မာတိကာသို့ ခုန်သွားရန်

အုန်းမောင် (လန်ဒန်အတ်)

ဝီကီပီးဒီးယား မှ
(အုန်းမောင်၊ ဦး (လန်ဒန်အတ်) မှ ပြန်ညွှန်းထားသည်)
လန်ဒန်အတ် ဦးအုန်းမောင်
(၁၈၈၉-၁၉၆၄)
မွေးသက္ကရာဇ် ၁၈၈၉
အမည်ရင်း ဦးအုန်းမောင်
မိဘအမည် ဦးဖိုးထီ၊ ဒေါ်အေးမြ
မွေးဖွားရာဒေသ ပုဇွန်တောင်မြို့နယ်ရန်ကုန်မြို့မြန်မာနိုင်ငံ
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာလူမျိုး
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် မြန်မာ့ ပထမဆုံး ရုပ်ရှင်ဒါရိုက်တာ၊ ဓာတ်ပုံပညာရှင်၊ ဓာတ်ပုံတိုက် ပိုင်ရှင်၊
ကြင်ဖော် ဒေါ်အုန်းညွန့်
သားသမီး
ထင်ပေါ်ကျော်ကြားမှု
ထင်ရှားသည့်လက်ရာများ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ဩဂုတ်‌၊၁၅၁၉၆၄
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်



မြန်မာနိုင်ငံ၌ အနောက်တိုင်းမှ လာသော ခေတ်သစ် အနုပညာ တရပ်ဖြစ်သည့် ရုပ်ရှင် အနုပညာကို စတင် မျိုးစေ့ချခဲ့သူမှာ အခြားသူ မဟုတ်ချေ။ မြန်မာပီပီ သျှောင်ထုံးထားသော ဦးအုန်းမောင်ပင် ဖြစ်လေသည်။ မြန်မာပြည်၏ ရုပ်ရှင်ဖခင်ကြီးဟု လူသိများသော ဦးအုန်းမောင်သည် မြန်မာပြည်တွင် လက်မွန်မဆွ ရုပ်ရှင်ရိုက်ကူး၍ ရုံတင်ပြသခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ ဦးအုန်းမောင်သည် ပန်းချီပညာနှင့် ဓာတ်ပုံရိုက်ကူးသည့်ပညာကိုပါ လေ့လာလိုက်စား တတ်မြောက်ခဲ့သူ ဖြစ်သည်။ ဦးအုန်းမောင်သည် သျှောင်ထုံးကြီးနှင့် ဖြစ်သော်လည်း အင်္ဂလိပ်စာတတ် တစ်ယောက် ဖြစ်သည်။

ဦးအုန်းမောင်ကို ခရစ်နှစ် ၁၈၉၂ ခု ဇူလိုင်လ ၁ဝ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင် ညောင်တန်းဘက်မှ စပါးကုန်သည် ဦးဖိုးထီနှင့် ဒေါ်အေးမြတို့မှ ဖွားမြင်ခဲ့သည်။ ပန်းချီနှင့် ဓာတ်ပုံ အနုပညာကို ဝါသနာ ပါသည်။ ထို့ကြောင့် ပန်းချီပညာကို ဆရာ ဦးဘိုးဘနှင့် ဆရာ ဦးရွှေစိုးထံမှ သင်ယူခဲ့သည်။ ဓာတ်ပုံပညာကိုမူ မစ္စတာ ဝဂ္ဂစတပ် ထံမှ သင်ယူသည်။ ထို့နောက် ဒီ၊ အေ၊ အဟူဂျာ ဓာတ်ပုံတိုက်တွင် လခစား ဓာတ်ပုံဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်လေသည်။

ယင်းသို့ လုပ်ကိုင်ရာမှ တစ်နေ့တွင် ဦးအုန်းမောင်သည် လခစား ဘဝကို စွန့်လွှတ်လိုက်သည်။ ယောက်ဖဖြစ်သူ ဓာတ်ပုံဆရာ ဦးမောင်မောင်နှင့် တွဲဖက်လျှက် လန်ဒန်အတ် ဓာတ်ပုံကူးတိုက် ဟူသော အမည်ဖြင့် ကိုယ်ပိုင် ဓာတ်ပုံကူးတိုက် တစ်တိုက် တည်ထောင်လိုက်သည်။ ဓာတ်ပုံလုပ်ငန်း အဝဝကို စိတ်တိုင်းကျ ရွက်ဆောင်လေသည်။ ထိုအချိန်မှာ ၁၉၁၄-၁၅ ခုနှစ် ပတ်ဝန်းကျင်ပင်ဖြစ်သည်။ ဦးအုန်းမောင်သည် ဓာတ်ပုံပညာလည်း ကျွမ်းကျင်သည်။ လုံ့လ ဝီရိယလည်း ရှိ၊ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်း၍ လုပ်ငန်းမှာ အောင်မြင်သည်။

ယင်းသို့ အောင်မြင်သော်လည်း ဦးအုန်းမောင်သည် ရုပ်သေ ဓာတ်ပုံမျှဖြင့် မတင်းတိမ်နိုင်၊ ရုပ်ရှင်ရိုက်ကူးရန် စိတ်ဆန္ဒ ပြင်းပြနေသည်။ ထိုအချိန်၌ မြန်မာနိုင်ငံတွင် ရုပ်ရှင်ကားများ ရှိသည်။ သို့ရာတွင် အင်္ဂလိပ်၊ အမေရိကန် ကားများသာ ဖြစ်သည်။ မြန်မာရုပ်ရှင်ကား ဟူ၍ ပေါ်ထွက်ရန် ဝေးစွ၊ ကြားမျှပင် မကြားဘူးသေးပေ။ ဤသို့သော အခြေအနေတွင် ဦးအုန်းမောင်သည် အင်္ဂလိပ်၊ အမေရိကန်ကားများကို ကြည့်ရင်း မြန်မာရုပ်ရှင်ကား ရိုက်ကူးရန် ဆန္ဒ တဖွားဖွား ဖြစ်ပေါ်နေသည်။ ထိုစဉ်က အင်္ဂလိပ်၊ အမေရိကန် ရုပ်ရှင်ကားများကို မလွတ်တမ်းကြည့်သော သျှောင်ထုံးကြီးနှင့် ဦးအုန်းမောင်အား မည်သူကမျှ မြန်မာ့ရုပ်ရှင်၏ ဖခင်ကြီး ဖြစ်လာလိမ့်မည်ဟူ၍ မထင်ကြပေ။ ဦးအုန်းမောင်သည် ရုပ်ရှင်ပညာကို ယင်းသို့ ရုပ်ရှင်ဇာတ်ကားများ ကြည့်ရှု့၍လည်းကောင်း၊ စာအုပ်စာတမ်းများ ဖတ်ရှု၍လည်းကောင်း လေ့လာခဲ့သည်။ ထို့နောက် မြန်မာရုပ်ရှင်ကို စတင်ရိုက်ကူးရန် ခြေလှမ်းပြင်လိုက်လေသည်။

