ကချင်‌လူမျိုး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း ကချင် လူမျိုးတို့ နေထိုင်ရာ အချက်အခြာဒေသမှာ ချင်းတွင်းမြစ်ဖျားနှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်း စီးဆင်းရာ ဒေသတဝိုက် ဖြစ်သည်။ မြောက်လတ္တီကျု ၂၃ံ ၃၇' နှင့် ၂၈ ံ ၂၅' အကြား ၊ အရှေ့လောင်ဂျီကျု ၉၆ ံ နှင့် ၉၈ ံ ၄၇' ကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ နေထိုင်ကြသည်။ ၁၉၃၁ မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ ကချင်လူမျိုး ဦးရေမှာ ၁၅၃၀၀ဝ ကျော် ရှိသည်။ ထိုအရေအတွက်တွင် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သော ဒေသများလည်း ရှိခဲ့သည်။

ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ.....

ကချင် အုပ်စုကွဲများ[ပြင်​ဆင်​ရန်​]

ဂျင်းဖောဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဘက် အောက်ဘက်တွင် နေထိုင်ကြသော ကချင်များကို ဂျင်းဖောဟု ခေါ်၍ အထက်ဘက် (မြစ်ဖျားဘက်) တွင် နေထိုင်သော ကချင်များကို “ ခခု ” ဟု ခေါ်ကြသည်။ ခခု ဟူသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပါယ် ရလေသည်။ ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် “ ဝချက်ဝ ” ဆိုသော ရှေးဦး ဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြသည်။ ဖခင်ကြီး ဝချက်ဝမှာ သားငါးဦးရှိရာ ထိုသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုး အုပ်စုကြီး (၅) ခု ဖြစ်ပေါ်လာသည်ဟု အဆိုရှိသည်။ ထိုသူတို့မှာ

  • မရစ်
  • လထော
  • လဖိုင်
  • အင်ခုမ် နှင့်
  • မရမ် တို့ ဖြစ်ကြသည်။ အစ်ကို အကြီးဆုံးမှ ပေါက်ဖွား ဆင်းသက်လာကြသော မရစ်အုပ်စုမှာ ၄င်းတို့ လူမျိုးစုထဲတွင် ဝါအရင့်ဆုံး ဖြစ်၍ လဖိုင်အုပ်စုမှာ အင်အား အကြီးဆုံး ဖြစ်သည်။ ဤလူမျိုးအုပ်စု (၅) စုတို့သည် ရှေးယခင်အခါက လူမျိုးချင်း ရောယှက်ကာ အတူတကွ နေထိုင်လေ့ ရှိခဲ့ကြသည်။ အဆိုပါ အုပ်စုကြီး (၅) ခုအပြင် ဖခင်ကြီး ဝချက်ဝ၏ ညီငယ်(၇) ဦးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဆိုသော အခြား လူမျိုးအုပ်စု (၁၅) လည်း ရှိသေးသော်လည်း ထင်ရှားခြင်း မရှိကြချေ။

ကချင်တို့၏ မူလဇစ်မြစ်[ပြင်​ဆင်​ရန်​]

ကချင်လူမျိုးတို့မှာ တိဗက် - မြန်မာ အနွယ်ဝင်များ ဖြစ်ကြ၍ မြန်မာလူမျိုးတို့နှင့် ဘိုးစဉ် ဘောင်ဆက်မှစ၍ မျိုးရိုး တစ်ခုတည်း ဆင်းသက်လာခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ဂရဘုံ ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။ ထိုစကား၏ အဓိပ္ပါယ်မှာ သဘာဝအားဖြင့် ပြန့်ပြူးနေသော တောင်ထိပ်ဖြစ်သည်။ ဤပြန့်ပြူးနေသော တောင်ထိပ်မှာ တိဗက်ပြည် အရှေ့ဘက်နှင့် စီချွန်နယ်(မကြာမှီက ငလျင်အပြင်းအထန်လှုပ်ခဲ့သည့်ဒေသ) အကြားရှိ ကုန်းမြင့်ဒေသပင် ဖြစ်ဟန်တူပေသည်။

ရွှေ့ပြောင်းနေထိုင်လာပုံ[ပြင်​ဆင်​ရန်​]

ကချင်မျိုးနွယ်တို့သည် တိဗက်တိုဘားမန်း(တိဗက်မြန်မာ)အနွယ်ဝင်များအနက် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နောက်အကျဆုံး ဝင်ရောက်လာသည့် လူမျိုးစုဖြစ်သည်ဟုခန့်မှန်းရသည်။ ထိုသို့ဝင်ရောက်ရာတွင် မြန်မာအများစုကဲ့သို့ အရှေ့ဖက် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် အနောက်ဖက် စစ်ကိုင်းတိုင်း အနောက်ဖက် ဒေသများမှ ဝင်ရောက်လာခြင်းမျိုး မဟုတ်ပဲ မြောက်ဖက်စူစူးမှ ဝင်ရောက်လာသည်ဟုဆိုကြပါသည်။ ထိုဒေသမှာ တောတောင်ထူထပ်သည့်အတွက် အုပ်စုများအကြား အချင်းချင်း ဆက်သွယ်မှု နည်းပါးခဲ့ကြသည့်အတွက် လူမျိုးစုများ၊ ဘာသာအယူအဆများ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ပါ အနည်းနှင့်အများဆိုသလိုကွဲပြားခဲ့ကြရပါသည်။ကချင်မျိုးနွယ်စုများအတွင်း လူဦးရေအများဆုံးမှာ ဂျိန်ဖော် ဖြစ်သည်။ တောင်ဘက် ဒေသများသို့ ရွှေ့ပြောင်းလာကြရာတွင် ကချင်တို့သည် တရုတ် ၊ မြန်မာ ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များ ဆုံရာ တောတောင် ထူထပ်လှသော ဒေသတဝိုက်သို့ ရောက်ရှိလာပြီးနောက် ထိုဒေသမှ အခွင့်သာလျှင်သာသည့်အလျှောက်တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် တြိဂံနယ်မြေ (မေခနှင့် မေလိခ မြစ်နှစ်သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက် ရွှေ့ပြောင်းခြင်း မပြုပဲ ကာလအတန်ကြာ အခြေစိုက်ခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိပြီးနောက် တောင်တန်းများတလျှောက် တောင်ဘက် ဆွမ်ပရာဘွမ်သို့ ၊ ဆွမ်ပရာဘွမ်မှသည် တောင်ဘက် တောင်ရိုးအတိုင်း၄င်း ၊ အနောက်တောင်ဘက် ဒရုချက်သို့၄င်း ၊ ထပ်မံခွဲသွားသည့် လမ်းတစ်သွယ် ၊ တြိဂံနယ်အတွင်းရှိ တောင်တန်းအတိုင်း ဆက်လာ၍ မေခမြစ်ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာသည့် လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ် ကွဲပြားကာ ရွှေ့ပြောင်း ပျံ့နှံ့ခဲ့ကြသည်ဟု ယူဆကြလေသည်။

အမည်[ပြင်​ဆင်​ရန်​]

