တောင်ကြီးမြို့
| တောင်ကြီးမြို့ ဝေင်ꩻတောင်ႏကီꩻ (ပအိုဝ်း) ဝဵင်းတူၼ်ႈတီး (ရှမ်း) Taunggyi | |
|---|---|
| ပြည်နယ်မြို့တော် | |
အထက်မှစ၍: ရွှေဘုန်းပွင့်ဘုရားနှင့်တောင်ကြီးမြို့မြင်ကွင်း၊ တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲည၊ စူဠာမုနိလောကချမ်းသာစေတီတော်၊ ကန်ကြီးရပ်ကွက်၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်အနီးရှိ သက်တမ်းရင့် ချယ်ရီပင်ကြီး ဝေဆာစွာ ပွင့်ဖူးနေပုံ၊ တောင်ကြီးမြို့။ | |
| တောင်ကြီးမြို့၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ | |
| ကိုဩဒိနိတ်: မြန်မာနိုင်ငံ 20°47′N 97°02′E / 20.783°N 97.033°E | |
| နိုင်ငံ | |
| ပြည်နယ် | |
| ခရိုင် | တောင်ကြီးခရိုင် |
| မြို့နယ် | တောင်ကြီးမြို့နယ် |
| တည်ထောင်ခြင်း | ၁၈၉၄[၁] |
| ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၄၇၁၂ ပေ (၁၄၀၀[၂] မီတာ) |
| လူဦးရေ (၂၀၂၄) | |
| • စုစုပေါင်း | ၂၅၈,၄၂၀[၃] |
| • လူမျိုးများ (၂၀၁၄) | [၄] |
| • ကိုးကွယ်ယုံကြည်မှု (၂၀၁၄) | [၅] |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+၆:၃၀) |
| ဧရိယာကုဒ် | ၀၈၁[၆] |
တောင်ကြီးမြို့ (ပအိုဝ်း: ဝေင်ꩻတောင်ႏကီꩻ၊ ရှမ်း: ဝဵင်းတူၼ်ႈတီး) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၏ အုပ်ချုပ်ရေးနှင့် ရုံးစိုက်ရာ အဓိကမြို့တော် ဖြစ်သည်။ တောင်ခြေလွင်ပြင်တွင် တည်ရှိခြင်းမဟုတ်ဘဲ ရှမ်းကုန်းပြင်မြင့်၏ အထက် ပင်လယ်ရေမျက်နှာပြင်အထက် ၄,၇၁၂ ပေ (၁,၄၃၆ မီတာ) အမြင့်တွင် တည်ရှိနေသောကြောင့် ပတ်ဝန်းကျင်ရှိ ချိုင့်ဝှမ်းလွင်ပြင်များနှင့် တောင်တန်းကြီးများ၏ အလှအပများကို အပေါ်စီးမှ စီးမိုးမြင်တွေ့နိုင်ပြီး တစ်နှစ်ပတ်လုံး သန့်ရှင်းလတ်ဆတ်သော တောင်ပေါ်လေကို ရှူရှိုက်နိုင်သဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော တောင်စခန်းမြို့တစ်မြို့အဖြစ်လည်း ထင်ရှားပေသည်။[၇]
တောင်ကြီးမြို့သည် အေးမြသာယာသော တောင်စခန်းမြို့တစ်မြို့ ဖြစ်ရုံသာမက ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ပညာရေးဆိုင်ရာ အချက်အချာကျသော ဗဟိုချက်မမြို့လည်း ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း (ကျိုင်းတုံ) ဒေသများကို ဆက်သွယ်ပေးထားသည့် မဟာဗျူဟာမြောက် လမ်းမကြီးများပေါ်တွင် တည်ရှိသဖြင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေးအတွက် အရေးပါဆုံး မြို့တစ်မြို့အဖြစ် ရပ်တည်လျက်ရှိသည်။[၈]ထို့ပြင် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးရုံးစိုက်ရာ မြို့ဖြစ်သည်နှင့်အညီ ခေတ်မီအဆင့်မြင့် အခြေခံအဆောက်အအုံများ၊ တက္ကသိုလ်များနှင့် အထူးကုဆေးရုံကြီးများ စုစည်းရာ ရှမ်းပြည်နယ်၏ အစည်ကားဆုံးသော မြို့ပြအချက်အချာလည်း ဖြစ်ပေသည်။[၉]
တောင်ကြီးမြို့သမိုင်း
[ပြင်ဆင်ရန်]ဗြိတိသျှကိုလိုနီခေတ် မတိုင်မီက တောင်ကြီးမြို့နေရာသည် တဲအိမ်အနည်းငယ်သာရှိသည့် ပအိုဝ်းရွာငယ်လေး တစ်ရွာသာ ဖြစ်သည်။ ထိုစဉ်က ရွာအမည်ကို ပအိုဝ်းဘာသာဖြင့် ဒုံတောင်တီ (ဒုံ - ရွာ၊ တောင်တီ - တည်ပင်ပေါက်ရာ) ဟု ခေါ်ဆိုခဲ့ကြသည်။ ရှမ်းဘာသာဖြင့် တွမ်တီး ဟု ခေါ်ဆိုပြီး တည်ပင် (သို့မဟုတ်) ကတည်ပင် ပေါက်ရာရွာ ဟု အဓိပ္ပာယ်ရသည်။[၁၀] နောင်တွင် မြန်မာအသံဖြင့် တောင်ကြီး ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။ ထိုရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ၊ ရှမ်းရွာ၊ မွန်ခြိန်ရွာ (မိန်မြိန်ရွာ) နှင့် ဝါးပြားရွာများသာ ရှိခဲ့ပြီး ရေကန် လေးကန်နှင့် အင်းကြီးတစ်အင်း ရှိခဲ့သည်။ရှမ်းလူမျိုးများ၏ သမိုင်းဝင် ပင်မမြို့တော်များမှာ လင်းခေး၊ မိုင်းပွန်၊ သီပေါ၊ သိန္နီ၊ ကျိုင်းတုံ စသည့် နန်းမြို့တော်များ ဖြစ်ကြပြီး၊ တောင်ကြီးမြို့သည်မူ မူလက ပအိုဝ်းရွာလေးတစ်ရွာသာ ဖြစ်ခဲ့ကာ ဗြိတိသျှတို့က မြို့တော်အဖြစ် အကွက်ချ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [၁၁]

၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာတွင် စတင်ရုံးစိုက်ခဲ့သည်။ သို့သော် မိုင်းသောက်ဒေသသည် ငှက်ဖျားရောဂါ ထူထပ်ခြင်း၊ ပထဝီအနေအထားနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများကြောင့် ၁၈၉၄ ခုနှစ်တွင် ရုံးကန်နားများကို ယခုတောင်ကြီးမြို့ တည်ရာအရပ်သို့ ပြောင်းရွှေ့ခဲ့သည်။[၁၂] ဗြိတိသျှ အုပ်ချုပ်ရေးအရာရှိ Sir J. George Scott ၏ စာရင်းဇယားများအရ ၁၈၉၄ ခုနှစ်တွင် အင်္ဂလိပ်တို့သည် ပူပြင်းသော ညောင်ရွှေ အုပ်ချုပ်ရေးစခန်းအစား အေးမြသော တောင်ကြီးဒေသသို့ စိုက်ပျိုးရေးနှင့် စစ်ဘက်ဆိုင်ရာ စခန်းပြောင်းရွှေ့ရန် ကွင်းဆင်းစစ်ဆေးခဲ့စဉ်က ထိုနေရာတွင် ပအိုဝ်း မိသားစု အိမ်ခြေ ၁၆ အိမ်ခန့်သာရှိသော ပအိုဝ်းရွာငယ် ကို စတင်တွေ့ရှိခဲ့ကြောင်း အတိအကျ မှတ်တမ်းတင်ထားသည်။ [၁၃] အင်္ဂလိပ်အစိုးရသည် တောင်ကြီးမြို့ကို မြန်မာသက္ကရာဇ် ၁၂၅၃ ခုနှစ် (ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်) တွင် တည်ထောင်ခဲ့သည်ဟု မှတ်တမ်းအချို့က ဆိုသော်လည်း၊ အချို့သော သက်ကြီးရွယ်အိုများ၏ အဆိုအရ ၁၂၅၁ ခုနှစ် (ခရစ်နှစ် ၁၈၈၉) တွင် စတင်တည်သည်ဟုလည်း ဝိဝါဒ ရှိသည်။ တောင်ကြီးမြို့ကို မြို့ကွက်ပုံစံ စနစ်တကျ ရေးဆွဲ၍ လမ်းမကြီး လမ်းငယ်များ ဖောက်လုပ်ကာ တပ်မြေဌာနကဲ့သို့ တည်ဆောက်ခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် တောင်ကြီးမြို့၌ အိမ်ခြေ ၁,၀၀၀ ခန့် ရှိလာခဲ့သည်။
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရုံးစိုက်ရာမြို့ ဖြစ်လာသကဲ့သို့ စစ်ရေးအရလည်း ဗြိတိသျှတပ်ဖွဲ့များ၏ အဓိကစခန်းနှင့် ရိက္ခာပံ့ပိုးရာ ဗဟိုချက် ဖြစ်လာခဲ့သည်။ မြို့၏ ရပ်ကွက်များကို အဆင့်ဆင့် တည်ထောင်ခဲ့ကြသည်။ဈေးပိုင်းရပ်သည် ပအိုဝ်းတိုင်းရင်းသားများ ဖြစ်ကြသည့် ဇရပ်ဒကာ ဦးချုံနှင့် ပဉ္စင်းဘဖြူတို့က တည်ခဲ့သည်။ကူညီကုန်းရပ် (ယခင် ကူလီကုန်း)သည် အင်းလေးဒေသမှ စော်ဘွားနှင့် မတည့်၍ ပြောင်းရွှေ့လာသော အင်းသားလမ်းအလုပ်သမား (ကူလီ) များကို အခြေချစေကာ ဘုရားဒါယကာ ညွန့်နှင့် ဒါယကာ ကျော်တို့က တည်ခဲ့သည်။ညောင်ပင်သာရပ် (ယခင် ထာခယ်ရွာ)သည် ဆရာစန္တက တည်ခဲ့သည်။ နဂါးပတ်ကျောင်းဝန်းကျင်သည် မောင်ဖာဝမ်က တည်ခဲ့သည်။ယခု မြို့မဈေးကြီး တည်ရှိရာနေရာသည် ယခင်က ဦးကြီးခမ်းလော်ရွာ နေရာဟောင်း ဖြစ်သည်။ တောင်ကြီးမြို့၏ အရှေ့ဘက် တောင်တန်းများပေါ်တွင် မိရဲ၊ သထုံ၊ ဝိန်ယ အစရှိသော ပအိုဝ်းရွာများ ရှိခဲ့ပြီး ဝိန်ယ မှာ ပအိုဝ်းဘာသာဖြင့် မြို့ဟောင်း ဟု အဓိပ္ပာယ်ရသဖြင့် ၎င်းနေရာသည် တောင်ကြီးမြို့၏ မူလအစ မြို့ဟောင်းနေရာ ဖြစ်နိုင်သည်ဟု ယူဆကြသည်။
တောင်ကြီးမြို့ဦးအစပိုင်းတွင် ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်းနှင့် ပထမတောင်ကျောင်းကြီးများသာ ရှိခဲ့သည်။ မင်းကျောင်း၏ ပထမဆုံး ကျောင်းထိုင်ဆရာတော်မှာ မဲနယ်တောင်တန်း၊ လုံဒါရွာမှ ပအိုဝ်းတိုင်းရင်းသား ဆရာတော်တစ်ပါး ဖြစ်သည်။ မြို့၏အရှေ့ဘက် တောင်ထိပ်တွင် စေတီတော်တစ်ဆူနှင့် ထူးခြားသော ကျောက်ဆောင်ကြီးများ ရှိသောကြောင့် ဒေသခံများ အမြဲမပြတ် သွားရောက်ဖူးမြော် လည်ပတ်လေ့ရှိသည်။
ပထဝီဝင်နှင့် ရာသီဥတု