ဦးအုန်းမောင်သည် ရှေးဦးစွာ ရုပ်ရှင်ရိုက်ကူးရာတွင် လိုအပ်မည့် ပစ္စည်းကရိယာများကို စုဆောင်းသည်။ ထိုအချိန်မှာ ၁၉၁၈ ခုနှစ်ဖြစ်သည်။ ဦးအုန်းမောင်သည် အသက် ၂၇ နှစ် အရွယ်ခန့်သာ ရှိသေးသည်။ အနောက်နိုင်ငံ၌ ရုပ်ရှင်ကို ရုံတင်ပြသနိုင်သော အဆင့်သို့ ရောက်သည်မှာ အနှစ် အစိတ်ခန့်သာ ရှိသေးသည်။ အိန္ဒိယ၌ ရုပ်ရှင်ထွန်းကားနေပြီ ဟူ၍ မဆိုနိုင်သေး။ သတင်းကားလောက်သာ ရိုက်ကူးနိုင်၍ ဇာတ်လမ်းပါသော ရုပ်ရှင်ကို မရိုက်ကူးနိုင်သေးပေ။ ဦးအုန်းမောင်အဖို့ ရုပ်ရှင် ပစ္စည်းကိရိယာကို အိန္ဒိယမှလည်း မမှာနိုင်။ အင်္ဂလန်၊ အမေရိကန်တို့မှ မှာရန်လည်း ငွေအင်အား မတောင့်တင်း။ သို့သော် ဦးအုန်းမောင်သည် မဖြစ်မနေ ဇွဲဖြင့် ရုပ်ရှင်ပစ္စည်းကိရိယာများကို မရအရ လိုက်လံရှာဖွေခဲ့သည်။

ကံအားလျော်စွာ အီး၊ အမ်၊ ဒီအူဇာ ဆေးတိုက်၌ သုံးမရ၍ ချောင်ထိုးထားသော ကင်မရာတစ်လုံးကို သွားတွေ့လေသည်။ ယင်းမှာ အိန္ဒိယက အလည်လာသော ခရီးသည်တစ်ဦးက ပျက်နေ၍ ပစ်ထားခဲ့သော ကင်မရာ ဖြစ်သည်။ ယင်းကိုပင် ဦးအုန်းမောင်က ငွေတစ်ရာပေး၍ ဝယ်ယူခဲ့သည်။ ကြံဖန် ပြုပြင်သည်။ သို့ရာတွင် ကင်မရာမှာ မှန်ဘီလူးမရှိ ဖြစ်နေပြန်သဖြင့် လိုအပ်သော မှန်ဘီလူးကို အိန္ဒိယသို့ မှာရပြန်သည်။ မရ။ နောက်ဆုံး စီနီမာဒီပဲရစ်ရုံပိုင်ရှင် မစ္စတာအချားက သူ့ထံ၌ ဧည့်သည်တစ်ဦးက ပစ်ထားခဲ့သော မှန်ဘီလူး တစ်ခုရှိသည်။ သုံးနိုင် မသုံးနိုင်ကား မသိပါဆိုသဖြင့် ဦးအုန်းမောင်က လိုက်ကြည့်သည်။ ကံအားလျော်စွာ မိမိဝယ်ထားသော ကင်မရာ၌ တပ်ဆင်နိုင်သော မှန်ဘီလူးမျိုး ဖြစ်သဖြင့် အလုပ်ဖြစ်အောင် ကြံဖန်ကြိုးစားနိုင်တော့သည်။ ထိုအကြောင်းကို ဦးအုန်းမောင်က “ဟိုတုန်းက လုပ်ခဲ့တာတွေ ပြန်စဉ်းစားမိတဲ့အခါ ရယ်မိပါတယ်။ ဘာပြုလို့လဲဆိုတော့ ကင်မရာဆိုတာကလည်း ခုလိုဘယ်ဟုတ်ပမလဲ။ ထင်းရှူးသေတ္တာငယ်လေးမှာ မှန်ဘီလူးတပ်ထားပြီး လှည့်လို့ရတာ တစ်ခုပဲရှိတယ်။ မှန်ဘီလူး ဆိုပြန်တော့လည်း ပုလင်းကွဲသာသာ ရှိတော့ လက်နဲ့လှည့်တိုင်းလည်း အရုပ်က ထင်ချင်မှ ထင်တာဗျ။ ဒီအထဲ ရိုက်ရတဲ့ ဖလင်ကလည်း ခုခေတ်လို မကောင်းပြန်ဆိုတော့ အင်မတန် အခက်အခဲတွေ့ပြီး အရုပ်ထင်အောင် မနည်းကြိုးစားခဲ့ရပါတယ်။” ဟူ၍ နောင်လာ နောက်သား ရုပ်ရှင်ပညာသည်များအား ပြောပြခဲ့သည်။ ဦးအုန်းမောင်သည် ယင်းသို့ အမျိုးမျိုး ပြုပြင်ဖန်တီးထားသည့် ကင်မရာကလေးကို ဦးမောင်မောင်၏ အကူအညီဖြင့် အစမ်းရိုက်ကြည့်သည်။ ကျေနပ်စဖွယ် အောင်မြင်သည်ကို တွေ့ရသည်။ သို့ဖြင့် ပထမဦးစွာ ဇာတ်မင်းသားကြီး ဦးဖိုးစိန်၏ အကမျိုးစုံကို ရိုက်ကူးရန် ကြံစည်စည်။ သို့ရာတွင် ဦးဖိုးစိန်က သဘောမတူသဖြင့် အကြံပျက်သွားစည်။ ဦးဖိုးစိန်က မိမိ အကကို ရုပ်ရှင်ရိုက်ကူးပြပါလျှင် မိမိ ဇာတ်ပွဲကို ကြည့်မည့် ပရိသတ် နည်းပါသွားလိမ့်မည် ဟူ၍ ယူဆသဖြင့် သဘောမတူခြင်း ဖြစ်ပေသည်။

