မန္တလေးတိုင်းဒေသကြီး လွှတ်တော်
| မန္တလေးတိုင်းဒေသကြီးလွှတ်တော် | |
|---|---|
| တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် | |
| အမျိုးအစား | |
| အမျိုးအစား | Unicameral |
| သမိုင်းကြောင်း | |
| တည်ထောင်ခြင်း | ၃၁ ဇန်နဝါရီ ၂၀၁၁ |
| ခေါင်းဆောင်များ | |
ဥက္ကဋ္ဌ | |
ဒုဥက္ကဋ္ဌ | |
| ဖွဲ့စည်းပုံ | |
| အမတ်ဦးရေ | ၇၂ ရွေးကောက်ခံ ၅၄ ဦး တပ်မတော်သား ကိုယ်စားလှယ် ၁၈ ဦး |
နိုင်ငံရေး အုပ်စုများ | USDP (၃၇) တပ်မတော်သား (၁၈) |
| ရွေးကောက်ပွဲများ | |
နောက်ဆုံး ရွေးကောက်ပွဲ | အထွေထွေ ရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ |
| အစည်းအဝေးနေရာ | |
မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး | |
| ဝက်ဘ်ဆိုဒ် | |
| mandalayregionhluttaw.gov.mm | |
| မှတ်ချက်များ | |
| တိုင်းရင်းသားရေးရာ ဝန်ကြီး (ရှမ်း) တစ်ဦးအပါအဝင် | |
မန္တလေးတိုင်းဒေသကြီးလွှတ်တော် (အင်္ဂလိပ်: Mandalay Region Hluttaw) သည် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၏ ဥပဒေပြုလွှတ်တော် တစ်ခုဖြစ်သည်။ လွှတ်တော်တစ်ရပ်တည်းရှိသော လွှတ်တော်အမျိုးအစားဖြစ်ပြီး အမတ်ဦးရေ ၇၂ ဦး (ရွေးကောက်ခံ ၅၄ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၈ ဦး) ရှိသည်။[၁][၂]
လွှတ်တော်အကြောင်း
[ပြင်ဆင်ရန်]ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဟူ၍ ပိုင်းခြားကျင့်သုံးလျက်ရှိပြီး ဥပဒေပြုရေး အာဏာကို ကျင့်သုံးရာ၌ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်း ထားသည်။ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို ၂၀၁၁ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ရက် တွင် စတင်ကျင်းပခဲ့သည်။တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကို ၂၀၂၆ ခုနှစ် မတ်လ ၂၀ရက်တွင် ကျင်းပခဲ့သည်။
တည်နေရာအကျယ်အဝန်း
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် အကျယ်အဝန်းအနေဖြင့် ၅.၀၀ ဧက ဖြစ်ပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၉ လမ်း၊ ၇၀-၇၃လမ်းကြားတွင် တည်ရှိသည်။ ပထမအကြိမ်လွှတ်တော်ကို ၂၄လမ်းနှင့် ၆၅လမ်းထောင့်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။ ယခုလက်ရှိ လွှတ်တော်ရုံးအသစ်ကို ဒုတိယအကြိမ်သက်တမ်းမှ စတင်အသုံးပြုလျက်ရှိသည်။
အကြီးအကဲများ
[ပြင်ဆင်ရန်]| စဉ် | ပုံ | အမည် | တာဝန်သက်တမ်း | ပါတီ | ||
|---|---|---|---|---|---|---|
| စတင်ရက် | ပြီးဆုံးရက် | သက်တမ်း | ||||
| ၁ | ဦးဝင်းမောင် | ၃၁ ဇန်နဝါရီ ၂၀၁၁ | ၂၉ ဇန်နဝါရီ ၂၀၁၆ | ၄ နှစ်၊ ၃၆၃ ရက် | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | |
| ၂ | ဦးအောင်ကျော်ဦး | ၈ ဖေဖော်ဝါရီ ၂၀၁၆ | ၃၁ ဇန်နဝါရီ ၂၀၂၁ | ၄ နှစ်၊ ၃၅၈ ရက် | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် | |
| ၃ | ဦးအောင်ကျော်မိုး | ၂၀ မတ် ၂၀၂၆ | လက်ရှိ | ၂၂၈ ရက် | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | |
ဒုတိယ ဥက္ကဋ္ဌများ
[ပြင်ဆင်ရန်]| № | ပုံ | အမည် (မွေးဖွား–ကွယ်လွန်) |
သက်တမ်း | ပါတီ | ||
|---|---|---|---|---|---|---|
| စတင် | ပြီးဆုံး | သက်တမ်း | ||||
| ၁ | ဦးအောင်ဌေးကျော် | ၃၁ ဇန်နဝါရီ ၂၀၁၁ | ၂၉ ဇန်နဝါရီ ၂၀၁၆ | ၄ နှစ်၊ ၃၆၃ ရက် | USDP | |
| ၂ | ဒေါက်တာခင်မောင်ဌေး | ၈ ဖေဖော်ဝါရီ ၂၀၁၆ | ၃၁ ဇန်နဝါရီ ၂၀၂၁ | ၄ နှစ်၊ ၃၅၈ ရက် | NLD | |
| ၃ | ဦးကျော်မြင့် | ၂၀ မတ် ၂၀၂၆ | လက်ရှိ | ၂၂၈ ရက် | USDP | |
အထွေထွေ ရွေးကောက်ပွဲ ရလဒ်များနှင့် လွှတ်တော်ဖွဲ့စည်းပုံ (၂၀၂၅-၂၀၂၆)
[ပြင်ဆင်ရန်]၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ပါတီအလိုက်နှင့် အဖွဲ့အစည်းအလိုက် အမတ်နေရာ ရရှိမှုစာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည် -
