမျိုးနှင့် ပအိုဝ်းလူမျိုးများ ဖြစ်ကြသည်။

ကိုလိုနီခေတ်တွင် ဗြိတိသျှတို့နှင့်အတူ လိုက်ပါလာခဲ့ကြသော ဂေါ်ရခါးနွယ်ဖွားများလည်း အခြေစိုက် နေထိုင်လာခဲ့ကြရာ မြို့အနီးရှိ ဆင်တောင်ရွာသည် ဂေါ်ရခါးလူမျိုး အများအပြား နေထိုင်ရာ ရွာတစ်ရွာအဖြစ် ထင်ရှားသည်။ ခေတ်ကာလများ ရွှေ့လျားလာပြီး အစိုးရဌာနဆိုင်ရာ ရုံးစိုက်ရာမြို့ ဖြစ်လာသောကြောင့် ယခုအခါတွင် လူမျိုးပေါင်းစုံ သဟဇာတဖြစ်စွာ ပေါင်းစပ်နေထိုင်ကြသည်။

လူနေထိုင်မှုနှင့် စီးပွားရေး

[ပြင်ဆင်ရန်]

ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သော ဥရောပစတိုင် ခေတ်ဟောင်း အဆောက်အအုံများနှင့် ဘန်ဂလိုအချို့ကို မြို့ပေါ်ရပ်ကွက်အချို့တွင် ယနေ့တိုင် မြင်တွေ့နိုင်သေးသည်။ ကလောမြို့သည် တပ်မတော်မှ ခြေမြန်တပ်မ (၅၅) အခြေစိုက်ရာ မြို့ဖြစ်ပြီး ခ.လ.ရ (၃)၊ ခ.လ.ရ (၇) နှင့် ခ.လ.ရ (၁၁2) စသည့် တပ်ရင်း သုံးရင်း တည်ရှိသည့်အပြင် တပ်မတော် စစ်ဦးစီးတက္ကသိုလ်ကိုလည်း ဖွင့်လှစ်ထားသည်။

အခြေခံအဆောက်အအုံ

[ပြင်ဆင်ရန်]

မြို့ရေပေးဝေရေးအတွက် မြို့အရှေ့ဘက်ရှိ အင်းပြင်ရေကန်နှင့် မြို့အနောက်တောင်ဘက်ရှိ ရေအေးကန်တို့မှ ခေတ်အဆက်ဆက် သွယ်ယူဖြန့်ဝေပေးခဲ့သည်။ ထို့ပြင် မြို့အနောက်ဘက်ရှိ သဘာဝရေထွက်များမှလည်း ရေပိုက်များဖြင့် သွယ်ယူကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိသည်။ ကလောမြို့ အင်းပြင်ရွာတွင် လောပိတ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လာသော လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်ထားပြီး ၎င်းမှတစ်ဆင့် တောင်ကြီးပင်းတယမြို့သာစည်မြို့နှင့် ကလောမြို့တွင်းသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးလျက်ရှိသည်။

စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း

[ပြင်ဆင်ရန်]

ဒေသခံများသည် တောင်ယာလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။ စီးပွားဖြစ် စိုက်ပျိုးရေးအနေဖြင့် မက်မန်းသီးမက်မွန်သီးလိမ္မော်သီးဂေါ်ဖီထုပ်နှင့် ပန်းမုန်လာ တို့ကို စိုက်ပျိုးကြသည်။ နောက်ပိုင်းတွင် မက်မန်းနှင့် မက်မွန်သီး ထွက်နှုန်းကျဆင်းလာသဖြင့် အစားထိုး စီးပွားကုန်စည်အဖြစ် ထောပတ်သီးကို ပြောင်းလဲစိုက်ပျိုးလာကြသည်။ ဒေသတွင်း၌ ရွှေအနည်းငယ် ထွက်ရှိသဖြင့် ရွှေတူးခြင်းလုပ်ငန်းကိုလည်း အနည်းငယ် လုပ်ကိုင်ကြသည်။