သို့ဖြင့် “ဘားမားဖလင် ကုမ္ပဏီ”ကို တည်ထောင်လိုက်သည်။ မြန်မာအဆွေ ကုမ္ပဏီပိုင်ရှင် ဦးဘညွန့်၏သား ရုပ်ရှင် ဝါသနာအိုး ဟိုက်စကူးကျောင်းသား ကိုညီပု၏ အကူအညီကို ရယူကာ “မေတ္တာ နှင့် သူရာ” ရုပ်ရှင်ကားကို ရိုက်ကူးရန် ကြိုးပမ်းသည်။ “မေတ္တာနှင့်သူရာ”သည် ဆရာပီမိုးနင်း၏ ဝတ္ထုဇာတ်လမ်းဖြစ်သည်။ ဇာတ်လိုက်အဖြစ် ကိုညီပု၊ မင်းသမီးအဖြစ် ကြည့်မြင်တိုင်သူ မရီ၊ လူကြမ်းများအဖြစ် ပညာ့အလင်း သတင်းစာတိုက် မန်နေဂျင်း အယ်ဒီတာ ဦးပု(ဦးတုတ်ကြီး)၊ ဘောသမား မောင်မောင်ချစ်တို့က ဦးဆောင်ပါဝင်သည်။ ရိုက်ကူးရာ၌ ယခုကဲ့သို့ သင်ကြားပြသသူ ဒါရိုက်တာ ဟူ၍ စနစ်တကျ မရှိ။ ဦးအုန်းမောင်ကပင် ကြပ်မတ်လျက် ဦးမောင်မောင်၊ ဦးညီပု၊ ငွေကိုင်စာရေးကြီး ဦးပါကြီး၊ ဦးပု(ဦးတုတ်ကြီး)၊ ပေါင်း ၅ ဦးဝိုင်းဝန်းကာ ကောင်းသလိုရိုက်ကူးကြသည်။ စကားပြောကိုမူ ဦးပု(ဦးတုတ်ကြီး)က သင်ပေးသည် ဆိုသည်။

ဤ “မေတ္တာနှင့် သူရာ”ကို စတင်ရိုက်ကူးဆဲမှာပင် ဘိလပ်သွား ကိုယ်စာလှယ်ကြီးတစ်ဦးဖြစ်သူ ဝံသာနုခေါင်းဆောင် ဦးထွန်းရှိန် ကွယ်လွန်သွားသည်။ ဦးထွန်းရှိန်သည် အနယ်နယ် အရပ်ရပ်သို့ ဝံသာနုတရားများ လှည့်လည် ဟောပြောစဉ် ကွယ်လွန်ခြင်း ဖြစ်သည်။ ကွယ်လွန်သောအခါ အသက် ၃၀ အရွယ်မျှသာ ရှိသေးသဖြင့် တတိုင်းပြည်လုံး ဝမ်းနည်းကြေကွဲကြသည်။ ဦးထွန်းရှိန်၏ ဈာပနာ အခမ်းအနားကို ၁၂၈၂ ခု နယုန်လဆုတ် ၅ရက်(၅-၆-၁၉၂၀) တွင် ကျင်းပရာ တက်ရောက်သော လူထုပရိသတ်မှာ မကြုံစဖူး အထူးများပြားလှသည်။ ဤတွင် ဦးအုန်းမောင်သည် ဤအခမ်းအနားကို သတင်းကားအဖြစ် ကြားဖြတ်ရိုက်ကူးလေသည်။ ဦးမောင်မောင်က ကင်မရာထမ်းလျှက် ဦးအုန်မောင်က ကိုယ်တိုင် ရိုက်ကူးသည်။ သူတို့ ဖန်တီးထားသော ကင်မရာမှာ တစ်ကြိမ်လျှင် ပေတစ်ရာသာ ရိုက်နိုင်သဖြင့် ဦးအုန်းမောင်သည် အကြိမ်ပေါင်း ၂၀ ဖလင်ထည့်ကာ ပေ ၂,၀၀၀ ရိုက်ကူးပေးခဲ့လေသည်။

ဤသတင်းကားကို အစမ်းပြသကြည့်ရာ အောင်မြင်သဖြင့် စီနီမာ ဒီပဲရစ် ရုံပိုင်ရှင် ကုလားသူဌေး မစ္စတာ အချားက တစ်ပေလျှင် တစ်ကျပ်နှုန်းဖြင့် ဦးအုန်းမောင်ထံမှ ငွေ ၂၀၀၀ ပေး၍ ဝယ်ယူလိုက်သည်။ ထို့နောက် သတင်းကားကို ထိုနှစ် ၁၉၂၀ မှာပင် ယခုဗိုလ်ချုပ်ဈေးနေရာ၌ ရှိခဲ့ဖူးစော စိနီမာဒီပဲရစ်ရုံ၌ အင်္ဂလိပ် ဇာတ်ကားနှင့်အတူ ပူးတွဲပြသသည်။ သတင်းကားပင် ဖြစ်လင့်ကစား ပထဦးဆုံးသော မြန်မာရုပ်ရှင်ကား ဖြစ်သဖြင့် မြန်မာပရိသတ်တို့ ကြိတ်ကြိတ်တိုး ကြည့်ရှုအားပေးကြသည်။ အထူး ဩဘာပေး ချီးကျူးကြသည်။ ဦးအုန်းမောင်အဖို့ ပထမအဆင့် အောင်မြင်လေပြီ။