| ပါတီ / အဖွဲ့အစည်း | FPTP (အမှတ် ၁) | PR (အမှတ် ၂) | စုစုပေါင်း | +/– | အချိုးအစား (%) |
|---|---|---|---|---|---|
| ပြည်ခိုင်ဖြိုးပါတီ (USDP) | ၂၅ | ၁၂ | ၃၇ | ၅၁.၃၉ % | |
| တပ်မတော်သား ကိုယ်စားလှယ်များ | - | - | ၁၈ | ၂၅.၀၀ % | |
| တစည (NUP) | ၁ | ၆ | ၇ | ၉.၇၂ % | |
| ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) | ၀ | ၅ | ၅ | ၆.၉၄ % | |
| ပြည်သူ့ပါတီ (PP) | ၀ | ၄ | ၄ | ၅.၅၆ % | |
| ကျားဖြူပါတီ (SNDP) | ၀ | ၁ | ၁ | ၁.၃၉ % | |
| စုစုပေါင်း | ၂၆ | ၂၈ | ၇၂ | ၁၀၀ % |
*မှတ်ချက်။ ။ FPTP (၂၆) နေရာတွင် အမှတ် (၁) မဲဆန္ဒနယ်များမှ ၂၅ ဦးနှင့် ရှမ်းတိုင်းရင်းသားလူမျိုး (၁) ဦး (စိုင်းအောင်ကြည် - USDP) အပါအဝင် ဖြစ်သည်။
အထွေထွေ ရွေးကောက်ပွဲ ရလဒ်များနှင့် လွှတ်တော်ဖွဲ့စည်းပုံ (နိုဝင်ဘာ ၂၀၁၅)
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲအပြီး ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် တွင် ပါတီအလိုက်နှင့် အဖွဲ့အစည်းအလိုက် အမတ်နေရာ ရရှိမှုစာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည် -
| ပါတီ / အဖွဲ့အစည်း | အမတ်နေရာ | +/– | အချိုးအစား (%) |
|---|---|---|---|
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) | ၄၈ | ၆၃.၁၆ % | |
| တပ်မတော်သား ကိုယ်စားလှယ်များ | ၁၉ | ၂၅.၀၀ % | |
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) | ၈ | ၁၀.၅၂ % | |
| ဒီမိုကရက်တစ်ပါတီ (DPM) | ၁ | ၁.၃၂ % | |
| ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) | ၀ | ၀ % | |
| စုစုပေါင်း | ၇၆ | ၁၀၀ % |
မှတ်ချက်။ ။NLD ၄၈ ဦးတွင် ရှမ်းတိုင်းရင်းသားလူမျိုး (၁) ဦး အပါအဝင် ဖြစ်သည်။
အထွေထွေ ရွေးကောက်ပွဲ ရလဒ်များနှင့် လွှတ်တော်ဖွဲ့စည်းပုံ (နိုဝင်ဘာ ၂၀၁၀)
[ပြင်ဆင်ရန်]၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲအပြီး ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ပါတီအလိုက်နှင့် အဖွဲ့အစည်းအလိုက် အမတ်နေရာ ရရှိမှုစာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည် -
| ပါတီ / အဖွဲ့အစည်း | အမတ်နေရာ | အချိုးအစား (%) |
|---|---|---|
| ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) | ၅၅ | ၇၂.၃၇ % |
| တပ်မတော်သား ကိုယ်စားလှယ်များ | ၁၉ | ၂၅.၀၀ % |
| ဒီမိုကရက်တစ်ပါတီ (မြန်မာ) | ၁ | ၁.၃၂ % |
| ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) | ၁ | ၁.၃၂ % |
| တစ်သီးပုဂ္ဂလ | ၀ | ၀ % |
| စုစုပေါင်း | ၇၆ | ၁၀၀ % |
*မှတ်ချက်။ ။ ၎င်းအရေအတွက်တွင် ရွေးကောက်ခံ ၅၇ ဦး (မြို့နယ်အလိုက် ၅၆ ဦး + ရှမ်းတိုင်းရင်းသား ၁ ဦး) နှင့် တပ်မတော်သား ၁၉ ဦး စုစုပေါင်း ၇၆ ဦး ဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော် ဖွဲစည်းခြင်း
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို မြို့နယ်(၁)မြို့နယ်လျှင် (၂)ဦးကျစီ ရွေးကောက် တင်မြှောက်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅၆)ဦး၊ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (ဝ.၁) ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသော ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦး၊ စုစုပေါင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇၆)ဦးဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိ ဒုတိယအကြိမ်အတွက် လွှတ်တော်ကိုယ်စားလှယ်(၅၇)ဦးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(၄၉)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(၇)ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) (၁)ဦးတို့ဖြစ်၍ မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း (၇၆)ဦး ဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော် သက်တမ်း