ယခင်က သယ်ယူပို့ဆောင်ရေးအတွက် မြင်းလှည်းများနှင့် လက်တွန်းလှည်းများကို အဓိက အားထားခဲ့ကြရသော်လည်း ယခုအခါ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များဖြင့် အစားထိုး ပြောင်းလဲသွားပြီဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် ကလောမြို့၏ အဓိကစီးပွားရေးဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာခြင်း၊ မြို့အနှံ့ ထင်းရှူးပင်များ ဝန်းရံကာ ရာသီဥတု အေးချမ်းဆိတ်ငြိမ်ခြင်း၊ တိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာဓလေ့များ ရှိခြင်းတို့ကြောင့် ကလောမြို့သည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အထူးနှစ်သက်ရာ တောင်စခန်းမြို့တစ်မြို့ ဖြစ်လာခဲ့သည်။[] ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းမှုကြောင့် ကလောမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) များ ပိုမိုထွန်းကားလာခဲ့သည်။

ပညာရေး

[ပြင်ဆင်ရန်]

၁၉၆၅ ခုနှစ် မတိုင်မီက ကလောမြို့တွင် အစိုးရအထက်တန်းကျောင်း ၃ ကျောင်း ရှိခဲ့သည်။ ကိုလိုနီခေတ်ကတည်းက တည်ထောင်ခဲ့ကြသည့် ခရစ်ယာန်သာသနာပြု အထက်တန်းကျောင်း နှစ်ကျောင်းမှာ ၁၉၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော စိန့်အဂ္ဂနက် ကွန်ဗင့် (St. Agnes Convent) ကျောင်းနှင့် ဓမ္မစကြာလမ်းရှိ မက်သဒစ် ခရစ်ယာန်သာသနာပြုကျောင်းဖြစ်သည့် ကင်းစ်ဝုဒ် (Kingswood) ကျောင်းတို့ ဖြစ်ကြသည်။ မြန်မာဗုဒ္ဓဘာသာ အမျိုးသားကျောင်းကိုမူ ၁၉၃၃ ခုနှစ်တွင် သိမ်တောင်ကျောင်းမှ ဆရာတော်များ၏ ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများက ကြီးမှူး၍ မူလတန်းအဆင့်ကျောင်းအဖြစ် မြို့မကျောင်းဝင်း ဆုတောင်းပြည့်စေတီ မြောက်ဘက်၌ တည်ထောင်ခဲ့ကြသည်။

၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေးရချိန်တွင် ကလောမြို့၏ ပထမဆုံး အစိုးရအထက်တန်းကျောင်းကို ယခု စစ်ဦးစီးတက္ကသိုလ်အဝင်လမ်း အနောက်ဘက် တောင်ကုန်းလေးပေါ်၌ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၅၉ ခုနှစ်တွင် ၎င်းကျောင်းကို ကလောမြို့ ရဲစခန်းနှင့် မျက်နှာချင်းဆိုင်နေရာ ကွင်းပြင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် သာသနာပြုကျောင်းများကို ပြည်သူပိုင်သိမ်းလိုက်သောအခါ ၎င်းအစိုးရကျောင်းသည် အထက(၁) ဖြစ်လာခဲ့သည်။ ကင်းစ်ဝုဒ်ကျောင်းသည် အထက(၂) ဖြစ်လာပြီး ကွန်ဗင့်ကျောင်းသည် အထက(၃) ဖြစ်လာခဲ့သည်။

