မာတိကာသို့ ခုန်သွားရန်

ရှားပင်

ဝီကီပီးဒီးယား မှ
(ရှား မှ ပြန်ညွှန်းထားသည်)
Senegalia catechu
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: ဖယ်ဘေးစီး
မျိုးရင်းသေး: Mimosoideae
မျိုးဇာတ်: Acacieae
မျိုးစု: Senegalia
မျိုးစိတ်:
S. catechu
ဒွိနာမ
Senegalia catechu
(L.f.) P.J.H.Hurter & Mabb.
Varieties
  • Senegalia catechu var. catechu (L.f.) P.J.H.Hurter & Mabb.
  • Senegalia catechu var. sundra (L.f.) Willd.[]
Range of Senegalia catechu
Synonyms[]
ရှား

ရှားပင် (အင်္ဂလိပ်: Acacia catechu) သည် သစ်ရွက်ကြွေတတ်ပြီး ဆူးခက်များရှိသောအပင်ဖြစ်ပြီး ၄၆ ပေ(၁၅ မီတာ) ထိ အမြင့်ရှိတတ်သည်။ အင်္ဂလိပ်ဘာသာတွင် Catechu ၊ Cachou နှင့် Black Cutch ဟုလည်း အသိများကြသည်။ ရှားကို အာရှ၊ တရုတ်၊ အိန္ဒိယ နှင့် အိန္ဒိယသမုဒ္ဒရာဒေသတို့တွင် တွေ့ရတတ်သည်။ ရှားပင်ကို ရုက္ခဗေဒ အလိုအားဖြင့် အကေးရှား ကတ်တီချူဟု ခေါ်သည်။

ရှားပင်သစ် ပွားလာစေရန် အစေ့ကို ပျိုး၍ စိုက်ယူကြသည်။ ပျိုးထားသည့်ရှားပင်ငယ်များ အကြီးမြန်စေရန် အလင်းရောင်အထူးလိုသည်။ ရှားပင်သစ်များ သဘာဝအလျောက် မျိုးဆက် ပေါက်ပွားသောအရပ်များမှာ ဖုန်းဆိုးရပ်များ၊ မြစ်ကမ်းဘေးများနှင့် မိုးပါးသောအရပ်၌ အပင်များ ခပ်ကျဲကျဲပေါက်သည့် တောများ ဖြစ်သည်။ ရှားကိုင်းရှားခက်တို့တွင် ဆူးများရှိသည်။ ရှားသားသည် အရောင်နီ၍ အလွန်မာသည်။ ပြုပြင်ရခက်သည်ဟု ဆိုသော်လည်း ခိုင်ခံ့သဖြင့် အိမ်တိုင်များနှင့် ထွန်ယက်သည့်ကိရိယာများ ပြုလုပ်ရာတွင် အသုံးပြုကြသည်။ အထူးသဖြင့် ထွန်သွားများကို ရှားသားဖြင့် ပြုလုပ်ကြသည်။ လှည်း၊ လှည်းဘီး၊ ဆန်ထောင်းရန် ကျည်ပွေ့၊ ဆီကြိတ်ဆုံ၊ ဓားလှံ၊ စူးဆောက် စသည်တို့၏ လက်ကိုင်ရိုးနှင့် ရေတွင်း ပေါင်တို့ကိုလည်း ရှားသားဖြင့် ပြုလုပ်လေ့ ရှိကြလေသည်။[]

အသုံးပြုပုံများ

[ပြင်ဆင်ရန်]

အစားအစာ

[ပြင်ဆင်ရန်]

ရှားပင်၏ အစေ့သည် ပရိုတိန်းဓာတ်အတွက် ကောင်းမွန်သော အရင်းအမြစ်တစ်ခုဖြစ်သည်။[] ရှားပင်မှရရှိသော ရှားစေးကို ကွမ်းသီး၊ ထုံးတို့နှင့် ရောစပ်၍ ကွမ်းစားရာတွင် ထည့်စားလေ့ ရှိကြသည်။

တိရစ္ဆာန်အစာ

[ပြင်ဆင်ရန်]

ရှားပင်၏ အကိုင်းအခက်တို့ကို ဆိတ်တို့ကို ကျွေးလေ့ရှိကြပြီး တခါတရံတွင် နွားများကို လည်း ကျွေးမွေးလေ့ရှိကြသည်။[]

ဆေးဖက်ဝင်ခြင်း

[ပြင်ဆင်ရန်]