သို့ရာတွင် အဓိကဖြစ်သည့် ဇာတ်လမ်းပါ ရုပ်ရှင်ကားကို ရိုက်ကူးတင်ဆက်နိုင်မှ မြန်မာရုပ်ရှင် ပေါ်ထွန်းပြီဟု ဆိုနိုင်မည်။ သို့ဖြင့် ဦးအုန်းမောင်သည် ရိုက်လက်စ ဖြစ်သော “မေတ္တာနှင့် သူရာ” ဇာတ်ကားကို ဆက်လက်ကြိုးပမ်း ရိုက်ကူးသည်။ ရိုက်ကူးရာ၌ အပြင်ခန်းရော အတွင်းခန်းပါ ရိုက်ကူးသည်။ အတွင်းခန်းအတွက် ရွှေတိဂုံစေတီတော် အရှေ့ဘက်ရှိ ဦးဘိုးလုတ် ခြံအတွင်း၌ ဝါးတိုင်ထူ၊ ပိတ်မိုး၍ ရိုက်ကူးသည်။ ဇာတ်ကား ပေအရှည်မှာ ၉,၀၀၀ ရှိသည်။ ၁၉၁၈ ခုနှစ်မှ စတင်ရိုက်ကူးရာ ၁၉၂၀ ပြည့်နှစ်တွင် ပြီးဆုံးသည်။ (အချို့က ၁၉၁၉ ခုနှစ်တွင် စတင်ရိုက်ကူးသည် ဆိုသည်။) ကျောင်းသား ကိုညီပု ကျောင်းအားသော စနေတနင်္ဂနွေရက်များတွင်သာ ရိုက်ကူးရသောကြောင့် လည်းကောင်း၊ ပစ္စည်းကိရိယာ အခက်အခဲကြောင့် လည်းကောင်း နှောင့်နှေးခဲ့ပေသည်။

ဤဇာတ်ကား ရိုက်ကူးသည့်နှင့် ပက်သက်၍ ဦးအုန်းမောင်က “မြန်မာပြည်မှာ ပထမဆုံးဖြစ်တဲ့ “မေတ္တာနှင့်သူရာ” ဇာတ်ကားကို တစ်နေ့ အင်းလျားကန်စောင်းတွင် သွားရောက်ရိုက်ကူးကြရာ ရိုက်ကူးသည့် အခန်းတွင် လူဆိုး တုတ်ကြီးက ဇာတ်လိုက်မင်းသမီးကို မော်တော်ကားနှင့် ခိုးပြေး၍ လိုက်ကြသည့်အခါ မိရောဆိုပြီးတော့။ အဲ့ဒီလို မိတော့ မော်တော်ကားပေါ်က လမ်းဘေး ကန်စောင်းထဲ ထွေးလုံးပြီး လိမ့်ကျကြပါရော။ တယ်ကြည့်လို့ ကောင်းနေသပေါ့ဗျာ။ ဂျွန်းထိုး မှောက်ခုန် ကျလို့ ရေထဲလည်း ရောက်ခါနီးရော “ဟိုး ဟိုး၊ နေကြဦး၊ နေကြဦး” လို့ အော်သံကြားလို့ လှည့်ကြည့်ကြတော့ ဦးညီပုက သူရိုက်နေတဲ့ ကင်မရာက မှန်ဘီလူး ရှေ့စိုက် အရိုက်မှာ အပြည်ထွက်ကျသွားပြီး၊ ပြန်လုပ်ကြပါဦး ဆိုတော့ အကျိုးကို နည်းသွားတာပေါ့။ ကွဲသူလည်းကွဲ၊ ပြဲသူလည်း ပြဲနေကြပြီး။ ကျွန်တော်ရိုက်နေတဲ့ ကင်မရာကလည်း မော်တော်ကားပေါ်မှာ တုတ်ကြီးတို့ ထိုးသတ်နေတုန်း ကတည်းက ဖလင်ကုန်သွားလို့ ရပ်လိုက်ရ၊ သူ့ကင်မရာကလည်း မှန်ဘီလူး ထွက်ကျနဲ့ အခက်ကြုံတော့တာပေါ့။ ဖလင်ကလည်း ကင်မရာ တစ်လုံးမှာ ပေတစ်ရာသာ ဝင်တာကိုး။ ဒါနဲ့ ဒီကနေ့အဖို့ အချိန်ကုန် လူပန်းနဲ့ တစ်ခန်းရပ်ပြီး ပြန်ခဲ့ကြရတာပေါ့။ အဲဒီလို အခက်အခဲမျိုးတွေနဲ့ ၂ နှစ် ကျော်ကျော် ရိုက်တော့မှပဲ အဲဒီ”မေတ္တာနဲ့ သူရာ” ဇာတ်ထုပ်ကလေး ပြီးခဲ့ပါတယ်” ဟူ၍ ဖွင့်ဟ ပြောဆိုခဲ့လေသည်။

ရိုက်ကူးချိန် ကြာညောင်းလွန်း၍လား မသိချေ။ ဇာတ်ကား ဇာတ်သိမ်းခါနီးတွင် မင်းသမီး မရီ ယောက်ျားနောက် လိုက်ပြေးရာ လိုက်လံရှာဖွေနေရသောကြောင့် အချိန်အနည်းငယ် ပိုမို ကြန့်ကြာ သွားသေးသည်ဟု ဆိုသည်။ မည်သို့ပင် ဖြစ်စေ “မေတ္တာနှင့်သူရာ” ဇာတ်ကားကို ၁၉၂၁ ခုတွင် အောင်မြင်စွာ ရုံတင်ပြသနိုင်ခဲ့သည်။ ပရိသတ်များက ကြည့်ရှုပြီးလျှင် ချီးကျူးအားပေးကြသည်မှာ တစ်နိုင်ငံလုံး ပဲ့တင်ထပ်သွားသည်။

“မေတ္တာနှင့်သူရာ ဇာတ်ကားကြီး ပြပါပြီ” ဟု ကြော်ငြာတွေ ဝေနေသော နေ့တွင် ရန်ကုန် ရုပ်ရှင် ပရိသတ်မှာ ထိုနေ့အဖို့ အထူးတလည် ပြင်ဆင်ကြတော့သည်။ ယခု စကော့ဈေး(ဗိုလ်ချုပ်ဈေး) ရှိသော နေရာတွင် အနောက်ဘက်၌ အယ်လီဖင်စတုံးရုံး၊ အလယ်တွင် ဖာရစီပွဲများ ကပြသော အင်ပါယာ သီယေးတားရုံ၊ အရှေ့ဘက်တွင် ရွိုင်ရယ် စီနီမာဒီပဲရစ်ရုံ၊ ဟူသော ရုံသုံးရုံတွင် စီတန်းလျက်ရှိ၏။ ထိုသုံးရုံအနက် အရှေ့ဘက် ရွိုင်ရယ်စီနီမာဒီပဲရစ် ရုံမှာ အတွင်းကျ၍ ရှေ့ဘက်တွင် ပန်းခြံနှင့် ဘေးတစ်ဖက်တစ်ချက်တွင်မူ စမူဆာပလာတာအဖျော်ရည်လက်ဖက်ရည် ဆိုင်တန်းများ တခမ်းတနား သပ်ရပ်စွာ ရှိ၏။ ပထမ မြန်မာဇာတ်ကားပြသော ရုံမှာ ဤရုံပင်ဖြစ်သည်။

ပရိသတ်ကြီးမှာ ကြိတ်ကြိတ်တိုး စည်ကားလျက် ရှိ၏။ လက်မှတ်ရုံကလေးမှာလည်း လူတိုးအားကြီးသဖြင့် ယိမ်းယိုင်လဲပြိုမတတ် ဖြစ်၍ နေလေရာ ရုံစောင့်များမှာ များစွာ တောင်းပန်ကာ လက်မှတ်များကို ဖြည်းဖြည်းသက်သာ ဝယ်ကြည့်ရန် ဖျောင်းဖြ ပြောဆိုနေကြတော့သည်။ ခြေလျင်တမျိုး၊ လန်ခြားတဖုံ၊ မြင်းရထားနှင့် တပြုံတခေါင်း လက်မှတ်ရောင်းသလောက် နေရာမရှိ။ မတ်တပ်ရပ်၍ ကြည့်ရသော သူများမှ ဇွဲကောင်းကောင်းနှင့်ပင် ရပ်ကြည့်ကြရလေသည်။

မေတ္တာနှင့်သူရာ ကို ပရိသတ်က အထူး လက်ခံ အားပေးသော်လည်း ဦးအုန်းမောင်အဖို့မူ ငွေကြေးအနေဖြင့် အမြတ်အစွန်း မရရှာပေ။ အရှုံးပင် ပေါ်ခဲ့လေသည်။ အဘယ့်ကြောင့်ဆိုသော် အောင်မြင်စွာ ရိုက်ကူးနိုင်သော်လည်း ရုံတင်ပြသနိုင်ရန်အတွက် နိုင်ငံခြား အရင်းရှင်များလက်သို့ အပ်နှံ ရောင်းချလိုက်ရသောကြောင့် ဖြစ်ပေသည်။ ဤဇာတ်ကား ရိုက်ကူးရာတွင် ကုန်ကျစရိတ်မှာ (ပါဝင်သရုပ်ဆောင်သူများအတွက် အခကြေးငွေ မပါ) စုစုပေါင်း ငွေ ၆၀၀၀ ခန့် ဖြစ်သည်။ နိုင်ငံခြား အရင်းရှင်များကို ရောင်းရာ၌ကား ငွေ ၅၀၀၀ သာ ရလေသည်။

မည်သို့ပင် ဖြစ်စေ ဦးအုန်းမောင်၏ ကြိုးပမ်းချက်သည် များစွာ ထိရောက်လှပေသည်။ “မေတ္တာနှင့် သူရာ” ဇာတ်ကား တုန်မှုန်သော်လည်း နောက် ဇာတ်ကားများမှာ တစ်ကားထက် တစ်ကား ကြည်လင်ပြတ်သားမှု ရှိလာသည်။ အစစ အရာရာ တိုးတက်လာသည်။ မြန်မာရုပ်ရှင်ကားများ တစ်ကားပြီး တစ်ကား ပေါ်ထွက်လာသည်။ ရုပ်ရှင် ကုမ္ပဏီများ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာသည်။ ဦးအုန်းမောင်သည် “မေတ္တာနှင့်သူရာ” အပြီးတွင် “ကျေးတောသူ မနု” ဇာတ်ကားကို ရိုက်ကူးသည်။ ဤဇာတ်ကားသည် နာမည်ကျော် ရုပ်ရှင်မင်းသမီးကြီး ခင်ခင်နု၏ ပွဲဦးထွက် ဇာတ်ကားဖြစ်သည်။ ထို့နောက် ဦးအုန်းမောင်သည် ရွှေပေးလို့ မရ၊ တိမ်တစ်လုံး၊ စိတ်အာရုံ၊ ခင်ခင်မှားတော်ပုံ၊ တသက်လုံးဖုံးသမျှ ကုန်းတော့မှပေါ် ဇာတ်ကားများကို ဆက်လက် ရိုက်ကူးခဲ့သည်။ “ခင့်ခင့် မှားတော်ပုံ” သည် ဦးအုန်းမောင် ရုပ်ရှင်ပညာစွမ်း ပြသော ဇာတ်ကားဖြစ်သည်။ ကင်မရာတွင် ကိရိယာ မစုံလင်သော်လည်း လူတစ်ကိုယ် နှစ်ကိုယ်ခွဲခန်းများ ရိုက်ကူးပြသသော ဇာတ်ကားဖြစ်သည်။ “တသက်လုံးဖုံးသမျှ ကုန်းတော့မှ ပေါ်” သည် နာမည်ကျော် ရုပ်ရှင်မင်းသားကြီး ကိုဘတင့်၏ ပွဲဦးထွက် ဇာတ်ကား ဖြစ်လေသည်။

ဦးအုန်းမောင် ဦးစီးသော ဘာမားဖလင် ကုမ္ပဏီသည် ဇာတ်ကားများ တစ်ကားပြီး တစ်ကား ရိုက်ကူးနေရာမှ ငွေကြေး အခက်အခဲ တွေ့လာသည်။ အစုရှယ်ရာ လုပ်ငန်းများနှင့် ပက်သက်၍ ပြဿနာများ ပေါ်လာသည်။ ဤတွင် အနုပညာသမား ဖြစ်သော ဦးအုန်းမောင်သည် စိတ်ရှုပ်မခံလိုသဖြင့် ဘားမားဖလင်ကုမ္ပဏီမှ နုတ်ထွက်လိုက်သည်။ ဘားမားဖလင်ကုမ္ပဏီသည် နယူးဘားမားဖလင် ကုမ္ပဏီ အသွင်ပြောင်းလဲလိုက်သည်။ ထို့နောက် ၁၉၂၃ ခုနှစ်တွင် မြန်မာအဆွေကုမ္ပဏီ သို့ ပြောင်းလဲပေးလိုက်သည်။