၁၉၆၇-၆၈ ခုနှစ်တွင် အထက်တန်းကျောင်း သုံးကျောင်းကို ပေါင်းစည်းပြီး အစိုးရအထက်တန်းကျောင်း နှစ်ကျောင်းအဖြစ် ပြောင်းလဲပြင်ဆင်ခဲ့ရာ၊ ယခင်အထက(၂) ဖြစ်သည့် ကင်းစ်ဝုဒ်ကျောင်းကို ဖျက်သိမ်းကာ မူလက အထက(၃) ဖြစ်သော ကွန်ဗင့်ကျောင်းကို အထက(၂) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ သိပ္ပံတွဲ ကျောင်းသားများက အထက(၁) သို့လည်းကောင်း၊ ဝိဇ္ဇာတွဲ ကျောင်းသားများက အထက(၂) သို့လည်းကောင်း ပြောင်းရွှေ့ပညာသင်ကြားစေခဲ့သည်။ ထိုအချိန်မှစ၍ ကလောမြို့တွင် အထက(၁) နှင့် အထက(၂) ဟူ၍ အစိုးရအထက်တန်းကျောင်း နှစ်ကျောင်းသာ တည်ရှိပါတော့သည်။ ယခင်က တည်ရှိခဲ့သော အစိုးရစက်မှုလက်မှုကျောင်း (GTI) မှာမူ နောက်ပိုင်းတွင် အေးသာယာမြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။

ဘာသာရေးနှင့် ယုံကြည်ကိုးကွယ်မှု

[ပြင်ဆင်ရန်]

ကလောမြို့တွင် နေထိုင်သူအများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ထို့ပြင် အစ္စလာမ်ဘာသာဟိန္ဒူဘာသာခရစ်ယာန်ဘာသာ နှင့် ရိုးရာနတ်ကိုးကွယ်သူများလည်း သဟဇာတဖြစ်စွာ အတူတကွ နေထိုင်ကြသည်။ သီတင်းကျွတ်လနှင့် တန်ခူးလများတွင် ဗုဒ္ဓဘာသာကိုးကွယ်သူတို့သည် ဘုန်းကြီးကျောင်းများသို့ သွားရောက်၍ သက်ကြီးဝါကြီး ဆရာတော်ကြီးများအား ကန်တော့လေ့ရှိကြသည်။

ရိုးရာဓလေ့ ပွဲတော်များ

[ပြင်ဆင်ရန်]
  • ပအိုဝ်းရိုးရာ မီးလုံးလွှတ်ပွဲ (ဒုံးလွှတ်ခြင်းပွဲ): တန်ခူးလ (သင်္ကြန်ကာလ) တွင် အတာတက်ပွဲအဖြစ် ကျင်းပလေ့ရှိပြီး၊ အနီးအနားရှိ မြို့များနှင့် ကျေးရွာများမှ လာရောက်ယှဉ်ပြိုင်ကြသည်။
  • မဟာဘုံကထိန်ပွဲတော်နှင့် မီးရှော်တိုင်ပွဲ: တန်ဆောင်မုန်းလတွင် ကလောမြို့၏ အထင်ကရ ကျောင်းတိုက်ကြီးများဖြစ်သော မြို့မပရိယတ္တိစာသင်တိုက်နှင့် သိမ်တောင်ပရိယတ္တိစာသင်တိုက်တို့၌ စည်ကားစွာ ကျင်းပသည်။ တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညတွင် မြို့မကျောင်းတိုက်အတွက်လည်းကောင်း၊ လပြည့်နေ့ညတွင် သိမ်တောင်ကျောင်းတိုက်အတွက်လည်းကောင်း ပဒေသာပင်များ လှည့်လည်ပူဇော်ကြသည်။ အဆိုပါ ညချမ်းအချိန်များတွင် ရပ်ကွက်အသီးသီးမှ မီးတိုင်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရသော ဘုရားမီးပူဇော်ပွဲ (ဒေသအခေါ် မီးရှော်တိုင်ပြိုင်ပွဲ) ကို ကျင်းပကြပြီး၊ ယခုအခါတွင် ၎င်းပွဲတော်ကို ကလောမြို့ မောမြေဦးပန်းခြံအတွင်း၌ စုပေါင်းကျင်းပလျက်ရှိသည်။