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်းမှာ ပြည်သူ့လွှတ်တော် သက်တမ်း နှင့်အညီ (၅)နှစ်ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်းကုန်ဆုံးသောနေ့တွင် လွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။[၃]
တိုင်းဒေသကြီးလွှတ်တော်ရုံး
[ပြင်ဆင်ရန်]မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးကို ၂၀၁၁ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့မှစ၍ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့သည်။၂၀၁၇ခုနှစ် ဧပြီလ ၁ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံးများပါဝင်သည့် ပြည်ထောင်စုလွှတ်တော်ရုံးပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်မှ လွှတ်တော်ရုံးဝန်ထမ်းများအား လွှဲပြောင်းဖွဲ့စည်းခဲ့သည်။[၄]
ထင်ရှားဖြစ်ရပ်များ
[ပြင်ဆင်ရန်]ပထမအကြိမ် လွှတ်တော်သက်တမ်း (၂၀၁၁–၂၀၁၆)
[ပြင်ဆင်ရန်]ရွေးကောက်ပွဲရလဒ်: ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အမတ်နေရာအများစုကို အနိုင်ရရှိခဲ့သည်။
ထူးခြားသည့် အနိုင်ရမှု: ၎င်းလွှတ်တော်သက်တမ်းအတွင်း အဓိကပါတီကြီးများ၏ ပြင်ပမှ အတိုက်အခံကိုယ်စားလှယ်ဟူ၍ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်တင်တင်မာ (ချမ်းအေးသာစံ ၂) တစ်ဦးတည်းသာ ရှိခဲ့သည်။[၅]ဒေါ်တင်တင်မာသည် ၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပေါ်ထွက်လာသော မန္တလေးတိုင်းဒေသကြီးအခြေစိုက် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည့် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၏ လက်ရှိ ပါတီဥက္ကဋ္ဌ ဖြစ်သည်။
တိုင်းရင်းသားရေးရာ: ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဦးစိုင်းမောင်လှ က အနိုင်ရရှိခဲ့သည်။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်း (၂၀၁၆–၂၀၂၁)
[ပြင်ဆင်ရန်]အာဏာအပြောင်းအလဲ: ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီက အမတ်နေရာအများစု (၄၈ နေရာ) ကို အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး၊ USDP ပါတီသည် အမတ်နေရာ (၈) နေရာဖြင့် အတိုက်အခံပါတီ ဖြစ်လာခဲ့သည်။
ကြားပါတီမှ တစ်ဦးတည်းသောကိုယ်စားလှယ်: ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးအောင်ရွှေ (ချမ်းအေးသာစံ ၁) သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၎င်းပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၂၀ ဦးအနက် တစ်ဦးတည်းသော အနိုင်ရကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်းလွှတ်တော်သို့ တက်ရောက်နိုင်ခဲ့သည်။ ၎င်းသည် ထိုစဉ်က အသက် ၆၃ နှစ်အရွယ် ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး ဗေဒင်နှင့် နက္ခတ်ပညာရှင်တစ်ဦးလည်း ဖြစ်သည်။[၆]
တရားစီရင်ရေးဆိုင်ရာ အပြောင်းအလဲ: ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်အရ USDP မှ ဦးကျော်မြင့်၏ အနိုင်ရလဒ် ပျက်ပြယ်ခဲ့သဖြင့် ၈-၁၂-၂၀၁၆ ရက်နေ့မှစ၍ ဒုတိယအနိုင်ရ ဦးအောင်မျိုးဦး က အစားထိုး တာဝန်ထမ်းဆောင်ခဲ့သည်။[၇]
ကြားဖြတ်ရွေးကောက်ပွဲ (၂၀၁၈): ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော ကွယ်လွန်ခဲ့သဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အနိုင်ရရှိသူ ဦးစိုင်းပန်းဆိုင် သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တာဝန်စတင်ထမ်းဆောင်ခဲ့သည်။ [၈]
စစ်အာဏာသိမ်းမှုအတွင်း ထင်ရှားသည့် ဖြစ်ရပ်များ (၂၀၂၁–၂၀၂၅)
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအတွင်း ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကျော်ဦး သည် အခြားသော အစိုးရအဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ၎င်းအား စစ်ကောင်စီက ပုဒ်မမျိုးစုံဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး မန္တလေး အိုးဘိုအကျဉ်းထောင် တွင် အကျဉ်းချထားခဲ့သည်။[၉]
