စွေ့ငှက်
| Argya gularis | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Aves |
| မျိုးစဉ်: | Passeriformes |
| မျိုးရင်း: | Leiothrichidae |
| မျိုးစု: | Argya |
| မျိုးစိတ်: | A. gularis |
| ဒွိနာမ | |
| Argya gularis (Blyth, 1855) | |
| Synonyms | |
|
Turdoides gularis | |
ဒေသအခေါ် စွေ့ငှက် သို့မဟုတ် ဇွေ့ငှက် (White-throated babbler (သိပ္ပံအမည် - Turdoides gularis)) သည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းတွင် အတွေ့ရများသည်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် တွေ့ရှိရသည်။ သာမန်အားဖြင့် အမြင့်ပေ ၁၂၀၀ ပေအောက်တွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံ၌သည် တွေ့ရသည့် မြန်မာ့ဒေသရင်းငှက်မျိုးစိတ်ဖြစ်သည်။
၁ဝ လက်မခန့်ရှိ၍၊ အမြီးတစ်ခုတည်းကပင် ၅ ၁/၂လက်မ ရှည်သည်။ အမွှေးအတောင်များသည် သေသပ်ခြင်းမရှိချေ။ လည်တံနှင့် ရင်အုပ်တို့သည် ဖြူ၏။ အခြားအစိတ် အပိုင်းတို့၏ အရောင်မှာ ညိုသည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့ရွာများတွင် တွေ့နေကျ ငှက်မျိုးဖြစ်သည်။ ဇွေ့ငှက်သည် ၆ ကောင်မှ ၇ ကောင်ထိ စုဝေးကာသွားလာနေထိုင်တတ်သဖြင့် 'ညီအမခုနစ်ဖော်'ဟုလည်း တင်စားခေါ်လေ့ ရှိကြသည်။
ထိုငှက်သည် အမြဲဆူညံတတ်၏။ ချစ်-ချစ် ဟု မြည်သံပြုပြီးနောက်၊ တုန်သံတစ်မျိုးကိုပြုတတ်သည်။ ထို့အပြင် ပျံသန်းနေစဉ် ထူးဆန်းကျယ်လောင်သော တုန်သံတစ်မျိုးကို ပြုလုပ်တတ်သည်။ ထိုငှက်သည် အအုပ်အသင်းဖွဲ့ကာ ကျက်စားတတ်၏။ အမြီးကို မြှောက်တုံချတုံ ပြုလုပ်၍၊ ခုန်ဆွခုန်ဆွသွားကာ၊ အစာကို လိုက်လံရှာဖွေသည်၊ ပျံသန်းသည့်အခါ တစ်ရှိန်ထိုးပျံတက်ပြီးလျှင် အမြီးကို ယပ်တောင်သဖွယ် ဖြန့်ထားတတ်သည်။
ထိုငှက်သည် လမ်းနံဘေး၌လည်းကောင်း၊ ဥယျာဉ်များ၊ ခြံများအတွင်း၌လည်းကောင်း သစ်ရွက်ခြောက်များကို လှန်လှော်၍ ပိုးမွှားများကို ရှာဖွေစားသောက်တတ်သဖြင့် စိုက်ပျိုး ရေးသမားများအတွက် အလွန်အသုံးဝင်သော ငှက်ဖြစ်လေသည်။ ထို့ကြောင့် ထိုငှက်များကို မောင်းနှင်မပစ်ဘဲ၊ မိမိတို့အနီးအပါး၌နေစေရန် ဆောင်ရွက်ပေးသင့် ပေသည်။
ဇွေ့ငှက်၏သားပေါက်ချိန်မှာ ဧပြီလမှ ဇွန်လအလယ်အထိ ဖြစ်သည်။ အသိုက်များကို ချုံဖုတ်ခပ်နိမ့်နိမ့် သို့မဟုတ် ကျူတော၊ ကိုင်းတော၊ မြက်ဖုတ်များထဲတွင် မြက်၊ ကျူရွက်၊ ကိုင်းရွက်များဖြင့် ဖြစ်ကတတ်ဆန်း လုပ်တတ်သည်။ များသောအားဖြင့် တမြုံလျှင် ၃ ဥမှ ၄ ဥထိရှိသည်။ ဥခွံများမှာ ပြာလဲ့ချောမွှတ်သည်။ ဇွေ့ ငှက်ကို မြန်မာနိုင်ငံ၌သာ တွေ့ရသည်။ ဇွေ့ငှက်ကို စွေ့ငှက်ဟူ၍လည်း ရေးထုံးရှိ၏။ စင်စစ် ဇွေ့ငှက်ဟုရေးသည်မှာ စွေ့ငှက် အသံထွက်အတိုင်း ရေးခြင်းမျှသာဖြစ်၏။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ BirdLife International (2012). "Turdoides gularis". IUCN Red List of Threatened Species 2012. IUCN.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)