နာမည်ကျော်ကြားသည့် နေရာများ

[ပြင်ဆင်ရန်]
ကိုလိုနီခေတ်လက်ရာပြ Christ the King ကက်သလစ်ဘုရားရှိခိုးကျောင်း
  • ကလောနှီးဘုရား: နှစ်ရာချီ သက်တမ်းရှိပြီဖြစ်သော နှီးနွယ်ဖြင့် ရက်လုပ်ပူဇော်ထားသည့် ဘုရားကြီးဖြစ်ပြီး ခရီးသွားများအတွက် အဓိက ဆွဲဆောင်မှုရှိသော နေရာဖြစ်သည်။
  • ရွှေဥမင် သဘာဝလှိုဏ်ဂူဘုရား: သဘာဝကျောက်ဂူအတွင်း ဗုဒ္ဓဆင်းတုတော်များစွာ ကိန်းဝပ်စံပယ်ရာ နေရာဖြစ်သည်။
  • မြင်းမထိဂူ: ကလောမြို့မှ (၁၀) မိုင်ခန့်အကွာတွင် တည်ရှိပြီး သဘာဝအတိုင်း ဖြစ်တည်နေသည့် ထင်ရှားသော ကျောက်လှိုဏ်ဂူကြီး ဖြစ်သည်။
  • Christ the King Church: ကိုလိုနီခေတ် ဗိသုကာလက်ရာများအတိုင်း ရှေးမူမပျက် တည်ရှိနေသော ကက်သလစ် ဘုရားရှိခိုးကျောင်းတစ်ကျောင်း ဖြစ်သည်။[]
  • သိမ်တောင်ဘုန်းကြီးကျောင်းနှင့် ကလောမဟာစည်သာသနာ့ရိပ်သာ: တရားဘာဝနာပွားများရာနှင့် လေ့လာဖွယ်ရာ အထင်ကရ သာသနိက အဆောက်အအုံများ ဖြစ်ကြသည်။

လမ်းပန်းဆက်သွယ်ရေး

[ပြင်ဆင်ရန်]
ကလောဘူတာ ကုန်းခေတ်ဗိသုကာလက်ရာ

ကလောမြို့သည် ရန်ကုန်-မန္တလေး-တောင်ကြီး လမ်းမကြီးပေါ်တွင် တည်ရှိသဖြင့် အခြားမြို့ကြီးများသို့ မော်တော်ကားလမ်းဖြင့် လွယ်ကူစွာ သွားလာနိုင်သည်။ ထို့ပြင် သာစည်-ရွှေညောင် မီးရထားလမ်းပိုင်းပေါ်တွင် တည်ရှိသဖြင့် မီးရထားလမ်းဖြင့်လည်း ဆက်သွယ်ထားသည်။ လေကြောင်းခရီးစဉ်အတွက် အနီးစပ်ဆုံး လေဆိပ်မှာ ကလောမြို့မှ မိနစ် ၄၀ ခန့် မောင်းနှင်ရသော ဟဲဟိုးမြို့ရှိ ဟဲဟိုးလေဆိပ် ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၆၂
  2. မင်းရွှေပြည် (၁၉၉၈)။ ရှမ်းပြည်နယ်သမိုင်းနှင့် တိုင်းရင်းသားရိုးရာဓလေ့များ။ မြန်မာ့ရတနာစာပေ။ pp. ၈၅–၈၈။
  3. Scott၊ J. George (1901)။ Gazetteer of Upper Burma and the Shan StatesII။ Government Printing, Burma။ p. 310။
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "census".
  5. Lonely Planet Myanmar (Burma)။ Lonely Planet။ 2017။ ISBN 978-1786575463
  6. Christ the King Church, Kalaw 2021-11-01 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  7. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁-က)
ကိုးကား အမှား - <ref> tag with name "un" defined in <references> is not used in prior text.

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]