ဘားမားဖလင် ကုမ္ပဏီမှ နုတ်ထွက်ခဲ့သော ဦးအုန်းမောင်သည် ဘာမျှ မလုပ်ဘဲ ရှစ်လခန့် အနားယူ နေလိုက်သေးသည်။ ထို့နောက်မှ မိမိ တစ်ဦးတည်းပိုင် လန်ဒန်အတ် ကုမ္ပဏီကို တည်ထောင်သည်။ ဒါရိုက်တာ ဦးတုတ်ကြီးနှင့် တွဲဖက်လျက် ပွဲဦးထွက် အနေဖြင့် “ရတနာပုံ” ဇာတ်ကားကို ရိုက်ကူးသည်။ ဤဇာတ်ကားသည် မြန်မာရုပ်ရှင်သမိုင်းတွင် ပေအရှည်ဆုံး ဇာတ်ကား ဖြစ်သည်။ ကိုဘတင့်၊ ခင်ခင်နု၊မိမိခင် တို့ ဦးဆောင်ပါဝင်သည်။ ဤဇာတ်ကား ပေါ်ထွက်လာသော အခါ မြန်မာ့ရုပ်ရှင် အဆင့်အတန်းသည် သိသိသာသာကြီး တိုးတက်သွားသည်။ ရှေးမြန်မာရုပ်ရှင်ကားများကို ကြည့်ကြသည်မှာ အနုပညာ အရသာ ခံလို၍ မဟုတ်။ အထူးအဆန်း အဖြစ် ကြည့်ခြင်းသာ ဖြစ်သည်။ “ရတနာပုံ” ဇာတ်ကားမှာ လူ့သဘော၊ လောကသဘောကို ဖော်ကျူးလျက် အနုပညာပြောင်မြောက်အောင် ရိုက်ကူးထားသည်ဖြစ်ရာ ပရိသတ်များလည်း ရုပ်ရှင် မျက်စိ ကျယ်လာခဲ့ပေသည်။

ထို့နောက် ဦးအုန်းမောင်သည် ဒါရိုက်တာ ဦးတုတ်ကြီး၊ မင်းသား ကိုဘတင့်၊ မင်းသမီး ခင်ခင်နုတို့၏ အကူအညီဖြင့် ဇာတ်ကားကောင်း မြောက်မြားစွာကို ဆက်လက်ရိုက်ကူးခဲ့သည်။ အထူးအောင်မြင်ခဲ့သည်။ အောင်မြင်သည်နှင့်အမျှ စီးပွားရေးကလည်း တနေ့တခြား တိုးတက်လာခဲ့သည်။ မကြာမီပင် ရုပ်ရှင်သူဌေး “လန်ဒန်အတ် ဦးအုန်းမောင်” ဘဝသို့ ရောက်လာခဲ့ပေသည်။

ယင်းသို့ စီးပွား ဖြစ်ထွန်းသော်လည်း ဦးအုန်းမောင်သည် ငွေကြေး ဥစ္စာတို့ကို စုဆောင်းထားရန် ဝါသနာ မပါခဲ့။ ရုပ်ရှင်လုပ်ငန်းနှင့် ပက်သက်၍ ထူးသမျှ၊ ဆန်းသမျှ ပစ္စည်းများ၊ ကိရိယာများကို နိုင်ငံခြားမှ အဖိုးကြီး ပေး၍ မှာယူအသုံးပြုလေသည်။ ဥပမာ အခမ်းအနားအတွက် မြက်ခင်းတု၊ အုတ်နံရံအတု၊ ကုလားထိုင်အတုများကို အမေရိကန်မှ မှာယူအသုံးပြုခဲ့သည်။ နိုင်ငံခြားမှ ထုတ်ဝေသမျှ ရုပ်ရှင်စာစောင်၊ စာတမ်းများ၊စာအုပ်များကိုလည်း မှာယူအသုံးပြုခဲ့သည်။ မိမိအတွက်လည်း ကောင်းပေ့ဆို့သည့် စီးကရက်၊ ကောင်းပေ့ဆိုသည့် ရှုးဖိနပ် စသည်များကို နိုင်ငံခြားမှ မှာယူအသုံးပြုခဲ့သည်။ မော်တော်ကား အသစ်ပေါ်တိုင်းလည်း လဲလှယ်စီးခဲ့သည်။ ယင်းသို့ ငွေ အသုံးအဖြုန်း များသဖြင့် ဦးအုန်းမောင်၏ စီးပွားရေး အခြေအနေမှာ တစတစ ကျဆင်းစပြုလာခဲ့သည်။ ထိုအတွင်း တစ်ကမ္ဘာလုံး စီးပွားရေး ကျပ်တည်းသော ဘေးဆိုးကြီးသည် မြန်မာနိုင်ငံသို့ ဝင်ရောက်လာရာ လန်ဒန်အတ် ကုမ္ပဏီကို အထူးထိခိုက်လာသည်။ ဦးအုန်းမောင်မှာ ကြွေးမြီများပင် တင်စပြုလာသည်။ ထိုအချိန်တွင် ဦးအုန်းမောင်၏ ဇနီးသည် ဒေါ်အုန်းညွန့်လည်း ကွယ်လွန်သွားရှာသည်။ အစစ အရာအရာ စိတ်ရှုပ်စရာ၊ စိတ်မချမ်းသာ စရာများကို ဦးအုန်းမောင် ရင်ဆိုင်ရလေသည်။ နောက်ဆုံး စိတ်အေးချမ်းသာယာမှု ရစေခြင်းငှာ ဦးအုန်းမောင်သည် ပစ္စည်းတန်ဖိုး ၄ သိန်းတန်ရှိသော မိမိ ကုမ္ပဏီကို အဆမတန်ဈေးလျှော့ချ ဖက်သိမ်းကာ ကြွေးရှင်လက်သို့ အပ်လိုက်သည်။

စစ်ပြီးခေတ်တွင် ဦးအုန်းမောင်သည် အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်သော်လည်း အားမလျှော့သေး။ ဓာတ်ပုံလုပ်ငန်းဖြင့် အခြေစိုက်ကာ ရုပ်ရှင်လုပ်ငန်းကို ပြန်လည် ထူထောင်ပြန်သည်။ အချစ်ဦး၊ ဝသုန်ဤမြေ၊ ရဲခေါင်မဲခေါင် စသည့် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၅ ကားခန့် ရိုက်ကူး ထုတ်လုပ်ခဲ့လေသည်။ အသက်အရွယ် ကြီးလာသဖြင့် ဖိဖိစီးစီး မလုပ်နိုင်သောကြောင့် ထင်သည်။ မရှုံးနိမ့်သော်လည်း ယခင်ကဲ့သို့ အောင်မြင်ခြင်း မရှိတော့ချေ။