အကျဉ်းကျခံနေရစဉ်အတွင်း ဦးအောင်ကျော်ဦး၏ ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့သော်လည်း အကျဉ်းထောင်အတွင်း လုံလောက်သော ဆေးကုသမှု ခွင့်ပြုချက် အချိန်မီ မရရှိခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် အိုးဘိုအကျဉ်းထောင်အတွင်း၌ပင် ကွယ်လွန်ခဲ့သည်။ ၎င်း၏ ကွယ်လွန်မှုသည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၏ အနိဋ္ဌာရုံ နှင့် ထင်ရှားသော ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။[၁၀]
တတိယအကြိမ် လွှတ်တော်သက်တမ်း (၂၀၂၆–လက်ရှိ)
[ပြင်ဆင်ရန်]၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR စနစ်) ကိုပါ ပထမဆုံးအကြိမ် ထည့်သွင်း၍ စတင်ကျင့်သုံးခဲ့သည်။
- PR စနစ်ကြောင့် လွှတ်တော်အတွင်းသို့ USDP၊ တစည၊ PPP၊ PP၊ SNDP ဟူသော ပါတီ (၅) ခုမှ ကိုယ်စားလှယ်များ ပိုမိုကျယ်ပြန့်စွာ ပါဝင်လာခဲ့သည်။
- ၂၀၂၆ ဧပြီလ ၆ ရက်နေ့တွင် ကျင်းပသော တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် ရွေးကောက် တင်မြှောက်ခြင်းခံရသောသမ္မတက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးဌာန ရှစ်ခု၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးဦးရေ ရှစ်ဦးနှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အပါအဝင် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ ခုနစ်ဦးသတ်မှတ်ခြင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။ လွှတ်တော်သို့တင်ပြပြီး တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြုခဲ့ကြသည်။ ဝန်ကြီးချုပ်အဖြစ် အောင်မြေသာစံ မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်အား အဆိုပြု အတည်ပြုကြသည်။[၁၁]
- ၁၈ မေ ၂၀၂၆ တွင် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကြည်း ၅၁၃၂၂ ဗိုလ်ကြီး ဝဏ္ဏနိုင် အစား ကြည်း ၃၈၂၈၉ ဗိုလ်မှူး မင်းသုခလှိုင်ဖြစ် အစားထိုးပြောင်းလဲလိုက်သည်။ [၁၂]
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Myanmar Times - Election Winners
- ↑ Myanmar Times - State/Region Hluttaw Results: Graphics။ 5 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 November 2015 တွင် ပြန်စစ်ပြီး။
- ↑ "လွှတ်တော်အကြောင်း"၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်။ Archived from the original on 2 October 2020။
- ↑ ကနောင်အင်စတီကျူ။ မန်းတောင်ရိပ်ကလွှတ်တော်။
- ↑ မဲဝယ်လို့ နိုင်တယ်ဆိုပြီး ကြံ့ဖွံ့က ကော်မရှင်ကို တိုင်။ ဘီဘီစီသတင်းဌာန (၁၁ ဒီဇင်ဘာ ၂၀၁၀)။ ၂၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးက ဗေဒင်ဆရာအမတ်။ ဧရာဝတီသတင်းဌာန (၂၃ နိုဝင်ဘာ ၂၀၁၅)။ ၂၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ။ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး။ ၂၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ကွယ်လွန်။ RFA (၁၆ ဇန်နဝါရီ ၂၀၁၈)။ ၂၃ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ NLD အမတ် မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ထောင် ၅ နှစ်ချခံရ။ RFA (၃၀ ဒီဇင်ဘာ ၂၀၂၁)။ ၂၇ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ အိုးဘိုထောင်တွင် ကွယ်လွန်။ mizzima (၂၇ ဇွန် ၂၀၂၅)။ ၂၇ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ (in my)။ 2026-04-07 တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးဦး အစားထိုးပြောင်းလဲ | Ministry Of Information (in en)။ 2026-05-19 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- တရားဝင် ဝက်ဘ်စာမျက်နှာ 3 December 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .