မက်မန်းသီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မက်မန်းသီး[ပြင်ဆင်ရန်]

မက်မန်းသီးသည် အစေ့မာတစ်စေ့တည်းရှိသည့် အသီး မျိုးဖြစ်၍ ချယ်ရီသီးကလေးများအရွယ်မှ ကြက်ဥအရွယ်ထိ အောင် အရွယ်အမျိုးမျိုးနှင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိသည်။ အချို့ သည်လုံး၍ အချို့မှာ ကြက်ဥပုံသဏ္ဌာန်ရှိပြီးလျှင် အချို့ကား ရှည်မျောမျောရှိသည်။ အခွံသည် ပါး၍ အစိမ်း၊ အဝါ၊ အနီ၊ အပြာ၊ ခရမ်းရောင် စသည်ဖြင့် အရောင်လည်းအမျိုးမျိုးရှိသည်။ မက်မန်းသီးသည် အသားများ၍ အရည်ရွှမ်းသည်။ အလယ် ခေါင်တွင် ပြား၍မာသော အစေ့ကြီးတစ်စေ့ရှိရာ ထိုအစေ့ထဲ တွင်မှ မျိုးစေ့ရှိသည်။


မက်မန်းပင်သည် မက်မွန်ပင်၊ တရုတ်ဆီးသီးပင်၊ ချယ်ရီပင်များနှင်အတူ ရိုဇေးစီအီး မျိုးရင်းတွင် ပရူးနပ်မျိုးစု၌ ပါဝင်သည်။ ယင်း၏ ရုက္ခဗေဒအမည်မှာ ပရူးနပ် ကွမ်မျူနစ် ဖြစ်သည်။ ယင်း၏ မူလပေါက်ရာဒေသမှာ ဥရောပတိုက်တောင် ပိုင်းနှင့် အာရှတိုက်အနောက်ပိုင်းတို့ဖြစ်ရာ ထိုမှတစ်ဆင့် အမေရိကတိုက်၊ အာရှတိုက်နှင့် ဥရောပအနောက်ပိုင်းတို့သို့ ပျံ့နှံ့သွားကြသည်။ မြန်မာနိုင်ငံတွင် ပေ ၃ယဝဝဝ နှင့် ယင်း အထက်မြင့်သော ရှမ်းကုန်းပြင်မြင့်များ၌သာ ပေါက်ရောက် သည်။ ထိုကြောင့်မေမြို့၊ ကလောမြို့နှင့် တောင်ကြီးမြို့များ အနီးအနားတွင် မက်မန်းပင်များကို တွေ့ရသည်။ မက်မန်းပင်သည် ချုံငယ်မျိုး၊ သို့မဟုတ် အပင်ငယ်မျိုး ဖြစ်၍ အကိုင်းအခက်အလက် အမြောက်အမြားထိုးထွက်သည်။ ပန်းပွင့်များသည် အဖြူနှင့် အစိမ်းနုနုအရောင်များဖြစ်၍ နွမ်း သွားသည့်အခါ ပန်းရောင်နှင့် အနီရောင်သို့ ပြောင်းသွားတတ် သည်။ များသောအားဖြင့် ပန်းပွင့်များသည် အရွက်များမထွက်မီ ထွက်လာကြသည်။ မက်မန်းပင်အမျိုးပေါင်း မြောက်မြားစွာရှိ သည်။ မက်မန်းသီးသည် အလွန်အသုံးဝင်သောအသီးဖြစ် သည်။ ယင်းနှင့် အမျိုးတူ အသီးသုံးမျိုးတို့တွင် အာဟာရဓာတ် အများဆုံးပါသော အသီးဖြစ်သည်။ အခြား အသီးများထက် သကြားရာခိုင်နှုန်း ၂ဝ.၁ ပို၍ ပါကြောင်းတွေ့ရသည်။ အချို့ကို မသိုးစာ၊ ထောပတ်၊ ယိုများပြုလုပ်ရာ၌ အသုံးပြုကြသည်။ အချို့ကို အခြောက်ပြုလုပ်၍ စည်သွတ်ကြသည်။ မက်မန်းပင်များကို အဖူးကူးခြင်းဖြင့် အမြောက်အမြား ပွားယူကြသည်။ ပထမတွင် မက်မန်းသီးအစေ့များကို ပျိုးခင်း တွင် အမြောက်အမြားပျိုး၍ ကြီးလာသောအခါ တစ်နေရာရာ တွင် ပြောင်း၍စိုက်ကြသည်။ ထို့နောက် အသီးသီးသော မက် မန်းပင်များမှ အဖူးများကိုယူ၍ ထိုပျိုးပင်များ၏ ပင်လုံးတွင် ကူးပေးပြီးလျှင် စည်းထားလိုက်ရသည်။ အဖူးများသည် ပင်လုံး ထဲတွင်ပေါက်၍ ပညေ|ာက်များ ထွက်လာသည့်အခါ မူလပျိုး ပင်များ၏ အညွန့်များကို ဖြတ်ပေးလိုက်ရသည်။ ကူးသောအဖူး များမှထွက်လာသော အကိုင်းအခက်သစ်များသည် အပင်သစ်၏ အညွန့်အတက်များပင်ဖြစ်သည်။ မက်မန်းပင်များကို တစ်ပင်နှင့် တစ်ပင် ၁၆ ပေမှ ပေ ၂ဝ ထိခွာ၍စိုက်ကြသည်။ စ၍စိုက်ပျိုး သည်မှ ၃ နှစ်နှင့် ၆ နှစ်အတွင်း အသီးသီး၏။ ဤသို့ အဖူး ကူး၍ မျိုးပွားယူခြင်းမှ သီးသောအသီးများသည် မူလမိခင်ပင်မ မှသီးသော အသီးများလောက်ပင်ကြီးသည်။ အဖူးကူးခြင်း မဟုတ်ဘဲ အစေ့မှ တိုက်ရိုက်ကြီးပြင်းလာသော အပင်များမှ အသီးများကား မူလမိခင်ပင်မမှ သီးသည့်အသီးလောက် မကြီး ချေ။ မက်မန်းပင်များသည် ရေမတင်သော နုံးမြေပွများ၌ဖြစ် ထွန်းသည်။ မက်မန်းပင်များသည် အပင်ပိုးများကျရောက်တတ် သဖြင့် ဂရုတစိုက် စိုက်ပျိုးကြရပြီး ပိုးသတ်ဆေးနှင့် အပင် ရောဂါဆေးများကို မပြတ်ပက်ဖျန်း ပေးရသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)