မိုင်းကိုင်မြို့နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မိုင်းကိုင်မြို့နယ်
မြို့နယ်
မိုင်းကိုင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိုင်းကိုင်မြို့နယ်
မိုင်းကိုင်မြို့နယ်
မိုင်းကိုင်မြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 21°36′30″N 97°31′50″E / 21.60833°N 97.53056°E / 21.60833; 97.53056
နိုင်ငံ  မြန်မာ
ပြည်နယ် ရှမ်းပြည်နယ်
ခရိုင် လွိုင်လင်ခရိုင်
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း ၇၄,၂၃၃[၁]
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6.30)

မိုင်းကိုင်မြို့နယ်သည် တောင်ပိုင်းရှမ်းပြည်နယ် လွိုင်လင်ခရိုင်တွင် ပါဝင်သော ပထမတန်း စော်ဘွားနယ် တစ်နယ်ဖြစ်ခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၅၉၃ ပေ (၁၀၉၅ မီတာ) တွင် တည်ရှိသည်။ နယ်နိမိတ်အားဖြင့် အရှေ့မြောက်ဘက်တွင် ကျေးသီးမြို့နယ်၊ အရှေ့ဘက်တွင် မိုင်းနောင်မြို့၊ အရှေ့တောင်ဘက်တွင် လဲချားမြို့နယ်၊ အနောက် တောင်ဘက်တွင် ရပ်စောက်မြို့၊ မြောက်ဘက်တွင် သီပေါမြို့နယ် တို့ဖြင့် ဝန်းပတ်လျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁,၅၉၉ စတုရန်းမိုင်၊ ကျေးရွာပေါင်း ၄၄၃ ရွာနှင့် လူဦးရေမှာ ၁၉၅၆ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် ၃၇,၂ဝ၈ ယောက်ခန့် ရှိသည်။ မိုင်းကိုင်မြို့နယ်တွင် နေသူအများစုမှာ ရှမ်းလူမျိုးများဖြစ်သည်။ တောင်သူပလောင်၊ ယင်းလူမျိုးများလည်း ရှိသည်။

စီးပွားရေး[ပြင်ဆင်ရန်]

မိုင်းကိုင်မြို့နယ်၏ အရှေ့ဘက်နှင့် အလယ်ပိုင်းတို့သည် နမ့်တန်မြစ်၏ ရေသောက်နယ်ဖြစ်သည်။ မိုင်းကိုင်မြို့နယ်၏ မြို့တော်ဖြစ်သော မိုင်းကိုင်မြို့တစ်ဝိုက်သည် မြို့နယ်၏ အလယ်ပိုင်း လောက်တွင်ဖြစ်၍ မြေမျက်နှာပြင် ပြန့်ပြူးသောကြောင့် ထိုဒေသတွင် လယ်ယာစိုက်ပျိုး လုပ်ကိုင်ကြသည်။ ရွာများ ခပ်စိပ်စိပ် တည်ရှိကာ လူနေထူထပ်သည်။ မြို့နယ်၏ အနောက်ဘက်သည် နမ့်လန်မြစ်၏ ရေသောက်နယ်ဖြစ်သည်။ ဤနယ်များမှ လွဲလျှင် မြို့နယ်၏ကျန်ဒေသမှာ ဝက်သစ်ချ၊ ထင်းရှူးပင်များဖြင့် ဖုံးလွှမ်းလျက် ရှိသည်။ မိုင်းကိုင်မြို့နယ်သည် မြေဩဇာကောင်း၍ စပါးထွက်သည်။ ချိုင့်ဝှမ်းတစ်ဝိုက်တွင် ချောင်းရှိလျှင် ဆည်မြောင်းများဖြင့် ရေကိုသွယ်ယူစိုက်ပျိုးသည်။ ဆန်စပါးစိုက်ပျိုးခြင်းမှာ အဓိကလုပ်ငန်းဖြစ်၏။ မိုင်းကိုင်မြို့နယ်မှ လက်ဖက်၊ သနပ်ဖက် နှင့် လိမ္မော်သီးများလည်းထွက်၏။ မိုင်းကိုင်မြို့၏မြောက်ဘက် ၅ မိုင်ကွာဖြစ်သော ဟိုနားနှင့် ကုန်းကန်ရွာများတွင် လက်ရာကောင်းသော မြေအိုး၊ မြေခွက်၊ မြေပန်းကန်များ ပြုလုပ်သည်။

မိုင်းကိုင်မြေပန်းကန်၊ မြေအိုး၊ မြေခွက်၊ ပန်းအိုး၊ ငရုတ်ဆုံမှစ၍ အိမ်သုံးပရိဘောဂများ၊ ကလေးကစားစရာ ကြက်ရုပ်၊ ငှက်ရုပ်၊ ကျွဲနွားရုပ်များကို ရှမ်းပြည်နယ် တစ်ဝန်းလုံးရှိသည့် ကျေးလက်တောရွာများနှင့် အချို့သော မြို့များပါ အများ အားဖြင့် အသုံးပြုကြပေသည်။ မိုင်းကိုင်မြို့နယ် ကွန်နားရွာ၊ ကွန်ကျိုင်းရွာများတွင် မိုင်းကိုင်စက္ကူလုပ်ငန်းကို အများဆုံးလုပ်ကိုင်သည်။ မိုင်းကိုင်မြို့နယ်မှ မိုင်းကိုင်စက္ကူ တစ်လလျှင် ချပ်ရေ တစ်သိန်းအထိ ထွက်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မိုင်းကိုင်နယ်ကိုတီထွင်၍ စတင်အုပ်ချုပ်သူမှာ တုံလော ဟိန်ကူးန ဖြစ်သည်ဟုဆို၏။ ဟိန်ကူးနသည် မိုင်းကိုင်မြို့နယ်ကို ဟိန်အဖြစ်ဖြင့်လည်းကောင်း၊ လဲချားစော်ဘွား၏လက်အောက်ခံ အရာရှိတစ်ဦး အနေဖြင့်လည်းကောင်း နှစ်ပရိစ္ဆေဒကြာမြင့်စွာ အုပ်ချုပ်လာခဲ့ရာ လဲချားစော်ဘွားမျိုးဆက်ဖြစ်သော ကျမိုင်းခွန်လုံးအား မြန်မာဘုရင် မင်းတုန်းမင်းက လဲချားစော်ဘွား အဖြစ် ခန့်အပ်သည့် ၁၂၂၅ ခုနှစ်တွင် မိုင်းကိုင်နယ်ကို လဲချားနယ်မှ ခွဲထုတ်၍ တစ်သီးပုဂ္ဂလနယ် တစ်နယ်အနေဖြင့် အသိအမှတ်ပြုခဲ့သည်။ ဟိန်ကူးနအားလည်း ဇေယျရာဇာဘွဲ့ကို ပေးသနား၍ ဆက်လက်အုပ်ချုပ်စေခဲ့၏။ ၁၂၂၈ ခုနှစ်တွင် မြို့စားရာထူးနှင့်တကွ မဟာသီရိဇေယျ၊ သိုယုံဖဘွဲ့များကို ထပ်လောင်း ချီးမြှင့်ခြင်းခံရလေသည်။ ဤတွင် မိုင်းကိုင်နယ်သည် တစ်သီးပုဂ္ဂလနယ်ရှင် တစ်ဦးပိုင်နယ်တစ်နယ်အဖြစ်သို့ ရောက်ခဲ့၏။ ဤသို့အားဖြင့် ဟိန်ကူးနမှ ဆင်းသက်လာသော မြို့စားအဆက်ဆက်တို့ အုပ်ချုပ်လာခဲ့၍ ၁၉၂၄ ခုနှစ် မြို့စားခွန်မှုံ၏ လက်ထက်တွင် စော်ဘွားရာထူးသို့ တိုးတက်ခန့်ထားခြင်းခံရသဖြင့် စော်ဘွားနယ် ဖြစ်လာလေသည်။ သို့သော် ၁၉၅၉ ခုနှစ်တွင် စော်ဘွားများအုပ်ချုပ်ရေးအာဏာ စွန့်လွှတ်လိုက်သောအခါ မိုင်းကိုင်နယ်သည် ရှမ်းပြည်တောင်ပိုင်းတိုင်း လွိုင်လင်ခရိုင်တွင် ပါဝင်သော နယ်ပိုင်အုပ်ချုပ်သည့် နယ်တစ်ခုဖြစ်လာသည်။ မိုင်းကိုင်မြို့မှာလည်း မိုင်းကိုင်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်လာလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL, ပြည်သူ့အင်အားဦးစီးဌာန, 26 August 2014, p. ၃၃, retrieved February 28, 2015 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)