ကချင်ဟူသော ဝေါဟာရမှာ အမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာ ဖြစ်သည်။ ကချင်လူမျိုးတို့၏ ဝေါဟာရ မဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကိုယ် မိမိ “ ဂျင်းဖောလူမျိုး ” ဟုသာ ခေါ်ဝေါ်ကြသည်။ လူတစ်ယောက် ဟု အဓိပ္ပါယ် ရှိသည်။ တရုတ်တို့ကမူ ကချင်တို့ကို “ ယေဂျင် ” ဟု ခေါ်ကြသည်။ အဓိပ္ပါယ်မှာ “ လူရိုင်း ” ဟု ရရှိသည်။ ယဉ်ကျေးသော နောက်ထပ် တရုတ်တို့၏ အခေါ်အဝေါ်တစ်ခုမှာ “ ရှန်ထို ” ဟု ဖြစ်သည်။ တောင်ထိပ်သား ဟု အဓိပ္ပါယ်ရသည်။ အလွန်ရှေးကျသော မြန်မာ ကျောက်စာများတွင် ကချင် ဆိုသောစကား သုံးနှုန်းထားသည်ကို မတွေ့ရပေ။ သက္ကရာဇ် (၈၀၄) ခုတွင် ရေးထိုးသော ညောင်ဦး ရွှေစည်းခုံ ဥညံနဝ ကျောက်စာတွင် “ကခြင်” ဟု ရေးထိုးထားသည်ကို ပထမဦးဆုံး တွေ့ရှိရသည်။

ဓလေ့ထုံးစံများ[ပြင်​ဆင်​ရန်​]

ကချင်လူမျိုးတို့သည် အစဉ်အလာအားဖြင့် နတ်ကိုးကွယ်သော လူမျိုးများ ဖြစ်ကြသည်။ ကျေးရွာများတွင် ဒုမ်ခဆိုသော နတ်ဆရာမှာ အထူးအရေးပါ အရာရောက်သော ပုဂ္ဂိုလ်ဖြစ်သည်။ မင်္ဂလာဆောင်သော အခါတွင်၄င်း ၊ တစ်စုံတစ်ယောက် သေဆုံး၍ သင်္ဂြိုဟ်မည့်အခါတွင်၄င်း ဒုမ်ခ နတ်ဆရာက ညွှန်ပြရှေ့ဆောင်ရသည်။ ကျေးရွာတိုင်း ကျေးရွာတိုင်းတွင် ဆလိုင်း ဟုခေါ်သော ကျေးရွာလူကြီးများ ရှိသည်။ ဆလိုင်းကို ပေါမှိုင်းဟု အခေါ်များသည်။ ထိုသူတို့သည် မိမိကျေးရွာအတွင်း အမှုအခင်း ၊ သာရေးနာရေး ကိစ္စများ၌ ဦးဆောင်ကြလေသည်။ ဒူးဝါးဟုခေါ်သော အကြီးအကဲများမှာ ကျေးရွာပေါင်း (၂၀) မှ (၁၀၀) အထိ အသီးသီး အုပ်ချုပ်ကြသည်။ ကိုလိုနီခေတ်တွင် တောင်အုပ် ဆိုသူများကိုလည်း ခန့်ထားလေသည်။ တောင်အုပ်မှာ ဆလိုင်း နှင့် ဒူးဝါးတို့ ကြားတွင် ရှိလေသည်။ တောင်အုပ်၏ တာဝန်ဝတ္တရားမှာ အုပ်ချုပ်မှုတွင် ပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူးဝါးတို့ကို ဆက်သွယ်ပေးရသူ ဖြစ်သည်။ ကချင်လူမျိုးတို့တွင် မူရင်းစာပေ မရှိကြချေ။ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်များက ရောမအက္ခရာများဖြင့် ကချင်စာကို တီထွင်ပေးခဲ့ကြသည်။ ကချင်လူမျိုးတို့သည် မိမိတို့ ဘာသာစကားဖြင့် ပြော၍ မဖြစ်သောအခေါ်အဝေါ်များကို မြန်မာစကားဖြင့်၎င်း ၊ ရှမ်းစကားဖြင့်၎င်း ခေါ်ဝေါ်ကြသည်။

အဆိုအကနှင့် တူရိယာများ[ပြင်​ဆင်​ရန်​]