[ပြင်ဆင်ရန်]တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ၄,၇၁၂ ပေ (၁,၄၃၆ မီတာ) မြင့်သော ရှမ်းကုန်းပြင်မြင့် ၏ အနောက်ဘက်အစွန်းတွင် တည်ရှိသည်။ ပထဝီဝင်သတ်မှတ်ချက်အရ မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၄၇ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၀၂ မိနစ်တွင် တည်ရှိသည်။ တောင်ကြီးမြို့၏ မြေမျက်နှာသွင်ပြင် သည် ထူးခြားပြီး အခြားသော မြေပြန့်လွင်ပြင်မြို့များကဲ့သို့ မဟုတ်ဘဲ ရှမ်းရိုးမတောင်တန်းကြီးများ၏ ကုန်းမြင့်ကမ္ဘားနံရံ ပေါ်တွင် တိုက်ရိုက်ဖြန့်ကျက်တည်ဆောက်ထားခြင်း ဖြစ်သည်။[၁၄]

ဘူမိဗေဒဖွဲ့စည်းပုံအရ တောင်ကြီးမြို့ပြ တည်ရှိရာ ကုန်းမြင့်ကြီးသည် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် လှုပ်ရှားမှုအရှိဆုံး သက်တမ်းရင့် ပြတ်ရွှေ့ကြီးတစ်ခုဖြစ်သည့် ကျောက်ကြမ်းပြတ်ရွှေ့ ၏ ဘူမိရုပ်သွင် လှုပ်ရှားမှုများကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။[၁၅] ဤပြတ်ရွှေ့ကြီးကြောင့် ဖြစ်ပေါ်လာသော ကမ္ဘားနံရံ၏ အနောက်ဘက်အောက်ခြေတွင် စိမ်းစိုလှပသော ညောင်ရွှေလွင်ပြင် (Nyaungshwe Valley) နှင့် အင်းလေးကန် တည်ရှိပြီး၊အရှေ့ဘက်မျက်နှာစာတွင် အမြင့်ပေ ၅,၀၀၀ ကျော်ရှိပြီး ထုံးကျောက် များဖြင့် ဖွဲ့စည်းထားသော မတ်စောက်သည့် ကျောက်ဆောင်ထောက် တောင်ကုန်းကြီး သို့မဟုတ် တောင်ချွန်းကြီး သည် မြို့ပြတစ်ခုလုံးကို မေးတင်စီးမိုးထားသည်။ အနောက်ဘက်တွင်မူ နိမ့်ဆင်းသွားသော မြေမျက်နှာသွင်ပြင်နှင့်အတူ ကလောကုန်းမြင့်ဒေသ၊ ဆီဆိုင်တောင်ကြားလမ်းများနှင့် ချိတ်ဆက်လျက်ရှိသည်။ ဤကဲ့သို့ ကုန်းမြင့်ထိပ်ဖျားတွင် တိုက်ရိုက်တည်ရှိနေခြင်းကြောင့် တစ်နှစ်ပတ်လုံး သာယာအေးမြသော ကုန်းမြင့်သမပိုင်းရာသီဥတု ကို ရရှိစေကာ၊ ပထဝီဝင်အနေအထားအရ "တိမ်လွှာမေးတင် မြို့တော်" အဖြစ် ရုပ်လုံးပေါ်လွင်လျက်ရှိသည်။[၁၆]
တောင်ကြီးမြို့၏ မြို့ပြဗိသုကာဒီဇိုင်းသည် သဘာဝအနိမ့်အမြင့် မြေမျက်နှာသွင်ပြင်နှင့် လိုက်လျောညီထွေဖြစ်အောင် အကွက်ချထားသည့် လှေကားထစ်ပုံစံ ကုန်းမြင့်အဆင့်ဆင့်မြို့ပြစနစ် (Terraced Urban Grid System) ကို အသုံးပြုထားသည်။ မြို့ပြ၏ ပင်မဝင်ရိုးစွန်းဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးသည် တောင်တန်း၏ အနိမ့်အမြင့် Contour Line များအတိုင်း မြောက်မှတောင်သို့ ရှည်လျားစွာ ဖောက်လုပ်ထားသည်။ ယင်းလမ်းမကြီးများကို အရှေ့နှင့်အနောက် ချိတ်ဆက်ပေးသော လမ်းသွယ် များမှာမူ မတ်စောက်သော တောင်စောင်းအတက်အဆင်း (Steep Slopes) များအဖြစ် တည်ရှိနေသဖြင့် မြို့ပြကို အကွက်ချစနစ်ကျနစေသည်။မြေပြန့်ဧရိယာ ကန့်သတ်ချက်ရှိသော ကုန်းမြင့်မြို့ဖြစ်သည်နှင့်အညီ ခေတ်မီဗိသုကာနည်းပညာများဖြစ်သော ခိုင်ခံ့သည့် Structural Retaining Walls နှင့် Foundation Engineering များကို အသုံးပြုကာ တောင်စောင်းများတွင် ခေတ်မီအထပ်မြင့် လူနေအဆောက်အအုံများနှင့် စီးပွားရေးအဆောက်အအုံများကို စုစည်းတည်ဆောက်ထားသည်။[၁၇]မြို့ပြဗဟိုချက်များတွင် သဘာဝအစိမ်းရောင်နယ်မြေ (Green Spaces) များဖြစ်သည့် မြကန်သာပန်းခြံ နှင့် စဝ်စံထွန်းပန်းခြံကဲ့သို့သော နေရာများကို ထိန်းသိမ်းထားရှိသည့်အပြင်၊ တောင်ပေါ်မှ ထွက်ရှိသော "ဂူနီရေထွက်" ကဲ့သို့သော သဘာဝကုန်းမြင့်ရေထွက်မျက်နှာစာ (Natural Spring Frontage) များကို မြို့ပြရေပေးဝေရေးစနစ်နှင့် အပန်းဖြေကဏ္ဍတို့တွင် ခေတ်မီစွာ ပေါင်းစပ်အဆင့်မြှင့်တင်ထားသည်။