ကွယ်လွန်ခါနီးတွင်မူ ဦးအုန်းမောင်သည် ရုပ်ရှင်လုပ်ငန်းကို ကိုယ်တိုင် မလုပ်တော့။ အကူအညီတောင်းလာသော နောင်လာနောက်သား ရုပ်ရှင် ပညာရှင်များကို တတ်စွမ်းသမျှ အကူအညီပေးရင်း အေးအေးလူလူ နေခဲ့ပေသည်။ ဦးအုန်းမောင်သည် ၁၉၆၄ ခု ဩဂုတ်လ ၁၅ ရက်နေ့တွင် အသက် ၇၄ နှစ် အရွယ်တွင် ကွယ်လွန်သည်။ သား ၃ ယောက်၊ သမီး ၅ ယောက် ကျန်ရစ်ခဲ့သည်။ ဦးအုန်းမောင်သည် ရုပ်ရှင်သူဌေး ဖြစ်ခဲ့သော်လည်း စီးပွားရေးသမား မဟုတ်ချေ။ အနုပညာရှင် ဖြစ်သည်။ ထို့ကြောင့် ဦးအုန်းမောင်က “အမှန်ပြောရရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်တို့ စီးပွားရှာ၊ ချမ်းသာချင်လို့ ကြံစည် ကြိုးစားလာတာ မဟုတ်ပါဘူး။ မြန်မာ့အစွမ်း ပြချင်လို့ စိတ်တင်းပြီး မဖြစ် ဖြစ်အောင် ဇွဲကောင်းကောင်းနဲ့ ကြိုးစားခဲ့တာပါပဲ” ဟူ၍ မကွယ်လွန်မီက ဖွင့်ဟ ပြောဆိုခဲ့လေသည်။

ဦးအုန်းမောင်သည် နောင်လာနောက်သား ရုပ်ရှင်ပညာရှင်များအား ရုပ်ရှင်ပညာ အတွေ့အကြုံများကို ပြောပြတတ်သည်။ ယင်းသို့ ပြောပြရာ အောက်ပါစကားကိုလည်း ထည့်သွင်း ပြောပြတတ်လေသည်။

“နိမ့်တုန်း မကြောက်ရဘူး၊ မြင့်တော့ ကြောက်ရတယ်”ဟူ၍ ဖြစ်လေသည်။


ဓာတ်ပုံရိုက်ပညာကိုတတ်မြောက်သည်နှင့်အညီ ဦးအုန်းမောင်သည် ဒီ၊ အေ၊ အဟူဂျာ ဓာတ်ပုံတိုက်တွင် လခစား ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဓာတ်ပုံလုပ်ငန်းကို နိုင်ငံခြားသား လူမျိုးများသာ ကြီးစိုးခြယ်လှယ်နေသည့် ထိုခေတ်တွင် ဦးအုန်းမောင်သည် လန်ဒန်အတ် ဓာတ်ပုံကူးတိုက်အမည်ဖြင့် ကိုယ်ပိုင်ဓာတ်ပုံတိုက်ကို ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ၃၈လမ်းထိပ်တွင် သပ်ရပ်ခန့်ညားစွာ တည်ထောင်ခဲ့သည်။ ထိုအခါမှစ၍ လန်ဒန်အတ်ဦးအုန်းမောင်ဟု တွင်ခဲ့လေသည်။ သူ၏ကြိုးစားမှုနှင့် ဆက်ဆံရေးပြေပြစ်မှုတို့ကြောင့် အထက်တန်းလွှာ မြန်မာအမျိုးသားတို့၏ အားပေးချီးမြှင့်ခြင်းကို ခံခဲ့ရသည်။

ဦးအုန်းမောင်သည် ရုပ်သေဓာတ်ပုံ ရိုက်ကူးသည့် လုပ်ငန်းမှတစ်ဆင့်တက်၍ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသည့် လုပ်ငန်းလုပ်ရန် ခရစ်နှစ် ၁၉၁၈ တွင် ကြံစည်အားထုတ်ခဲ့လေသည်။ ထိုစဉ်အခါက ရန်ကုန်တွင်ပြသလျက်ရှိသော နိုင်ငံခြား ရုပ်ရှင်ကားများကို မလွတ်တမ်းကြည့်ရှုလျက် လေ့လာမှတ်သား ခဲ့သည်။ ထိုသို့ ကြံစည်ကြိုးစားနေဆဲ ကံအားလျော်စွာပင်

ဦးအုန်းမောင်သည် မိတ်ဆွေများထံမှ ရုပ်ရှင်ရိုက်ရန် ကင်မရာ တစ်လုံးနှင့် မှန်ဘီလူးတို့ကို အဆင်သင့်ရရှိခဲ့သဖြင့် စမ်းသပ်ကြည့်ရာ အောင်မြင်မည့်လမ်းများ ပေါ်ပေါက်ခဲ့သည်။ ထိုသို့အောင်မြင်ရန် အလားအလာကိုတွေ့ရသော ဦးအုန်းမောင်သည် ထိုစဉ်က ကွယ်လွန်သွားခဲ့ရှာသော ပထမဆုံး ဘိလပ်သွား မြန်မာအမျိုးသားကိုယ်စားလှယ်ကြီး ဦးထွန်းရှိန်၏ ဈာပနအခမ်းအနားကို ရုပ်ရှင်ရိုက်ကူးခဲ့လေသည်။ မြန်မာပြည်တွင် ပရိသတ်ရှေ့မှောက်သို့ တင်ဆက်ပြသခဲ့သော ပထမဆုံး မြန်မာ့ ရုပ်ရှင်ကားဖြစ်သည့် ဦးထွန်းရှိန်၏ ဈာပနသတင်းကားကို ခရစ်နှစ် ၁၉၂ဝ ပြည့်တွင် ရုံတင်ပြသခဲ့ရာ ပရိသတ်ကြိတ်ကြိတ်တိုးမျှ စည်ကားလှသည်ဟုဆိုသည်။ ထိုသို့ အောင်မြင်သည်ကို တွေ့ရသဖြင့် ဦးအုန်းမောင်သည် နောက်ထပ်ဇာတ် ကားတစ်ကားကို ကြိုးစားရိုက်ကူးပြန်သည်။ ထိုဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် မောင်ညီပု၊ ခေါင်းဆောင်မင်းသမီး အဖြစ် မရီတို့ပါဝင်သော မေတ္တာနှင့် သူရာ ဇာတ်ကားဖြစ် သည်။

ဦးအုန်းမောင်သည် ရုပ်ရှင်ပညာကို တကယ်တမ်း ဝါသနာပါ၍ လေ့လာလိုက်စားခဲ့သော သုခုမ အနုပညာရှင် တစ်ယောက်ဖြစ်ရကား ရုပ်ရှင်ပညာကို စတင်လိုက်စားသော အချိန်မှအစပြု၍ နိုင်ငံခြားမှ ထုတ်ဝေသမျှသော ဂျာနယ်မဂ္ဂဇင်း အမျိုးမျိုးတို့ကို မလွတ်တမ်းဝယ်ယူဖတ်ရှုခဲ့သည်။ ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သက်သော ကရိယာတန်ဆာပလာတို့ကိုလည်း လက်လှမ်းမှီသမျှ ဝယ်ယူသုံးစွဲခဲ့သည်။ ရုပ်ရှင်လုပ်ငန်းကို စနစ်တကျ လုပ်ကိုင်အံ့ဟူသော ရည်ရွယ်ချက်ဖြင့် ဘားမားဖလင်းကုမ္ပဏီ ဟူသောအမည်ဖြင့် ရုပ်ရှင်ကုမ္ပဏီ တည်ထောင်လျက် ဇာတ်ကားများ တစ်ခုပြီးတစ်ခု ဆက်၍ရိုက်ကူးခဲ့သည်။ ဦးအုန်းမောင်သည် မေတ္တာနှင့်သူရာဇာတ်ကား ရိုက်ပြီးနောက် ဆက်လက် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ ကျေးတောသူမနု ဇာတ်ကား၊ ရွှေပေးလို့မရ ဇာတ်ကား၊ တိမ်တစ်လုံး ဇာတ်ကား၊ စိတ်အာရုံ ဇာတ်ကား၊ ခင်ခင့်မှားတော်ပုံ ဇာတ်ကား နှင့် တသက်လုံးဖုံးသမျှ ကုန်းတော့မှပေါ် ဇာတ်ကားများ ဖြစ်သည်။

ထို့နောက် အစုစပ်လုပ်ကိုင်ခဲ့သော ဘားမားဖလင်းကုမ္ပဏီကို ဦးအုန်းမောင်သည် ခရစ်နှစ် ၁၉၂၃ ခုတွင် မြန်မာအဆွေကုမ္ပဏီသို့ လွှဲအပ်ပြီးနောက် မိမိတစ်ဦးတည်းပိုင်ဖြစ်သော လန်ဒန်အတ်ကုမ္ပဏီ ကိုတည်ထောင်ကာ ရတနာပုံ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့လေသည်။ ထို့နောက် ရုပ်ရှင် ဇာတ်ကားအမြောက်အမြား ရိုက်ကူးထုတ်လုပ်ခဲ့ရာ ကောင်းစွာ ထမြောက်အောင်မြင်၍ တနေ့တခြား စီးပွားတိုးတက်လာသောကြောင့် ရုပ်ရှင်သူဌေးဦးအုန်းမောင်ဟုပင် နာမည်ကျော်ကြားခဲ့ လေသည်။

ခရစ်နှစ် ၁၉၃ဝ ပြည့်တွင် ကမ္ဘာတစ်ဝန်းလုံး စီးပွားပျက်ကပ်ကြီးဆိုက်လေရာ မြန်မာပြည်လည်း စီးပွားရေးကြပ်တည်း၍ ငွေကြေးရှားပါးသောခေတ်နှင့် ကြုံကြိုက်ရလေသည်။ ထိုအခါ ရုပ်ရှင်ကြည့်ပရိသတ်များသည် ဇာတ်ကားကောင်းကိုသာ ရွေးကြည့်လာကြသည်ကတစ်ကြောင်း၊ ထိုအချိန်တွင် လန်ဒန်အတ်ကုမ္ပဏီမှ ရိုက်ကူးထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားများသည် ကောင်းသင့်သလောက်မကောင်း ဖြစ်လာသည်ကတကြောင်းတို့ကြောင့် လူကြိုက်နည်းကာ ကုမ္ပဏီ၏ စီးပွားရေးကို ထိခိုက်လာခဲ့လေသည်။ ထိုအချိန်တွင်ပင် ဦးအုန်းမောင်မှာ ဇနီးဖြစ်သူဒေါ်အုန်းညွန့် အနိစ္စရောက်ခဲ့ပြန်ရာ ပို၍ စိတ်ဆင်းရဲခြင်း ဖြစ်ခဲ့ရပြန်သည်။ စီးပွားပျက်နေသော ဦးအုန်းမောင်သည် စိတ်ချမ်းသာမှုရစိမ့်သောငှာ ပစ္စည်းတန်ဖိုးအားဖြင့် လေးသိန်းဖိုးမျှရှိသော မိမိပိုင်ရုပ်ရှင်ကုမ္ပဏီကို အဆမတန်ဈေးလျော့ကာ ကြွေးရှင်၏လက်သို့ ပေးအပ်လိုက်လေသည်။ လန်ဒန်အတ်ရုပ်ရှင်ကုမ္ပဏီမှ ဦးအုန်းမောင်သည် စောရဒေဝီဟူသောဇာတ်ကားကို နောက်ဆုံးရိုက်ကူးခဲ့သည်ဟု ဆိုပေသည်။

မြန်မာပြည်၌ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သည့် လုပ်ငန်း ကို တီထွင်ဖန်တီးလုပ်ကိုင်အောင်မြင်ခဲ့သော လန်ဒန်အတ် ဦးအုန်းမောင်အား မြန်မာရုပ်ရှင်ဖခင်ကြီး ဟူသောဘွဲ့ဖြင့် မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးကြီးက ဂုဏ်ပြုချီးမြှင့် ခေါ်တွင်စေခဲ့ပေသည်။

လန်ဒန်အတ် ဦးအုန်းမောင်သည် ၁၉၆၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွား သည်။[]


[] [] []


[] []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
  2. ၂.၀ ၂.၁ ပထမ မြန်မာများ
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 16 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 September 2010 တွင် ပြန်စစ်ပြီး။
  4. Myanmar.com
  5. http://wikimyanmar.co.cc/wiki/index.php?title=File:LandanAs.jpg[လင့်ခ်သေ]