ကချင်လူမျိုးများသည် ကခုန်ခြင်း(ကချင် အကကို... ကိုယ်ရည်သွေးအကဟုလည်း ခေါ်ဆိုနိုင်ပေသည်။ ပြည်အက။ ၁၃၇။) ၊ သီဆိုခြင်းများတွင် အထူး ဝါသနာထုံသော လူမျိုးများ ဖြစ်ကြသည်။ မင်္ဂလာ ပွဲများတွင်၎င်း ၊ အသုဘကြုံသည့် အခါတွင်၎င်း ၊ အခြားနတ်ပွဲများတွင်၎င်း အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တစ်ယောက်တည်း ကခုန်ခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့် မိန်းမ တွဲဖက်၍ ကကြသော်လည်း တစ်ဦးကိုတစ်ဦး ကိုင်တွယ်ခြင်း မရှိကြချေ။ တစ်ဦးကိုတစ်ဦး သားမွေးယပ်တောင်များဖြင့်သာ ဆက်သွယ်လေ့ ရှိကြသည်။ ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားလှသော ပွဲတော်ကြီး တစ်ခုမှာ “ မနောပွဲ” ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း ၊ လင်းကွင်း ၊ ဗုံရှည် နှင့် ပလွေတို့ကို တီးမှုတ်လေ့ရှိသည်။

ထင်ရှားသော ကချင်လူမျိုးများ[ပြင်​ဆင်​ရန်​]

မနောပွဲ[ပြင်​ဆင်​ရန်​]

မနောပွဲတော်ကို မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးများစွာမှ လူမျိုးတစ်မျိုးဖြစ်သာ ကချင်လူမျိုးများ နှင့် ယှဉ်တွဲသိရှိကြသည်။ အဆိုပါ ပွဲတော်ကျင်းထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို ဇန်နဝါရီလတွင် ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုရှိသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍ ဖြစ်သည်။ မနောပွဲတော်ကို ကျယ်ဝန်းသော ကွင်းပြင်အလယ်တွင် မနောတိုင်ထောင်ထား၍ကျင်းပသည်။ အဆိုပါ မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများဝတ်ဆင်ထားသော ကချင်အမျိုးသားအမျိုးသမီး တို့သည် မတ်တပ်ရပ်၍ လှည့်ပတ်ကခုန်ကြသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည်။

ကျင်းပရာနေရာ ပူတာအို၊ မြစ်ကြီးနား

ကျင်းပချိန် နှစ်စဉ် ဇန်နဝါရီလ

ဘာသာအယူဝါဒနှင့် စာပေ[ပြင်​ဆင်​ရန်​]

ဘာသာ[ပြင်​ဆင်​ရန်​]

ကချင်မျိုးနွယ်စုအသီးသီးတွင် ယခင်က(လွန်ခဲ့သော နှစ် ၁၀ဝကျော်) ဘာသာစကားတို့သာရှိခဲ့ပြီး စာပေမှာမူမရှိခဲ့ပေ။ ကိုးကွယ်မှုဆိုင်ရာ အနေဖြင့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းသည်သာ အဓိက ကိုးကွယ်မှုဖြစ်ခဲ့ကြသည်။ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များဖြစ်လာကြသည့်တိုင် မနောတိုင် မှာထင်ရှားသည့်ရိုးရာအမှတ်အသားအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။

အယူဝါဒ[ပြင်​ဆင်​ရန်​]

ကချင်လူမျိုးများ သေလျှင် သူတို့ သင်္ချိုင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် မြောင်းများ တူးထားပြီးလျှင် သင်္ချိုင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ဝိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ဝိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓါး ၊ လှံ ၊ သေနတ်နှင့် အဝတ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။

စာပေ[ပြင်​ဆင်​ရန်​]

ကချင်စာပေသည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ ချင်းစာပေ) သာသနာပြုရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် အင်္ဂလိပ်အက္ခရာများအသုံးပြုပြီး တီထွင်ဖေါ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ကချင်စာပေ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့တွင်စုရုံး၍ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ပြီး ကြီးကျယ်စွာကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဒေါက်တာ အိုရမ်ဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားသော ဟန်ဆင်းပရက်စ် အမည်ဖြင့်ပုံနှိပ်တိုက်လည်းတည်ရှိသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁) အပိုင်း (က)