တောင်ကြီးမြို့၏ ဤကဲ့သို့သော ခေတ်မီတောင်ပေါ်မြို့ပြရုပ်သွင်၊ ပထဝီဝင်နှင့် လိုက်လျောညီထွေဖြစ်သည့် မြို့ကွက်ဒီဇိုင်းတို့ကြောင့် ရှမ်းပြည်နယ်၏ စံပြဗိသုကာလက်ရာအဆန်းပြားဆုံးနှင့် သန့်ရှင်းစိမ်းစိုသော ကုန်းမြင့်အုပ်ချုပ်ရေးမြို့တော်အဖြစ် ရပ်တည်လျက်ရှိသည်။[၁၈]
မြင့်မားသော မြေမျက်နှာသွင်ပြင်ကြောင့် တစ်နှစ်ပတ်လုံး သာယာအေးမြသော ရာသီဥတုရှိပြီး မုတ်သုံရာသီဥတု၏ သက်ရောက်မှုကြောင့် မေလမှ အောက်တိုဘာလအတွင်း မိုးရွာသွန်းမှု များပြားလေ့ရှိသည်။ နွေရာသီ (ဧပြီလ နှင့် မေလ) သည် အပူဆုံးကာလဖြစ်သော်လည်း ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် ၂၇ ဒီဂရီစင်တီဂရိတ် ဝန်းကျင်သာရှိပြီး၊ ဆောင်းရာသီ (နိုဝင်ဘာလမှ ဖေဖော်ဝါရီလ) တွင်မူ မြောက်ပိုင်းမှအေးများကြောင့် အပူချိန်သည် ၇ ဒီဂရီစင်တီဂရိတ်အထိ သိသိသာသာ အေးစိမ့်ဆင်းသက်သွားလေ့ရှိသည်။[၁၉]
| တောင်ကြီးမြို့ (ပျမ်းမျှဒေတာများ) အတွက် ရာသီဥတု အချက်အလက်များ | |||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|
| လ | ဇန်နဝါရီ | ဖေဖော်ဝါရီ | မတ် | ဧပြီ | မေ | ဇွန် | ဇူလိုင် | ဩဂုတ် | စက်တင်ဘာ | အောက်တိုဘာ | နိုဝင်ဘာ | ဒီဇင်ဘာ | နှစ် |
| ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) | 22.1 (71.8) |
24.5 (76.1) |
27.2 (81) |
28.5 (83.3) |
26.8 (80.2) |
24.8 (76.6) |
24.1 (75.4) |
23.9 (75) |
24.5 (76.1) |
24.4 (75.9) |
23.1 (73.6) |
21.4 (70.5) |
24.6 (76.3) |
| နေ့စဉ် ပျမ်းမျှ °C (°F) | 14.5 (58.1) |
16.8 (62.2) |
19.8 (67.6) |
21.9 (71.4) |
21.5 (70.7) |
20.4 (68.7) |
19.9 (67.8) |
19.7 (67.5) |
19.9 (67.8) |
19.4 (66.9) |
17.2 (63) |
14.7 (58.5) |
18.8 (65.8) |
| ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) | 7.0 (44.6) |
9.1 (48.4) |
12.4 (54.3) |
15.3 (59.5) |
16.2 (61.2) |
16.0 (60.8) |
15.8 (60.4) |
15.6 (60.1) |
15.4 (59.7) |
14.5 (58.1) |
11.3 (52.3) |
8.1 (46.6) |
13.1 (55.6) |
| ပျှမ်းမျှ မိုးရေချိန် mm (inches) | 4 (0.16) |
6 (0.24) |
12 (0.47) |
45 (1.77) |
170 (6.69) |
210 (8.27) |
230 (9.06) |
270 (10.63) |
220 (8.66) |
160 (6.3) |
50 (1.97) |
10 (0.39) |
၁၃၈၇ (၅၄.၆၁) |
| Source: NOAA (National Oceanic and Atmospheric Administration)[၂၀] | |||||||||||||
အုပ်ချုပ်ရေးနှင့် မြို့ပြရပ်ကွက်များ
[ပြင်ဆင်ရန်]တောင်ကြီးမြို့ပြ အုပ်ချုပ်ရေးနယ်မြေ အတွင်းရှိ ဒေသန္တရစီမံခန့်ခွဲမှုလုပ်ငန်းများကို ပိုမိုထိရောက်စေရန်အတွက် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ မြို့ပေါ်ရပ်ကွက်များကို စနစ်တကျ တိုးချဲ့ဖွဲ့စည်းခဲ့ရာ လက်ရှိတွင် တရားဝင် မြို့ပေါ်ရပ်ကွက် (၂၂) ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။[၂၁]
မြို့ပေါ်ရပ်ကွက်များ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ အစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ တောင်ကြီးမြို့နယ်ရှိ တောင်ကြီးမြို့ မြို့ပေါ်ရပ်ကွက်များကို အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။[၂၂]
- ညောင်ဖြူစခန်းရပ်ကွက်
- မင်္ဂလာဦးရပ်ကွက်
- ပြည်တော်သာရပ်ကွက်
- ရတနာသီရိရပ်ကွက်
- ညောင်ရွှေဟော်ကုန်းရပ်ကွက်
- ရေအေးကွင်းရပ်ကွက်
- ကန်အောက်ရပ်ကွက်
- ချမ်းမြသာစည်ရပ်ကွက်
- ဈေးပိုင်းရပ်ကွက်
- ရွှေတောင်ရပ်ကွက်
- ကန်ရှေ့ရပ်ကွက်
- လမ်းမတော်ရပ်ကွက်
- ဟော်ကုန်းရပ်ကွက်
- စိန်ပန်းရပ်ကွက်
- ကန်သာရပ်ကွက်
- မြို့မရပ်ကွက်
- သစ်တောရပ်ကွက်
- ချမ်းသာရပ်ကွက်
- ကျောင်းကြီးစုရပ်ကွက်
- စဝ်စံထွန်းရပ်ကွက်