ရှားပင်မှရသော အရာများဖြင့် လည်ချောင်းနာခြင်းနှင့် ဝမ်းရောဂါတို့ကို ကုသလေ့ရှိကြသည်။[]ယဉ်းနေသော အနာနှင့် ရင်ပတ်နာအတွက် ရှားစေးကို အသုံးပြုနိုင်သည်။

သစ်သား

[ပြင်ဆင်ရန်]

ရှားပင်ကို အမြဲလိုလိုပင် ထင်းအတွက် စိုက်ပျိုးလေ့ရှိကြပြီး ရှားသားမှာ ပရိဘောဂများနှင့် တန်ဆာပလာများအတွက် အသုံးပြုကြသည်။ ရှားသား၏ သိပ်သည်းဆမှာ ၁ ကျုဗစ်စင်တီမီတာတွင် ၀.၈၈ ဂရမ်နှုန်းဖြစ်သည်။

အခြားအသုံးပြုပုံများ

[ပြင်ဆင်ရန်]

ရှားသားအခြောက်ကို ဆေးဆိုးရန်နှင့် သားရေအခြောက်ခံရန်၊ ငါးဖမ်းပိုက်များကိုကြာရှည်ခံရန်၊ ဆေးကုသရန်နှင့် ရေနံတူးဖော်ရာတွင် ပျစ်ခဲမှု ကို ထိန်းသိမ်းရန်အတွက် အသုံးပြုကြသည်။ ရှားသားမီးသည် မီးရှိန် အလွန်ကောင်းသဖြင့် မီးပြင်းတိုက်ရန် လိုသည့်အခါတွင် ရှားသားကို အသုံးပြုလေ့ ရှိကြသည်။ ရှားသားမီးသွေးသည် ပထမတန်း မီးသွေးတွင် ပါဝင်လေသည်။ တံငါပိုက်ကွန်များ ဆေးဆိုးရန် ဆိုးဆေးအဖြစ် ရှားစေးကို အသုံးချကြသည်။

စိုက်ပျိုးခြင်း

[ပြင်ဆင်ရန်]

ရှားပင်ကို ပေါက်မြောက်ရှင်သန်ရန်အတွက် ရှားစေ့ကို စိုက်ပျိုးနိုင်သည်။ အစေ့များကို ရေနွေးတွင်ပထမဆုံး စိမ်ရလေ့ရှိသည်။ ၆ လမျှ ပျိုးပြီးသည့်နောက်တွင် ပျိုးပင်ကို မြေကြီးပေါ်တွင် ချ၍ စိုက်ပျိုးနိုင်သည်။

ပေါက်ရောက်မှု

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ မိုးနည်းပိုင်းရှိ မြေပြင် သစ်တောများတွင် ရှားပင်ကို တွေ့ရှိနိုင်သည်။ နွေအခါတွင် အရွက်ကြွေသော အရွက်အလတ်စား မျိုးသစ်ပင် ဖြစ်သည်။ မိတ္ထီလာခရိုင်ကဲ့သို့ မိုးအလွန်ပါးသော ဒေသများတွင် ရှားပင်များသည် သေးလှီ၍ အပင်ငယ်မျှသာ ဖြစ်သည်။ သို့သော်မိုးရေချိန် လက်မတစ်ရာ ခန့် ရွာသည့် ယောနယ်အတွင်းရှိ ဆောနှင့် ဂန့်ဂေါမြို့နယ်တို့တွင် ရှားပင်များသည် ကြီးထွားသန်စွမ်းစွာ ပေါက်လျက်ရှိကြလေသည်။ မိုးအတော်အတန်များ၍ ရေမတင်သော သဲဆန်သည့်မြေတွင် ရှားပင်များ ပေါက်ရောက်နိုင်သည်။ ထိုကြောင့် မြစ်ကမ်းတစ်လျှောက်ရှိ သစ်တောများတွင် ရှားပင်တို့ကို တွေ့နိုင်လေသည်။ သာဓကအဖြစ် ဖော်ပြရလျှင် စစ်တောင်းမြစ်ကမ်းတစ်လျှောက်ရှိ သစ်တောများတွင် ရှားပင်များ ပေါက်ရောက်လျက်ရှိကြသည်ကို တွေ့နိုင်ပေသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. hear.org 11 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 November 2021 တွင် ပြန်စစ်ပြီး။
  2. International Legume Database & Information Service (ILDIS)
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  4. World AgroForestry Database 28 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 October 2008 တွင် ပြန်စစ်ပြီး။
  5. 1 2 www.fao.org 10 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 March 2016 တွင် ပြန်စစ်ပြီး။