- ဘုရားဖြူရပ်ကွက်
- ကံကြီးရပ်ကွက်
- အေးသာယာ (မြို့သစ်အဖြစ် သီးသန့်ခွဲထုတ်ထားသော်လည်း အုပ်ချုပ်ရေးအရ တောင်ကြီးမြို့နယ်ခွဲ၏ မြို့ပေါ်ရပ်ကွက်စာရင်းအောက်တွင် ထည့်သွင်းရေတွက်လေ့ရှိပါသည်)
လမ်းပန်းဆက်သွယ်ရေး
[ပြင်ဆင်ရန်]တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ အချက်အချာကျသော လမ်းဆုံလမ်းခွတွင် တည်ရှိပြီး ကုန်းလမ်းနှင့် လေကြောင်းဆက်သွယ်ရေးအတွက် အဓိက တံခါးပေါက်တစ်ခု ဖြစ်သည်၊၊
တောင်ကြီးမြို့၏ အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်သည်၊၊ ရန်ကုန်မြို့မှ ၄၀၅ မိုင် (၆၅၂ ကီလိုမီတာ) ခန့်နှင့် မန္တလေးမြို့မှ ၁၆၄ မိုင် (၂၆၄ ကီလိုမီတာ) ခန့် ကွာဝေးသည်၊၊ တောင်ကြီးမြို့သည် အမှတ် (၄) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များသာမက ရှမ်းပြည်နယ်အရှေ့ပိုင်း (ကျိုင်းတုံမြို့၊ တာချီလိတ်မြို့) နှင့် ကယားပြည်နယ် (လွိုင်ကော်မြို့) တို့သို့ ဆက်သွယ်ပေးထားသည့် ဗဟိုချက်မ ဖြစ်သည်၊၊[၂၃]
တောင်ကြီးမြို့ကို ဖြတ်သန်းသော ရထားလမ်းကို ၁၉၉၅ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည်၊၊ လက်ရှိတွင် တောင်ကြီးမှ ဆီဆိုင်၊ ဆိုက်ခေါင် သို့ ပြေးဆွဲသော ရထားခရီးစဉ်များ ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် တောင်ကြီးဈေးနေ့များတွင်သာ အဓိကထား ပြေးဆွဲပေးလျက်ရှိသည်၊၊[၂၄] မြန်မာနိုင်ငံ အခြားဒေသများသို့ ရထားဖြင့် သွားရောက်လိုသော ခရီးသည်များသည် တောင်ကြီးမြို့နှင့် ၁၂ မိုင်အကွာရှိ ရွှေညောင်မြို့ ရထားဘူတာသို့ သွားရောက်စီးနင်းရသည်၊၊
တောင်ကြီးမြို့အတွက် အနီးဆုံး လေဆိပ်မှာ ၂၄ မိုင်ခန့် အကွာတွင် တည်ရှိသော ဟဲဟိုးလေဆိပ် ဖြစ်သည်၊၊ ဟဲဟိုးလေဆိပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း၏ အဓိက လေကြောင်းဝင်ပေါက်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ နေ့စဉ် ပျံသန်းမှုများ ရှိသည်၊၊[၂၅]
ယဉ်ကျေးမှု
[ပြင်ဆင်ရန်]
တောင်ကြီးမြို့သည် ပအိုဝ်း၊ ရှမ်း၊ အင်းသား၊ ဗမာ၊ ဓနု နှင့် ဂေါ်ရခါး အစရှိသည့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ရာ မြို့ဖြစ်သည်နှင့်အညီ ယဉ်ကျေးမှုပုံစံ အစုံအလင်ကို တစ်နေရာတည်းတွင် မြင်တွေ့နိုင်သော ယဉ်ကျေးမှုစုံလင်ရာ ဗဟိုချက် တစ်ခု ဖြစ်သည်၊၊
တောင်ကြီးမြို့၏ အထင်ရှားဆုံးသော ယဉ်ကျေးမှုအမှတ်အသားမှာ နှစ်စဉ် တန်ဆောင်မုန်းလတွင် ကျင်းပသည့် တောင်ကြီးမီးပုံးပျံပွဲတော် ဖြစ်သည်၊၊ ဤပွဲတော်သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာလှည့်ခရီးသည်များအကြားတွင်ပါ အလွန်ကျော်ကြားသည်၊၊ ညလွှတ်မီးကြီး (ညမီးပုံပျံ) များတွင် မီးရှူးမီးပန်းများဖြင့် အလှဆင်လွှတ်တင်ခြင်းနှင့် နေ့လွှတ်အရုပ်မီးပုံပျံများကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်လွှတ်တင်ခြင်းတို့မှာ တောင်ကြီးမြို့၏ ထူးခြားသော လက်မှုပညာနှင့် ယဉ်ကျေးမှုအမှတ်အသား ဖြစ်သည်၊၊[၂၆]

တောင်ကြီးမြို့၏ ကထိန်ပွဲတော်သည် မြန်မာနိုင်ငံ၏ အခြားဒေသများနှင့်မတူဘဲ ထူးခြားစည်ကားလှသည်၊၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်ကာလအတွင်း မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးနှင့် ရုံးဌာနများမှ ကထိန်အလှူလှည့်လည်ပွဲများကို နေ့စဉ်ရက်ဆက် ကျင်းပကြသည်၊၊ အထူးသဖြင့် တန်ဆောင်မုန်းလဆန်းပိုင်းတွင် ကျင်းပလေ့ရှိသော "အရုဏ်တော်လှည့်ပွဲ" သည် တောင်ကြီးမြို့၏ ဝိသေသတစ်ခု ဖြစ်သည်၊၊ အလှူရှင်များသည် အရုဏ်မတက်မီ အစောပိုင်းအချိန်များတွင် မြို့တွင်း၌ တူရိယာအစုံအလင်၊ အကအလှများဖြင့် စီတန်းလှည့်လည်၍ လှူဖွယ်ပစ္စည်းများကို ဗုဒ္ဓဘာသာကျောင်းတိုက်များသို့ သွားရောက်လှူဒါန်းကြသည်၊၊ အေးမြသော တောင်ပေါ်မြို့ညချမ်းတွင် ဆင်နွှဲကြသည့် ဤကထိန်ပွဲသည် တောင်ကြီးမြို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှု ပေါင်းစပ်မှုကို ပေါ်လွင်စေသော ပွဲတော်တစ်ခု ဖြစ်သည်၊၊[၂၇] ရှမ်းပြည်နယ်၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ငါးရက်တစ်ဈေး ယဉ်ကျေးမှုကို တောင်ကြီးမြို့တွင် ထင်ရှားစွာ မြင်တွေ့နိုင်သည်၊၊ တောင်ကြီးဈေးနေ့များတွင် ပတ်ဝန်းကျင်ကျေးရွာများမှ တိုင်းရင်းသားများ မိမိတို့၏ ရိုးရာဝတ်စုံများကို ဝတ်ဆင်၍ ဒေသထွက်ကုန်များ လာရောက်ရောင်းချကြသည်၊၊ မြို့ပြဖွံ့ဖြိုးလာသော်လည်း ဤဈေးနေ့ယဉ်ကျေးမှုမှာ ဒေသခံတို့၏ လူမှုစီးပွားဘဝနှင့် ယဉ်ကျေးမှုဖလှယ်ရေးတွင် အရေးပါမြဲ ဖြစ်သည်၊၊

တောင်ကြီးမြို့သည် တိုင်းရင်းသားပေါင်းစုံတို့၏ ရိုးရာအစားအစာများ စုစည်းရာနေရာလည်း ဖြစ်သည်၊၊ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ ဟင်းထုပ်၊ ငါးထမင်းနယ် နှင့် ပအိုဝ်းရိုးရာ အစားအစာများသည် တောင်ကြီးမြို့၏ အစားအစာယဉ်ကျေးမှုကို ပိုမိုကြွယ်ဝစေသည်၊၊ ထို့ပြင် တပေါင်းလပြည့်နေ့တွင် ကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့ကဲ့သို့သော တိုင်းရင်းသားရိုးရာနေ့များတွင် ဒေသခံတို့၏ ဝတ်စားဆင်ယင်မှုနှင့် အကအလှများကို ခမ်းနားစွာ မြင်တွေ့နိုင်သည်၊၊
တောင်ကြီးမြို့တွင် တည်ရှိသော ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက်တွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများ၊ အသုံးအဆောင်ပစ္စည်းများ၊ စော်ဘွားများအသုံးပြုခဲ့သည့် အဆောင်အယောင်များနှင့် သမိုင်းဝင်ပစ္စည်းများကို ခင်းကျင်းပြသထားသဖြင့် ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တစ်နေရာတည်းတွင် လေ့လာနိုင်သည်၊၊[၂၈]
လည်ပတ်စရာများ
[ပြင်ဆင်ရန်]တောင်ကြီးမြို့နှင့် မနီးမဝေးတွင် တည်ရှိသော အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေအိုင်ကြီးဖြစ်ပြီး ကမ္ဘာကျော် အင်းသားလူမျိုးတို့၏ ထူးခြားသော ရေပေါ်နေထိုင်မှု ဘဝဓလေ့များကြောင့် ထင်ရှားသည်၊၊ ဤဒေသသည် သဘာဝအလှအပနှင့် ရှေးဟောင်းယဉ်ကျေးမှုများ ပေါင်းစပ်နေသော ခရီးသွားဆွဲဆောင်မှု အချက်အချာဒေသ ဖြစ်သည်၊၊
အင်းလေးဒေသ၏ အထင်ရှားဆုံးသော ဆွဲဆောင်မှုမှာ နှစ်စဉ် တော်သလင်းလတွင် ကျင်းပသည့် ဖောင်တော်ဦးဘုရားပွဲတော် ဖြစ်သည်၊၊ တန်ခိုးကြီး ရုပ်ပွားတော်မြတ် (၄) ဆူကို ဒေသတွင်း ကျေးရွာများသို့ ဖောင်တော်ဖြင့် လှည့်လည်အပူဇော်ခံသည့် ပွဲတော်မှာ အလွန်စည်ကားလှသည်၊၊ ထိုပွဲတော်တွင် အင်းသားတို့၏ ထူးခြားသော "ခြေဖြင့်လှေလှော်ခြင်း" အတတ်ပညာကို အသုံးပြု၍ ကျင်းပသော လှေလှော်ပြိုင်ပွဲများသည် ကမ္ဘာလှည့်ခရီးသည်များကို အဓိကဆွဲဆောင်ရာ ယဉ်ကျေးမှုပြကွက်တစ်ခု ဖြစ်သည်၊၊[၂၉]
တောင်ကြီးမြို့၏ အရှေ့တောင်ဘက်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသော မွေတော်ကက္ကူဘုရားတန်းသည် ရှမ်းပြည်နယ်၏ အံ့ဖွယ်ယဉ်ကျေးမှုနယ်မြေတစ်ခု ဖြစ်သည်၊၊ ၁၆ ရာစုလက်ရာ စေတီပေါင်း ၂,၀၀၀ ကျော် တစ်နေရာတည်းတွင် စုဝေးတည်ရှိနေမှုမှာ ဗိသုကာပညာရပ်အရ အလွန်ပင် ခမ်းနားလှသည်၊၊ နှစ်စဉ် တပေါင်းလတွင် ကျင်းပသည့် ကက္ကူဘုရားပွဲသည် ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင်မှုများကို လေ့လာနိုင်သော အကောင်းဆုံးအချိန် ဖြစ်သည်၊၊[၃၀]
အင်းလေးဒေသနှင့် မနီးမဝေးရှိ ပင်းတယမြို့ရှိ ပင်းတယဂူသည်လည်း ခရီးသွားများ မဖြစ်မနေ သွားရောက်လေ့လာသင့်သည့် နေရာဖြစ်သည်၊၊ သဘာဝထုံးကျောက်ဂူအတွင်း ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၈,၀၀၀ ကျော် ကိန်းဝပ်စံပယ်နေမှုမှာ အလွန်ပင် ကြည်ညိုဖွယ်ကောင်းသည်၊၊ ထို့ပြင် ပင်းတယဒေသ၏ ထင်ရှားသော ရှမ်းရိုးရာစက္ကူနှင့် ရှမ်းထီးလုပ်ငန်းများသည်လည်း ဒေသတွင်း ယဉ်ကျေးမှုလက်ရာများအဖြစ် ထင်ရှားသည်၊၊
ခရီးသွားများအတွက် အနားယူအပန်းဖြေနိုင်သော ရေပူစမ်းတစ်ခုဖြစ်ပြီး အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင်အလှကို ခံစားရင်း ဒေသခံတို့၏ လူမှုဘဝကိုပါ လေ့လာနိုင်သော နေရာတစ်ခု ဖြစ်သည်၊၊
ပညာရေး
[ပြင်ဆင်ရန်]အခြေခံပညာ
[ပြင်ဆင်ရန်]တောင်ကြီးမြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၁၂ ကျောင်း ရှိသည်။
အဆင့်မြင့်ပညာ
[ပြင်ဆင်ရန်]- တောင်ကြီးတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(တောင်ကြီး)
- ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)
- ဆေးတက္ကသိုလ် (တောင်ကြီး)
- အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)
ကျန်းမာရေး
[ပြင်ဆင်ရန်]အစိုးရဆေးရုံများ
[ပြင်ဆင်ရန်]- စဝ်စံထွန်း အထွေထွေရောဂါကု ဆေးရုံကြီး
- တောင်ကြီး မိခင်နှင့်ကလေးဆေးရုံ
- တောင်ကြီး တက္ကသိုလ်ဆေးရုံ[၃၁]
- အဆုတ်ရောဂါကုဆေးရုံ
အားကစား
[ပြင်ဆင်ရန်]တောင်ကြီး အားကစားကွင်းသည် ဘက်စုံသုံးအားကစားကွင်း တစ်ခုဖြစ်ပြီး တောင်ကြီးမြို့တွင် တည်ရှိသည်။ အဆိုပါ အားကစားကွင်းသည် ရှမ်းယူနိုက်တက် ဘောလုံးအသင်း၏ အိမ်ကွင်းလည်း ဖြစ်သည်။ အဆိုပါဘောလုံးအသင်းသည် ၂၀၀၇ ခုနှစ် မြန်မာပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။ ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ်စတင် ကျင်းပစဉ်ကတည်းကပင် ပါဝင်ခဲ့သော အသင်းတစ်သင်းဖြစ်ပြီး ရှမ်းပြည်နယ်ကို ကိုယ်စားပြုသော အသင်းလည်းဖြစ်သည်။
ဓာတ်ပုံများ
[ပြင်ဆင်ရန်]- ညမြင်ကွင်း
- St. Josephs ဝတ်ပြုကျောင်းကြီး
- ၂၀၁၈ ခုနှစ် တောင်ကြီးမြို့
- Sikh ဝတ်ပြုကျောင်းကြီး
- စူဠာမုဏိလောကချမ်းသာစေတီတော်
ကိုးကား
[ပြင်ဆင်ရန်]- ↑ Scott, J. G. and Hardiman, J. P. (1900)။ Gazetteer of Upper Burma and the Shan States, Part I, Vol. I။ Superintendent, Government Printing, Burma။ pp. 560–565။CS1 maint: multiple names: authors list (link)
- ↑ The 2014 Myanmar Population and Housing Census: Taunggyi Township Report။ Department of Population, Ministry of Labour, Immigration and Population။ 2026-10-17 တွင် ပြန်စစ်ပြီး။
- ↑ Taunggyi (Township, Myanmar) - Population Statistics, Charts, Map။ Myanmar Department of Population / CityPopulation။ 2026-10-14 တွင် ပြန်စစ်ပြီး။
- ↑ တောင်ကြီးမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (Department of Population)။ 2026-10-14 တွင် ပြန်စစ်ပြီး။
- ↑ The 2014 Myanmar Population and Housing Census - Religion။ Ministry of Labour, Immigration and Population။ 2026-10-14 တွင် ပြန်စစ်ပြီး။ [လင့်ခ်သေ]
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 15 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 July 2010 တွင် ပြန်စစ်ပြီး။
- ↑ Climate of Taunggyi။ Climate-Data.org။ 2026-05-10 တွင် ပြန်စစ်ပြီး။
- ↑ Taunggyi General Information။ Shan State Government Office။ 13 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-10-14 တွင် ပြန်စစ်ပြီး။
- ↑ Flora and Natural Beauty of Taunggyi။ Ministry of Natural Resources and Environmental Conservation။ 2026-10-14 တွင် ပြန်စစ်ပြီး။ [လင့်ခ်သေ]
- ↑ ယုဝတီမာလာသိန်း၊ "မဟာပါသာဏမုံတဝဂူ ဆောင်းပါး"၊ ယုဝတီဂျာနယ်၊၊
- ↑ Saimong Mangrai, Sao, The Shan States and the British Annexation, Cornell University Southeast Asia Program, 1965.
- ↑ တောင်ကြီးမြို့ သမိုင်းမှတ်တမ်းများ၊၊
- ↑ Scott, J. George, Gazetteer of Upper Burma and the Shan States, 1900.
- ↑ Bender, F. (1983). Geology of Burma. Gebrüder Borntraeger. p. 112. ISBN 978-3-443-11001-7.
- ↑ Bertrand, G., & Rangin, C. (2003). Tectonics of the Western Margin of the Shan Plateau (Myanmar). Journal of Asian Earth Sciences, 21(9), 951-967.
- ↑ Scott, J. G. (1901). Gazetteer of Upper Burma and the Shan States. Government Printing. Part 2, Vol. 3, p. 245.
- ↑ Department of Urban and Housing Development (DUHD). (2024). Taunggyi Urban Development Vision and Spatial Framework. Ministry of Construction. pp. 12–15.
- ↑ Shan State Government. (2023). Shan State Spatial Development Master Plan (2020-2040). Regional Planning Sector. pp. 78–81.
- ↑ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မြန်မာနိုင်ငံ)။ (၂၀၂၄)။ တောင်ကြီးမြို့၏ နှစ်အလိုက် မိုးလေဝသနှင့် ရာသီဥတုအချက်အလက်များ။
- ↑ "Taunggyi Climate Normals". National Oceanic and Atmospheric Administration. Retrieved May 2026.
- ↑ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန. (၂၀၂၆). တောင်ကြီးမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (၂၀၂၆ ခုနှစ်၊ မတ်လထုတ်). ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး. စာ-၁၂–၁၅.
- ↑ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် အစီရင်ခံစာ၊ သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ (၃-ခ)။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန။ 2020-01-01 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-17 တွင် ပြန်စစ်ပြီး။
- ↑ Distance from Yangon to Taunggyi။ 2026-05-10 တွင် ပြန်စစ်ပြီး။
- ↑ "Taunggyi-Saikhaung railway operations"၊ Global New Light of Myanmar၊ 2018-10-24။
- ↑ Heho Airport Information။ 2026-05-10 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ "Taunggyi Fire Balloon Festival"၊ Myanmar Times။
- ↑ "Traditional Kathina Festivals in Taunggyi"၊ Global New Light of Myanmar။
- ↑ Shan State Cultural Museum။ Ministry of Hotels and Tourism။ 30 April 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-10 တွင် ပြန်စစ်ပြီး။
- ↑ Inle Lake Phaung Daw Oo Pagoda Festival။ Ministry of Hotels and Tourism။ 30 April 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-10 တွင် ပြန်စစ်ပြီး။
- ↑ "The Ancient Pagodas of Kakku"၊ Myanmar Insider။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 1 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 January 2019 တွင် ပြန်စစ်ပြီး။
- မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)။
- မြန်မာပြည်ဖွားဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်